ကမ္ဘာခြားနတ်ဆိုး နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် ဝူယွမ်နှင့် လင်ချင်းကျူတို့မှာ ယှဉ်တွဲ လျှောက်လှမ်းနေကြလေသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ ကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များကို ထုတ်လွှတ်ထားပြီး သူတို့အား လျှို့ဝှက် လုပ်ကြံချင်နေသူ အများအပြားကို ပြဿနာ မရှာရဲအောင် တားဆီးထားခဲ့၏။
ပတ်ဝန်းကျင်တွင် အားကောင်းသော ပုဂ္ဂိုလ်များစွာ ရှိနေကြောင်းကို ဝူယွမ် အာရုံခံမိပြီး လဲ့ချန်ကဲ့သို့သော သူများပင်လျှင် ပေါများလှပေသည်။
ဤနက်ရှိုင်းသော နေရာတွင် လဲ့ချန် အဆင့်ရှိသူများမှာ ခွေးများအလား ပေါများနေပြီး လင်းကျန်း အဆင့်ရှိသူများမှာ နေရာတိုင်းတွင် ရှိနေကာ လဲ့ချန်နှင့် လင်းကျန်း သုံးယောက်၊ ငါးယောက်တွင် ယွမ်ချန်း အဆင့်ရှိသူ တစ်ယောက်နှင့်ပင် ဆုံတွေ့ရနိုင်သည်ဟု ဆိုနိုင်ပေသည်။
ဝူယွမ်မှာ အနည်းငယ် အံ့ဩသွားခဲ့၏... ဤနေရာအထိ ရောက်လာသူတိုင်းမှာ အားနည်းသူ တစ်ယောက်မှ မရှိပေ။
“ဒီကမ္ဘာခြားနတ်ဆိုးနယ်မြေမှာ ကိုယ့်ရဲ့ စွမ်းအားက ပိုအားကောင်းလေလေ ဖယ်ရှားခံရနိုင်ခြေ ပိုများလေလေ ဖြစ်ပေမယ့် ဆန်းကြယ်ရှင်ခြင်းအဆင့်မှာပဲ ရှိနေသေးရင်တော့ အဲဒီ ဖယ်ရှားခံရနိုင်ခြေက သိပ်ပြီး ပြင်းထန်မှာ မဟုတ်ဘူး...” လင်ချင်းကျူက ရှင်းပြလိုက်လေသည်။
“ဒါပေမယ့် ဒီရတနာရှာဖွေသူတွေက သူတို့ဘာသာသူတို့ နေလေ့ရှိပြီး ငါတို့ ဂိုဏ်းတပည့်တွေကို ဝင်မစွက်ဖက်တတ်ကြဘူး... ဂိုဏ်းပြိုင်ပွဲကိုလည်း သူတို့ ဝင်မပါကြဘူးလေ... ဒါပေမယ့် ဒီနေရာက အခြေခံအားဖြင့် ပြိုင်ပွဲရဲ့ နယ်ပယ် အပြင်ဘက်မှာ ရှိနေတာဆိုတော့ ငါတို့ သတိထားဖို့ လိုတယ်...”
ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး လင်ချင်းကျူနှင့် ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်လေသည်။
သူတို့၏ ဂိုဏ်းပြိုင်ပွဲဧရိယာမှာ အတွေ့အကြုံမရှိသေးသူများ၏ ရွာလေးတစ်ရွာ အဖြစ်သာ သတ်မှတ်၍ ရနိုင်ပြီး ဤနေရာများမှာ အစစ်အမှန် လူ့အသိုင်းအဝိုင်းပင် ဖြစ်လေသည်။
ဤနေရာသို့ ဝင်ရောက်လာသူတိုင်းမှာ ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး အရှေ့ဘက် ရွှမ်ဒေသ လူ့အသိုင်းအဝိုင်း၏ ဆရာကြီးများ ဖြစ်ကြ၏။
ဂိုဏ်းအလုပ်သင်များကဲ့သို့သော သူများက ဤနေရာမျိုးသို့ ရောက်လာခြင်းက လူ့အသိုင်းအဝိုင်း၏ ရိုက်နှက်မှုများကို သေချာပေါက် ခံရပေလိမ့်မည်။
ဤနေရာရှိ အားကောင်းသော ပုဂ္ဂိုလ်များကို ကြည့်ရလျှင်... လူငယ်ဘုရင်သုံးပါး အဆင့်ရှိသူများမှာ နေရာတိုင်းတွင် ရှိနေသည်။ ယွမ်ဂိုဏ်း၏ တပည့်များပင်လျှင် ဤနေရာတွင် သတိကြီးစွာဖြင့် လှုပ်ရှားရပေလိမ့်မည်။
လင်ချင်းကျူသည်လည်း ဤနေရာရှိ အန္တရာယ်များကို ကောင်းစွာ သိရှိထားသဖြင့် ကိုးကောင်းကင် တိုင်ချင်းနန်းတော်မှ လူများကို မခေါ်လာဘဲ တစ်ယောက်တည်း စူးစမ်းလေ့လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝူယွမ်အတွက်မူ ၎င်းမှာ သာမန်မျှသာ ဖြစ်လေသည်။
ဟင်းလင်းပြင် ဖိနှိပ်မှုကြောင့် အများဆုံး ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ အားကောင်းသော သိုင်းပညာရှင်များသာ ဝင်ရောက်နိုင်ပေသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ဝူယွမ်၏ လျှို့ဝှက်ချက် အများအပြားက သူ အတားအဆီးမရှိ လမ်းလျှောက်ရန်အတွက် လုံလောက်လှပေသည်။
သေချာသည်ကတော့ မလိုအပ်သော ပြဿနာများကို ရှာဖွေရန် မလိုအပ်ဘဲ သူ့ဇနီးဖြစ်သူ၏ စကားကို နားထောင်ရဦးမည် ဖြစ်သဖြင့် ဝူယွမ်က လင်ချင်းကျူနှင့်သာ ကပ်လျက် နေလိုက်လေသည်။
“ရှင် ဒီလောက်အထိ ကပ်နေဖို့ မလိုပါဘူး... ဒါက ရန်လိုမှုတွေကို ပိုပြီးဆွဲဆောင်နေတယ်လို့ ရှင် မထင်ဘူးလား...”
လင်ချင်းကျူက ဝူယွမ်ကို မတတ်သာဘဲ တွန်းဖယ်ကာ ပြောလိုက်လေသည်။
သူမသည် ပြိုင်ဘက်ကင်း အလှပဂေးလေး တစ်ဦးဖြစ်ပြီး မျက်နှာဖုံးလေး တစ်ခု တပ်ဆင်ထားလျှင်တောင်မှ သူမ၏ ကျက်သရေရှိလှသော ကိုယ်ခန္ဓာလေးက အမျိုးသားများ၏ အဆုံးမရှိသော စိတ်ကူးယဉ် အိပ်မက်များကို လောင်ကျွမ်းသွားစေရန် လုံလောက်ပေသည်။
ဝူယွမ်က သူမကို ဤသို့ တွယ်ကပ်နေခြင်းမှာ သူတို့၏ အချစ်ကို ပေါ်ပေါ်ထင်ထင် ပြသနေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လှည့်လည်သွားလာနေသော အားကောင်းသည့် သိုင်းပညာရှင်များကို ခွေးစာ ကျွေးနေခြင်းပင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤအချိန်တွင် လူအများအပြားက ဝူယွမ်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး သူ၏ နေရာတွင် အစားထိုး ဝင်ရောက်လိုနေကြချေပြီ။
“ကိစ္စမရှိပါဘူး... သူတို့ မနာလိုဖြစ်ကြပါစေ...”
ဝူယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး လင်ချင်းကျူနှင့် ကပ်ကာ ဆက်လက် လျှောက်သွားနေခဲ့လေသည်။
သူ၏ ဘေးတွင် အလှပဂေးလေးများစွာ ရှိနေသဖြင့် ဤကဲ့သို့သော မနာလိုမှုနှင့် မိစ္ဆာစိတ်များ ပြည့်နှက်နေသည့် ရန်လိုမှုမျိုးကို သူ အသားကျနေပြီ ဖြစ်သည်။
သရဖူကို ဆောင်းလိုသူသည် ၎င်း၏ အလေးချိန်ကို ခံနိုင်ရည်ရှိရမည်...။
အလှပဂေးလေးကို သူ ပွေ့ဖက်ထားပြီဆိုမှတော့ သူမ ခေါ်ဆောင်လာမည့် အချစ်ပြိုင်ဘက်များကိုလည်း သူ သည်းခံရမည်သာ ဖြစ်သည်။
ငါးနှစ်တာကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး လင်ချင်းကျူနှင့် နှစ်ယောက်တည်း ရှိနေရန် ရှားပါးသော အခွင့်အရေး တစ်ခုဖြစ်ကာ သူမကလည်း သူ့ကို မငြင်းပယ်ခဲ့ပေ။ ဝူယွမ်အနေဖြင့် ဤအချိန်ကို သဘာဝကျကျပင် တန်ဖိုးထားရမည် ဖြစ်သည်။
ဖြတ်သွားဖြတ်လာများ၏ မနာလိုသော အကြည့်များနှင့် ပတ်သက်၍မူ ၎င်းတို့က ဝူယွမ်ကို ပို၍ပင် စိတ်လှုပ်ရှားလာစေခဲ့သည်။
‘တကယ်လို့ မင်းတို့ မကျေနပ်ရင် လာလုကြည့်လေ... ဘယ်သူက ဘယ်သူ့ကို လုမလဲဆိုတာ ကြည့်ကြတာပေါ့...’
လင်ချင်းကျူမှာ မတတ်သာတော့ပေ။ ဝူယွမ်ကို ဖျောင်းဖျ၍ မရသဖြင့် သူမ အမြန်နှုန်းကိုသာ မြှင့်တင်နိုင်တော့သည်။
“နောက်ထပ် နေ့တစ်ဝက်လောက်ဆိုရင် တိုင်ချင်းမသေမျိုးရေကန် ရှိတဲ့ နေရာကို ငါတို့ရောက်လောက်ပြီ... အဲဒီနေရာက အတော်လေး လျှို့ဝှက်နေတော့ လွယ်လွယ်နဲ့တော့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး...”
“ဒါ့အပြင် တိုင်ချင်းမသေမျိုးရေကန်က တစ်လမှာ တစ်ခါပဲ ပေါ်လာတာ... အချိန်ကို ကျွန်မ တွက်ချက်ကြည့်ပြီးပြီ၊ ဒီနေ့က ကွက်တိပဲ... ဒါကြောင့် အဲ့ဒီနေရာက အတော်လေး လျှို့ဝှက်နေပေမယ့် တခြားသူတွေ အရင် မဦးသွားအောင် ကျွန်မတို့ မြန်မြန်သွားဖို့ လိုတယ်...”
“အင်း... ကောင်းပြီလေ...”
ဝူယွမ်က ခေါင်းညိတ်လိုက်လေသည်။ ထိုအခါမှသာ လင်ချင်းကျူက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်၏။
သူမ၏ ကျောက်စိမ်းရောင် ခြေဖဝါးလေးများ အောက်ရှိ ကောင်းကင်ပြာကြာပန်းမှာ ပျောက်ကွယ်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ယွမ်စွမ်းအင် အလင်းတန်းများမှာ စုစည်းသွားခဲ့သည်။
ထို့နောက် သူတို့နှစ်ဦးက ကျယ်ပြန့်လှသော တောင်တန်းကြီး အတွင်းသို့ တိတ်တဆိတ် ပျံသန်း ဝင်ရောက်သွားကြတော့သည်။
ထိုနှစ်ဦး ထွက်ခွာသွားသည်နှင့် လူအများအပြားက လျှို့ဝှက်စွာ နောက်ယောင်ခံ လိုက်လာကြ၏။
“ကျက်သရေတုံးတဲ့ စုံတွဲ... အရမ်းကို ကြွားလုံးထုတ်နေတာပဲ... မင်းရှေ့မှာတင် မင်းရဲ့ မိန်းမကို ငါ ဘယ်လို လုယူမလဲဆိုတာ စောင့်ကြည့်နေလိုက်...”
“ကမ္ဘာခြားနတ်ဆိုးနယ်မြေမှာ ဒီလောက် မောက်မာရဲတာဆိုတော့... လူငယ်လေး၊ မင်းက ဆုံးရှုံးမှုဆိုတာ ဘာလဲ လုံးဝ မကြုံဖူးသေးတာပဲ...”
“ဒီမှာ ဘာစည်းကမ်းမှမရှိဘူး... သူမ စော်ကားခံရရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး...”
“ယန်ညီအစ်ကိုတွေ၊ မရဏနတ်ဆိုးလေးကောင်၊ လန်လီဟွာ... ဟားဟား၊ လူအများကြီးက ဒီလူငယ်စုံတွဲလေးကို ပစ်မှတ်ထားနေကြတာပဲ...”
လူရိပ် အချို့က ဝူယွမ်နှင့် သူတို့နောက်သို့ အရပ်မျက်နှာ အသီးသီးမှနေ၍ အကွာအဝေး တစ်ခု ချန်ထားကာ လိုက်ပါသွားကြလေသည်။
ဤလူများမှာ ကမ္ဘာခြားနတ်ဆိုးနယ်မြေသို့ နှစ်ပေါင်းများစွာကြာ လာရောက်ခဲ့ကြသော အရှေ့ဘက် ရွှမ်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူဆိုးများ ဖြစ်ကြ၏။ သူတို့၏ စွမ်းအားမှာ အားမနည်းလှဘဲ ဂိုဏ်းတပည့်များမှာ သူတို့၏ အမြင်တွင် မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမျှ မရှိပေ။
ဝူယွမ်နှင့် လင်ချင်းကျူတို့သည် ကောင်းကင်ပြာကြာပန်းပေါ်တွင် လေထုကို ဖြတ်သန်းကာ လျင်မြန်စွာ ပျံသန်းနေကြလေသည်။
ဝူယွမ်သည် သူတို့ အနောက်မှ လိုက်လာသူများကို သိရှိထားပြီး ဖြစ်သော်လည်း သူ ချက်ချင်း မလှုပ်ရှားခဲ့ပေ။
မကြာမီ သူတို့သည် တောင်တန်း တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
ထိုနှစ်ဦးက အလွန်ထူးဆန်းသော လမ်းကြောင်းတစ်ခုအတိုင်း လိုက်၍ တောင်တန်း အတွင်းသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားကြလေသည်။ ၎င်းမှာ အလွန် ကွယ်ဝှက်နေပြီး သာမန်လူများ ရှာဖွေတွေ့ရှိရန် ခက်ခဲလှပေသည်။
နာရီဝက်ခန့် အကြာ တောင်တန်း၏ အရှေ့ဘက်တွင် မှိုင်းညို့နေမှုမှ ရုတ်တရက် သိသိသာသာ လင်းထိန်လာပြီး ချိုင့်ဝှမ်း တစ်ခုက ဝူယွမ်နှင့် လင်ချင်းကျူတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ထိုချိုင့်ဝှမ်း အတွင်းတွင် အလွန်အမင်း ကြီးကျယ်ခမ်းနားလှသော စွမ်းအင် လှိုင်းဂယက်တစ်ခုကို ဝူယွမ် ခံစားမိလိုက်၏။
သူတို့က ချိုင့်ဝှမ်း၏ ကျောက်ကမ်းပါး မျက်နှာပြင်ပေါ်သို့ ပျံသန်းသွားကြပြီးနောက် အတွင်းသို့ လှမ်းကြည့်လိုက်ရာ ချိုင့်ဝှမ်း၏ နက်ရှိုင်းသော နေရာတွင် အရောင် ခုနစ်မျိုးဖြင့် တောက်ပနေသော ရေကန် တစ်ကန်ကို မြင်တွေ့လိုက်ကြရလေသည်။
အလင်းရောင်များ ပြန့်နှံ့နေပြီး ချိုင့်ဝှမ်း တစ်ခုလုံးကို လှပစွာ လင်းထိန်နေစေခဲ့သည်။
“ဒါက တိုင်ချင်းမသေမျိုးရေကန်ပဲ...”
ချိုင့်ဝှမ်း၏ အထက်တွင်…..
ဝူယွမ်၏ အကြည့်များကလည်း ချိုင့်ဝှမ်း အတွင်းသို့ထိုးဖောက်ဝင်ရောက်သွားပြီးနောက် အရောင် ခုနစ်မျိုးရှိသော ကန်ရေပြင်ပေါ်တွင် ရပ်တန့်သွားခဲ့လေသည်။
ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ၏ တိုက်စားမှုကို ခံနေရသော ဤကမ္ဘာခြားနတ်ဆိုး နယ်မြေ အတွင်းတွင် ဤမျှ စင်ကြယ်သော စွမ်းအင်များ တည်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် အံ့ဩမှု အရိပ်အယောင်လေးတစ်ခု သူ၏ မျက်လုံးများထဲတွင် လင်းလက်သွားခဲ့၏။
“ဒီတိုင်ချင်းမသေမျိုးရေကန်က ရှေးဟောင်း အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက် တရားထိုင်ရင်း သေဆုံးသွားခဲ့တဲ့ နေရာလို့ ကောလာဟလတွေ ရှိတယ်..."
“သူ့ရဲ့ အရိုးတွေက မြေကြီးထဲကို စိမ့်ဝင်သွားပြီး ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တွေရဲ့ တိုက်စားမှုကနေ သီးခြား ခွဲထုတ်ပေးထားသလို တစ်ချိန်တည်းမှာပဲ ဒီတိုင်ချင်းမသေမျိုးရေကန်ကို ဖန်တီးပေးခဲ့တာ...” လင်ချင်းကျူက ရှင်းပြလိုက်လေသည်။
“ဒီနေရာကို စောင့်ကြပ်နေတဲ့ မိစ္ဆာသားရဲတွေရှိတယ်... ပြီးတော့ သူတို့ရဲ့ စွမ်းအားက အရမ်း အားကောင်းလွန်းတယ်...”
ဝူယွမ်၏ အကြည့်များက တိုင်ချင်းမသေမျိုးရေကန်၏ အရှေ့ဘက်သို့ ပြောင်းလဲသွားခဲ့၏။
ထိုနေရာရှိ မည်းမှောင်နေသော မြေပြင်ပေါ်တွင် ဧရာမ အနက်ရောင် မိစ္ဆာမြွေကြီး တစ်ကောင် ရစ်ခွေနေလေသည်။
ဤမြွေကြီးတွင် ခေါင်းသုံးလုံး ရှိပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အစွယ်များမှာ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
၎င်း၏ တံတွေးများက အောက်သို့ စီးကျနေပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများကို တိုက်ရိုက် တိုက်စားသွားစခဲ့သည်။
ဤခေါင်းသုံးလုံး မိစ္ဆာမြွေကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်အမင်း ကြမ်းတမ်းလှသော စွမ်းအင် လှိုင်းဂယက်တစ်ခုကို ဝူယွမ် ခံစားမိလိုက်၏။
သူ၏ ခန့်မှန်းချက်အရ ဤမိစ္ဆာမြွေကြီး၏ စွမ်းအားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ခြေတစ်လှမ်း ရောက်နေပြီဖြစ်သော လဲ့ချန်ထက် မနိမ့်ကျနိုင်ပေ။
၎င်း၏ စွမ်းအားမှာ လင်းကျန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလောက်ပေသည်။
လင်ချင်းကျူလည်း ၎င်းကို သတိပြုမိသွားပြီး သူမ၏ မိုးမခရွက်ကဲ့သို့သော မျက်ခုံးလေးများမှာ အနည်းငယ် တွန့်ချိုးသွားကာ ဤကဲ့သို့သော မိစ္ဆာသားရဲမျိုးမှာ အတော်လေး ကိုင်တွယ်ရ ခက်ခဲကြောင်းကို သူမ သိရှိထားသည်မှာ ထင်ရှားလှပေသည်။
“ဒီကောင်က ကိုင်တွယ်ရ လွယ်ပါတယ်... သူတို့က ဗီဇစိတ်အရပဲ သတ်ဖြတ်နိုင်တာလေ... အဲ့ဒါကို ငါရှင်းလိုက်ပါ့မယ်...” ဝူယွမ်က ပြုံးရင်း ပြောလိုက်လေသည်။
ဤမိစ္ဆာသားရဲများမှာ ယခင် မိစ္ဆာအလောင်းများနှင့် ဆင်တူလေသည်။ ၎င်းတို့သည် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ၏ ကူးစက်ခံထားရသော အားကောင်းသည့် သားရဲ အလောင်းများ ဖြစ်ကြ၏။
ယခုအခါ ဝူယွမ်သည် မိစ္ဆာသားရဲများ၏ အကြောက်ရဆုံး ရန်သူပင် ဖြစ်လေသည်။
“အဘိုးဟွမ်ရေ... နောက်ထပ် ပါဝါဘဏ်တစ်လုံး ရောက်လာပြီဗျို့...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်နှင့် ဆက်သွယ်လိုက်ပြီးနောက် ကျောက်ကမ်းပါးပေါ်မှ ခုန်ချကာ ခေါင်းသုံးလုံး မိစ္ဆာမြွေကြီးကို လက်ဝါး တစ်ချက်ဖြင့် တိုက်ရိုက် ရိုက်ချလိုက်လေသည်။
“ဂါး၊ ဂါး၊ ဂါး...”
ခေါင်းသုံးလုံး မိစ္ဆာမြွေကြီး၏ ခေါင်းသုံးလုံးက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ ပုပ်ဟောင်နေသော အနံ့အသက်တစ်ခု လေထုထဲတွင် ပြန့်နှံ့သွားခဲ့၏။
၎င်းက ဝူယွမ်ကို စိုက်ကြည့်လိုက်ပြီးနောက် ဧရာမပါးစပ်ကြီးကို ဟကာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဝူယွမ်နောက်သို့ လိုက်ပါသွားခဲ့လေသည်။
ဝူယွမ်က သင့်တော်သော နေရာတစ်ခုကို ရှာဖွေကာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး အသိဉာဏ် ကင်းမဲ့နေသော ခေါင်းသုံးလုံး မိစ္ဆာမြွေကြီး ပြေးဝင်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က မမြင်ရသော ဟင်းလင်းပြင် တံခါးပေါက် တစ်ခုကို ဖွင့်ပေးလိုက်လေသည်။
ခေါင်းသုံးလုံး မိစ္ဆာမြွေကြီး ၎င်းကို ဝင်တိုက်မိသွားသောအခါ ချက်ချင်းပင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ စုပ်ယူခံလိုက်ရလေတော့သည်။
“ကောင်းပြီ... ပြီးသွားပြီ... မင်းရဲ့ ချစ်သူကောင်မလေးဆီ ပြန်သွားတော့... ပတ်ဝန်းကျင်မှာ ပုန်းနေတဲ့ ကောင်တွေ အများကြီး ရှိသေးတယ်၊ မင်းကိုယ်မင်း သတိထားဦး...” အဘိုးအိုဟွမ်က ဟင်းလင်းပြင် တံခါးပေါက်ကို ပိတ်ရင်း ဝူယွမ်ကို ပြောလိုက်လေသည်။
***