နံနက်စောစော။
ရှောင်မိုက ခြံဝန်းထဲတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို လှန်လှောဖတ်ရှုနေလေသည်။
ယွီယွင်ဝေ့က ရှောင်မို၏ဘေးတွင် ထိုင်ကာ သူမ၏ ဖြူဖွေးသော သွားလေးများဖြင့် စုတ်တံကို ကိုက်ရင်း စာမေးပွဲ စာရွက်တစ်ခုကို ဖြေဆိုနေလေ၏။
မေးခွန်းများကို ကြည့်ရင်း မိန်းကလေးငယ်၏ မျက်မှောင်များ တင်းကျပ်စွာ တွန့်ချိုးသွားလေသည်။
ရှောင်မိုက ယွီယွင်ဝေ့ကို စာသင်ပေးနေခဲ့သည်မှာ လေးလခန့် ရှိပြီဖြစ်သည်။
အစပိုင်း ငြင်းဆန်မှုများမှသည် နောက်ပိုင်း ခုခံဆန့်ကျင်မှုများအထိ၊ နောက်ဆုံးတွင်တော့ အတင်းအကျပ် လက်ခံလိုက်ရခြင်းဖြင့် ယွီယွင်ဝေ့မှာ ဤဘဝမျိုးနှင့် တဖြည်းဖြည်း အသားကျလာခဲ့လေပြီ။
သို့သော် ယွီယွင်ဝေ့ကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေသောအရာမှာ လစဉ်လတိုင်း ရှောင်မိုက သူမကို စာမေးပွဲ စစ်ဆေးလေ့ရှိခြင်းပင် ဖြစ်သည်။
အကယ်၍ သူမ မအောင်မြင်ပါက သူက သူမ၏ လက်ဖဝါးကို ရိုက်မည်မဟုတ်သော်လည်း သူမ၏ နေ့စဉ် လေ့လာသင်ယူရမည့် အချိန်ကို တိုးမြှင့်လိုက်မည် ဖြစ်သည်။
ယွီယွင်ဝေ့၏ အမြင်တွင်တော့ သူမကို စာတွေ ပိုသင်ခိုင်းမည့်အစား ရိုက်လိုက်တာကမှ ပိုကောင်းဦးမည်။
"အာ.. အာ.. အာ.."
ယွီယွင်ဝေ့ မေးခွန်းများကို ဖြေဆိုရန် ဦးနှောက်ခြောက်ခံ စဉ်းစားနေချိန်မှာပင် ကောင်းကင်မှ ကျီးကန်းတစ်ကောင်၏ အော်သံ ထွက်ပေါ်လာလေသည်။
"ယွီယွင်ဝေ့၊ ယွီယွင်ဝေ့"
ကျီးကန်းက ရဲ့ရွှယ်တောင်ထွတ်၏ တောင်ထိပ်သို့ ပျံသန်းလာပြီး နှစ်ကြိမ်ခန့် အော်ဟစ်ကာ စာတစ်စောင်ကို ပစ်ချပေးခဲ့ပြီးနောက် ပျံသန်းထွက်ခွာသွားလေသည်။
ရှောင်မိုက စာကို ကောက်ယူကာ ယွီယွင်ဝေ့ထံသို့ ကမ်းပေးလိုက်လေသည်။
ယွီယွင်ဝေ့က စာကို ဖောက်ကာ ဖတ်ကြည့်လိုက်လေသည်။
စာကို ဖတ်နေရင်း မိန်းကလေးငယ်၏ မျက်လုံးများထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။
"ဘာကိစ္စလဲ" ဟု ရှောင်မိုက မေးလိုက်သည်။
"ကျွန်မ တာဝန်မထွက်ရတာ နှစ်ဝက်လောက် ရှိနေပြီ။ အထွေထွေကိစ္စရပ်များ ခန်းမဆောင်က ကျွန်မကို မနက်ဖြန် ချန်နာရီ (နံနက် ၇ နာရီမှ ၉ နာရီ) မှာ ဂိုဏ်းတူအစ်ကို၊ အစ်မတချို့နဲ့အတူ ဟေးယွင်တောင် (တိမ်မည်းတောင်) ကို သွားပြီး မိစ္ဆာသားရဲတွေကို အမဲလိုက်ခိုင်းတယ်။ ပြန်မလာခင်မှာ သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ အဆင့်အတန်းရှိတဲ့ မိစ္ဆာအမြူတေတွေကို စုဆောင်းခဲ့ရမယ်တဲ့" ယွီယွင်ဝေ့က ပျော်ရွှင်စွာ ပြောလိုက်လေသည်။
ထိုသို့ပြောပြီးနောက် ယွီယွင်ဝေ့က ရှောင်မိုကို အလေးအနက် ကြည့်လိုက်သည်၊ "ဒီတာဝန်ကို ကျွန်မ သေချာပေါက် သွားရမယ်၊ ဒါက အနန္တတာအိုဂိုဏ်းရဲ့ စည်းမျဉ်းပဲ"
သူမ၏ ပျော်ရွှင်နေသော မျက်နှာအမူအရာကို မြင်သောအခါ ရှောင်မိုက သူမ ဘာကြောင့် ပျော်ရွှင်နေသလဲဆိုသည်ကို လုံးဝ သံသယမဝင်တော့ချေ။ တာဝန်သွားရမည်ဆိုပါက သူမ စာသင်စရာ မလိုတော့ဘဲ ယာယီ လွတ်မြောက်သွားမည်ဖြစ်သောကြောင့်ပင်။
"နားလည်ပါပြီ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်၊ "မနက်ဖြန် မင်း သွားလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့တော့ ဒီစာမေးပွဲ စာရွက်ကို ပြီးအောင်ဖြေလိုက်ဦး။ မင်း ပြန်ရောက်လာရင်တော့ နေ့စဉ် သင်ခန်းစာချိန်ကို နာရီဝက် ထပ်တိုးမယ်"
ရှောင်မို၏ စကားကို ကြားသောအခါ အစောပိုင်းက ပျော်ရွှင်နေသော ယွီယွင်ဝေ့၏ အပြုံးမှာ ချက်ချင်း အေးခဲသွားလေသည်။
"ပြဿနာရှိလို့လား" ဟု ရှောင်မိုက မေးလိုက်သည်။
"မ.. မရှိပါဘူး"
ယွီယွင်ဝေ့က သူမ၏ စုတ်တံကို ဒေါသတကြီး ကိုက်ကာ မေးခွန်းများကို ဆက်လက် ဖြေဆိုနေလေသည်။
"ဆရာ၊ ဂိုဏ်းတူအစ်ကို၊ ယွင်ဝေ့ သွားတော့မယ်နော်"
နောက်တစ်နေ့ နံနက်စောစောတွင် ယွီယွင်ဝေ့က သွေးမိစ္ဆာနှင့် ရှောင်မိုတို့ကို နှုတ်ဆက်လိုက်လေသည်။
"သွားတော့" သွေးမိစ္ဆာက ခေါင်းညိတ်လိုက်လေသည်။
"မှတ်ထား၊ အကြောင်းပြချက်မရှိဘဲ ဂိုဏ်းတူတွေကို ဒုက္ခမပေးနဲ့" ဟု ရှောင်မိုက မှာကြားလိုက်လေသည်။
"သိ.. ပါ.. တယ်.."
ယွီယွင်ဝေ့က ရှောင်မိုကို မျက်လုံးလှန်ပြလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်၊ "ရှင်ကိုယ်တိုင် ဂိုဏ်းတူတွေကို သတ်ခဲ့တာ မလုံလောက်သေးလို့လား"
ပေါ့ပေါ့တန်တန် ပြန်ဖြေပြီးနောက် ယွီယွင်ဝေ့က လှောင်ချိုင့်ထဲမှ လွတ်မြောက်သွားသည့်အလား ပျံသန်းထွက်ခွာသွားလေသည်။
"ယွင်ဝေ့က မင်းကို တော်တော်လေး ကြောက်နေပုံရတယ်" သွေးမိစ္ဆာက ရှောင်မိုကို ပြောလိုက်လေသည်။
"အဲဒီလောက်လည်း မဟုတ်ပါဘူး" ရှောင်မိုက နာလင်ဓားကို အကြိမ်အနည်းငယ် သုတ်သင်လိုက်ပြီး အိမ်ထဲသို့ ပြန်ထည့်ကာ မတ်တပ်ရပ်လိုက်သည်၊ "သူက အရိုက်ခံရမှာကို ကြောက်နေတာ ဖြစ်နိုင်ပါတယ်"
"မင်း ဘယ်သွားမလို့လဲ" သွေးမိစ္ဆာက ခေါင်းစောင်းကာ မေးလိုက်လေသည်။
"သူ့တာအိုကို သွားစောင့်ရှောက်ပေးမလို့" ရှောင်မိုက တောင်အောက်သို့ ဆင်းသွားလေသည်၊ "ကျွန်တော့်အတွက် ခင်ဗျား လုပ်ပေးခဲ့သလိုမျိုးပေါ့"
ရှောင်မို၏ ပုံရိပ်က သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသောအခါ သွေးမိစ္ဆာက သူမ၏ မေးစေ့ကို ပွတ်သပ်ကာ သူမဘာသာ တီးတိုးရေရွတ်လိုက်သည်၊ "ငါ လက်ခံလိုက်တဲ့ ဒီတပည့်က ငါ့အတွက် သိပ်ပြီး စိတ်ပူစရာမလိုလွန်းဘူးများ ဖြစ်နေလား"
ယွီယွင်ဝေ့က ဂိုဏ်းအပြင်ဘက်သို့ ရောက်ရှိသွားသောအခါ အတူလိုက်ပါမည့် ကျင့်ကြံသူ လေးဦးမှာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
"ဂိုဏ်းတူအစ်ကိုတွေနဲ့ အစ်မ၊ ကျွန်မ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
ယွီယွင်ဝေ့က ခပ်သွက်သွက် ရှေ့သို့တက်သွားပြီး သူတို့ကို ဦးညွှတ်ကာ အလွန်အမင်း လိမ္မာရေးခြားရှိသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ညီမလေး၊ မင်းက ပိုပြောနေပါပြီ၊ ငါတို့လည်း ခုလေးတင်မှ ရောက်တာပါ" အသက်နှစ်ဆယ်ကျော်အရွယ်ရှိပုံရသော အမျိုးသားက ပြုံးရင်း ပြောလိုက်သည်၊ "လူစုံပြီဆိုတော့ သွားကြစို့"
"ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကို"
ယွီယွင်ဝေ့က ချိုသာစွာ ပြုံးလိုက်ရာ အပေါ်ယံကြည့်ရလျှင် အပြစ်ကင်းစင်ပြီး လေသံကလည်း ညင်သာနေလေသည်။
တကယ်တမ်းတွင်မူ ယွီယွင်ဝေ့က ခုနက သူ သူမကို ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ မနာလိုမှု အရိပ်အယောင်တစ်ခုကို သတိထားမိခဲ့လေသည်။
၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။
သူတို့က အသက်နှစ်ဆယ်ကျော်မှ အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိခဲ့ကြသည့် အသုံးမကျသူများ ဖြစ်ကြသည်။
သို့သော် သူမက အသက်ဆယ်တစ်နှစ်အရွယ်မှာပင် အုတ်မြစ်ချခြင်းအဆင့်၏ အလယ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒီအသုံးမကျတဲ့ကောင်တွေက သူတို့ရဲ့ နှလုံးသားထဲမှာ ဘယ်လိုလုပ်ပြီး မျှတမှုကို ခံစားနိုင်မှာလဲ။
ဤကဲ့သို့သော လူမျိုးများကို သူမ မြင်တွေ့ခဲ့ရဖူးသည်မှာ များပြားလွန်းလှပြီ ဖြစ်သည်။
အပေါ်ယံတွင်မူ သူတို့က ဖော်ရွေပြီး စာနာတတ်ပုံပေါ်ကြလေသည်။
သို့သော် တကယ်တမ်းတွင် တစ်ခုခု ဖြစ်လာပါက ၎င်းတို့က ၎င်းတို့၏ ဂိုဏ်းတူများကို ပထမဆုံး သစ္စာဖောက်မည့်သူများသာ ဖြစ်ကြသည်။
သူတို့က ဟိုခွေးဂိုဏ်းတူအစ်ကို ရှောင်မို လောက်တောင် ရိုးသားမှု မရှိကြချေ။
"ဒါနဲ့ စကားမစပ်"
ယွီယွင်ဝေ့က သေချာစွာ စဉ်းစားကြည့်လိုက်လေသည်။
ဟိုခွေးဂိုဏ်းတူအစ်ကို ရှောင်မိုက သူမ၏ လက်ဖဝါးများကို အမြဲတမ်း ရိုက်နှက်ပြီး စကားနားမထောင်ပါက ဓားဆွဲထုတ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည် မှန်သော်လည်း။
သူက တကယ်ကို တစ်သမတ်တည်းရှိပြီး ဘာဟန်ဆောင်မှုမှ မရှိခဲ့ချေ။
"ကျစ်၊ နောက်ဆုံးတော့ သူ့ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ မျက်နှာကို မြင်စရာမလိုတော့တာကို၊ ဘာလို့ ငါက သူ့အကြောင်းကို တွေးနေရသေးတာလဲ" ယွီယွင်ဝေ့က ခေါင်းကို ခါယမ်းလိုက်ပြီး ခွေးဂိုဏ်းတူအစ်ကိုကို သူမ၏ စိတ်ထဲမှ ထုတ်ပယ်ပစ်လိုက်လေသည်။
ဟေးယွင်တောင်သို့ သွားရာလမ်းတွင် ယွီယွင်ဝေ့က သူတို့၏ အခြေအနေကို စုံစမ်းမေးမြန်းခဲ့လေသည်။
အဆင့်အမြင့်ဆုံး ကျင့်ကြံသူမှာ လီနန် ဟုအမည်ရပြီး ကြွေကျသစ်ရွက်တောင်ထွတ်မှ တပည့်တစ်ဦးဖြစ်ကာ အုတ်မြစ်ချခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင် ရှိလေသည်။
အခြား အမျိုးသားနှစ်ဦးမှာ ယန်လျို နှင့် ချင်ဟိုင် ဟုအမည်ရကြပြီး နှစ်ဦးစလုံးမှာ အုတ်မြစ်ချခြင်းအဆင့်၏ အလယ်ပိုင်းအဆင့်တွင် ရှိကြလေသည်။
ချွီရှောင်ထောင် ဟုအမည်ရသော အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး သူမက ပန်းတစ်သောင်းတောင်ထွတ်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ကာ လှပသော ရုပ်ရည်နှင့် ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားလေသည်။ သူမက အလွန်အမင်း ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားပြီး တစ်ခါတစ်ရံတွင် သူမ၏ ဖြူဖွေးနုနယ်သော အသားအရေကို ဖော်ပြတတ်ကာ အမျိုးသားသုံးဦး၏ အကြည့်များကို မကြာခဏ ဆွဲဆောင်လေ့ရှိလေသည်။
ပန်းတစ်သောင်းတောင်ထွတ်မှ တပည့်များက အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်မှသာ ပထမဆုံးအကြိမ် နှစ်ကိုယ်ကြားကျင့်ကြံခြင်းကို ပြုလုပ်လေ့ရှိကြသည်။
ဤချွီရှောင်ထောင်က နှစ်ကိုယ်ကြားကျင့်ကြံခြင်းကို မပြုလုပ်ရသေးဘဲ အမျိုးသားတစ်ဦးကို ရွေးချယ်နေဆဲပင် ဖြစ်သည်။
ထို့ကြောင့် အမျိုးသားသုံးဦးစလုံးက ချွီရှောင်ထောင်၏ ပထမဆုံး လက်တွဲဖော် ဖြစ်ချင်နေကြလေသည်။
သူတို့၏ ရည်ရွယ်ချက်များကို ချွီရှောင်ထောင်က ဘယ်လိုလုပ်ပြီး မသိဘဲနေပါမည်နည်း။ သူမကလည်း ထိုအားသာချက်ကို အသုံးချနေခြင်းပင် ဖြစ်သည်။
"တောက်၊ ဒီလူတွေက တော်တော်လေး အမြင်ကတ်စရာကောင်းတာပဲ။ ဘာလို့ အကုန်လုံးကို မသတ်လိုက်ရမှာလဲ"
ယွီယွင်ဝေ့က သူမဘာသာ တွေးလိုက်လေသည်။
သို့သော် မကြာမီမှာပင် ရှောင်မို၏ "အကြောင်းပြချက်မရှိဘဲ ဂိုဏ်းတူတွေကို ဒုက္ခမပေးနဲ့" ဟူသော စကားများက ယွီယွင်ဝေ့၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး သူမကို မျက်မှောင်ကြုတ်သွားစေလေသည်။
"ဒုက္ခပါပဲ" ယွီယွင်ဝေ့က သူမ၏ လက်ချောင်းကို ကိုက်လိုက်လေသည်။
"ညီမလေးယွီ၊ တစ်ခုခု ဖြစ်လို့လား" ချွီရှောင်ထောင်က ယွီယွင်ဝေ့၏ အနီးသို့ တိုးကပ်လာပြီး ပြုံးရင်း မေးလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး အစ်မချွီ" ယွီယွင်ဝေ့က ခေါင်းယမ်းလိုက်သည်၊ "ကျွန်မရဲ့ ဂိုဏ်းတူအစ်ကိုအကြောင်း တွေးနေလို့ပါ"
သူမက သူမ၏ ဂိုဏ်းတူအစ်ကိုအကြောင်းကို ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာသည်ကို ကြားသောအခါ ချွီရှောင်ထောင်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားလေသည်၊ "ညီမလေးယွီရဲ့ ဂိုဏ်းတူအစ်ကိုက မောင်လေးရှောင်မို မဟုတ်လား"
"ဟင်။ အစ်မချွီက ကျွန်မရဲ့ ဂိုဏ်းတူအစ်ကိုအကြောင်းကို ကြားဖူးလို့လား" ယွီယွင်ဝေ့က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်လေသည်။
"ငါက ဘယ်လိုလုပ်ပြီး မကြားဖူးဘဲ နေပါ့မလဲ"
ချွီရှောင်ထောင်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်လေသည်။
"အရင်တုန်းက မောင်လေးရှောင်မို ဓားသိုင်းလေ့ကျင့်နေတဲ့အချိန်မှာ သူ့ရဲ့ ဓားချီတွေက ငါတို့ ပန်းတစ်သောင်းတောင်ထွတ်ပေါ်ကို မကြာခဏ ကျလာတတ်တယ်လေ"
"ငါ ရေချိုးနေတုန်း လန့်ဖြန့်သွားရတာ အကြိမ်ကြိမ်ပဲ"
"ငါတို့က မောင်လေးရှောင်မိုကို လာဆော့ဖို့ ခေါ်ပေမယ့် သူက တစ်ခါမှ မလာဘူး၊ သူက တကယ်ကို ရှက်တတ်ပြီး ချစ်စရာကောင်းတာပဲ"
ယွီယွင်ဝေ့ - "..."
"ဒါပေမယ့် အချိန်တိုလေးအတွင်းမှာ မောင်လေးရှောင်မိုက ဂူဗိမာန်အဆင့်နဲ့ ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
"ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး"
"ကျင့်ကြံသူ တော်တော်များများက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကို သတ်ဖို့ ပူးပေါင်းကြံစည်နေကြတယ်လို့ ငါ ကြားသေးတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုက သူတို့ရဲ့ အိမ်တွေဆီကို ကိုယ်တိုင်သွားပြီး ပြန်သတ်ပစ်ခဲ့တာလေ"
"အဲဒီနောက်ပိုင်း မင်းရဲ့ ဂိုဏ်းတူအစ်ကိုကို ဘယ်သူမှ ပြဿနာမရှာရဲတော့ဘူး"
စကားပြောနေစဉ်မှာပင် ချွီရှောင်ထောင်က သူမ၏ နှုတ်ခမ်းများကို သပ်လိုက်လေသည်။
"မင်းရဲ့ ဂိုဏ်းတူအစ်ကိုက ငယ်သေးတာ နှမြောစရာပဲ။ နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့ ငါ မင်းရဲ့ ဂိုဏ်းတူအစ်ကိုဆီကို သေချာပေါက် သွားလည်ရမယ်"
"ဒီအရှက်မရှိတဲ့ မိန်းမ"
ယွီယွင်ဝေ့က မျက်မှောင်ကြုတ်လိုက်လေသည်။
ငါ့ရဲ့ ဟိုခွေးဂိုဏ်းတူအစ်ကိုက ခွေးတစ်ကောင်လို အမြင်ကတ်စရာကောင်းပေမယ့်..
သူ့ကို ချောက်ကမ်းပါးပေါ်ကနေ ကန်ချပစ်ချင်ပေမယ့်..
သူက ရှင်တို့လို အဆင့်အတန်းမျိုးနဲ့ တပ်မက်ခွင့်ရှိတဲ့သူ မဟုတ်ဘူး။
ရှင့်ကို သတ်ဖို့ အကြောင်းပြချက် တစ်ခုခု ငါ့ကို လာမပေးနဲ့၊ မဟုတ်ရင် ဟေးယွင်တောင်ပေါ်မှာ ငါ ပထမဆုံး သတ်မယ့်သူက ရှင်ပဲ ဖြစ်လိမ့်မယ်။
***