ရှန်းကွမ်မိသားစု၏ အင်အားသည် အဓိက အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ အမျိုးသားများသည် အလောင်းသန့်စင်ခြင်း အတတ်ပညာကို ကျွမ်းကျင်ကြပြီး အမျိုးသမီးများသည် ကူအင်းအတတ်ပညာကို ကျွမ်းကျင်ကြသည်။
သူတို့၏ ကူအင်းအတတ်ပညာ လက်ဆင့်ကမ်းမှုသည် စစ်မှန်သော လမ်းစဉ် မဟုတ်သော်ငြား ၎င်း၏ စွမ်းပကားမှာမူ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။
ခုနက မီးငြှိမ်းသတ်ရန် အပြင်သို့ ပြေးထွက်သွားသူ အများစုမှာ အမျိုးသားများ ဖြစ်ကြပြီး အမျိုးသမီးများကမူ သူမတို့၏ အခန်းထဲတွင်သာ ကျန်ရစ်ခဲ့ကြသည်။ ယခုအခါ ရှန်းကွမ်ကျိုး၏ အမိန့်ကို ကြားလိုက်ရသဖြင့် သူတို့သည် သူမတို့၏ ကူအင်းကောင်များကို တစ်ကောင်ပြီး တစ်ကောင် လွှတ်ထုတ်လိုက်ကြလေသည်။
တစ်ခဏအတွင်းမှာပင် ကင်းမြီးကောက်များ၊ အဆိပ်ပြင်းမြွေများ၊ ကင်းခြေများများ၊ ပင့်ကူများနှင့် အခြားသော အဆိပ်ပြင်း အင်းဆက်ပေါင်းစုံတို့သည် ရှန်းကွမ်မိသားစု၏ ကောင်းကင်ယံ တစ်ခွင်တွင် ပြည့်နှက်သွားပြီး ယဲ့ပုဖန်တို့ နှစ်ဦးထံသို့ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား တဖျပ်ဖျပ် လွင့်ပျံလာကြလေတော့သည်။
ယင်းမြင်ကွင်းကို မြင်လိုက်ရမှသာ ရှန်းကွမ်ကျိုးသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချနိုင်တော့သည်။
သူ၏ အမြင်တွင်မူ သူ့သားအဖြစ် ဟန်ဆောင်ထားသော ထိုလူသည် သေချာပေါက် သေဆုံးသွားမည်သာ ဖြစ်သည်။ ဤမျှများပြားလှသော ကူအင်းကောင်များကို မည်သူမျှ တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်း မရှိပေ။ တစ်ဖက်လူ မသေဆုံးခဲ့လျှင်တောင်မှ လွတ်မြောက်သွားနိုင်မည် မဟုတ် ဟု သူ အသေအချာ ယုံကြည်ထား၏။
ယဲ့ပုဖန်သည်လည်း ထိုကူအင်းကောင်များကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူ၏ စွမ်းရည်ဖြင့် ကူအင်းကောင် တစ်ကောင်၊ နှစ်ကောင်ကို မကြောက်ရွံ့သော်ငြား ယခုအချိန်တွင်မူ အရေအတွက်က များလွန်းနေပေသည်။
သူ မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေစဉ် ရုတ်တရက် ထူးဆန်းသော အရာတစ်ခုကို သတိထားမိသွားသည်။ ကောင်းကင်ယံ အပြည့် ဖုံးလွှမ်းနေသော ကူအင်းကောင်များသည် သူတို့နှစ်ဦး၏ ၁၀ မီတာ အကွာအဝေး အတွင်းသို့ပင် မချဉ်းကပ်ရဲကြချေ။
အချို့က လှည့်ပတ်ကာ ထွက်ပြေးသွားကြပြီး အချို့ကမူ မြေပြင်ပေါ်တွင် ဝပ်တွားကာ တုန်ရီနေကြသည်။ သူတို့နှစ်ဦးကို တိုက်ခိုက်ရန် နေနေသာသာ တစ်ကောင်မျှပင် အနားမကပ်ရဲကြပေ။
မျှော်လင့်မထားသော အခြေအနေ ဖြစ်သော်လည်း ယဲ့ပုဖန်သည် သူ၏ ခြေလှမ်းများကို အရှိန် တင်လိုက်သည်။ အကြိမ်အနည်းငယ် ခုန်ကျော်ပြီးနောက်တွင် သူသည် ရှန်းကွမ်မိသားစု၏ နယ်မြေထဲမှ လွတ်မြောက်သွားကာ မြောက်ဘက်ရှိ တောင်တန်းများဆီသို့ ဦးတည်၍ ထွက်ပြေးလေတော့သည်။
ရှန်းကွမ်ကျိုးသည် ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြက်သေ သေသွားသည်။ ကူအင်းကောင်များသည် အဘယ်ကြောင့် ဤလူနှစ်ဦးကို ရှောင်ကွင်းနေရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေ၏။
သို့သော် အချိန်က ကပ်နေပြီဖြစ်ရာ သူ အများကြီး စဉ်းစားနေ၍ မရနိုင်တော့ပေ။ ထို့ကြောင့် မလျှော့သော ဇွဲဖြင့် ဆက်လက်၍သာ လိုက်လံ ဖမ်းဆီးရတော့သည်။
မည်သို့ပင် ဖြစ်စေကာမူ ယနေ့တွင် ယဲ့ပုဖန်ကို သူ လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။ တစ်ဖက်တွင် သူ၏ သားဖြစ်သူ သေသည် ၊ ရှင်သည် မသိရသလို အခြားတစ်ဖက်တွင်လည်း တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို သူ သိရှိလိုနေသည်။
ဤလူသည် ရှန်းကွမ်မိသားစုအပေါ် ခြိမ်းခြောက်နိုင်မှု အလွန် ကြီးမားလွန်းလှသည်။ တစ်ဖက်လူသည် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် မသိသော်လည်း ဤမျှများပြားသော ငွေအလောင်းများကို ဖျက်ဆီးနိုင်ခဲ့သည်။
ထို့အပြင် ကူအင်းကောင်များကလည်း သူတို့နှစ်ဦးကို မတိုက်ခိုက်ရဲကြချေ။
ဤအချက်က ရှန်းကွမ်မိသားစု ရှင်သန်ရပ်တည်ရေးအတွက် အားထားရသော ရတနာနှစ်ပါးဖြစ်သည့် အလောင်းသန့်စင်ခြင်း အတတ်ပညာနှင့် ကူအင်းကောင်များသည် သူ့အပေါ်တွင် အလုပ်မဖြစ်ကြောင်း ဆိုလိုနေပေသည်။
ဤမျှ ကြီးမားသော ခြိမ်းခြောက်မှုကို စောစီးစွာ အမြစ်ဖြတ် မချေမှုန်းနိုင်ပါက ရှန်းကွမ်မိသားစုသည် လုံးဝ ပြီးဆုံးသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ရွှေအလောင်းကို ထိန်းချုပ်ကာ မလျှော့သော ဇွဲဖြင့် ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးနေပြီး အရှုံးပေးမည့် အရိပ်အယောင် လုံးဝ မပြပေ။
ယဲ့ပုဖန်သည် ယခင်က အာဖရိကတွင် ယာမာမိုတို ဆိုဂျီ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရက်အနည်းငယ် အကြာတွင် ရှန်းရှီး၌ ရှန်းကွမ်ကျိုး၏ လိုက်လံဖမ်းဆီးခြင်းကို ထပ်မံ ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သို့သော် ပြီးခဲ့သည့် အကြိမ်နှင့် နှိုင်းယှဉ်ပါက ယခုအကြိမ်သည် များစွာ ပိုမို လွယ်ကူနေပေသည်။ ပထမအချက်အနေဖြင့် သူ၏ ကျင့်ကြံမှုသည် မြေကမ္ဘာအဆင့် အစောပိုင်းအဆင့်မှ မြေကမ္ဘာ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ရာ သူ၏ အမြန်နှုန်းမှာ သိသိသာသာပင် များစွာ တိုးတက်လာခဲ့သည်။
ဒုတိယအချက်အနေဖြင့် ရှန်းကွမ်ကျိုးသည် မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံမှု ရှိသော်လည်း သူသည် အလောင်းသန့်စင်ခြင်း အတတ်ပညာကိုသာ အဓိကထား ကျင့်ကြံခဲ့ပြီး ကိုယ်ဖော့သိုင်းတွင်မူ မကျွမ်းကျင်ပေ။ သူသည် ယာမာမိုတို ဆိုဂျီထက်ပင် နှေးကွေးနေသေးသည်။ ထို့ကြောင့် ယဲ့ပုဖန်က သူ့လက်မှ လွတ်မြောက်ရန်မှာ သိပ်ပြီး ခက်ခဲသော ကိစ္စတော့ မဟုတ်ချေ။
ရှန်းကွမ်ကျိုး၏ ရွှေအလောင်းသည် အလွန် လျင်မြန်ပြီး အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော် ၎င်းသည် အလောင်းရုပ်သေး တစ်ရုပ်သာ ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ ရှန်းကွမ်ကျိုးနှင့် မီတာ တစ်ရာ အကွာအဝေး အတွင်းတွင်သာ အလုပ်ဖြစ်ပေသည်။ မီတာ တစ်ရာ ကျော်လွန်သွားပါက ၎င်းကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
ယခုအခါ သူတို့ကြားရှိ အကွာအဝေးသည် မီတာ ၂၀၀ ကျော်နေပြီ ဖြစ်သဖြင့် ရွှေအလောင်းကို လွှတ်၍ တစ်ဖက်လူကို သတ်ပစ်ရန် မဖြစ်နိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့်သာ ကြည့်နေရတော့သည်။
ယဲ့ပုဖန်လည်း ဤအချက်ကို သတိထားမိသည်။ သူသည် ဆက်တိုက် ပြေးလွှားနေသော်လည်း အသက်ရှင်ခွင့် ရသွားပြီ ဖြစ်သဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤတစ်ကြိမ်သည် အမှန်တကယ်ပင် အလွန် အန္တရာယ် များလှပေသည်။
သူက လုံရှောင်ယွဲကို မေးလိုက်သည်။
"အဲဒီ ကူအင်းကောင်တွေက ဘာလို့ ငါတို့နားကို မကပ်ရဲကြတာလဲ။ မင်းရဲ့ မူလဇာတိ ကူအင်းကောင်နဲ့များ သက်ဆိုင်နေလား”
အစပိုင်းတွင် သူ သိပ်နားမလည်ခဲ့သော်လည်း ရောင်စုံ ကူအင်းကောင်လေးကို သတိရသွားခြင်း ဖြစ်သည်။
လုံရှောင်ယွဲက "ဟုတ်တယ်။ ကျွန်မဆီမှာ ရှိတာက အာကာသအဆင့် ကူအင်းကောင်လေ။ အဆင့်အတန်း အရဆိုရင် အဲဒီ အဆိပ်ပြင်း အင်းဆက်တွေကို လုံးဝ ဖိနှိပ်ထားနိုင်တယ်။ သူတို့က တိုက်ခိုက်ဖို့ နေနေသာသာ အနားတောင် မကပ်ရဲကြပါဘူး” ဟု ပြန်ဖြေသည်။
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်ပြီး...
"မင်း ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီနေ့ ရှန်းကွမ်မိသားစုဆီကနေ ငါ လွတ်နိုင်မှာ မဟုတ်ဘူး”
လုံရှောင်ယွဲက "ကိုကို... အခြေအနေက ဘယ်လိုလဲ။ အောင်မြင်ခဲ့ရဲ့လား” ဟု မေးလိုက်သည်။
ယဲ့ပုဖန်က ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်ပြီး နောက်ဆုံးတွင်...
"ရှန်းကွမ်မိသားစုရဲ့ ငွေအလောင်း အားလုံးကိုတော့ ငါ ရှင်းပစ်ခဲ့ပြီးပြီ။ ဒါပေမယ့် ရွှေအလောင်းက အရမ်း အစွမ်းထက်လွန်းတယ်။ ငါ လှုပ်ရှားဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ရှန်းကွမ်ကျိုး အဖိုးကြီးက သတိထားမိသွားပြီး ငါ့ရဲ့ အားနည်းချက်ကို သိသွားတော့တာပဲ” ဟု ပြောလိုက်သည်။
လုံရှောင်ယွဲက စိတ်လှုပ်ရှားစွာဖြင့်...
"ကိုကိုက ရှန်းကွမ်မိသားစုရဲ့ ငွေအလောင်း အများကြီးကို တကယ်ပဲ ရှင်းပစ်နိုင်ခဲ့တာလား။ အရမ်း မိုက်တာပဲ” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်က "အခု ပျော်ဖို့က နည်းနည်း စောသေးတယ်။ ဟိုအဖိုးကြီးက အနောက်ကနေ အသေအလဲ လိုက်လာတုန်းပဲလေ။ မမြင်ဘူးလား” ဟု ဆိုလေသည်။
ရှန်းကွမ်ကျိုး၏ အမြန်နှုန်းသည် သူတို့နှစ်ဦးကို မီရန် မလုံလောက်သော်လည်း နောက်ကောက်ကျ ကျန်ရစ်ခဲ့ခြင်းမျိုးလည်း မရှိပေ။ မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံမှုကြောင့် သူသည် အချိန်တန်လျှင် သူလျို နှစ်ဦးကို ဖမ်းမိလိမ့်မည် ဟု ယုံကြည်ထားပေသည်။
သူတို့၏ ချီစွမ်းအင်များ ကုန်ခမ်းသွားချိန်တွင် သူ အလွယ်တကူ လိုက်မီလာမည် ဖြစ်ပြီး ထိုအကောင် နှစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆီးမည်သာ ဖြစ်သည်။
ထို့ကြောင့် သူတို့ သုံးဦးသည် တောင်တန်းများကြားတွင် လျင်မြန်စွာ ဖြတ်သန်း ပြေးလွှားနေကြသည်။
တစ်နာရီကျော် အကြာတွင်မူ အရှေ့ဘက် အရပ်သည် ဖြည်းညင်းစွာ လင်းထိန်လာပြီး အနီရောင် နေမင်းကြီးက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
လုံရှောင်ယွဲသည်လည်း မြေကမ္ဘာအဆင့် အလယ်အလတ် ကျင့်ကြံမှု ရှိသော်လည်း သူမသည် မကြာသေးမီကမှ အဆင့်တက်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ ချီစွမ်းအင်သည် ယဲ့ပုဖန်ကဲ့သို့ အဆုံးအစမဲ့ မဟုတ်နိုင်ပေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ အမြန်နှုန်းက စတင် နှေးကွေးလာပြီး နဖူးတွင်လည်း ချွေးများဖြင့် ပြည့်နှက်လာတော့သည်။
"ကိုကို... ကျွန်မ ဆက်မသွားနိုင်တော့ဘူး။ ဆက်မပြေးနိုင်တော့ဘူး။ ကျွန်မကို ထားခဲ့လိုက်ပါတော့လား”
"အဲလို ဘယ်ရမလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ အတူတူ နေရမယ်”
ယဲ့ပုဖန်သည် စကားပြောပြီးသည်နှင့် လုံရှောင်ယွဲကို ဆွဲယူကာ ကျောပေါ်သို့ ကုန်းပိုးလိုက်သည်။ လူတစ်ယောက် ပိုလာသော်လည်း သူ၏ အမြန်နှုန်းက ယခင်ကထက်ပင် အနည်းငယ် ပိုမြန်လာလေသည်။
အနောက်မှ လိုက်လံ ဖမ်းဆီးနေသော ရှန်းကွမ်ကျိုးသည် သူတို့နှစ်ဦး အရှိန်လျော့သွားသည်ကို မြင်သောအခါ အစပိုင်းတွင် ဝမ်းသာသွားသည်။
သို့သော် နောက်ပိုင်းတွင် ယဲ့ပုဖန်က လုံရှောင်ယွဲကို ကုန်းပိုးလိုက်ပြီး သူတို့၏ အမြန်နှုန်းက အတော်လေး မြင့်တက်လာသည်ကို မြင်သောအခါ သူ စိုးရိမ်လာတော့သည်။ သူတို့နှစ်ဦးကို ဤအတိုင်း လွှတ်ပေးလိုက်၍ မဖြစ်နိုင်ကြောင်း သူ နားလည်သွား၏။
အကြံအိုက်သွားသောအခါ သူသည် ရှန်းကွမ်မိသားစု၏ ဒုတိယ အကြီးအကဲ ဆိုသော ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ရွှေအလောင်း၏ ကျောပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပြီး သူ့ကို သယ်ဆောင်ကာ ဆက်လက် လိုက်လံ ဖမ်းဆီးခိုင်းတော့သည်။
ရွှေအလောင်း၏ စွမ်းအားသည် အာကာသအဆင့် သိုင်းပညာရှင်နှင့် ညီမျှသဖြင့် ၎င်း၏ အမြန်နှုန်းမှာ ပြောစရာပင် မလိုတော့ချေ။ ထို့ကြောင့် ရှန်းကွမ်ကျိုး၏ လိုက်လံ ဖမ်းဆီးမှု အမြန်နှုန်းမှာ ချက်ချင်း မြင့်တက်လာလေသည်။
အနောက်ဘက်မှ ရှန်းကွမ်ကျိုး၏ လျင်မြန်စွာ ချဉ်းကပ်လာမှုကို ခံစားလိုက်ရသဖြင့် ယဲ့ပုဖန်သည် အံ့အားသင့်သွားသည်။ ဤကဲ့သို့ အမြန်နှုန်းဖြင့်ဆိုလျှင် သူတို့နှစ်ဦး မကြာမီ ဖမ်းမိသွားတော့မည် ဖြစ်သည်။
သူသည် နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အမြင့်ဆုံးအထိ အသုံးပြုလိုက်သော်လည်း အနောက်မှ ရွှေအလောင်းကိုမူ ကျော်လွန်အောင် မပြေးနိုင်သေးချေ။
လုံရှောင်ယွဲသည် ရှန်းကွမ်ကျိုး ပိုမို နီးကပ်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့်...
"ကိုကို... ကျွန်မတို့ သူ့ကို တိုက်ခိုက်ရင်ကော။ ဘယ်လိုပဲဖြစ်ဖြစ် ရှန်းကွမ်မိသားစုက လူဆိုးတွေပဲ။ ပြီးတော့ ကျွန်မက ကူအင်းကောင်တွေကို သုံးလို့ရသေးတယ်” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်က "မင်း ဘယ်လောက် ယုံကြည်မှု ရှိလဲ” ဟု မေးလိုက်သည်။
လုံရှောင်ယွဲက "မသိဘူး။ ကျွန်မရဲ့ ကူအင်းကောင်တွေ အဆင့်တက်ပြီးကတည်းက တစ်ခါမှ မသုံးဖူးသေးဘူး” ဟု ပြန်ဖြေသည်။
"ဒါဆိုရင် လောလောဆယ် မေ့ထားလိုက်။ အရင်ဆုံး လွတ်အောင် ပြေးဖို့ နည်းလမ်းရှာရအောင်။ တကယ် ပြေးလို့မလွတ်တော့တဲ့ အခါကျမှပဲ ပြောကြတာပေါ့”
ယဲ့ပုဖန်၏ အမြင်တွင် လုံရှောင်ယွဲ၏ ကူအင်းကောင်များသည် ယခုလေးတင်မှ အဆင့်တက်ထားခြင်း ဖြစ်သဖြင့် ရှန်းကွမ်ကျိုး၏ ရွှေအလောင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
အကယ်၍ တိုက်ခိုက်မှု ကျရှုံးသွားပါက သူတို့နှစ်ဦး ထွက်ပြေးရန် အချိန်နှောင်းသွားပေလိမ့်မည်။
လုံရှောင်ယွဲက "ဒါပေမယ့် ဒီအတိုင်းဆိုရင် နောက်ဆုံးတော့ ကျွန်မတို့ သူတို့လက်ထဲ မိသွားမှာပဲလေ” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်သည် မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် တောင်တစ်လုံးကို ဖြတ်ကျော်သွားပြီး ရုတ်တရက် အဝေးရှိ ရေကန်ကြီး တစ်ခုကို မြင်လိုက်ရသည်။
သူတို့သည် မသိမသာဖြင့် ကီလိုမီတာ ရာနှင့်ချီ ပြေးလာခဲ့ပြီး ယခင်က ယင်မြွေကြီး နှစ်ကောင် နေထိုင်ခဲ့သော ရေကန်ဆီသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
ယဲ့ပုဖန်က "ငါ့မှာ အကြံရှိတယ်” ဟု အော်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် အမြန်နှုန်းကို အမြင့်ဆုံးအထိ တင်ကာ ရေကန်ဆီသို့ အပြေးအလွှား သွားလေတော့သည်။
ထိုအချိန်တွင် လုံရှောင်ယွဲသည်လည်း ရေကန်ကို မှတ်မိသွားပြီး စိုးရိမ်တကြီးဖြင့်...
"ကိုကို... ဘာလုပ်မလို့လဲ။ ကျွန်မတို့ ရှန်းကွမ်ကျိုးကို တိုက်ခိုက်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီ မြွေကြီး နှစ်ကောင်က အရမ်း အစွမ်းထက်လွန်းတယ်။ ကျွန်မရဲ့ ကူအင်းကောင်တွေတောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောလိုက်လေတော့သည်။
***