ကျူးယိုးကွမ်ကျီသည် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သဖြင့် ယဲ့ပုဖန်ထက် များစွာ ပိုမို လျင်မြန်လှသည်။ ကံကောင်းထောက်မစွာဖြင့် အာဖရိကမှ ပြန်လာပြီးနောက် ယဲ့ပုဖန်သည် အမြန်နှုန်း မြှင့်တင်ရေး အင်းစာရွက် အချို့ကို ဖန်တီးထားခဲ့သဖြင့် သူ၏ အမြန်နှုန်းမှာ သိသိသာသာ မြန်ဆန်နေ၏။
ထို့အပြင် လုံရှောင်ယွဲကလည်း ကျူးယိုးကွမ်ကျီကို အနှောင့်အယှက် ပေးရန် အဆိပ်ပြင်း အင်းဆက်များကို ရံဖန်ရံခါ ခေါ်ယူ လွှတ်ထုတ်ပေးနေသဖြင့် သူတို့သည် ဖမ်းမိမည့် အရေးမှ အကြိမ်ကြိမ် အခါခါ သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။
သို့တိုင်အောင် ရှန်းကွမ်မိသားစု၏ တံခါးဝသို့ ရောက်သောအခါ သူတို့၏ အခြေအနေမှာ အလွန် သနားစရာ ကောင်းနေပြီ ဖြစ်သည်။
ယဲ့ပုဖန်သည် သူ၏ အင်အား အားလုံးကို ထုတ်သုံးကာ လေဆင်နှာမောင်း တစ်ခုအလား ရှန်းကွမ်မိသားစု၏ တံခါးပေါက် အတွင်းသို့ ပြေးဝင်သွားပြီးနောက်...
"ဒုက္ခပါပဲ။ မြန်မြန်လုပ်ကြပါ... အားလုံးပဲ... ကျူးယိုးမိသားစု လာတိုက်နေပြီဟေ့” ဟု အော်ဟစ်လိုက်လေသည်။
အော်ဟစ်ပြီးသည်နှင့် သူနှင့် လုံရှောင်ယွဲတို့သည် ရှန်းကွမ်မိသားစု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။ သူ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ရှန်းကွမ်မိသားစုဝင်များပင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ယဲ့ပုဖန်သည် ယခင်ကတည်းက ရှန်းကွမ်းမိသားစု၏ ရွာကို အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်ရာ ပစ္စည်းထားထားသော အခန်းတစ်ခန်းကို အမြန်ရှာတွေ့သွားပြီး ဝင်ရောက် ပုန်းအောင်းနေလိုက်သည်။ အခန်းထဲသို့ ရောက်ပြီးနောက် ယဲ့ပုဖန်သည် အမောတကော အသက်ရှူရင်း နဖူးမှ ချွေးများကို သုတ်လိုက်ကာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကျူးယိုးဖေးဖေး ချန်ရစ်ခဲ့သော အမှတ်အသားကို ဖျက်ပစ်ရန် သူ၏ ချီစွမ်းအင်များကို လျင်မြန်စွာ လှည့်ပတ်လိုက်သည်။
ထို့နောက် သူသည် အဝတ်အစားများကို လဲလှယ်လိုက်ပြီး ရုပ်ဖျက်ဆေးရည်ကို ထုတ်ယူကာ သူတို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်ရှိ ရုပ်ဖျက်ထားသော မိတ်ကပ်များ အားလုံးကို ဆေးကြောပစ်လိုက်ရာ သူတို့၏ မူလရုပ်သွင်များ ပြန်လည် ပေါ်ထွက်လာလေတော့သည်။
သူ ပုန်းအောင်းနေချိန်တွင် ရှန်းကွမ်မိသားစု တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလေပြီ။
ရှန်းကွမ်ရှုံသည် အစောပိုင်းက ကျန်ရစ်ခဲ့သော ပြဿနာများကို ရှင်းလင်း၍ ပြီးခါစသာ ရှိသေးသည်။ ရေတွက်ကြည့်ပြီးနောက် မိသားစု၏ ငွေအလောင်း ၆၀ လုံး ဖျက်ဆီးခံလိုက်ရကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဤအချက်က သူ၏ နှလုံးသားကို သွေးထွက်မတတ် နာကျင်စေခဲ့သည်။ ငွေအလောင်းများသည် ရှန်းကွမ်မိသားစု၏ ကျောရိုး ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ယခုအခါ ၎င်းတို့ အားလုံးသည် အကြောင်းပြချက် မရှိဘဲ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
"ခွေးကောင်လေး... အဲဒီကောင်လေးကို ငါ မိတာနဲ့ အလောင်းရုပ်သေးအဖြစ် ပြောင်းပစ်မယ်”
သူ့ကို အဒေါသထွက်ဆုံး အရာမှာ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူ ရှိနေသည်ကို သူ ယခုတိုင် မသိရသေးခြင်းပင် ဖြစ်သည်။
ထိုအချိန်မှာပင် ယဲ့ပုဖန်၏ ကျယ်လောင်သော အော်ဟစ်သံကို သူ ကြားလိုက်ရသည်။
ဤအရာက သူ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို လှုပ်ခတ်သွားစေသည်။ ကျူးယိုးကျန့်၏ ကိစ္စက မကြာသေးမီက ပေါ်ပေါက်သွားခဲ့ပြီး သူ၏ မိသားစုပိုင် ငွေအလောင်းများ အားလုံး ဖျက်ဆီးခံခဲ့ရသည်။ ထို့နောက် ကျူးယိုးမိသားစုက လူအများကို ခေါ်ဆောင်ကာ လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
ဤအချက်များကြောင့် ငွေအဆင့် အလောင်းရုပ်သေးများ အားလုံး ပျက်စီးခြင်းသည် ကျူးယိုးမိသားစု၏ လက်တုံ့ပြန်မှုသာ ဖြစ်ကြောင်း သူ့ကို ယုံကြည်သွားစေခဲ့သည်။
"ကျူးယိုးကွမ်ကျီ... ဒီနေ့ မင်းကို ငါ မသတ်နိုင်ရင် ငါ ယောက်ျား မဟုတ်ဘူးကွ”
ထိုသို့ပြောပြီးနောက် ရှန်းကွမ်ရှုံ့သည် ဒေါသတကြီး အရှိန်အဝါများဖြင့် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ထွက်လာခဲ့လေသည်။ တံခါးဝသို့ ရောက်သောအခါ ရှန်းကွမ်မိသားစုဝင်များသည် ကျူးယိုးကွမ်ကျီကို အပြင်ဘက်တွင် တားဆီးထားပြီးသား ဖြစ်နေသည်။
ဤတစ်ကြိမ်တွင် သူတို့သည် ငွေအလောင်း အမြောက်အမြား ဆုံးရှုံးခဲ့ရသော်လည်း အမျိုးသမီး မိသားစုဝင်များ၏ ကူအင်းအတတ်ပညာမှာမူ များစွာ ဆုံးရှုံးမှု မရှိခဲ့ပေ။
ယခုအချိန်တွင် တံခါးကို ပိတ်ဆို့ထားသူများကို ဦးဆောင်နေသူမှာ ရှန်းကွမ်ရှုံ၏ ညီမဖြစ်သူ ရှန်းကွမ်ဖုန်း ဖြစ်သည်။ သူမ၏ ကူအင်းအတတ်ပညာသည် နက်နဲသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကူဘုရင်မိသားစုနှင့် မယှဉ်နိုင်သော်ငြား အလွန် အစွမ်းထက်လှပေသည်။
ရှန်းကွမ်ရှုံသည် တံခါးဝသို့ ရောက်လာပြီး ကျူးယိုးကွမ်ကျီကို... "အရှင်သခင်ကျူးယိုး... ခင်ဗျား ကျွန်တော်တို့ ရှန်းကွမ်မိသားစုဆီ ဘာကိစ္စနဲ့ လာတာလဲလို့ မေးပါရစေ” ဟု ပြောလိုက်သည်။
ကျူးယိုးကွမ်ကျီက မှုန်ကုပ်နေသော မျက်နှာဖြင့်...
"ရှန်းကွမ်ရှုံ... ငါ့မြေး ဘာဖြစ်သွားတာလဲ။ ဒီနေ့ မင်း ငါ့ကို ရှင်းပြရမယ်” ဟု ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားကို ရှင်းပြရမယ် ဟုတ်လား”
ရှန်းကွမ်ရှုံ၏ မျက်နှာက ပြာနှမ်းသွားပြီး မျက်လုံးများမှ မီးဝင်းဝင်း တောက်နေ၏။
"ခင်ဗျားက ကျုပ်တို့ ရှန်းကွမ်မိသားစုထဲကို လူတစ်ယောက် တိတ်တဆိတ် လွှတ်ပြီး ငွေအလောင်းတွေကို ခိုးပြီး ဖျက်ဆီးခဲ့တာလေ။ ခင်ဗျားကသာ ကျုပ်တို့ကို ရှင်းပြသင့်တာ”
ကျူးယိုးကွမ်ကျီသည် မူလက ရှင်းလင်းချက် လာတောင်းခြင်း ဖြစ်သော်လည်း ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
"ဘာသဘောလဲ။ ခင်ဗျားတို့ ရှန်းကွမ်မိသားစုဆီကို ကျုပ် ဘယ်တုန်းက လူလွှတ်ဖူးလို့လဲ”
ရှန်းကွမ်ရှုံက လှောင်ပြုံး ပြုံးလိုက်ပြီး...
"အဖိုးကြီးကျူးယိုး... ခင်ဗျားက လုပ်တော့ လုပ်ရဲပြီး ဝန်တော့ မခံရဲဘူးလား” ဟု ပြောလိုက်သည်။
"ရှန်းကွမ်ရှုံ... ကျုပ်တို့ကို လာမစွပ်စွဲနဲ့။ ဒီနေ့ ကျုပ်ရဲ့ မြေးကိစ္စကို ခင်ဗျား ရှင်းရှင်းလင်းလင်း မပြောရင် ခင်ဗျားတို့ ရှန်းကွမ်မိသားစုကို မြေလှန်ပစ်မယ်”
"အဖိုးကြီး… အဓိပ္ပါယ် မရှိတာတွေ လာမပြောနဲ့။ ကျုပ်တို့ ရှန်းကွမ်မိသားစုကို မြေလှန်ချင်ရင် ခင်ဗျားမှာ စွမ်းရည်ရှိဖို့ လိုလိမ့်မယ်”
"ရှန်းကွမ်ရှုံ... ခင်ဗျားက တကယ့်ကို အလွန်အကျွံ လုပ်နေပြီပဲ။ ကျုပ်တို့ ကျူးယိုးမိသားစုမှာ ခင်ဗျားတို့ကို ရင်ဆိုင်နိုင်မယ့် အင်အား မရှိဘူးလို့ ထင်နေလား”
ကျူးယိုးကွမ်ကျီသည်လည်း အလွန်အမင်း ဒေါသထွက်နေလေပြီ။ ကျူးယိုးကျန့်သည် ကျူးယိုးမိသားစု၏ တတိယမျိုးဆက်များထဲတွင် အထူးချွန်ဆုံး ဖြစ်ပြီး မိသားစု၏ မျှော်လင့်ချက် ဖြစ်သော်လည်း ရှန်းကွမ်မိသားစု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ သူသည် ရှန်းကွမ်ရှုံ၏ စကားများမှတဆင့် အဖြစ်မှန်ကို ခန့်မှန်းမိနေပြီ ဖြစ်၏။
ရှန်းကွမ်ရှုံက လှောင်ပြုံး ပြုံးကာ...
"အဖိုးကြီးကျူးယိုး... ရှန်းကွမ်မိသားစုက ကျူးယိုးကျန့်ကို သတ်လိုက်တယ်ဆိုတော့ကော ဘာဖြစ်လဲ။ ဒီနေ့ ခင်ဗျားတို့ ကျူးယိုးမိသားစုက လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့” ဟု ပြောလိုက်သည်။
ငွေအလောင်းများ ကိစ္စသည် ကျူးယိုးမိသားစု၏ လက်ချက်ဖြစ်ကြောင်း သူ ကောက်ချက်ချပြီးပြီ ဖြစ်ရာ သူ ဆက်လက် အောင့်အီးမနေတော့ဘဲ သူ၏ အနောက်ရှိ ရွှေအလောင်းကို ကျူးယိုးကွမ်ကျီအား တိုက်ခိုက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်လေတော့သည်။
ထိုအချိန်မှာပင် ရှန်းကွမ်ဖုန်း ဦးဆောင်သော ရှန်းကွမ်မိသားစုမှ အမျိုးသမီး မိသားစုဝင်များသည်လည်း လှုပ်ရှားလာကြသည်။ အဆိပ်ပြင်း အင်းဆက်များသည် အရပ်မျက်နှာ အနှံ့အပြားမှ ပျံသန်း ထွက်ပေါ်လာပြီး ကျူးယိုးမိသားစုဝင်များကို ဝိုင်းရံလိုက်ကြသည်။
ကျူးယိုးမိသားစုသည် အင်အားအပြည့်အဝဖြင့် ထွက်မလာခဲ့သော်လည်း ရောက်လာသူများ အားလုံးမှာ သိုင်းပညာရှင်များချည်းသာ ဖြစ်ကြသည်။ အာကာသအဆင့် သိုင်းပညာရှင် ကျူးယိုးကွမ်ကျီကို ဖယ်လိုက်လျှင် ကျန်သူများ အားလုံးမှာ မြေကမ္ဘာအဆင့် ကျင့်ကြံမှု ရှိကြသည်။
အထူးသဖြင့် ကျူးယိုးကျန့်၏ ဖခင်ဖြစ်သူ ကျူးယိုးပေါ်ထျန်းဆိုလျှင် မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျူးယိုးမိသားစု၏ အင်အားသည် ရှန်းကွမ်မိသားစုထက် အားနည်းသော်လည်း ယခုအခါ ရှန်းကွမ်ကျိုး အသတ်ခံလိုက်ရပြီး ငွေအလောင်း အမြောက်အမြား ဖျက်ဆီးခံလိုက်ရသဖြင့် နှစ်ဖက် အင်အားမှာ မျှတသွားလေသည်။
ထိုအချိန်တွင် ယဲ့ပုဖန်သည် လုံရှောင်ယွဲနှင့်အတူ တိတ်တဆိတ် ထွက်လာပြီး စောင့်ကြည့်နေကြသော ရှန်းကွမ်မိသားစုဝင်များကြားတွင် ရောနှောနေလိုက်သည်။ သူတို့၏ တည်ရှိမှုကို မည်သူမျှ သတိမထားမိဘဲ နှစ်ဖက် တိုက်ခိုက်နေကြသည်ကို တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။
ရှန်းကွမ်ရှုံ၏ ရွှေအလောင်းသည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး ရှန်းကွမ်ကျိုး၏ ရွှေအလောင်းထက်ပင် ပိုမို အစွမ်းထက်ပေသည်။
သို့သော် ကျူးယိုးကွမ်ကျီသည် အတွေ့အကြုံရင့် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး ရွှေအလောင်းထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။ သူတို့နှစ်ဦးသည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အင်အားချင်း မျှနေကာ အနိုင်အရှုံး ခွဲခြား၍ မရနိုင်အောင် ဖြစ်နေ၏။
အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သည်။ ရှန်းကွမ်မိသားစုတွင် ကူအင်းကောင် အများအပြား ရှိသော်လည်း ကျူးယိုးမိသားစုဝင်များ အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး သာမန် ကူအင်းကောင်များသည် မြေကမ္ဘာအဆင့် သိုင်းပညာရှင်များ၏ ကာကွယ်ရေး ချီစွမ်းအင်ကို မဖောက်ထွင်းနိုင်ကြပေ။
သို့သော် ကျူးယိုးမိသားစုဘက်တွင်မူ အရေအတွက်ပိုင်း၌ သိသာစွာ အားနည်းနေသဖြင့် အချိန်အတန်ကြာသည်အထိ သူတို့ကိုယ်သူတို့ ကာကွယ်နေရုံသာ ကာကွယ်နိုင်ပြီး အသာစီး မရနိုင်အောင် ဖြစ်နေသည်။
နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်နေကြစဉ် ဝင်ပေါက်ဆီမှ ရုတ်တရက် ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"အို... ဒီလောက်တောင် စည်ကားနေလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
စကားပြောလိုက်သူမှာ အသက် ၃၀၊ ၄၀ ခန့်အရွယ် လူလတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမသည် မြောင်အမျိုးသမီးများ၏ ရိုးရာ တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လည်ပင်းမှာ အလွန် ဟိုက်လွန်းလှပြီး သူမ၏ အမူအရာက အလွန် ဆွဲဆောင်မှု ရှိလှပေသည်။
ထိုအမျိုးသမီးကို မြင်သောအခါ ရှန်းကွမ်ရှုံ၏ နှလုံးသားသည် ဝမ်းသာအားရ ဖြစ်သွားပြီး...
"ဒုတိယခေါင်းဆောင်... ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ” ဟု ပြောလိုက်သည်။
ရောက်လာသော အမျိုးသမီးသည် အခြားသူ မဟုတ်ဘဲ ကူဘုရင်ရွာ၏ ဒုတိယခေါင်းဆောင်နှင့် ကူဘုရင်၏ တပည့်ဖြစ်သူ အန်းချိုင်အော်ပင် ဖြစ်သည်။
သို့သော် အခြားသူများ မသိကြသည်မှာ အန်းချိုင်အော်သည် အလွန် လောဘကြီးသူ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှန်းကွမ်မိသားစု၏ လာဘ်ပေးလာဘ်ယူ လုပ်ခြင်းကို ခံခဲ့ရကာ ကူဘုရင်ရွာရှိ ရှန်းကွမ်မိသားစု၏ အတွင်းလူ သူလျိုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။
အန်းချိုင်အော်သည် ရှန်းကွမ်ရှုံကို ညို့ဓာတ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးနောက်...
"အရှင်သခင်ရှန်းကွမ်က ဖိတ်ခေါ်မှတော့ ဒီမိန်းကလေးငယ်လေးက ဘယ်လိုလုပ် မလာဘဲ နေရဲပါ့မလဲ” ဟု ပြောလိုက်သည်။
ရှန်းကွမ်ရှုံက "ဒုတိယခေါင်းဆောင်... ဒီတစ်ခေါက် ကျူးယိုးမိသားစုကို အမြစ်ဖြတ် ချေမှုန်းဖို့ ခင်ဗျားသာ ကူညီပေးမယ်ဆိုရင် အခုကစပြီး ခင်ဗျားဟာ ကျွန်တော်တို့ ရှန်းကွမ်မိသားစုရဲ့ မိတ်ဆွေပါပဲ” ဟု ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ ကျူးယိုးကွမ်ကျီ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားသည်။ လက်ရှိတွင် ကျူးယိုးမိသားစုနှင့် ရှန်းကွမ်မိသားစုတို့၏ တိုက်ပွဲမှာ အင်အားချင်း မျှနေသည်။ အကယ်၍ ကူဘုရင်ရွာကသာ ဝင်ရောက် ပူးပေါင်းလာပါက သူတို့ဘက်အတွက် အခြေအနေ ဆိုးရွားသွားပေလိမ့်မည်။
"အန်းချိုင်အော်... ငါတို့ ကျူးယိုးမိသားစုနဲ့ ကူဘုရင်ရွာက အမြဲတမ်း ကိုယ့်လမ်းကိုယ် လျှောက်လာကြတာပဲလေ။ မင်း ငါတို့ကို ဆန့်ကျင်မှာတော့ မဟုတ်ပါဘူးနော်”
အန်းချိုင်အော်က တခစ်ခစ် ရယ်မောလိုက်ပြီး...
"ကျူးယိုးကွမ်ကျီ... ကိုယ့်လမ်းကိုယ် လျှောက်တယ်ဆိုတာက အတိတ်က ကိစ္စလေ။ အခု ကျွန်မက ရှင်တို့ ကျူးယိုးမိသားစုရဲ့ ရုပ်ကို မကြည့်ချင်တော့ဘူး။ ရှန်းရှီးက ဒီလောက်လေးပဲ ကျယ်တာ။ မိသားစု ၃ စု ရှိနေဖို့ မလိုပါဘူး။ အခုကစပြီး ကျွန်မတို့ ကူဘုရင်ရွာနဲ့ ရှန်းကွမ်မိသားစုပဲ ရှိဖို့ လိုတော့တယ်” ဟု ပြောလိုက်သည်။
သူမက ရှန်းကွမ်ရှုံဘက်မှ ပွင့်ပွင့်လင်းလင်း ရပ်တည်နေသည်ကို မြင်သောအခါ ကျူးယိုးကွမ်ကျီက...
"အန်းချိုင်အော်... မင်းက ဒုတိယခေါင်းဆောင် တစ်ယောက်ပဲလေ။ ကူဘုရင်ရွာအတွက် မင်း ဆုံးဖြတ်ချက် ချလို့ မရဘူး။ မင်း ဒီလိုလုပ်ရင် ကူဘုရင်ရဲ့ ဒေါသကို မကြောက်ဘူးလား” ဟု မေးလိုက်သည်။
အန်းချိုင်အော်က ရယ်မောကာ...
"ရှင်က ကူဘုရင်ကို အကူအညီ တောင်းချင်တာလား။ သူက ရုတ်တရက် ပျောက်သွားပြီး အခုထိ ပြန်မလာသေးဘူးလေ။ သူ သေလား၊ ရှင်လားတောင် ဘယ်သူမှ မသိကြတာ။ အဲဒီတော့ ကူဘုရင်ရွာက ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ကျွန်မရဲ့ အမိန့်အောက်မှာပဲ ရှိတာပေါ့” ဟု ပြန်ဖြေသည်။
ရှန်းကွမ်ရှုံက အေးစက်စွာ ပြုံးလိုက်ပြီး...
"ကျူးယိုးကွမ်ကျီ... ခင်ဗျား နားမလည်သေးဘူးလား။ အခု အန်းချိုင်အော်က ခင်ဗျားတို့ ကျူးယိုးမိသားစုကို ရှင်းထုတ်ဖို့ ကျုပ်ကို ကူညီပေးလိမ့်မယ်။ ပြီးရင် ရှန်းကွမ်မိသားစုက သူမကို ကူဘုရင်ရဲ့ နေရာကို ရောက်အောင် ကူညီပေးမယ်။ အခုကစပြီး ရှန်းရှီးရဲ့ ကူဘုရင်က ညီမလေး ချိုင်အော်ပဲ ဖြစ်လိမ့်မယ်။ ဘယ်သူမှ သူမကို အပြစ်မတင်ရဲစေရဘူး” ဟု ပြောလိုက်သည်။
"အရှင်သခင်ရှန်းကွမ် ပြောတာ မှန်တယ်” အန်းချိုင်အော်က ပြောလိုက်သည်။
"ကဲ အပိုစကားတွေ မပြောဘဲ အခုပဲ စလိုက်ကြရအောင်”
***