ဦးခေါင်းခွံ ဆေးမင်ကြောင်နှင့် အရက်စပ်ဆရာမထံမှ ဝယ်ယူခဲ့သော ဖိတ်စာကို ထုတ်ယူကာ ချားလ်စ်သည် လေလံပွဲကျင်းပရာနေရာသို့ ဝင်ရောက်ခဲ့သည်။
သင်္ဘော၏ အတွင်းပိုင်းမှာ ကျယ်ဝန်းသော်လည်း ပရိဘောဂ အနည်းငယ်သာ ရှိသည်။ ပရိသတ်နေရာ၏ ရှေ့တွင် ရိုးရှင်းသော စင်မြင့်တစ်ခုကို တည်ဆောက်ထားပြီး ၎င်းကို သွေးကဲ့သို့ နီရဲသော ကော်ဇောဖြင့် လွှမ်းခြုံထား၏။
သဘာဝအတိုင်းပင် ပင်လယ်ဓားပြများသည် စည်းကမ်းစနစ်များကို ဂရုမစိုက်ကြဘဲ ကာမဂုဏ်ခံစားမှုများထဲတွင် နစ်မျောနေကြသည်။ အချို့က အရက်သောက်နေကြပြီး၊ အချို့က ပျော်ရွှင်မှုသစ်သီး များကို စားသုံးနေကြကာ အချို့မှာမူ အမှုန့်များကို ရှူရှိုက်နေကြသည်။ လေလံပွဲကျင်းပရာနေရာရှိ လေထုမှာ အနံ့အမျိုးမျိုး ရောနှောနေသဖြင့် အနံ့အသက်မကောင်းပေ။
ပင်လယ်ဓားပြခေါင်းဆောင်များ၏ တိုးတိုးသာသာ စကားပြောသံများကြားတွင် ချားလ်စ် တစ်ယောက်တည်း ရှိနေခြင်းမှာ တော်တော်လေး သိသာထင်ရှားနေသည်။ သူသည် အော်ဒရစ်ကို လိုက်ခွင့်မပြုခဲ့ပေ။
ပင်လယ်ဓားပြများသည် အတွေ့အကြုံများသူများဖြစ်ရာ အော်ဒရစ်မှာ သွေးစုပ်ဖုတ်ကောင်ဖြစ်ကြောင်း သတိထားမိသွားမည်ကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ဖြစ်လာနိုင်သော ပြဿနာများကိုလည်းကောင်း သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
ခန်းမအတွင်း လူများ တဖြည်းဖြည်း ပြည့်နှက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ကို လင်းထိန်စေသော ဆီမီးအိမ်များကို အမှောင်ဆုံးအခြေအနေသို့ လျှော့ချလိုက်သည်။
စင်မြင့်၏ အလယ်ဗဟိုသို့ မီးရောင်တစ်ခု ကျရောက်လာသည်။ တောက်ပြောင်လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူပုလေးတစ်ယောက်သည် စင်ပေါ်သို့ ခုန်တက်လာ၏။
"အားလုံးပဲ မင်္ဂလာပါ။ (၁၅၇) ကြိမ်မြောက် ဆော့တွမ် လေလံပွဲကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ အံ့ဩစရာကောင်းတဲ့ ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ ခင်ဗျားတို့ဆီမှာ အက်ကိုးတွေရော အလုံအလောက် ပါခဲ့ကြရဲ့လား"
ပရိသတ်မှာ တိတ်ဆိတ်နေဆဲဖြစ်သည်။ ပရိသတ်ခုံရှိ ပင်လယ်ဓားပြ အများစုမှာ အစီအစဉ်တင်ဆက်သူကို တစ်ချက်ပင် လှည့်မကြည့်ကြပေ။
လူပုလေးမှာ ထိုတိတ်ဆိတ်နေသော အခြေအနေကြောင့် စိတ်ပျက်မသွားဘဲ လက်ဝါးချင်းရိုက်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကဲ... အခုဆိုရင် ကျွန်တော်တို့ရဲ့ အကြည်ညိုရဆုံး၊ အောင်နိုင်သူ 'ဘုရင်' ကို ကြိုဆိုပေးကြပါဦး"
လူပုလေး၏ စကားအဆုံးမှာပင် မီးရောင်သည် အနီးရှိ အခန်းတံခါးတစ်ခုဆီသို့ ပြောင်းလဲကျရောက်သွားသည်။
တန်နှင့်ချီ၍ အလေးချိန်ရှိပုံရသော လူထွားကြီးတစ်ယောက်ကို သစ်သားလက်တွန်းလှည်းဖြင့် တွန်းထုတ်လာသည်။ သူ၏ ပုံမှန်ထက် ပို၍ ပြောင်လက်နေသော မျက်နှာပေါ်တွင် အကျိတ်ဖုကြီးများ ရှိနေ၏။ မြေပြင်နှင့် ထိလုနီးပါး ဖြစ်နေသော သူ၏ ဝမ်းဗိုက်နှင့်ပေါင်းစပ်လိုက်လျှင် ဆော့တွမ်၏ 'ဘုရင်' မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အရုပ်ဆိုးလှသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။
'ဘုရင်' သည် ပရိသတ်ကို ဂရုမစိုက်ပေ။ သူ၏ အာရုံမှာ သူ၏ လှည်းဘေးတစ်ဖက်တစ်ချက်ရှိ အသားပုံကြီးများပေါ်၌သာ ရှိနေသည်။
'ဘုရင်' က အစားအစာများကို ဝါးမြိုနေသည်ကို ကြည့်ရင်း၊ ရံဖန်ရံခါတွင် သူ၏ ပိုးစားနေသောညိုညစ်ညစ် သွားများကို မြင်လိုက်ရသည့်အခါ ချားလ်စ်မှာ ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသည်။ အမှန်အတိုင်းပြောရလျှင် 'ဘုရင်' ၏ အသွင်အပြင်မှာ သူ မျှော်လင့်ထားသည်နှင့် အလွန်ပင် ကွာခြားလှပေသည်။
သို့သော် ပင်လယ်ဓားပြများမှာမူ ထိုသို့မထင်ကြပေ။ သူတို့၏ ယခင်က ခေါင်းမာမှုများမှာ ပျောက်ကွယ်သွားပြီး ခုံများမှ ထကာ 'ဘုရင်' ကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြ၏။
'ဘုရင်' က စကားတစ်လုံးမှ မပြောပေ။ သူသည် သူ၏ ဆီဦးများပေကျံနေသော လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ လူပုလေးကို ဆက်လက်လုပ်ဆောင်ရန် အချက်ပြလိုက်သည်။
မီးရောင်မှာ လူပုလေးထံသို့ တစ်ဖန် ပြန်လည်ကျရောက်လာပြန်သည်။ သူသည် 'ဘုရင်' ရှိရာဘက်သို့ အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ကြေညာလိုက်၏။
"လေလံပွဲကို အခုပဲ စတင်ပါပြီ။ ကျွန်တော်တို့ရဲ့ ပထမဆုံးပစ္စည်းကတော့ အမျိုးသမီးတစ်ယောက်ပါ"
လူပုလေး၏ နောက်ကွယ်ရှိ လိုက်ကာမှာ ပွင့်သွားပြီး တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးကို စင်ပေါ်သို့ တွန်းထုတ်လာသည်။
"အားလုံးပဲ၊ သူမဟာ သာမန်ကစားစရာတစ်ခု မဟုတ်ပါဘူး။ သူမဟာ မကြာခင်ကမှ ပျောက်ဆုံးသွားတဲ့ ဝဲယာတို ကျွန်းရဲ့ အုပ်ချုပ်ရေးမှူးသမီး ဖြစ်ပါတယ်။ ခင်ဗျားတို့ သူမကို ဝယ်ယူပြီးပြီဆိုရင် သူမရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို နေ့တိုင်း ဖြတ်တောက်ပြီး အုပ်ချုပ်ရေးမှူးဆီ ပို့ကာ ငွေညှစ်နိုင်ပါတယ်။ သေချာကြည့်ကြပါ။ သူမဟာ အမျိုးသမီးတစ်ယောက် မဟုတ်ဘူး၊ ပိုက်ဆံတွင်းကြီးပါ။ အခြေခံလေလံဈေးကတော့ ငါးသိန်းဖြစ်ပြီး တစ်ကြိမ်တိုးရင် တစ်သိန်းစီ တိုးရပါမယ်။ အခုပဲ စတင်ပါပြီ။ ဟော... ဒီကပ္ပတိန်က တစ်သန်း ပေးလိုက်ပါပြီ။ နှစ်သန်း။ ကောင်းပါပြီ။ အခု ခြောက်သန်း"
ချားလ်စ်သည် ပင်လယ်ဓားပြများ၏ လေလံဈေးများကို ဂရုမစိုက်ပေ။ သူ၏ အာရုံအားလုံးမှာ 'ဘုရင်' အပေါ်၌သာ ရှိနေသည်။ ထိုလူတွင် သူ မြေပေါ်သို့ ပြန်ရန်လိုအပ်သော သဲလွန်စများ ရှိနေသည်။ 'ဘုရင်' ထံမှ ရေကြောင်းပြမြေပုံကို မည်သို့ရယူရမည်ဆိုသော နည်းဗျူဟာများကို သူ၏ စိတ်ထဲတွင် အဆက်မပြတ် စဉ်းစားနေ၏။
ထိုအတောအတွင်း အုပ်ချုပ်ရေးမှူး၏ သမီးကို ပင်လယ်ဓားပြတစ်ဦးက ဝယ်ယူသွားခဲ့သည်။ သူမသည် စိတ်ပျက်အားငယ်နေသော မျက်နှာဖြင့် စင်ပေါ်မှ ဆင်းလာ၏။ သူမသည် 'ဘုရင်' နှင့် သူမကြားက အကွာအဝေးကို တဖြည်းဖြည်း ကျုံ့အောင် လျှောက်လှမ်းနေသည်ကို မည်သူမျှ သတိမထားမိကြပေ။
သူမသည် 'ဘုရင်' နှင့် သုံးမီတာခန့်သာ ဝေးတော့သော အချိန်တွင် သူမ၏ မျက်ရည်ပေကျံနေသော မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။ သူမသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမ၏ ဝတ်စုံအောက်မှ ပစ္စတိုသေနတ်တစ်လက်ကို ထုတ်ယူလိုက်ပြီး 'ဘုရင်' ဆီသို့ ချိန်ရွယ်ကာ ခလုတ်ကို အဆက်မပြတ် ဆွဲလိုက်လေတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ကျည်ဆန်များသည် 'ဘုရင်' ၏ ဝဖြိုးလှသော ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားပြီး ဝါကျင်ကျင် အဆီခဲများနှင့်အတူ သွေးများမှာလည်း လွင့်စင်သွား၏။
ဗြွတ်...
'ဘုရင်' ၏ မျက်နှာပေါ်ရှိ အကျိတ်ဖုကြီးတစ်ခုမှာ ပေါက်ထွက်သွားပြီး လက်ဖဝါးအရွယ်ရှိသော ထူးဆန်းသည့် သတ္တဝါလေးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းသည် ထိုအမျိုးသမီးထံသို့ လျင်မြန်လှသော အရှိန်ဖြင့် ခုန်အုပ်လိုက်၏။ နောက်တစ်စက္ကန့်တွင် အသားများ စုတ်ပြတ်သွားသော အသံ ထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားလေတော့သည်။
'ဘုရင်' သည် မည်သို့မျှ မဖြစ်သကဲ့သို့ သူ၏ နေရာတွင်ပင် ဆက်လက် ထိုင်နေဆဲဖြစ်သည်။ သူ၏ ဆီဦးများ ပေကျံနေသော လက်ဖြင့် လွင့်စင်နေသော သူ၏ ကိုယ်ပိုင် အသားစများကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူသည် ကျည်ဆန်များ အပစ်ခံထားရသည်ကိုပင် သိပုံမရပေ။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် လူပုလေးသည် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
"ဟားဟား၊ သေကြောင်းရှာနေတဲ့ နောက်ထပ် လူမိုက်တစ်ယောက်ပါပဲ။ ကျွန်တော်တို့ရဲ့ 'ဘုရင်' အဓွန့်ရှည်ပါစေ။ ကျွန်တော်တို့ရဲ့ 'ဘုရင်' က ဘယ်သူမှ မအောင်နိုင်တဲ့သူပါ။ ကဲ... အခုဆိုရင် ကျွန်တော်တို့ရဲ့ ဒုတိယမြောက် ပစ္စည်းကို ဆက်သွားကြရအောင်"
ကြမ်းပြင်ပေါ်က သတ္တဝါမှာ ၎င်း၏ နေအိမ်ဖြစ်သော ပေါက်ထွက်သွားသည့် အကျိတ်ဖုထဲသို့ ပြန်လည် ဝင်ရောက်သွားသည်ကို ချားလ်စ် ကြည့်နေမိသည်။ ဆော့တွမ် တစ်ခုလုံးကို ထိန်းချုပ်နိုင်သော ထိုပုဂ္ဂိုလ်မှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း သူ နားလည်လိုက်ပြီ ဖြစ်သည်။
'ဘုရင်' သည် သူ၏ စစ်မှန်သော စွမ်းအား၏ အစိတ်အပိုင်းလေးတစ်ခုကိုမျှပင် ထုတ်မပြရသေးကြောင်း သူ သေချာပေါက် သိလိုက်ရသည်။ ထိုစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားပေလိမ့်မည်။
မကြာမီမှာပင် ချားလ်စ်၏ အတွေးများမှာ မိမိကိုယ်ကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ ဤမျှလောက် အစွမ်းထက်သော ပြိုင်ဘက်ထံမှ သတင်းအချက်အလက်များကို သူ မည်သို့ ရယူနိုင်မည်နည်း။
စကားပြောပြီး ညှိနှိုင်းမလား။ ဤနည်းလမ်းမှာ ချားလ်စ် ပထမဆုံး ပယ်ဖျက်လိုက်သည့် နည်းလမ်းဖြစ်သည်။ ထိုရွံရှာဖွယ် သတ္တဝါမှာ ညှိနှိုင်း၍ ရမည့်သူမျိုး မဟုတ်ပေ။
ထို့အပြင် အရက်စပ်ဆရာမ ပြောခဲ့သည်မှာလည်း မှန်ကန်ပေလိမ့်မည်။ ထိုသူသည် သူ၏ စီးပွားရေးကို ထိခိုက်စေမည့် သတင်းအချက်အလက်များကို ဘယ်သောအခါမှ ဝေမျှမည် မဟုတ်ပေ။
အင်အားသုံးသော နည်းလမ်းမှာ ပို၍ပင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် 'ဘုရင်' မှာ ပို၍ အစွမ်းထက်သလို သူ၏ လူအင်အားမှာလည်း ချားလ်စ်ထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့် ဖြစ်၏။ ချားလ်စ်မှာ အကျပ်ရိုက်သွားလေတော့သည်။
လေလံပွဲမှာ ပြီးဆုံးလုနီးနီး ဖြစ်နေသော်လည်း ချားလ်စ်တွင် အစီအစဉ် မရှိသေးပေ။ သူသည် အသားများကို ပါးစပ်ထဲသို့ ထိုးထည့်နေသော ဝဖြိုးလှသည့် ပုံရိပ်ကြီးကို အဝေးမှ စိုက်ကြည့်နေမိသည်။ သူ၏ စိတ်ထဲတွင် စိတ်ပျက်မှုများက ကြီးစိုးလာ၏။
အဟွတ်...
ချားလ်စ်၏ ဘေးနားမှ တစ်စုံတစ်ဦး ချောင်းဆိုးလိုက်သော အသံကြောင့် သူ၏ အာရုံစိုက်နေမှုမှာ ပျက်ပြားသွားသည်။ "'ဘုရင်' ကို အဲဒီလောက်အထိ အကြာကြီး စိုက်မကြည့်ပါနဲ့။ သူက ဒါကို စိန်ခေါ်မှုတစ်ခုလို့ ထင်သွားနိုင်တယ်"
ချားလ်စ် လှည့်ကြည့်လိုက်ရာ သူစိမ်းတစ်ယောက်၏ နဖူးပေါ်တွင်ရှိသော အဖြူရောင် တြိဂံပုံစံကို မြင်လိုက်ရသဖြင့် ထိုင်ခုံပေါ်မှပင် ခုန်တက်မတတ် ဖြစ်သွားရ၏။
သူသည် ထို 'နတ်ဘုရားအလင်းတော်အဖွဲ့' ၏ နောက်လိုက်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဆွန်နီကတော့ ငါ အသက်ရှင်နေသေးတာကို မြင်ရင် တော်တော်လေး အံ့ဩသွားမှာပဲ၊ မဟုတ်ဘူးလား"
သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုနောက်လိုက်မှာ အမှန်တကယ်ပင် အံ့ဩသွားပုံရသည်။ "ဆွန်နီ ဟုတ်လား။ တောင်းပန်ပါတယ်၊ ကျွန်တော် သူ့ကို သိပ်မသိဘူး။ သူက အယူဝါဒဟောင်းကို ယုံကြည်သူဖြစ်ပြီး ကျွန်တော်ကတော့ အယူဝါဒသစ်ကို ယုံကြည်သူပါ"
ချားလ်စ်သည် ထိုသူကို သံသယဖြင့် စိုက်ကြည့်နေ၏။ ထိုသူ၏ ရည်ရွယ်ချက်ကို သူ စဉ်းစား၍ မရပေ။
"သံသယဖြစ်စရာ မလိုပါဘူး။ ခင်ဗျား သိတဲ့အတိုင်း ကျွန်တော်တို့ 'နတ်ဘုရားအလင်းတော်အဖွဲ့' ရဲ့ နောက်လိုက်တွေဟာ ဘယ်တော့မှ မုသားမပြောကြဘူးလေ"
ထိုအခါမှသာ ချားလ်စ်၏ သံသယများမှာ လျော့ပါးသွားသည်။ သူ သိထားသလောက်မှာလည်း ထိုသူစိမ်း ပြောသကဲ့သို့ပင် ဖြစ်သည်။ ထိုအဖွဲ့၏ နောက်လိုက်များသည် အခမ်းအနားများ ပြုလုပ်ပြီးနောက်တွင် ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားရုံတင်မကဘဲ မုသားပြောဆိုနိုင်စွမ်းလည်း မရှိတော့ပေ။
ချားလ်စ်သည် သူ့ရှေ့က နောက်လိုက်၏ အသွင်အပြင်ကို သေချာလေ့လာလိုက်သည်။ ထိုသူမှာ အသက် (၆၀) ခန့်ရှိပုံရပြီး ဆံပင်များမှာလည်း ဖြူစပြုနေကာ မျက်မှန်ဝိုင်းလေးကို တပ်ဆင်ထားသည်။ သူ၏ အဝါရောင် ဝတ်စုံရှည်နှင့် ပေါင်းစပ်လိုက်လျှင် သဘောကောင်းသော အဘိုးကြီးတစ်ယောက်နှင့် တူလှပေသည်။
"ကျွန်တော်က ကော့ဒ်ပါ။ 'နတ်ဘုရားအလင်းတော်အဖွဲ့' ရဲ့ သန့်ရှင်းသော နောက်လိုက်တစ်ဦးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ် ကပ္ပတိန် ချားလ်စ်"
ထိုအမည်မှာ ချားလ်စ်၏ မှတ်ဉာဏ်ထဲတွင် တစ်စုံတစ်ခုကို သတိရစေသည်။ ဆွန်နီက သူ့ကို ဆော့တွမ်သို့ လာစေပြီး သူ၏ ဘာသာတူ အခြားနောက်လိုက်များကို သုတ်သင်ခိုင်းခဲ့သည်ကို သူ သတိရလိုက်၏။ ကော့ဒ်ဆိုသည်မှာ ထိုသုတ်သင်ရမည့်သူများထဲမှ တစ်ယောက်လား။
"ခင်ဗျား ကျွန်တော့်ကို သိတာလား"
ကော့ဒ်က ပြုံးပြလိုက်သည်။ "သိတာပေါ့။ ခင်ဗျား 'စူးစမ်းရှာဖွေသူများအသင်း' မှာ 'အလင်းတော်မြေ' ကို ရှာဖွေနေတယ်လို့ ပြောခဲ့တုန်းက ကျွန်တော်တို့ သတင်းရခဲ့ပါတယ်။ ကပ္ပတိန် ချားလ်စ်၊ ကျွန်တော်တို့ စကားခဏလောက် ပြောလို့ရမလား"
ချားလ်စ်၏ စိတ်ထဲတွင် စိတ်ဝင်စားမှုလေးတစ်ခု ပေါ်ပေါက်လာသည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်နိုင်သည် မဟုတ်ပါလား။ ထို့အပြင် ဤလူသည် သူ့အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပေလိမ့်မည်။
"ကောင်းပါပြီ။ ကျွန်တော့်သင်္ဘောပေါ်မှာပဲ စကားပြောကြတာပေါ့"
***