ယဲ့ပုဖန်သည် အလွန် ဝမ်းသာသွားသည်။ ယင်မြွေကြီးက ရွှေအလောင်းကို ပြန်ထွေးထုတ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သို့သော် သူသည် မဆင်မခြင်တော့ မလှုပ်ရှားရဲပေ။ ဘာပဲဖြစ်ဖြစ် သူ၏ အရှေ့ရှိ သတ္တဝါကြီး နှစ်ကောင်မှာ အလွန် အစွမ်းထက်လွန်းလှပြီး လတ်တလောတွင် သူ ရင်ဆိုင်နိုင်သော အရာများ မဟုတ်ပေ။
ယင်မြွေကြီး နှစ်ကောင်သည် ပြူးကျယ်သော မျက်လုံးကြီးများဖြင့် ပတ်ဝန်းကျင်ကို တစ်ပတ်ခန့် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီးနောက် ရေကန်အောက်သို့ ဖြည်းညင်းစွာ ပြန်လည် နစ်မြုပ်သွားကြလေသည်။
ထိုအခါမှသာ သူသည် လုံရှောင်ယွဲကို သစ်ပင်ပေါ်မှ ခေါ်ဆောင်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ရွှေအလောင်း အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေသည်။
ဘေးကင်းလုံခြုံပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ရွှေအလောင်းကို ဆွဲမကာ လျင်မြန်စွာ ပြေးလွှားပြီး တောင်တန်းများကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
ယခင် ပုန်းအောင်းခဲ့သော ဂူထဲသို့ ပြန်ရောက်သောအခါ သူသည် မိစ္ဆာသန့်စင်အိုးကို ထုတ်ယူကာ ရွှေအလောင်း၏ ခန္ဓာကိုယ်ထဲမှ အဆီအနှစ်များ အားလုံးကို စုပ်ယူလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီ လှုပ်ရှားနိုင်ခဲ့သည်။ နောက်ထပ် တစ်နာရီခန့်သာ နောက်ကျသွားပါက ရွှေအလောင်းထဲရှိ အဆီအနှစ်များသည် လွင့်စင်ပျောက်ကွယ်သွားမည် ဖြစ်ပြီး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
အဆီအနှစ်များကို စုပ်ယူပြီးသောအခါ ပင်းပေါင်ဘောလုံး အရွယ်အစားခန့်ရှိသော အနက်ရောင် ဆေးလုံး နောက်တစ်လုံးသည် မိစ္ဆာသန့်စင်အိုးထဲတွင် ထွက်ပေါ်လာသည်။ ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ၎င်းတွင် ရွှေရောင် ဆေးလုံး ပုံစံလိုင်းများ ပါဝင်နေလေသည်။
ရွှေအလောင်းများမှ သန့်စင်ရရှိသော ဆေးလုံးများ၏ အရည်အသွေးသည် ငွေအလောင်းများမှ ရရှိသည်ထက် များစွာ အဆင့် မြင့်မားကြောင်း ထင်ရှားပေသည်။
ယဲ့ပုဖန်သည် အလွန် ဝမ်းသာသွားပြီး ဆေးလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းကာ ယဲ့ထျန်း၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။
မကြာမီမှာပင် ယဲ့ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူသည် တကယ့်ကို ရွှေအလောင်းအဖြစ်သို့ အဆင့်တက်သွားလေသည်။ ရှန်းကွမ်ကျိုး ပိုင်ဆိုင်ခဲ့သော ရွှေအလောင်းထက်ပင် အားနည်းခြင်း မရှိတော့ချေ။
ယခုမှသာ ယဲ့ပုဖန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်သည်။ ဤမျှ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ခဲ့ရခြင်းက နောက်ဆုံးတွင် ကြီးမားသော ဆုလာဘ်များကို ဖြစ်ထွန်းစေခဲ့ပြီ ဖြစ်သည်။
ရှန်းကွမ်မိသားစုကို အညံ့ခံအောင် ဖိအားပေးရန် မလုံလောက်သေးသော်လည်း အနည်းဆုံးတော့ ယခုအခါ သူ့တွင် ခုခံနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
ဤအရာများ ပြီးဆုံးသွားပြီးနောက် သူသည် ဂူရှေ့တွင် တွင်းတစ်တွင်းတူးကာ ရှန်းကွမ်ကျိုး၏ ရွှေအလောင်းကို မြှုပ်နှံပေးလိုက်သည်။
မည်သို့ပင် ဖြစ်စေကာမူ သေဆုံးသွားသူများကို လေးစားမှု ပြသရမည် ဖြစ်သည်။ သူ့ကို အရင်ဆုံး ငြိမ်းချမ်းစွာ အနားယူခွင့် ပေးလိုက်ခြင်း ဖြစ်၏။
လုံရှောင်ယွဲက "ကိုကို... အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ” ဟု မေးလိုက်သည်။
"ငါ စဉ်းစားပါရစေအုံး”
အရာအားလုံးက အလွန် ရုတ်တရက် ဆန်လွန်းလှသဖြင့် ယဲ့ပုဖန်သည် သေချာ စဉ်းစားရန် အချိန်မရခဲ့ပေ။ နောက်ထပ် ခြေလှမ်းအတွက် အသေးစိတ် အစီအစဉ်ဆွဲရန် လိုအပ်နေသေးသည်။
သို့သော် ထိုအခိုက်အတန့်တွင် လျင်မြန်သော လေခွင်းသံများ ထွက်ပေါ်လာပြီး လူတစ်ဒါဇင်ကျော်ခန့်သည် အံ့မခန်း အမြန်နှုန်းဖြင့် လျင်မြန်စွာ ရောက်ရှိလာကြသည်။
သူတို့ကို ဦးဆောင်လာသူမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အဖိုးအို တစ်ဦး ဖြစ်ပြီး သူ၏ အရှိန်အဝါသည် အလွန် အံ့မခန်း ကောင်းလှကာ အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
သူ၏ နောက်တွင် လိုက်ပါလာသူမှာ တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းကလေး တစ်ဦး ဖြစ်ပြီး သူမသည် အခြားသူ မဟုတ်ဘဲ ကျူးယိုးမိသားစုမှ ကျူးယိုးဖေးဖေးပင် ဖြစ်သည်။ အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ကျူးယိုးဖေးဖေးတို့ အတူ ရှိနေသဖြင့် ထိုအဖိုးအိုမှာ ကျူးယိုးမိသားစု၏ အရှင်သခင် ကျူးယိုးကွမ်ကျီ ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
ယဲ့ပုဖန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ကျူးယိုးမိသားစုမှ လူများက ဤနေရာကို မည်သို့ ရှာတွေ့သွားသနည်းဟု တွေးတောနေမိသည်။ ထို့အပြင် သူတို့၏ ပစ်မှတ်မှာ သူ ဖြစ်နေပုံရသည်။
ထိုအချိန်တွင် ကျူးယိုးဖေးဖေးသည် ရှေ့သို့ ခြေနှစ်လှမ်းခန့် ခုန်ထွက်လာပြီး...
"ရှန်းကွမ်ဟုန်ချင်း... ငါ့အစ်ကိုကို ဒုက္ခပေးတာ တကယ်ပဲ မင်းကိုး” ဟု အော်ဟစ်လိုက်လေသည်။
ယဲ့ပုဖန်သည် အနည်းငယ် ကြောင်အမ်းသွားပြီး သူသည် လက်ရှိတွင် ရှန်းကွမ်ဟုန်ချင်း၏ ရုပ်သွင်ဖြင့် ရှိနေကြောင်းကို သတိရသွားသည်။ ထို့ကြောင့် အပြစ်ကင်းစင်သော အမူအရာဖြင့် ချက်ချင်းပင်...
"အဖိုးကွမ်ကျီ... သခင်မလေးကျူးယိုး... နားလည်မှုလွဲနေတာများ ရှိနေလား။ ကျွန်တော် ခင်ဗျားတို့ရဲ့ ကျူးယိုးမိသားစုကို ဘာမှ မလုပ်ထားပါဘူး” ဟု ပြောလိုက်သည်။
ကျူးယိုးဖေးဖေးက "လူလိမ်ကောင်လေး... နင်က ငြင်းချင်နေသေးတာလား။ ပြီးခဲ့တဲ့ တစ်ခေါက်က နင် ရုပ်ဖျက်ထားတာကို ငါ မသိဘူးလို့ ထင်နေလား။ နင်က ငါတို့ ကျူးယိုးမိသားစုကို အရမ်း အထင်သေးလွန်းနေပြီ။ ရိုးရိုးသားသား ပြောရရင် ငါ နင့်ကိုယ်ပေါ်မှာ အထူးအမှတ်အသား တစ်ခု လုပ်ထားတယ်။ နင် ကမ္ဘာမြေရဲ့ အဆုံးထိ ထွက်ပြေးရင်တောင်မှ ငါ နင့်ကို ရှာတွေ့နိုင်တယ်” ဟု ပြောလိုက်သည်”
"ငါ့ကို အမှတ်အသား လုပ်ထားတယ် ဟုတ်လား။ ဘယ်တုန်းကလဲ”
ယဲ့ပုဖန်သည် အမှန်တကယ်ပင် သတိမထားမိခဲ့ပေ။ သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ သူ့ကိုယ်သူ ခေါင်းမှ ခြေအဖျားအထိ စစ်ဆေးကြည့်လိုက်ရာ သူ၏ ကိုယ်ပေါ်တွင် မှေးမှိန်သော စွမ်းအင်လှိုင်း တစ်ခုကို အမှန်တကယ် တွေ့ရှိလိုက်ရသည်။
သို့သော် ယင်းစွမ်းအင်သည် သိသာရုံမျှသာ ရှိပြီး အလွန် မှေးမှိန်လွန်းလှသည်။ တစ်ဖက်လူကသာ အရိပ်အမြွက် မပေးခဲ့ပါက သူသည် အမှန်တကယ်ပင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ဤအချက်က နှစ်ပေါင်းများစွာ အမွေအနှစ်များကို လက်ဆင့်ကမ်းလာခဲ့သော ကျူးယိုးမိသားစုတွင် သူတို့၏ ထူးခြားသော နည်းလမ်းများ အမှန်တကယ် ရှိနေကြောင်း ပြသနေပေသည်။
ဒီလိုဆိုမှတော့ ရုပ်သွင်ပြောင်းလဲထားခြင်းကလည်း အသုံးမဝင်တော့ပေ။ ကျူးယိုးမိသားစုမှ လူများက ဤနေရာသို့ ချက်ချင်း ရှာတွေ့နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
ကျူးယိုးကွမ်ကျီက အေးစက်စွာဖြင့်...
"ပြောစမ်း... မင်းတို့ ရှန်းကွမ်မိသားစုက ငါ့မြေးကို ဘာလို့ ဒုက္ခပေးရတာလဲ။ ကျူးယိုးကျန့်ကို မင်းတို့ ဘယ်မှာ ဖွက်ထားလဲ” ဟု မေးလိုက်သည်။
အဖိုးအိုသည် ဒေါသများဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ကျူးယိုးကျန့်၏ အလောင်းကိုသာ တွေ့ပြီးပါက ယခုအချိန်၌ သူသည် ယဲ့ပုဖန်အား ချက်ချင်း ဝင်ရောက် တိုက်ခိုက်မိပေလိမ့်မည်။
ယဲ့ပုဖန်သည် ရင်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်မိသည်။ သူသည် တကယ့်ကို ကံဆိုးလွန်းလှသည်။
ရှန်းကွမ်ကျိုး တစ်ယောက်ကို ရှင်းထုတ်ပြီးကာမှ ယခုအခါ ကျူးယိုးကွမ်ကျီ နောက်တစ်ယောက် ရောက်လာပြန်ပြီ ဖြစ်သည်။
သူ့အနေဖြင့် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးကို ထိပ်တိုက် ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထွက်ပြေးရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
လုံရှောင်ယွဲသည်လည်း စိုးရိမ်နေပုံရပြီး ဤအခြေအနေမှ သူမတို့ မည်သို့ ထွက်ပြေးရမည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေ၏။
ကျူးယိုးဖေးဖေးသည် ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး ဒေါသတကြီးဖြင့်...
"မြန်မြန်ပြော။ မဟုတ်ရင် နင့်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ်” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး...
"ငါတို့ ရှန်းကွမ်မိသားစုက မင်းတို့ ကျူးယိုးမိသားစုကို ကြောက်တယ်လို့ တကယ်ပဲ ထင်နေတာလား။ ကျူးယိုးကျန့်က ၃ နှစ်လောက် ပျောက်နေပြီးမှ မင်းတို့ အရှေ့မှာ ရုတ်တရက် ပေါ်လာတာလေ။ အဲဒါ ထူးဆန်းတယ်လို့ မထင်ဘူးလား” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ကျူးယိုးမိသားစုဝင်များ၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြသည်။
တကယ်ပဲ ဤအချက်က သံသယ ဖြစ်စရာပင်။
အကယ်၍ ရှန်းကွမ်မိသားစုသာ ကျူးယိုးကျန့်ကို ဒုက္ခပေးခဲ့မည်ဆိုပါက သူတို့သည် သူ့ကို လျှို့ဝှက်စွာ ဖွက်ထားသင့်သည်။ အဘယ်ကြောင့် သူတို့ကို ရှာတွေ့ခွင့် ပေးရမည်နည်း။ ထို့အပြင် သူသည် ကျူးယိုးဖေးဖေး၏ အရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
နောက်ပြီး ရှန်းကွမ်ဟုန်ချင်းက အဘယ်ကြောင့် ဤတောင်တန်းများထဲတွင် တစ်ယောက်တည်း ပေါ်လာရသနည်း။ တစ်ခုခု လျှို့ဝှက်ချက်များ ရှိနေသလား။
ဒါတွေ အားလုံးက ရှန်းကွမ်မိသားစုက တမင်တကာ ဖန်တီးထားတာများလား။
"အခုမှ မင်းတို့ သိသွားလည်း အချိန်နှောင်းသွားပြီ။ ဒါက ငါတို့ ရှန်းကွမ်မိသားစုက မင်းတို့အတွက် သေသေချာချာ ပြင်ဆင်ထားတဲ့ ထောင်ချောက်ပဲ။ မင်းတို့ကို ကျူးယိုးကျန့်ရဲ့ သဲလွန်စကို ရှာတွေ့ခွင့် ပေးလိုက်တာက မင်းတို့ကို ဒီကို မြှူခေါ်ပြီးတော့ ကျူးယိုးမိသားစု တစ်ခုလုံးကို အမြစ်ဖြတ် ချေမှုန်းပစ်ဖို့ပဲ”
ယဲ့ပုဖန်က စကားပြောပြီးသည်နှင့် လူအုပ်ကြီး၏ အနောက်ဘက်သို့ လက်ညှိုးထိုးပြကာ...
"ကြည့်လိုက်... ငါတို့ ရှန်းကွမ်မိသားစုက လူတွေ ရောက်လာကြပြီ” ဟု ပြောလိုက်လေသည်။
ကျူးယိုးကွမ်ကျီ အပါအဝင် ကျူးယိုးမိသားစုဝင်များ အားလုံး၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြပြီး သူတို့ အားလုံး စိုးရိမ်တကြီးဖြင့် အနောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သူတို့ ခေါင်းလှည့်လိုက်သည့် အခိုက်အတန့်မှာပင် ယဲ့ပုဖန်သည် လုံရှောင်ယွဲကို ဆွဲယူကာ ကျောပေါ် တင်လိုက်ပြီး ဂူနံရံ တစ်လျှောက် ခုန်တက်ကာ နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အသုံးပြု၍ တောင်ထိပ်ဆီသို့ အမြင့်ဆုံး အရှိန်ဖြင့် ပြေးတက်သွားလေတော့သည်။
လုံရှောင်ယွဲသည် သူ၏ ကျောပေါ်တွင် မှီတွယ်လိုက်ပြီး ကိုကိုသည် တကယ့်ကို အံ့မခန်း ဖြစ်ကြောင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဤမျှ အရေးကြီးသော အခြေအနေတွင် ဤမျှ ဉာဏ်ကောင်းသော အကြံအစည်မျိုးကို သူ စဉ်းစားနိုင်ခဲ့ခြင်း ဖြစ်၏။
ကျူးယိုးမိသားစုဝင်များသည် အနောက်ဘက်သို့ အချိန်အတန်ကြာ လှည့်ကြည့်နေသော်လည်း ရှန်းကွမ်မိသားစု၏ ချုံခိုတိုက်ခိုက်မှုများကို မမြင်ရသလို လူရိပ် တစ်ခုမျှပင် မတွေ့ရသဖြင့် သူတို့ လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ သူတို့ ခေါင်းပြန် လှည့်ကြည့်လိုက်သောအခါ ယဲ့ပုဖန်သည် လုံရှောင်ယွဲနှင့်အတူ တောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အရှက်မရှိတဲ့ လူလိမ်ကောင်... မင်းက ဒီအဖိုးကြီးကိုတောင် လှည့်စားရဲတယ်ပေါ့လေ”
ကျူးယိုးကွမ်ကျီသည် ချက်ချင်း ဒေါသထွက်သွားသည်။ သူသည် ခြေထောက်ဖြင့် မြေကြီးကို ဆောင့်ကန်ကာ ငှက်ကြီး တစ်ကောင်အလား လေထဲသို့ ခုန်တက်ပြီး တောင်ထိပ်ဆီသို့ လိုက်လံ ဖမ်းဆီးတော့သည်။
သူ၏ နောက်တွင် ကျူးယိုးပေါ်ထျန်း၊ ကျူးယိုးဖေးဖေးနှင့် ကျူးယိုးမိသားစု၏ အခြားသော ထိပ်သီး သိုင်းပညာရှင်များသည် ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ ယဲ့ပုဖန် တောင်ထိပ်သို့ ရောက်ပြီးနောက် အောက်သို့ ခုန်ဆင်းကာ အစွမ်းကုန် အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးလွှားလေသည်။
လုံရှောင်ယွဲက "ကိုကို... ဒီတစ်ခါ ကျွန်မတို့ ဘယ်ကို ပြေးကြမလဲ။ ရေကန်ဆီကိုပဲ သွားကြမလား” ဟု မေးလိုက်သည်။
ယဲ့ပုဖန်က ခေါင်းခါလိုက်ပြီး...
"ရေကန်ဆီကို သွားလို့ မရဘူး။ အဲဒီလို လုပ်ရင် ကျူးယိုးမိသားစုက လူတွေ သေကုန်လိမ့်မယ်” ဟု ပြန်ဖြေသည်။
သူနှင့် ကျူးယိုးမိသားစုကြားတွင် နားလည်မှုလွဲခြင်းသာ ရှိပြီး နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိသဖြင့် သူတို့ကို သေတွင်းထဲသို့ မပို့လိုပေ။
လုံရှောင်ယွဲက စိုးရိမ်တကြီးဖြင့်...
"ဒါဆိုရင် ဘာလုပ်ကြမလဲ။ ဘယ်ကို သွားကြမလဲ။ ကျူးယိုးကွမ်ကျီက အာကာသအဆင့် သိုင်းပညာရှင်နော်။ ကျွန်မတို့ အချိန်အကြာကြီး ပြေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
"ရှန်းကွမ်မိသားစုဆီ သွားမယ်”
ယဲ့ပုဖန်သည် လားရာ တစ်ခုကို စဉ်းစားထားပြီး ဖြစ်သည်။ တစ်ဖက်လူက သူ့ကို ရှန်းကွမ်ဟုန်ချင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေမှတော့ သူ ရှန်းကွမ်မိသားစုဆီသို့ ပြေးရမည်သာ ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ကြောင်းပြန် လှည့်ကာ ရှန်းကွမ်မိသားစု ရှိရာ အရပ်သို့ ဦးတည်၍ ထွက်ပြေးကြလေသည်။
လုံရှောင်ယွဲသည် သူ၏ လည်ပင်းကို ဖက်ထားရင်း ပြုံးကာ...
"ကိုကို... ဒါက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား။ ကျွန်မတို့ ခုနကတင် ရှန်းကွမ်မိသားစုရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရလို့ ဒီကို ရောက်လာတာ။ အခုကျတော့ တခြားလူတွေရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရလို့ ရှန်းကွမ်မိသားစုဆီကို ပြန်ပြေးနေရပြီ” ဟု ပြောလိုက်သည်။
ယဲ့ပုဖန် စဉ်းစားကြည့်လိုက်ရာ ၎င်းသည် တကယ့်ကို ကံကြမ္မာ၏ လှည့်စားမှုပင် ဖြစ်သည်။ သူသည် ဆက်တိုက်ဆိုသလို နှစ်ကြိမ်တိုင်တိုင် လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရှန်းကွမ်ကျိုး တစ်ယောက်ကို ရှင်းထုတ်ပြီးကာစမှာပင် ယခုအခါ ကျူးယိုးကွမ်ကျီ ရောက်လာပြန်ပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ ရယ်မနေနိုင်ပေ။ အသက်ရှင်ရေးက ပထမဦးစားပေး ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် အရှေ့မှ ပြေးနေကြပြီး ကျူးယိုးကွမ်ကျီ ဦးဆောင်သော ကျူးယိုး မိသားစုဝင်များက အနောက်မှ လိုက်လံ ဖမ်းဆီးရင်း အားလုံးသည် ရှန်းကွမ်မိသားစုရှိရာသို့ အပြေးအလွှား သွားနေကြလေတော့သည်။
***