“ကောင်းပြီ... အားလုံး အဆင်သင့်လုပ်ထားကြ။ သူ အနားရောက်လာတာနဲ့ မြှားတွေနဲ့ ပစ်ကြစမ်း။ တကယ်လို့ သူ အသက်ရှင်နေသေးရင်တော့ ငါတို့ တိုက်ခိုက်ကြတာပေါ့” ကွမ်းဝမ်က ပြောလိုက်သည်။
အကယ်၍ မြှားများက ခပ်စိပ်စိပ်လေး ကျရောက်လာမည်ဆိုပါက ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပေသည်။
မြှားအနည်းငယ်သာဆိုလျှင် ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ကြိုတင်ပြင်ဆင်ထားပါက ရှောင်တိမ်းနိုင်ခြင်း သို့မဟုတ် ခုခံနိုင်ခြင်းများ ပြုလုပ်နိုင်သော်လည်း မြှားတွေက အလွန်များပြားနေမည်ဆိုပါက ၎င်းမှာ လွယ်ကူသော ကိစ္စမဟုတ်တော့ပေ။
ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူများမှာ အစွမ်းထက်ကြသော်လည်း သူတို့မှာ သွေးသားနှင့် တည်ဆောက်ထားကြသူများသာ ဖြစ်သည်။
အကယ်၍ ထက်မြက်သော မြှားတစ်စင်း ထိမှန်သွားမည်ဆိုပါက ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပေါ်လာရမည်ပင်။
“ကောင်းပါပြီ….” အားလုံးက ခေါင်းညိတ်လိုက်ကြပြီး ကျန်းချန်းထံသို့ လေးနှင့်မြှားများဖြင့် ချိန်ရွယ်ကာ ပြင်ဆင်လိုက်ကြတော့သည်။
သို့သော်လည်း မကြာမီမှာပင် သူတို့ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ဆုံးတွင် လူတစ်ယောက်တည်းသာ ရှိနေပြီး ကုန်ပစ္စည်းများ တင်ဆောင်ထားသော သားရဲကြီးများမှာ ထိုလူ၏ နောက်ကွယ်မှ ယာဉ်တန်းတွင် လိုက်ပါလာသောကြောင့်ပင်။
ရှေ့ဆုံးမှ လာနေသူမှာ သူတို့၏ ပစ်မှတ်ဖြစ်သော ကျန်းချန်းပင် ဖြစ်သည်။
“ဘာလို့ ကျန်းချန်း တစ်ယောက်တည်း ဖြစ်နေရတာလဲ။ သူနဲ့အတူ ပါလာတဲ့ တခြား ကျန်းမိသားစုဝင်တွေက ဘယ်ရောက်ကုန်တာလဲ” တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ငါလည်း မသိဘူး၊ ထားလိုက်တော့။ ကျန်းချန်း တစ်ယောက်တည်းဆိုတော့ ငါတို့ လှုပ်ရှားရတာ ပိုတောင် လွယ်သေးတယ်။ အားလုံး နားထောင်ကြစမ်း။ ခဏနေရင် မြှားအားလုံးကို ကျန်းချန်းဆီပဲ ပစ်မှတ်ထားပြီး ပစ်ကြစမ်း” ကွမ်းဝမ်က အမိန့်ပေးလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
မကြာမီမှာပင် ကျန်းချန်းက သူတို့၏ မြှားပစ်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ဤလူများမှာ ကျန်းချန်းကို သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ချိန်ရွယ်နေကြခြင်းပင်။ ကျန်းချန်းမှာလည်း ဤလူများ အနီးအနားတွင် ရှိနေသည်ကို အာရုံခံမိထားပြီးဖြစ်သည်။
“မြှားတွေ လွှတ်ကြစမ်း….” ကွမ်းဝမ်က အော်ဟစ်လိုက်သည်။
မြှားဒါဇင်ပေါင်းများစွာ ကျန်းချန်းထံသို့ တစ်ခဏအတွင်းမှာပင် ပြေးဝင်သွားသော်လည်း ကျန်းချန်းက ပြင်ဆင်ထားပြီးသား ဖြစ်သည်။
“ရှစ်မျက်နှာလက်ဝါး” ကျန်းချန်းက ကြီးမားလှသော လက်ဝါးရိုက်ချက် ပုံရိပ်ယောင် အမြောက်အမြားကို ထုတ်ဖော်လိုက်ရာ ထိုအစစ်အမှန်ချီ လက်ဝါးကြီးများက ထက်မြက်သော မြှားများကို ရိုက်ချလိုက်တော့သည်။
ယခုအခါ ကျန်းချန်းက ‘ရှစ်မျက်နှာလက်ဝါး’သိုင်းကို အထွတ်အထိပ် အဆင့်အထိ ကျွမ်းကျင်နေပြီဖြစ်ရာ လက်ဝါးရိုက်ချက် ပုံရိပ်ယောင် အမြောက်အမြားကို လွယ်ကူစွာပင် စုစည်းနိုင်ခြင်းပင်။
၎င်းတို့ကြားတွင် ကြားခံအချိန်ပင် မရှိသလောက် ဖြစ်နေသည်။
ထို့ပြင် ကျန်းချန်း၏ ခွန်အားမှာလည်း ကြီးမားလှပေသည်။ ရှစ်မျက်နှာလက်ဝါးမှာ အဆင့်နိမ့် သိုင်းပညာရပ်တစ်ခု ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။
သိုင်းပညာရပ်တစ်ခု၏ စွမ်းအားမှာ အသုံးပြုသူ၏ အဆင့်အတန်းအပေါ်တွင်သာမက သူတို့၏ ခွန်အားအပေါ်တွင်လည်း မူတည်ပေသည်။ အသုံးပြုသူ ပိုမို သန်မာလေလေ၊ သူတို့၏ သိုင်းပညာရပ်က ပိုမို အစွမ်းထက်လေလေပင်။
“ဘာ... ဒါက တကယ် အံ့ဩဖို့ ကောင်းတာပဲ” ကျန်းချန်းက မြှားအမြောက်အမြားကို အမှန်တကယ်ပင် ရိုက်ချနိုင်သည်ကို မြင်ရသောအခါ ကြေးစားသွေးမီးတောက်အဖွဲ့ဝင်များမှာလည်း ထိတ်လန့်သွားကြရသည်။
ရိုက်ချခံလိုက်ရသော မြှားအချို့မှာ ကျန်းချန်းကို မထိမှန်ဘဲ သူ၏ ဘေးပတ်ပတ်လည်သို့သာ ကျရောက်သွားခဲ့သည်။
သို့သော်လည်း ကုန်ပစ္စည်းများ သယ်ဆောင်လာသော သားရဲအချို့မှာမူ မြှားများ ထိမှန်သွားသဖြင့် နာကျင်စွာ အော်ဟစ်နေကြတော့သည်။
ဤသားရဲများမှာ ယဉ်ပါးအောင် လေ့ကျင့်ထားကြသူများဖြစ်ပြီး စိတ်နေစိတ်ထား ကောင်းမွန်ကာ ခန္ဓာကိုယ် ကြီးမားသန်မာကြသဖြင့် ကုန်ပစ္စည်းများ သယ်ဆောင်ရန်အတွက် သင့်တော်ကြသည်။
ယာဉ်တန်း အတော်များများမှာ ထိုကဲ့သို့သော သားရဲများကို အသုံးပြုကာ သူတို့၏ ကုန်ပစ္စည်းများကို သယ်ဆောင်လေ့ ရှိကြသည်။
ကျန်းချန်းကလည်း လက်တွန့်မနေဘဲ သူ၏ ငွေရောင်ဓားကို ဝေ့ယမ်းလိုက်ရာ တစ်ခဏအတွင်းမှာပင် ဓားစွမ်းအင် ဒါဇင်ကျော်မှာ ကြေးစားသွေးမီးတောက်အဖွဲ့ဝင်များ ပုန်းကွယ်နေသော နေရာများသို့ ကျရောက်သွားခဲ့သည်။
“မကောင်းတော့ဘူး…. အားလုံး အခုချက်ချင်း အပြင်ကို ထွက်ကြစမ်း” ကွမ်းဝမ်က အော်ဟစ်လိုက်သည်။
အမှန်စင်စစ် သူသတိမပေးခင်မှာပင် အားလုံးက ကျန်းချန်း၏ အခြေအနေကို စောင့်ကြည့်နေကြသဖြင့် ချုံပုတ်များအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
သူတို့ ထွက်သွားသည်နှင့် ဓားချက်က ရောက်လာပြီး ချုံပုတ်များကို ခုတ်ပိုင်းလိုက်တော့သည်။ အကယ်၍ ထိုနေရာတွင် တစ်စုံတစ်ယောက် ရှိနေမည်ဆိုပါက သေချာပေါက် ထိမှန်သွားပေလိမ့်မည်။
လက်မောင်းခန့်ရှိသော သစ်ပင်များမှာလည်း ဤဓားစွမ်းအင်များကြောင့် ပြတ်တောက်သွားခဲ့ရသဖြင့် ၎င်းတို့၏ စွမ်းအားမှာ မည်မျှ ကြီးမားကြောင်း သက်သေပြနေခြင်းပင်။
ကျန်းချန်း၏ ခွန်အားမှာ တကယ်ပင် ကြီးမားလှပေသည်။ ဤမျှအထိ ဝေးကွာသော အကွာအဝေးမှာပင် ကြီးမားလှသော ဓားစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။ အကယ်၍ လူတစ်ယောက်ကိုသာ ထိမှန်မည်ဆိုပါက နှစ်ပိုင်း ပြတ်သွားမည် မဟုတ်ပါလော။
ကြေးစားသွေးမီးတောက်အဖွဲ့ဝင် အများအပြားလည်း ကျန်းချန်း၏ ခွန်အားကြောင့် ထိတ်လန့်သွားကြရသည်။
“ခင်ဗျားတို့က ကြေးစားသွေးမီးတောက်အဖွဲ့ကလူတွေပဲ။ ဘာလဲ... ငါတို့ ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ချင်လို့လား” ကြေးစားသွေးမီးတောက်အဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများ အပြင်သို့ ပြေးထွက်လာသည်ကို မြင်ရသောအခါ ကျန်းချန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကျန်းချန်းက မူလက ကုန်ပစ္စည်းများကို အရောက်ပို့ပြီးမှ ချင်းယွီမြို့သို့ ပြန်လာကာ ကြေးစားသွေးမီးတောက်အဖွဲ့ကို အပြတ်ရှင်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ယခုမူ ထိုလူများက အချိန်မတိုင်ခင်မှာပင် သေတွင်းထဲသို့ ရောက်လာကြပြီဖြစ်ရာ ကျန်းချန်းအနေဖြင့် သူတို့၏ တောင်းဆိုချက်ကို မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။
ကျန်းချန်းက သတ်ရတာ အဲဒီလောက်အထိ လွယ်မယ်လို့ ထင်နေတာလား။
ယခင်ကဆိုလျှင် ကျန်းချန်းက ဤကဲ့သို့သော အခြေအနေမျိုးတွင် ထွက်ပြေးသွားခဲ့သည်မှာ ကြာလှပေလိမ့်မည်။ သို့သော်လည်း ယခု ကျန်းချန်းက များစွာ ပိုမို သန်မာလာခဲ့ပြီ ဖြစ်သည်။ သူက မုဆိုးဖြစ်ပြီး ဤသားကောင်များက သူ့ကို ရန်စရဲကြသည်လား။ ရလဒ်က တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သေခြင်းပင်။
“ကျန်းချန်း... မင်း ငါတို့ ရှိနေတာကို ကြိုသိနေခဲ့တာပဲ မဟုတ်လား” ကွမ်းဝမ်က အေးစက်စွာ ပြောလိုက်သည်။
ခုနကတင် သူတို့ မြှားတွေနဲ့ ပစ်လိုက်ချိန်မှာ ကျန်းချန်းက ချက်ချင်း တုံ့ပြန်ခဲ့သလို မြှားအမြောက်အမြားကိုလည်း သူ့ကို မထိခိုက်နိုင်အောင် ရိုက်ချနိုင်ခဲ့သည်။
ကျန်းချန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အခြား ကျန်းမိသားစုဝင်များ မရှိတော့ခြင်းက ကျန်းချန်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ကြောင်း ထင်ရှားလှပေသည်။
“ဟုတ်တယ်... မင်းတို့ သိပ်တော့ မအလှပါဘူး။ ငါက ပြင်ဆင်ထားပြီးသားပါ။ ဒါပေမဲ့ မင်းတို့ ဒီလူအရေအတွက်လောက်နဲ့ ငါ ကျန်းချန်းကို သတ်နိုင်မယ်လို့ ထင်နေတာလား” ကျန်းချန်းက လှောင်ပြောင်လိုက်သည်။
“ဟမ့်... ကျန်းချန်း၊ မင်းက လက်ရှိမှာ သိုင်းဆရာသခင်နယ်ပယ်မှာပဲ ရှိသေးပေမဲ့ ကျိုးယွင်မြို့က ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ သုံးယောက်ကို သတ်နိုင်ခဲ့တယ်။ မင်းရဲ့ပါရမီက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ငါက ဝူကျုံးနယ်ပယ် အဆင့်လေး ကျွမ်းကျင်သူဖြစ်သလို ငါနဲ့အတူ တခြား ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ လေးယောက်လည်း ရှိသေးတယ်။ မင်းက အဲဒီ ကျိုးယွင်မြို့ကလူတွေနဲ့တော့ မယှဉ်နိုင်ပါဘူး” ကွမ်းဝမ်က အေးစက်စွာ ပြောလိုက်သည်။
အကယ်၍ ဤလူအင်အားနှင့်မှ ကျန်းချန်းကို မသတ်နိုင်ပါက သူတို့၏ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများမှာ တကယ်ပင် အလဟဿ ဖြစ်သွားပေလိမ့်မည်။
“ကျန်းချန်း... မင်း မသေခင် ငါ မင်းကို တစ်ခု မေးပါရစေ။ ငါတို့ ကြေးစားသွေးမီးတောက်အဖွဲ့ရဲ့ အရှေ့ဘက်ခံတပ်ကို ဖျက်ဆီးခဲ့တာ မင်းပဲ မဟုတ်လား” ကွမ်းဝမ်က မေးလိုက်သည်။
ကျန်းချန်းမှာ တရားခံဖြစ်ကြောင်း သူတို့ ယုံကြည်ထားသော်လည်း သူ့ထံမှ အတည်ပြုချက် တစ်ခုကို ရယူချင်နေခြင်းပင်။
“ဟုတ်တယ်... အဲဒါ ငါပဲ။ မင်းတို့ မသေခင် အမှန်အတိုင်း ပြောပြတာက ဘာမှမဖြစ်ပါဘူး။ မင်းတို့ ဘာလို့ သေရလဲဆိုတာ သိပြီးမှ သေစေချင်လို့ပါ” ကျန်းချန်းက တိုက်ရိုက်ပင် ဝန်ခံလိုက်သည်။
အကယ်၍ ထိုလူများက သူ့ကို တိုက်ခိုက်ရဲသည်ဆိုလျှင် ကျန်းချန်းက သူတို့ကို တကယ်ပဲ လွှတ်ပေးပါမည်လော။
မဖြစ်နိုင်ဘူး။ ဒီနေ့တော့ ဒီလူတွေ အားလုံး သေကိုသေရမယ်။
“သိပ်ကောင်းတာပေါ့၊ ဒါဆိုရင် ငါတို့လူမှားပြီး မရှာမိတော့ဘူးပေါ့။ ကဲ... သေဖို့ ပြင်ထားတော့။ အားလုံး... ဒီကောင့်ကို သတ်ကြစမ်း….. ပြီးရင် လူတွေ ထပ်ခေါ်ပြီး ကျန်းမိသားစုကိုပါ အပြတ်ရှင်းမယ်။ ကျန်းမိသားစုတစ်ခုလုံး ဒီကျန်းချန်းနဲ့အတူ သေရမယ်” ကွမ်းဝမ်က အော်ဟစ်လိုက်သည်။
ပြောပြီးသည်နှင့် သူက ကျန်းချန်းကို စတင် တိုက်ခိုက်လိုက်ပြီး အခြား ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူများကလည်း စတင် လှုပ်ရှားကြတော့သည်။
ကျန်းချန်းမှာ ကိုင်တွယ်ရခက်သော ပြိုင်ဘက်ဖြစ်ကြောင်း သူတို့ သိရှိထားသဖြင့် လက်တွန့်မနေဘဲ အစွမ်းကုန် တိုက်ခိုက်ကြခြင်းပင်။
“ပင်လယ်မီးလျှံလက်သီး”
“ရှုပ်ထွေးသော ထိုးချက်များ”
...
ကြေးစားသွေးမီးတောက်အဖွဲ့မှ ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ ငါးဦးမှာ ပူးပေါင်းပြီး ကျန်းချန်းကို တိုက်ခိုက်လိုက်ကြသည်။
အခြား သိုင်းဆရာသခင်နယ်ပယ်မှ ကြေးစားများမှာမူ ကွမ်းဝမ်နှင့် သူ၏အဖွဲ့ကို ကူညီရန်အတွက် ပတ်ဝန်းကျင်ကို ဝိုင်းရံထားကြတော့သည်။
“ဧကရာဇ်ဓားသိုင်း” ကျန်းချန်းက ဧကရာဇ်ဓားသိုင်းကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ ငါးဦးထံသို့ ပြေးဝင် တိုက်ခိုက်လိုက်သည်။
တစ်ခဏအတွင်းမှာပင် နှစ်ဖက်စလုံး ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားကြတော့သည်။
ပြင်းထန်လှသော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ပျက်စီးသွားခဲ့ရသည်။
ကျန်းချန်းက ပြိုင်ဘက် ငါးဦးကို တစ်ဦးတည်းနှင့် ရင်ဆိုင်နေခဲ့ပြီး တိုက်ပွဲ ကြာလေလေ သူက ပိုမို သန်မာလာလေလေဖြစ်ကာ အသာစီးရရန် ကြိုးစားနေခဲ့သည်။
‘ဝုန်း...’ ကျန်းချန်းက ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ ငါးဦးနှင့် အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး နှစ်ဖက်စလုံးမှာ နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။
ကျန်းချန်းက ရှေ့ရှိ လူငါးဦးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လေးနက်သော အမူအယာများ ဖြတ်ပြေးသွားခဲ့သည်။ မိစ္ဆာဝိညာဉ်ဓားကို မသုံးဘဲနှင့် ထိုလူများကို အချိန်တိုအတွင်း သတ်ရန် ခက်ခဲလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
တိုက်ပွဲကို မြန်မြန် အဆုံးသတ်နိုင်ရန်အတွက် မိစ္ဆာဝိညာဉ်ဓားကို အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။
မိစ္ဆာဝိညာဉ်ဓားက ကျန်းချန်းအတွက် အလွန်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ မိစ္ဆာဝိညာဉ်ဓားကို အသုံးပြုသည့် အကြိမ်တိုင်းတွင် ကျန်းချန်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အားနည်းသော ခံစားချက်ကို ရရှိလေ့ရှိသည်။
မိစ္ဆာဝိညာဉ်ဓားကို အသုံးပြုခြင်းက ခန္ဓာကိုယ်အပေါ်တွင် ဖိအားအချို့ ရှိနေပုံရပေသည်။ အသုံးပြုပြီးတိုင်းမှာ ကျန်းချန်းက အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ပြန်လည်အားဖြည့်ဆေးလုံးများကို သောက်သုံးရန် လိုအပ်ပေသည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ မိစ္ဆာဝိညာဉ်ဓားကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် လိုနေသေးပုံရပေသည်။
***