"စိတ်မပူပါနဲ့။ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်”
စကားပြောနေစဉ်မှာပင် ယဲ့ပုဖန်သည် ရေကန်စပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှန်းကွမ်ကျိုးနှင့် ရွှေအလောင်းတို့သည် သူနှင့် မီတာ ၅၀၊ ၆၀ ခန့် ကွာဝေးနေဆဲ ဖြစ်သည်။
"မင်းလို ကောင်စုတ်လေးက ဘယ်ပြေးမလို့လဲ”
ရှန်းကွမ်ကျိုးသည် ထိုလူနှစ်ဦးကို အလွန်အမင်း မုန်းတီးသဖြင့် အံကြိတ်နေမိလေသည်။
ယဲ့ပုဖန်သည် သူ့ကို လျစ်လျူရှုကာ ရေကန်အထက် လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ရေပေါ်တွင် လမ်းလျှောက်ခြင်းမှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။
ရေကန်အလယ်သို့ ရောက်သောအခါ သူ၏ ခန္ဓာကိုယ်သည် ရေပြင်ကို ဖွဖွလေး နင်းကာ အပေါ်သို့ ထပ်မံ ခုန်တက်သွားလေသည်။ ထိုအချိန်မှာပင် ရှန်းကွမ်ကျိုးနှင့် ရွှေအလောင်းတို့သည်လည်း ရေကန်၏ အဝန်းအဝိုင်း အတွင်းသို့ ဝင်ရောက်လာကြသည်။
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။ သူသည် စိတ်အာရုံကို စုစည်းကာ သိုလှောင်လက်စွပ်ထဲမှ စက်ရုပ်လူသား ကင်းစ် ချန်ရစ်ခဲ့သော အချိန်ကိုက်ဗုံးကို ထုတ်ယူ၍ ရေကန်ထဲသို့ ပစ်ချလိုက်သည်။
အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ရှန်းကွမ်ကျိုးသည် သူ ရေကန်ထဲသို့ တစ်စုံတစ်ခု ပစ်ချလိုက်သည်ကို မြင်သော်လည်း ဂရုမစိုက်ခဲ့ပေ။
အချိန်ကိုက်ဗုံးသည် ရေကန်ထဲသို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကျဆင်းသွားကာ မီတာဆယ်ဂဏန်းကျော် မြင့်သော ရေတံခွန်ကြီး တစ်ခုကို ဖန်တီးလိုက်ပြီး ထိုနေရာ၏ တိတ်ဆိတ် ငြိမ်သက်မှုကို ချိုးဖျက်ပစ်လိုက်လေသည်။
ရေကန်အောက်တွင် မူလကတည်းက ပုန်းကွယ်နေသော ယင်မြွေကြီး နှစ်ကောင်သည် အပေါ်ဘက်မှ ဆူညံသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ဒေါသထွက်သွားကြသည်။ ၎င်းသည် သူတို့ကို ရန်စလိုက်ခြင်းပင် ဖြစ်ပေသည်။
ရေပြင်ကြီး ဆူပွက်လာပြီး အောက်ဘက်မှ မြွေကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာကာ သူ့ထံသို့ ပျံသန်းလာသော ရှန်းကွမ်ကျိုးနှင့် ရွှေအလောင်းတို့ကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မှည့်ခါစ ကောင်းကင်ယင် သွေးနီရောင်အသီး သုံးလုံး ဆုံးရှုံးခဲ့ရသဖြင့် မြွေကြီးသည် အလွန်အမင်း စိတ်တိုနေခဲ့ခြင်း ဖြစ်သည်။ သတ္တဝါငယ်လေးများက သူ့ကို အကြိမ်ကြိမ် အခါခါ လာရောက် အနှောင့်အယှက် ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
မြွေကြီးသည် ၎င်း၏ ကြီးမားလှသော အမြီးကြီးကို ရမ်းခါလိုက်ရာ ရေပုံးအရွယ်အစားခန့် တုတ်ခိုင်သော အမြီးကြီးသည် ရှန်းကွမ်ကျိုးနှင့် ရွှေအဆင့် အလောင်းရုပ်သေးထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ရှန်းကွမ်ကျိုးသည် အစပိုင်းတွင် အရှေ့မှ ယဲ့ပုဖန်ကိုသာ အာရုံစိုက်နေခဲ့ရာ ရုတ်တရက် ကြီးမားလှသော မြွေကြီး တစ်ကောင် အရှေ့တွင် ပေါ်လာသဖြင့် လန့်ဖြန့်သွားသည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာသားရဲကြီး ရေကန်ထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် သူသည်လည်း အတွေ့အကြုံရင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ အံ့အားသင့်သွားသော်ငြား တည်တည်ငြိမ်ငြိမ်ပင် ရွှေအလောင်းကို ရှေ့သို့ လက်သီးဖြင့် ထိုးရန် ထိန်းချုပ်လိုက်ပြီး မြွေကြီး၏ အမြီးနှင့် ရိုက်ခတ်သွားလေသည်။
ဘုန်း... ဟူသော ကျယ်လောင်သော အသံကြီးနှင့်အတူ ရေကန်ထဲမှ ရေတံခွန်ကြီးသည် မီတာဆယ်ဂဏန်းကျော် အမြင့်သို့ ထပ်မံ ထိုးတက်သွားပြန်သည်။
အာကာသအဆင့် သိုင်းပညာရှင် ကျင့်ကြံမှု ရှိသော ရွှေအလောင်းသည် ဤမြွေကြီးနှင့် အမှန်တကယ်ပင် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် ကြီးမားလှသော ရိုက်ခတ်အားကြောင့် ရွှေအလောင်းသည် မီတာဆယ်ဂဏန်းကျော် အနောက်သို့ လွင့်စင်သွားပြီး ရှန်းကွမ်ကျိုးသည်လည်း ၎င်း၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ရသည်။
သူသည် ခြေဖျားလေးဖြင့် ရေကန်စပ်တွင် ဆင်းသက်လိုက်ပြီး ယဲ့ပုဖန်နှင့် လုံရှောင်ယွဲတို့ လုံးဝ ပျောက်ကွယ်သွားသော ရေကန်၏ တစ်ဖက်ကမ်းသို့ လှမ်းကြည့်လိုက်သည်။
"တောက်... သူ လွတ်သွားပြန်ပြီ”
ယဲ့ပုဖန် ရေကန်သို့ လာရခြင်းမှာ အောက်ဘက်တွင် ပုန်းအောင်းနေသော မြွေကြီးအကြောင်းကို သူ စောစောကတည်းက သိရှိထားသောကြောင့် ဖြစ်ကြောင်း ရှန်းကွမ်ကျိုး ယခုမှ သဘောပေါက်သွားလေသည်။
ခုနက ဗုံးပစ်ချလိုက်ခြင်းသည်လည်း သူ့ကို တားဆီးရန် မြွေကြီးကို ရန်စလိုက်ခြင်းပင် ဖြစ်သည်။
သူက ယခုအခါ ယဲ့ပုဖန်၏ အကြံအစည်ကို နားလည်သွားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူတို့ကို ဆက်လက် လိုက်လံ ဖမ်းဆီးရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
သူသည် အရှေ့ရှိ ယင်မြွေကြီးကို ကြည့်ကာ သူ၏ ဒေါသအားလုံးကို သားရဲအပေါ်သို့ ပုံချလိုက်တော့သည်။
"သူ့ကို သတ်။ သူ့ရဲ့ အတွင်းအားအမြုတေကို ငါ ယူသွားရမယ်”
ယဲ့ပုဖန်ကို လက်လွှတ်လိုက်ရသဖြင့် သူသည် မိစ္ဆာသားရဲကို သတ်ဖြတ်ကာ ၎င်း၏ အတွင်းအား အမြုတေကို ရယူပြီး ရှန်းကွမ်မိသားစု၏ ဆုံးရှုံးမှုများကို အစားထိုးလိုနေသည်။
အမိန့်ရရှိသည်နှင့် တပြိုင်နက် ရွှေအလောင်းသည် အထက်သို့ ခုန်တက်ကာ ယင်မြွေကြီးထံသို့ ထပ်မံ ခုန်အုပ်သွားလေသည်။
ဒေါသထွက်ကာ ရန်စခံလိုက်ရသော ယင်မြွေကြီးသည် ၎င်း၏ ကြီးမားလှသော ပါးစပ်ကြီးကို ဟကာ ရွှေအလောင်းထံသို့ ယင်စွမ်းအင်တန်းကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။
ယင်စွမ်းအင်သည် အစွမ်းထက်သော်လည်း အာကာသအဆင့် ကျင့်ကြံမှု ရှိသော ရွှေအလောင်းကမူ ဂရုမစိုက်ဘဲ မြွေကြီး၏ ကျောကုန်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဂီး…
ယင်မြွေကြီးသည် နာကျင်သွားပြီး ၎င်း၏ ကြီးမားလှသော အမြီးကြီးသည် အနောက်မှ ပျံတက်လာကာ ရွှေအလောင်းကို ပြင်းထန်စွာ ရိုက်ချပစ်လိုက်လေသည်။ မြွေကြီးတစ်ကောင်နှင့် အလောင်းရုပ်သေး တစ်ရုပ်တို့ အပြင်းအထန် တိုက်ခိုက်နေကြရာ မြင်ကွင်းမှာ အလွန် သက်ဝင်လှုပ်ရှားနေပေသည်။
ဤအကောင်နှစ်ကောင်၏ အကြီးမားဆုံး ဝိသေသလက္ခဏာမှာ သူတို့၏ အံ့မခန်း ကာကွယ်နိုင်စွမ်းပင် ဖြစ်သည်။ သူတို့သည် အလွန် ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း မည်သူကမျှ တစ်ဖက်လူကို ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။
ယဲ့ပုဖန်နှင့် လုံရှောင်ယွဲတို့သည် ထွက်မသွားကြသေးချေ။ ထိုအစား သူတို့သည် အရွက်များ ထူထပ်သော သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ပုန်းအောင်းကာ အရှေ့ရှိ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
"ဘုရားရေ... ဒီမြွေကြီးက အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာသလိုပဲ”
အရှေ့ရှိ ယင်မြွေကြီးသည် ပြီးခဲ့သည့် အကြိမ်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ ကောင်းကင်ယင် သွေးနီရောင်အသီး၏ အာနိသင်ကြောင့် ဖြစ်ကြောင်း ထင်ရှားပေသည်။
လုံရှောင်ယွဲက တိုးတိုးလေး မေးလိုက်သည်။
"ကိုကို... ဘယ်သူက ပိုအစွမ်းထက်မယ် ထင်လဲ”
"သူတို့ကတော့ အင်အားချင်း မျှနေတာပဲ။ ဒါပေမယ့် မမေ့နဲ့အုံး... အောက်ဘက်မှာ ပုန်းနေတဲ့ မြွေကြီး တစ်ကောင် ကျန်သေးတယ်။ ဒီအကောင်တွေက မိစ္ဆာသားရဲ အဆင့်ကို ရောက်သွားပြီဆိုရင် လူတွေထက်တောင် ပိုပြီး ကောက်ကျစ်စဉ်းလဲတယ်။ သူတို့က ချုံခိုတိုက်ခိုက်ဖို့နဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ကို ကောင်းကောင်း သိတယ်”
"မြွေကြီးက ဟိုအဖိုးကြီး ရှန်းကွမ်ကျိုးကို တစ်ကိုက်တည်းနဲ့ မျိုချသွားရင် ကောင်းမှာပဲ”
လုံရှောင်ယွဲသည် ရှန်းကွမ်ကျိုး၏ လိုက်လံ ဖမ်းဆီးမှုကို မကျေနပ်သေးသဖြင့် ရှန်းကွမ်ကျိုးအား ဒေါသတကြီး ကြည့်နေလေသည်။
ရေကန်ဘက်တွင်မူ ရွှေအလောင်းနှင့် မြွေကြီးတို့သည် ဆယ်မိနစ်ကျော်ခန့် တိုက်ခိုက်နေကြသော်လည်း မည်သည့်ဘက်ကမျှ အသာစီး မရကြပေ။
ရှန်းကွမ်ကျိုးသည်လည်း စိုးရိမ်လာသည်။ အကယ်၍ မိစ္ဆာမြွေကြီးကို သူ မနှိမ်နင်းနိုင်ပါက ယခုတစ်ကြိမ်တွင် သူ လက်ဗလာဖြင့် ပြန်ရတော့မည် ဖြစ်သည်။
ဤအချက်ကို တွေးမိသည်နှင့် သူသည် ဒေါသထွက်သွားပြီး ကျောထက်မှ အဖိုးတန် ဓားမြှောင်ကို ဆွဲထုတ်ကာ လေထဲသို့ ခုန်တက်ပြီး မြွေကြီးကို ရွှေအလောင်းနှင့် ပူးပေါင်း၍ ရင်ဆိုင်ရန် တိုက်ပွဲထဲသို့ ဝင်ရောက်လာလေသည်။
ရေကန်အထက် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ လက်ထဲရှိ အဖိုးတန် ဓားမြှောင်ဖြင့် မြွေကြီး၏ မျက်လုံးဆီသို့ ထိုးစိုက်လိုက်သည်။
သို့သော် မည်သည့် အကြောင်းကြောင့်မှန်း မသိ။ မြွေကြီး၏ မျက်လုံးများကို သူ ကြည့်လိုက်မိသော အခါ ထိုအထဲတွင် လှောင်ပြောင် သရော်မှုနှင့် အထင်အမြင် သေးမှုများကို မြင်လိုက်ရလေသည်။
အန္တရာယ်က မည်သည့်နေရာတွင် ရှိနေသည်ကို ရှာမတွေ့သော်လည်း ရှန်းကွမ်ကျိုးသည် သိုင်းပညာရှင် တစ်ဦး၏ အလိုအလျောက် သိစိတ်အရ သတိပေးချက် တစ်ခုကို ခံစားလိုက်ရသည်။
သူသည် သူ၏ တိုက်ကွက်ကို ချက်ချင်း ပြန်ရုပ်ကာ ဆုတ်ခွာလိုက်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ ပို၍ ကြီးမားသော မြွေခေါင်းကြီး တစ်ခုသည် သူ၏ အရှေ့တွင် ပေါ်ထွက်လာလေပြီ။
ဒုတိယမြောက် ယင်မြွေကြီးသည် ရှန်းကွမ်ကျိုး ငါးစာဟပ်မည့် အချိန်ကို စောင့်ဆိုင်းကာ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ယင်မြွေကြီးက နှစ်ကောင်တိတိ ရှိနေပြီး ဤတစ်ကောင်က အခြားတစ်ကောင်ထက်ပင် ပိုမို ကြီးမားနေသည်ကို မြင်သောအခါ ရှန်းကွမ်ကျိုးသည် ကြောက်လန့်တကြား ဖြစ်သွားသည်။ သူသည် သူ၏ ဓားမြှောင်ဖြင့် မြွေကြီး၏ အပေါ်မေးရိုးကို ခုတ်ပိုင်းလိုက်ပြီးနောက် ထိုအရှိန်ကို အသုံးပြုကာ နောက်သို့ ဆုတ်ခွာလိုက်သည်။
မြွေကြီး တစ်ကောင်တည်းသာဆို သူနှင့် ရွှေအလောင်းတို့ အနိုင်ရရန် အခွင့်အရေး ရှိနိုင်သေးသော်ငြား နှစ်ကောင်ကို ရင်ဆိုင်ရမည် ဆိုပါက သူတို့သည် သေချာပေါက် အစာအဖြစ်သာ ပြောင်းလဲသွားမည် ဖြစ်သည်။
ထို့ကြောင့် ယခုအခါ သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ယင်းက အဝေးဆုံးသို့ အမြန်ဆုံး ထွက်ပြေးရန်ပင် ဖြစ်သည်။
သို့သော် ယင်မြွေကြီးသည် သူ့ကို ထွက်ပြေးရန် အခွင့်အရေး မပေးဘဲ ပါးစပ်ကြီးကို ဟကာ ယင်စွမ်းအင်တန်းကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။
ရှန်းကွမ်ကျိုးသည် လေထဲတွင် ရှိနေသဖြင့် ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ သူသည် တိုက်ရိုက် ထိမှန်သွားပြီး ချက်ချင်းပင် ရေခဲလူသား တစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် သူသည် ယင်မိစ္ဆာဂိုဏ်းမှ လူများထက် များစွာ ပိုမို အစွမ်းထက်ပေသည်။ မည်သို့ပင် ဖြစ်စေ သူသည် မြေကမ္ဘာအဆင့် အထွတ်အထိပ်ရှိ သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် ရူးသွပ်စွာ လှည့်ပတ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အအေးဓာတ်များကို နှင်ထုတ်ကာ အစိုင်အခဲ အဖြစ် အေးခဲသွားမည့် အရေးမှ သီသီလေး ကာကွယ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး အခြေအနေကိုလည်း သင့်လျော်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ရေပြင်ကြီးထဲမှ လွတ်မြောက်လာပြီး ရေကန်စပ်သို့ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။
ရှန်းကွမ်ကျိုးသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရေကန်၏ အပြင်ဘက်သို့သာ ထွက်ပြေးလေတော့သည်။
သို့သော် ယင်စွမ်းအင်၏ တိုက်စားမှု ခံလိုက်ရသဖြင့် သူ၏ ကျင့်ကြံမှုသည် ကျဆင်းသွားပြီး သူ၏ လှုပ်ရှားမှုများကလည်း များစွာ နှေးကွေးသွားခဲ့သည်။
သူ ခြေလှမ်း အနည်းငယ်သာ ပြေးရသေးချိန်တွင် လူရိပ်တစ်ခုသည် သူ၏ အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ရင်ဘတ်ဆီသို့ အစွမ်းထက်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။
"ကျူးယိုးကျန့်လား”
ရှန်းကွမ်ကျိုးသည် အံ့အားသင့်သွားသည်။ ကျန်းပေ့မြို့တွင် ပျောက်ဆုံးသွားခဲ့သော ငွေအလောင်း ကျူးယိုးကျန့်သည် သူ့အရှေ့တွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေ၏။
ထို့အပြင် ၎င်း၏ လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ သူနှင့် ကျင့်ကြံမှု အဆင့် တူညီသော အဆင့်တစ် ငွေအလောင်း အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
အလောတကြီးဖြင့် သူသည် သူ၏ လက်ထဲရှိ အဖိုးတန် ဓားမြှောင်ကို လွှဲယမ်းကာ ရင်ဆိုင်လိုက်သော်လည်း ကျူးယိုးကျန့်၏ တိုက်ခိုက်မှုကြောင့် လူရော ဓားပါ လွင့်စင်သွားပြီး အနောက်ရှိ မြွေကြီးထံသို့ ပြန်လည် လွင့်ပျံသွားလေသည်။
"အား..."
သူ့အနောက်ဘက်ရှိ ပိုမို ကြီးမားလာသော ပါးစပ်ပေါက်ကြီးကို မြင်သောအခါ ရှန်းကွမ်ကျိုးသည် ကြောက်လန့်တကြား ဖြစ်သွားသည်။ ရွှေအလောင်းကို သူ့အား လာရောက် ကယ်တင်စေလိုသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ယင်မြွေကြီးသည် ၎င်း၏ ကြီးမားလှသော ပါးစပ်ကြီးကို ပိတ်လိုက်ပြီး သူ့ကို တစ်လုတ်တည်းဖြင့် မျိုချပစ်လိုက်လေတော့သည်။
ဤသို့ဖြင့် ရှန်းကွမ်မိသားစု၏ ဒုတိယ အကြီးအကဲသည် ဤသို့ဖြင့် ယင်မြွေကြီး၏ အစာအဖြစ် အဆုံးသတ်သွားရလေသည်။
သူ သေဆုံးသွားသည်နှင့် တပြိုင်နက် တိုက်ခိုက်နေဆဲ ဖြစ်သော ရွှေအလောင်းသည် ချက်ချင်း အမိန့်ပေးမှု ပြတ်တောက်သွားပြီး လေထဲမှ တည့်တည့်မတ်မတ် ပြုတ်ကျလာလေတော့သည်။ ၎င်းနှင့် တိုက်ခိုက်နေသော ယင်မြွေကြီးသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် ပါးစပ်ကို ဟကာ ရွှေအလောင်းကို မြိုချပစ်လိုက်သည်။
"ကျစ်... နှမြောစရာပဲ”
ယဲ့ပုဖန်သည် သစ်ပင်ပေါ်မှ ကြည့်နေရင်း ရင်ထဲတွင် နာကျင်သွားသည်။ ရှန်းကွမ်ကျိုးကို သတ်ရန် ယင်မြွေကြီး နှစ်ကောင်ကို သူ အသုံးပြုခဲ့သော်လည်း ရွှေအလောင်းကိုသာ သူ ရရှိပါလျှင် ယဲ့ထျန်း၏ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်နိုင်မည် ဖြစ်ရာ အစီအစဉ်မှာ ပို၍ပင် ပြီးပြည့်စုံသွားပေလိမ့်မည်။
ထိုအချိန်မှာပင် ယင်မြွေကြီးသည် ရွှေအလောင်းကို မာလွန်းပြီး သိပ်အရသာ မရှိဟု ထင်သွားပုံရသည်။ ၎င်းသည် ပါးစပ်ကို ဟကာ ရေကန်စပ်သို့ တိုက်ရိုက် ပြန်လည် ထွေးထုတ်လိုက်လေတော့သည်။
***