“အခု ဒီကိရိယာအကြောင်း ငါ့ကို အကုန်ပြောပြနိုင်ပြီလား”
လတ်စတိုက တိုးညှင်းပြီး အက်ရှရှလေသံဖြင့် မေးလိုက်သည်။
ချားလ်စ်က ခေါင်းညိတ်ပြပြီး “ဝင်ခဲ့ပါ” ဟု ဆိုကာ လတ်စတို အခန်းထဲဝင်ရန် ဘေးသို့ ဖယ်ပေးလိုက်၏။
လတ်စတိုနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီးနောက် ချားလ်စ်သည် စမတ်ဖုန်းနှင့် ပတ်သက်၍ သူသိသမျှကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ လတ်စတိုသည် တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ ညာဘက်လက်က ဖုန်းပေါ်တွင် စက်ဝိုင်းပုံစံ ပွတ်သပ်နေသည်။
“ဒီကိရိယာကို ဆက်သွယ်ရေး၊ ဖျော်ဖြေရေးနဲ့ အလုပ်ကိစ္စတွေအတွက် သုံးလို့ရတယ်။ မြေပေါ်ကမ္ဘာမှာတုန်းကတော့ ဒါမပါဘဲ တစ်ရက်တောင် မနေနိုင်ခဲ့ဘူး...”
ချားလ်စ်သည် သူ၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေစဉ် သူ၏ အေးချမ်းခဲ့သော အတိတ်ပုံရိပ်များက စိတ်ထဲတွင် ပြည့်နှက်လာသည်။
ထိုစဉ်က ရရှိခဲ့သော သာမန် သက်သောင့်သက်သာရှိမှုများကို သူက တန်ဖိုးမထားခဲ့မိသော်လည်း ယခုကဲ့သို့ မှောင်မိုက်သော မြေအောက်ပင်လယ်ပြင်ထဲက ရုန်းရင်းဆန်ခတ် ဘဝသို့ ရောက်ရှိလာသည့်အခါတွင်မူ ထိုအချိန်များကို ပို၍ တောင့်တ တန်ဖိုးထားမိလာတော့သည်။
“ဒါဆို ဒီကိရိယာက ကြေးနန်းရိုက်စက်လိုမျိုး ဆက်သွယ်ရေး ကိရိယာတစ်ခုပေါ့ ဟုတ်လား”
“ဒီလိုပဲ ပြောလို့ရမှာပေါ့”
လတ်စတိုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလာသည်။
“တကယ်တော့ ငါ့မှာလည်း ဒီလိုမျိုး တစ်ခု ရှိတယ်”
ထိုမထင်မှတ်ထားသော ထုတ်ဖော်ပြောဆိုမှုကြောင့် ချားလ်စ်မှာ သောက်နေသော ရေပင် သီးမတတ် ဖြစ်သွားရသည်။ သူ ခန့်မှန်းခဲ့သလို ထိုအဘိုးကြီးမှာ တကယ်ပဲ နောက်ထပ် စမတ်ဖုန်းတစ်လုံး ရှိနေခဲ့ခြင်းလော။
လတ်စတိုသည် သူ၏ ဟောင်းနွမ်းနေသော အင်္ကျီအိတ်ထဲသို့ နှိုက်ကာ အဝတ်ဖြင့် ပတ်ထားသော လေးထောင့်ပုံစံ အရာတစ်ခုကို ထုတ်ယူလိုက်သည်။ အဝတ်အောက်က ပစ္စည်းကို မြင်လိုက်ရသည့်အခါ ချားလ်စ်မှာ အံ့ဩလွန်းသဖြင့် မတ်တပ်ပင် ရပ်လိုက်မိ၏။ ၎င်းမှာ တက်ဘလက်နှင့် တူသော အနက်ရောင် ကိရိယာပြားတစ်ခု ဖြစ်သည်။
ထိုကိရိယာ၏ နောက်ကျောဘက် အဖုံးမှာ ကွာနေပြီး အတွင်းပိုင်းက အစိမ်းရောင် ပတ်လမ်းပြား (ဆားကစ်ဘုတ်) ကို ရှင်းလင်းစွာ မြင်နေရသည်။
ဤရှေးကျသော မြေအောက်ကမ္ဘာနှင့် လုံးဝမသက်ဆိုင်သော ပစ္စည်းကို ကြည့်ရင်း ချားလ်စ်က အလောတကြီး မေးလိုက်သည်။
“ဒါ ခင်ဗျားပစ္စည်းလား။ ခင်ဗျားကလည်း မြေပေါ်ကမ္ဘာကပဲလား။ ခင်ဗျား ဒီကို ရောက်လာတုန်းက ဘယ်နှခုနှစ်လဲ”
ချားလ်စ်၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးမှာ လတ်စတိုသည်လည်း သူ့ကဲ့သို့ပင် အခြားနေရာနှင့် အခြားအချိန်မှ ရောက်လာသူ ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။
“ဒါ ငါ့ပစ္စည်း မဟုတ်ဘူး။ ငါ့ရဲ့ အဘိုး ပိုင်ခဲ့တာ” ဟု လတ်စတိုက ဖြေလိုက်ရာ သူ၏ ရုပ်ဆိုးလှသော မျက်နှာမှာ အတိတ်ကို ပြန်လည် အမှတ်ရနေသကဲ့သို့ အနည်းငယ် နူးညံ့သွားသည်။
“ငါ သူ့အကြောင်း ဘာမှမသိဘူး။ သူက စောစောစီးစီး ဆုံးသွားခဲ့တာ၊ ဒီပစ္စည်းက သူ ငါ့အတွက် ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။ ဒါကို လုံလုံခြုံခြုံ သိမ်းထားဖို့ ငါ့အဖေက မှာခဲ့တယ်။ ဒါပေမဲ့ ဒါက ဘာလဲဆိုတာကိုတော့ သူ ဘယ်တော့မှ မပြောခဲ့ဘူး။ ဒီပစ္စည်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ငါ့ရင်ထဲမှာ အမြဲတမ်း တမြည့်မြည့် ခံစားနေရတာ။ လူအများကြီးကို ငါ မေးဖူးပေမဲ့ ဘယ်သူမှ ဒါက ဘာလဲဆိုတာ မသိကြဘူး”
သူ့အဘိုးကလည်း ငါ့လိုပဲ ဒီနေရာကို ရောက်လာတာ ဖြစ်နိုင်မလား။ ချားလ်စ်သည် ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။ လတ်စတို၏ အသက်အရွယ်အရ သူ၏အဘိုးမှာ သေချာပေါက် ပို၍ ရှေးကျသောသူ ဖြစ်လိမ့်မည်။
တက်ဘလက်နှင့် မိုဘိုင်းဖုန်းများ ပေါ်ပေါက်လာသည့် အချိန်မှာ အလွန်မဝေးလှသဖြင့် သူတို့နှစ်ယောက် တစ်ချိန်တည်းတွင် ဤနေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုသို့ စဉ်းစားရင်း ချားလ်စ်သည် လတ်စတိုထံမှ တက်ဘလက်ကို ယူကာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ မကြာမီမှာပင် ထိုကိရိယာနှင့် သူရင်းနှီးသော မြေပေါ်ကမ္ဘာက ပါးလွှာပေါ့ပါးသည့် တက်ဘလက်များအကြား သိသာသော ကွာခြားချက်များကို သူ သတိပြုမိလိုက်သည်။ ဤကိရိယာမှာ အလွန်ထူပြီး ကြမ်းတမ်းလှပေသည်။
အလေးချိန်မှာ နှစ်ပေါင်ခန့် ရှိနေသဖြင့် ဤပစ္စည်းမှာ သူသိသော မြေပေါ်ကမ္ဘာမှ ထုတ်လုပ်ထားခြင်း မဟုတ်ကြောင်း ချားလ်စ် သေချာသွားသည်။ ဤကဲ့သို့သော ပစ္စည်းကို ထုတ်လုပ်သည့် မည်သည့်ကုမ္ပဏီမဆို သေချာပေါက် ဒေဝါလီခံရပေလိမ့်မည်။
“မင်း ဒါကို ပြင်နိုင်မယ့် နည်းလမ်း ရှိသလား။ ငါ့မှာ ဒါကို လက်ဆင့်ကမ်းပေးမယ့် သားသမီးလည်း မရှိသလို၊ ပေးဖို့လည်း စိတ်မကူးဘူး။ ငါ သိချင်တာက ငါ့အဘိုးက ငါတို့ကို ဘာကို သိစေချင်လို့ ဒါကို သိမ်းထားခိုင်းခဲ့တာလဲ ဆိုတာပဲ”
လတ်စတို၏ အကြည့်မှာ တက်ဘလက်ပေါ်တွင်သာ စွဲမြဲနေသည်။
“စိတ်မကောင်းပါဘူး၊ ကျွန်တော်လည်း သိပ်ပြီး မကူညီနိုင်ဘူး”
လျှပ်စစ်ပစ္စည်း ပြုပြင်ခြင်းမှာ ချားလ်စ်၏ ကျွမ်းကျင်မှု မဟုတ်ပေ။
“ဒီအနက်ရောင် မှန်သားပြင်က လျှပ်စစ်နဲ့ဆိုရင် ပြန်ပြီး လင်းလာနိုင်တယ်လို့ မင်း စောစောက ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ငါတို့ ဒါကို အားသွင်းလိုက်ရင် အလုပ်လုပ်နိုင်မယ်လို့ ဆိုလိုတာလား”
လတ်စတိုက မျှော်လင့်ချက်အရိပ်အယောင်များဖြင့် မေးလိုက်သည်။
“’သန္တာကျွန်းစု’ မှာ သုံးတဲ့ လျှပ်စစ်ဗို့အားက ဘယ်လောက်လဲဆိုတာ ကျွန်တော် မသေချာဘူး၊ ဒါပေမဲ့ တက်ဘလက်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော် သေချာတယ်။ စမ်းတဝါးဝါးနဲ့ လုပ်လိုက်ရင် ဒါက ပြင်လို့မရအောင် ပျက်စီးသွားလိမ့်မယ်”
ချားလ်စ်က သတိပေးလိုက်သည်။
လတ်စတို၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်သန်းသွား၏။
သို့သော် ချားလ်စ်မှာမူ ပို၍ အတွေးနက်နေမိသည်။ အကယ်၍ ဤတက်ဘလက်မှာ မြေပေါ်ကမ္ဘာမှ လာခြင်းမဟုတ်လျှင် ၎င်းကို မြေအောက်ကမ္ဘာက လူများက ဖန်တီးခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ သူ
တို့မှာ တက်ဘလက်များကို ဖန်တီးနိုင်လောက်သည့် အဆင့်မြင့်နည်းပညာများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် ယခု မြေအောက်ကမ္ဘာ၏ နည်းပညာအဆင့်မှာ ၁၈ ရာစု သို့မဟုတ် ၁၉ ရာစုခန့်သာ ရှိနေရသနည်း။ ဤအချက်မှာ ချားလ်စ်အတွက် ယုတ္တိမရှိသကဲ့သို့ ဖြစ်နေသည်။
ရုတ်တရက် ချားလ်စ်သည် တတိယဓာတ်ခွဲခန်း ရှိရာ ကျွန်းကို သတိရလိုက်သည်။ အကယ်၍ မြေအောက်ကမ္ဘာတွင် တက်ဘလက်တစ်ခု ဖန်တီးနိုင်သူ ရှိခဲ့လျှင် ထိုသူမှာ တတိယဓာတ်ခွဲခန်း က လူသားများသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လက်ဗွေရာဖြင့် စစ်ဆေးသော နည်းပညာကိုပင် ဖန်တီးအသုံးပြုခဲ့ကြသောကြောင့် ဖြစ်သည်။
ဆရာဝန်ရဲ့ အဘိုးက အဲဒီဓာတ်ခွဲခန်းက ဝန်ထမ်းဟောင်းတစ်ယောက် ဖြစ်နေမလား။
သို့သော် ထိုမေးခွန်းများမှာ အဖြေမရှိဘဲ ကျန်ရှိနေဆဲပင်။ ထိုလူသားများတွင် အဆင့်မြင့်နည်းပညာများနှင့် အစွမ်းထက်သော ရှေးဟောင်းပစ္စည်းများစွာ ရှိခဲ့ကြသည်။ သို့သော် သူတို့ အခု ဘယ်မှာလဲ။ ချားလ်စ်၏ စိတ်ထဲတွင် လျှို့ဝှက်ချက်များမှာ ပို၍ နက်ရှိုင်းလာတော့သည်။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်”
လတ်စတိုက ပြောကာ ချားလ်စ်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
“ငါ့အဘိုး ချန်ထားခဲ့တာ ဘာလဲဆိုတာ နောက်ဆုံးတော့ ငါ သိသွားပြီ။ ဒါကို ပြန်လင်းလာအောင် ငါ ကြိုးစားကြည့်မယ်။ ငါတို့ရဲ့ သဘောတူညီချက်ကတော့ အတည်ပဲ”
သူသည် တက်ဘလက်ကို ယူကာ တံခါးဆီသို့ ဦးတည်လိုက်သည်။
အခန်းတံခါး ပွင့်သွားသည့်အခါ အပြင်မှ ချောင်းနားထောင်နေသော မာဂရက်မှာ လန့်သွားရသည်။ သူမသည် ချားလ်စ်ထံသို့ အမြန်ပြေးလာပြီး သူ့အနောက်တွင် ပုန်းကာ လတ်စတိုကို ကြောက်ရွံ့စွာ ခိုးကြည့်လိုက်၏။
လတ်စတိုသည် ချားလ်စ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“သူမ ကြားခဲ့တာတွေကို ပြန်မေ့သွားအောင် လုပ်ပေးဖို့ လိုသလား။ ငါ့မှာ အဲဒီအတွက် နည်းလမ်း ရှိတယ်”
“ရပါတယ်။ ထားလိုက်ပါ”
ချားလ်စ်သည် ယခင်က သူသည် မြေပေါ်ကမ္ဘာမှ လာသူဖြစ်ကြောင်း သူနှင့်တွေ့သမျှ လူတိုင်းကို ပြောပြခဲ့ဖူးသည်။ သို့သော် လူတိုင်းက သူ့ကို အရူးဟုသာ သတ်မှတ်ခဲ့ကြပြီး မည်သူမှ မယုံကြည်ခဲ့ကြပေ။
မြင့်မြတ်သောအလင်းအဖွဲ့မှ ကိုးကွယ်သူများက သူတို့၏ နေနတ်ဘုရားကို တြိဂံပုံစံအဖြစ် ဖော်ပြနေသည်ကို မြင်လိုက်ရသည့်အခါတွင်မှ ချားလ်စ် နားလည်သွားခဲ့သည်။
လူသားများသည် အမှန်တရားကို သူတို့၏ မျက်စိရှေ့တွင် အထင်အရှား မတွေ့ရမချင်း ယုံကြည်ကြမည် မဟုတ်ပေ။ သို့သော် လူသားများသည် တစ်ခါတစ်ရံတွင် သူတို့ ယုံကြည်ချင်သည့် အရာကိုသာ ယုံကြည်တတ်ကြသောကြောင့် အလွန်ပင် မိုက်မဲနိုင်ကြပေသည်။
လတ်စတိုသည် လှည့်ထွက်သွားပြီး မှောင်မိုက်နေသော လှေကားများအတိုင်း ထော့နင်းထော့နင်းဖြင့် ဆင်းသွားလေတော့သည်။
အခန်းထဲတွင် မာဂရက်နှင့် ချားလ်စ် နှစ်ယောက်တည်း ကျန်ခဲ့သည့်အခါ မာဂရက်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်မ တမင် ချောင်းနားထောင်တာ မဟုတ်ပါဘူး။ ကျွန်မ အဖေ ရောက်လာပြီ ထင်လို့ပါ”
“သူ ဒီလောက်အစောကြီး ရောက်လာမှာ မဟုတ်ဘူး။ မင်းရဲ့ စာနဲ့ ငါးရိုးအမှတ်အသားကို ငါ ဝဲယာတိုဆီ ပေးပို့လိုက်ပြီ။ အစောဆုံး ရောက်မယ်ဆိုရင်တောင် နှစ်ပတ်ကြာဦးမယ်”
မာဂရက်သည် ချားလ်စ်၏ စကားကို စဉ်းစားနေရင်း ခေါင်းငိုက်စိုက်ကျသွားကာ ခြေချောင်းလေးများဖြင့် ကြမ်းပြင်ကို ဟိုဟိုဒီဒီ ပွတ်နေမိသည်။
“အရှင်... ကျွန်မ အရှင့်အခန်းထဲမှာပဲ နေလို့ရမလားဟင်။ ဟိုဘက်အခန်းက အရမ်းမှောင်တော့ ကျွန်မ နည်းနည်း ကြောက်လို့ပါ...”
“မင်းသဘောပဲ၊ ငြိမ်ငြိမ်လေးတော့ နေ”
ချားလ်စ်က အေးစက်စွာ ပြန်ပြောလိုက်သည်။ သူသည် သူ၏ နေ့စဉ်မှတ်တမ်းစာအုပ်ကို ထုတ်ယူကာ နောက်ဆုံးအခြေအနေများကို စတင် ရေးမှတ်လိုက်၏။
စာရေးနေသည်ကို စူးစိုက်ကြည့်နေသော ကပ္ပတိန်လူငယ်လေးကို ကြည့်ရင်း မာဂရက်၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွားတော့သည်။
ကုန်းပေါ်က ဘဝနှင့် နှိုင်းယှဉ်လျှင် ချားလ်စ်သည် ပင်လယ်ပြင်က ဘဝကို ပို၍ နှစ်သက်သည်။
အန္တရာယ်နှင့် အခက်အခဲများ ရှိနေသော်လည်း သူ၏ ရည်မှန်းချက်ဆီသို့ အမှန်တကယ် ချဉ်းကပ်နေသည်ဟု သူ ခံစားရသည်။ ကုန်းပေါ်တွင် ရှိနေစဉ်မှာမူ သူသည် ကုန်ဆုံးသွားသော စက္ကန့်တိုင်းကို ဖြုန်းတီးနေရသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။
ယခုအခါ သူ့တွင် ရေကြောင်းပြမြေပုံနှင့် သင်္ဘော ရှိနေပြီဖြစ်သော်လည်း ချားလ်စ်သည် ခရီးစဉ်ကို စတင်၍ မရသေးပေ။ သူ၏ ဒဏ်ရာများမှာ အရှင်းမပျောက်သေးသလို၊ ဆွန်နီ၏ ခေါင်းနှင့် အက်ကိုး ငါးသန်း ဆုလာဘ်ကိုလည်း သူ စောင့်နေရဆဲ ဖြစ်သည်။
နောက်ထပ် နှစ်ပတ်ခန့်အတွင်းတွင် မာဂရက်နှင့် ချားလ်စ်တို့သည် အတူတကွ အချိန်ကုန်ဆုံးခဲ့ကြသည်။ မာဂရက်သည် ဘေးအခန်းတွင် နေထိုင်သဖြင့် အကယ်၍ သူမ ထွက်ပြေးရန် ကြိုးစားလျှင် ကြွက်များက ချားလ်စ်ကို သတင်းပို့ပေလိမ့်မည်။
သို့သော် ထိုမိန်းကလေးငယ်မှာ ထွက်ပြေးချင်သည့် အရိပ်အယောင် လုံးဝမပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ယခုအခြေအနေကို ပျော်မွေ့နေပုံရပြီး ချားလ်စ်၏ ဘေးတွင်သာ ကပ်နေချင်ကြောင်းပင် ဖော်ပြနေတော့သည်။
သို့သော် ထိုကဲ့သို့ အေးချမ်းသော နေ့ရက်များမှာ ကြာရှည်မခံခဲ့ပေ။ တစ်နေ့ နံနက်စောစောတွင် ချားလ်စ်သည် ‘သန္တာကျွန်းစု’ အုပ်ချုပ်ရေးမှူး၏ ကင်းလှည့်သင်္ဘောမှာ အနီးနားက ငါးဖမ်းသင်္ဘောများကို မောင်းထုတ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ယနေ့တွင် ကြီးကျယ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်တော့မည်ဟူသော အချက်ပင် ဖြစ်သည်။
ဆိပ်ကမ်းနှင့် မြို့တွင်းကို ဆက်သွယ်ထားသော တံခါးကြီးများကို ဖွင့်ခဲလှသော်လည်း ယနေ့တွင်မူ ထိုတံခါးကြီးများမှာ အကျယ်ကြီး ပွင့်သွားပြီး မြို့တွင်းမှ ခန့်ညားသော မော်တော်ယာဉ်တန်းကြီး ထွက်ပေါ်လာလေတော့သည်။
ကောင်းမွန်လှသော အမြင်အာရုံကြောင့် ချားလ်စ်သည် ယာဉ်တစ်စီးအတွင်း ထိုင်နေသော လူကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ၏ ပြင်းထန်ပြီး ဆန်းပြားလှသော မိတ်ကပ်များကြောင့် သတိမထားမိဘဲ မနေနိုင်ပေ။
ချားလ်စ်သည် သတင်းစာများထဲတွင် သူ၏ ဓာတ်ပုံကို တွေ့ဖူးသည်။ သူကား ‘သန္တာကျွန်းစု’ ၏ အုပ်ချုပ်ရေးမှူး နီကိုးလ် ပင် ဖြစ်သည်။
***