ပြိုင်ဘက်များက အင်အားပေါင်းစည်းတော့မည်ကို မြင်သောအခါ ကျူးယိုးကွမ်ကျီ၏ မျက်လုံးများက သွေးရောင်လွှမ်းသွားပြီး...
"အန်းချိုင်အော်... ငါ့ရဲ့ ကျူးယိုးမိသားစုကို မင်း တိုက်ခိုက်ရဲရင် ဒီအဖိုးကြီး မသေမချင်း မင်းဆီကနေ တရားမျှတမှုကို သေချာပေါက် ပြန်ယူမယ်” ဟု ကြုံးဝါးလိုက်လေသည်။
"ရှင်က ဘာတွေ ပြောနေတာလဲ။ တရားမျှတမှုကို ရှာဖို့ဆိုတာ ရှင် မသေမှ ရမှာပေါ့။ ဒါပေမယ့် ရှင်က ဒီနေ့ သေချာပေါက် သေရတော့မှာလေ”
အန်းချိုင်အော်သည် ဆွဲဆောင်မှုရှိသော ရယ်မောသံဖြင့် ရယ်လိုက်ပြီး ကျူးယိုးကွမ်ကျီ၏ ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
စကားပြောပြီးနောက် သူမသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် အနက်ရောင် ကူအင်းကောင် တစ်ကောင် ထွက်ပေါ်လာလေသည်။ ၎င်းမှာ အနက်ရောင် ပိုးတောင်မာ တစ်ကောင် ဖြစ်ပြီး အခြားသော ကူအင်းကောင်များနှင့် နှိုင်းယှဉ်ပါက အရွယ်အစား များစွာ ပိုမို ကြီးမားကာ ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဒါကို ချီကူအင်းကောင်လို့ ခေါ်တယ်။ ရှေးဟောင်း နယ်မြေ တစ်ခုကနေ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ရခဲ့တာ။ အစက ကူဘုရင်အတွက် ပြင်ဆင်ထားတာဆိုပေမယ့် အခုတော့ ရှင်တို့ အရင် ခံစားကြည့်လိုက်ကြပေါ့”
အန်းချိုင်အော်သည် လက်ထဲရှိ ကူအင်းကောင်ကို ဆော့ကစားရင်း နှုတ်သွက်လျှာသွက်ဖြင့်...
"အရင်ဆုံး ပြောပြထားမယ်... ချီကူအင်းကောင်ရဲ့ အကိုက်ခံရတဲ့ သူတိုင်းဟာ အဲဒီနောက်ပိုင်းကျရင် ကျွန်မရဲ့ ရုပ်သေးရုပ်နဲ့ ဘာမှ ကွာခြားတော့မှာ မဟုတ်ဘူး။ သူ့ကို အရှေ့သွားခိုင်းရင် အရှေ့သွားမယ်။ အနောက်သွားခိုင်းရင် အနောက်သွားမယ်။ ကျူးယိုးကွမ်ကျီ... ရှင့်ကို သတ်ခိုင်းရင်တောင်မှ သူတို့က ရှင့်ကို သတ်ဖို့ နည်းနည်းလေးမှ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ တစ်နည်းပြောရရင် ဒီအရာက တကယ့်ကို အကောင်းဆုံး လက်နက်ပဲ” ဟု ပြောလိုက်လေသည်။
စကားပြောပြီးနောက် သူမသည် တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ လက်ထဲရှိ အနက်ရောင် ပိုးတောင်မာကြီးသည် ချက်ချင်းပင် အကောင်ပေါင်း ဒါဇင်နှင့်ချီ၍ အသွင်ကွဲသွားပြီး ပျံသန်း ထွက်ခွာသွားကာ ကျူးယိုးမိသားစုဝင် တစ်ဦးချင်းစီထံသို့ တစ်ကောင်စီ ရောက်ရှိသွားလေသည်။
ပိုးတောင်မာငယ်လေးများသည် အလွန် မြန်ဆန်လှပြီး လူ့မျက်စိဖြင့် မြင်နိုင်စွမ်းကိုပင် ကျော်လွန်လုနီးပါး ဖြစ်ကာ ကျူးယိုးမိသားစုဝင်များ၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားကြသည်။
ကျူးယိုးကွမ်ကျီတွင် ခန္ဓာကိုယ်ကို ကာကွယ်ထားသော ချီစွမ်းအင်များ ရှိနေသဖြင့် ပိုးတောင်မာများ ဝင်ရောက်နိုင်ခြင်း မရှိပေ။ သူသည် သူ၏ အရှေ့ရှိ ပိုးတောင်မာငယ်လေးကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းချလိုက်သည်။
သူသည် သူ၏ မျိုးဆက်များကို ကူအင်းကောင်များရန်မှ ကာကွယ်ပေးလိုသော်လည်း အရှေ့ရှိ ရွှေအလောင်း၏ နှောင့်ယှက်မှုကို ခံနေရသဖြင့် တိုက်ပွဲထဲမှ ထွက်၍ မရဘဲ ဖြစ်နေသည်။
ကျူးယိုးမိသားစု၏ အခြားသူများတွင်မူ ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိကြပေ။ မြေကမ္ဘာအဆင့် သိုင်းပညာရှင်များ၏ ကာကွယ်ရေး ချီစွမ်းအင်က ချီကူအင်းကောင်များကို လုံးဝ မတားဆီးနိုင်ချေ။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျူးယိုးမိသားစု၏ အခြားသော သိုင်းပညာရှင်များ အားလုံးသည် ကူပိုးကောင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သူတို့၏ လက်နက်များကို တစ်ယောက်ပြီး တစ်ယောက် ကြောင်တောင်တောင်ဖြင့် ချထားလိုက်ကြလေသည်။
အန်းချိုင်အော်၏ မျက်နှာပေါ်တွင် အောင်ပွဲခံသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရှန်းကွမ်ရှုံကို...
"အရှင်သခင်ရှန်းကွမ်... ကျွန်မရဲ့ ရတနာက မကောင်းဘူးလား” ဟု မေးလိုက်သည်။
ရှန်းကွမ်ရှုံက မနာလိုသော လေသံဖြင့်...
"ကောင်းတယ်... တကယ့်ကို ကောင်းတဲ့အရာပဲ။ ကျွန်တော်တို့ ရှန်းကွမ်မိသားစုက အလောင်းရုပ်သေး တစ်ရုပ်ကို သန့်စင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်။ ဒါပေမယ့် ခင်ဗျားကတော့ မျက်တောင်တစ်ခတ် အတွင်းမှာ ပြီးသွားတယ်။ ပြီးတော့ အားလုံးက သိုင်းပညာရှင်တွေချည်းပဲ။
စကားမစပ်... ကျူးယိုးမိသားစုက ကောင်မလေးက မဆိုးဘူးပဲ။ သူမကို ကျွန်တော့်ရဲ့ ဆယ်ယောက်မြောက် မယားငယ်အဖြစ် ထားရင် ဘယ်လိုနေမလဲ” ဟု ပြောလိုက်သည်။
စကားပြောပြီးနောက် သူသည် ကျူးယိုးဖေးဖေး၏ တောင့်တင်းလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ရမ္မက်ပြင်းပြသော အကြည့်များဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေသည်။
အန်းချိုင်အော်က ရယ်မောကာ...
"အရှင်သခင်ရှန်းကွမ်က သဘောကျတယ်ဆိုမှတော့ အားမနာပါနဲ့... ယူသာ ယူလိုက်ပါ” ဟု ပြောလိုက်သည်။
ကျူးယိုးကွမ်ကျီ၏ မျက်လုံးများမှာ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားပြီး...
"မင်းတို့ ဘယ်လိုတောင် ရဲတင်းရတာလဲ” ဟု ဟိန်းဟောက်လိုက်လေသည်။
"အဖိုးကြီးကျူးယိုး... ရှင် ရူးနေတာလား။ ဒီအခြေအနေ ရောက်နေတာတောင် ကျွန်မတို့ကို ခြိမ်းခြောက်ရဲသေးတယ်။ အရင်ဆုံး ရှင် မသေအောင် ဘယ်လိုမျိုး လုပ်မလဲ ဆိုတာကိုပဲ စဉ်းစားပါဦး”
အန်းချိုင်အော်သည် စကားပြောပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်ကာ ကျူးယိုးဖေးဖေးနှင့် အခြားသူများကို...
"သွား... ဒီအဖိုးကြီးကို ငါ့အတွက် သတ်ပေးစမ်း” ဟု အော်ဟစ် အမိန့်ပေးလိုက်လေသည်။
ထိုအချိန်တွင် ကျူးယိုးမိသားစုဝင်များ၏ မျက်နှာများမှာ ကြောင်တောင်တောင် ဖြစ်နေပြီး သူတို့၏ မျက်လုံးများတွင် ကြည်လင် ပြတ်သားမှု လုံးဝ မရှိတော့ချေ။ အမိန့်ရရှိသည်နှင့် တပြိုင်နက် သူတို့သည် လက်နက်များကို ပြန်ကိုင်လိုက်ကြပြီး ချက်ချင်းပင် ရှေ့သို့ ပြေးဝင်သွားကြလေသည်။
ဤအခြေအနေက ကျူးယိုးကွမ်ကျီကို ကြက်သေ သေသွားစေသည်။ သူသည် ကြောက်မက်ဖွယ် စွမ်းရည်များကို ပိုင်ဆိုင်ထားသော်လည်း သူ့မျိုးဆက်များကို ပြန်သတ်နိုင်သည် အထိ နှလုံးသား မမာကျောနိုင်ပေ။ ထို့ကြောင့် သူက တိုက်ခိုက်လာသမျှကို ခုခံရုံသာ ခုခံလေသည်။
ဤနေရာမှ သူသာ ထွက်ပြေးလိုပါက မည်သူမျှ တားဆီးနိုင်မည် မဟုတ်သော်လည်း သားဖြစ်သူနှင့် မြေးမလေးကို စွန့်ပစ်သွားရန်မှာမူ သူ လုံးဝ မလုပ်နိုင်သော ကိစ္စ ဖြစ်နေပြန်သည်။ ထို့ကြောင့် သူသည် အချိန်ကြာလေလေ ပိုမို အရေးနိမ့်လာလေလေ ဖြစ်ပြီး သူ့အသက်အန္တရာယ် အတွက် စိုးရိမ်ရသော အနေအထား အထိ ရောက်လာပေသည်။
ယဲ့ပုဖန်သည် အဖြစ်အပျက်များကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤအခြေအနေသည် သူ မြင်တွေ့လိုသော ရလဒ် မဟုတ်ချေ။ အကယ်၍ ရှန်းကွမ်မိသားစုသာ ဤတိုက်ပွဲ၌ ပြတ်ပြတ်သားသား အနိုင်ရသွားပါက ဖြေဆေးကို ပြန်လည် ရယူနိုင်မည့် သူ၏ မျှော်လင့်ချက်မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ထို့အပြင် ကျူးယိုးမိသားစုက သူ့ကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ရာ သူတို့အပေါ် အန္တရာယ် ကျရောက်မည်ကို သူ မလိုလားပေ။
"သူတို့ကို သွားကူညီလိုက်အုံးမယ်”
ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ ထွက်သွားလေသည်။
ယခုအချိန်တွင် ယဲ့ထျန်းသည် ရွှေအလောင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ရှန်းကွမ်ရှုံထက်ပင် အားနည်းခြင်း မရှိတော့ချေ။ ထို့ကြောင့် သူသည် ကျူးယိုးကွမ်ကျီကို ကူညီနိုင်လိမ့်မည် ဟု ယုံကြည်နေလေသည်။
ထိုစဉ် လုံရှောင်ယွဲက သူ၏ လက်မောင်းကို ဆွဲထားပြီး...
"ကိုကို... ကျွန်မကို လုပ်ခွင့်ပေးပါ… ကိုကိုရဲ့ အလောင်းရုပ်သေးက အရမ်း အစွမ်းထက်တယ်ဆိုပေမယ့် ကျူးယိုးမိသားစုက လူတစ်ယောက်ယောက်ကိုများ ထိခိုက်သွားခဲ့ရင် အဖိုးကြီးကျူးယိုးက ကိုကို့ကို သေတဲ့ အထိ လိုက်သတ်လိမ့်မယ်။ အဲဒါက ကျေးဇူးတင်ခံရမယ့် အလုပ် မဟုတ်ဘူး” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်က ရပ်သွားသည်။ ထို့နောက် သူက အနည်းငယ် စိုးရိမ်သော လေသံဖြင့် "မင်း လုပ်နိုင်ပါ့မလား” ဟု မေးလိုက်သည်။
"တခြားသူတွေနဲ့ဆိုရင်တော့ မသေချာဘူး။ ဒါပေမယ့် ကျွန်မ အရှေ့က ဒီမိန်းမနဲ့ဆိုရင်တော့ ကျွန်မ တော်တော်လေး ယုံကြည်မှု ရှိတယ်”
လုံရှောင်ယွဲသည် စကားပြောပြီးနောက် သူမ၏ ရင်ဘက်ထဲမှ ရွှေရောင် မျက်နှာဖုံး တစ်ခုကို ထုတ်ယူကာ မျက်နှာတွင် တပ်ဆင်လိုက်လေသည်။
ထို့နောက် သူမသည် လူအုပ်ထဲသို့ ဝင်သွားပြီး အန်းချိုင်အော်ကို... "ဒုတိယခေါင်းဆောင်... ငါ ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ” ဟု ပြောလိုက်သည်။
အန်းချိုင်အော်သည် သူမ၏ အောင်မြင်မှုများကို အောင်ပွဲခံသည့် အမူအရာဖြင့် ငေးမော ကြည့်ရှုနေသော်လည်း လုံရှောင်ယွဲကို မြင်သောအခါ သူမ၏ မျက်နှာ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။
"ကူ... ကူဘုရင်... ဘာလို့ ဒီကို ရောက်နေတာလဲ”
ကူဘုရင်ရွာ၏ စည်းမျဉ်းများအရ ကူဘုရင်သည် သူမ၏ မျက်နှာအစစ်အမှန်ကို မည်သည့်အခါမျှ ပြသလေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အမွေအနှစ် လက်ဆင့်ကမ်းချိန်တွင် အခြားသူများက ထိုနေရာကို လောဘတက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကူဘုရင်၏ ကိုယ်ပိုင်လက္ခဏာကို သက်သေပြနိုင်သည့် တစ်ခုတည်းသော အရာမှာ ထူးခြားသော ရွှေရောင် မျက်နှာဖုံးပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမသည် အကြီးအကျယ် ထိတ်လန့်သွားလေသည်။ မူလက ကူဘုရင် မရှိသဖြင့် သူမ လိုချင်သလို လုပ်နိုင်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ကိစ္စပြီးဆုံးပြီးနောက် ရှန်းကွမ်ရှုံကသာ သူမကို ကူညီမည်ဆိုပါက ကူဘုရင်၏ နေရာကို သူမ လုယူနိုင်မည် ဖြစ်သည်။
သို့သော် ကူဘုရင်သည် ရှန်းကွမ်မိသားစုထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူမ၏ ခေါ်ဝေါ်သံကို ကြားသောအခါ အခြားသူများ အားလုံးလည်း အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ယဲ့ပုဖန်ပင် ဖြစ်သည်။ ဤရက်များ တစ်လျှောက်လုံး သူ့ကို ကိုကို ဟု ခေါ်နေခဲ့သူမှာ ရှန်းရှီး တစ်ခွင်လုံးတွင် နာမည်ကျော်ကြားလှသော ကူဘုရင်မ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ရှန်းကွမ်ရှုံသည်လည်း ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ယနေ့တွင် သူတို့မိသားစုသည် ပြတ်ပြတ်သားသား အသာစီး ရနေသော်ငြား ကူဘုရင် ပေါ်လာခြင်းက သူ့အစီအစဉ်ကို များစွာ ထိခိုက်စေတော့မည် ဖြစ်သည်။
လုံရှောင်ယွဲသည် တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်လာပြီး အေးစက်စွာဖြင့်... "အန်းချိုင်အော်... ကူဘုရင်ရွာရဲ့ လူမျိုးစု စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး တခြားသူတွေကို နင်က ဘယ်လိုများ ကိုယ်ကျိုးအတွက် တိုက်ခိုက်ရဲတာလဲ” ဟု ပြောလိုက်လေသည်။
သူမ၏ အကြံအစည်တို့ အဖော်ခံလိုက်ရပြီ ဖြစ်ကြောင်း သိပြီးနောက် အန်းချိုင်အော်သည် ပျာယာခတ်မသွားဘဲ ဆန့်ကျင်ဘက်အနေဖြင့် တည်ငြိမ်သွားပြီး...
"ကူဘုရင်... နင် ဘယ်သူလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ ဆရာက သေသွားတာ ကြာပြီလေ။ နင်က အခု ညီမလေး အန်းလင်းတာပဲ။ ကျင့်ကြံမှုမှာလည်း နင်က ငါ့လောက်တောင် မတော်ဘူး။ ဘာလို့ ဆရာက ကူဘုရင် နေရာကို နင့်ကို လွှဲပေးရတာလဲ” ဟု အော်ဟစ်လိုက်လေသည်။
လုံရှောင်ယွဲက "ဘာလို့လဲဆိုတာ အစ်မ သိလား။ ဆရာက အစ်မရဲ့ ကောက်ကျစ်တဲ့ အကြံတွေကို စောစောကတည်းက သိနေလို့လေ။ အဲဒီတော့ အစ်မကို ဘယ်လိုလုပ် နေရာ လွှဲပေးမလဲ။ ကူအင်းအတတ်ပညာဆိုတာ မဟာနတ်ဘုရား ချီယိုးဆီကနေ ဆင်းသက်လာတာ။ မူလက လူတွေကို အကျိုးပြုဖို့ပဲ။ ဒါပေမယ့် မိစ္ဆာလမ်းစဉ်ကို လိုက်တဲ့ အစ်မတို့လို လူတွေကြောင့် ပျက်စီးသွားရတာပဲ” ဟု ပြောလိုက်သည်။
"စိတ်ထားကောင်းလို့ ဘာအကျိုးရှိမှာလဲ။ အင်အားကသာ အမြဲတမ်း ဘုရင်ပဲ”
အန်းချိုင်အော်က အော်ဟစ်လိုက်သည်။
"အရင်တုန်းက ငါ့ရဲ့ ချီကူအင်းကောင်တွေသာ ရင့်ကျက်နေပြီဆိုရင် နင့်ကို ကူဘုရင် နေရာကနေ ငါ မောင်းထုတ်ပစ်တာ ကြာလှပြီ။ ဒီနေ့ နင် ဒီကို ရောက်လာပြီဆိုမှတော့ ငါတို့ နှစ်ယောက်ကြားက ကိစ္စကို ဖြေရှင်းကြတာပေါ့။ ဘယ်သူ့ရဲ့ ကူအင်းအတတ်ပညာက ပိုပြီး အစွမ်းထက်လဲဆိုတာ ကြည့်ကြတာပေါ့”
စကားပြောပြီးနောက် သူမသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် နောက်ထပ် အနက်ရောင် ကူအင်းကောင် တစ်ကောင် ထွက်ပေါ်လာပြီး ချက်ချင်းပင် အကောင်ပေါင်း ဒါဇင်နှင့်ချီ၍ အသွင်ကွဲသွားကာ လုံရှောင်ယွဲ... ပိုမို တိကျစွာ ပြောရလျှင် လက်ရှိ ကူဘုရင်မ အန်းလင်းတာထံသို့ ပျံသန်းသွားလေသည်။
လူတိုင်း၏ အကြည့်များသည် ကူအင်းကောင်များနောက်သို့ လိုက်ပါသွားကြပြီး ကူဘုရင်မနှင့် အန်းချိုင်အော်တို့ နှစ်ဦးအနက် မည်သူက ပိုမို အစွမ်းထက်သနည်း ဆိုသည်ကို မြင်တွေ့လိုနေကြသည်။
ယဲ့ပုဖန်၏ နှလုံးသားသည် ချက်ချင်း တင်းကြပ်သွားသည်။ သူသည် အန်းချိုင်အော်၏ ကူအင်းကောင် စွမ်းအားကို ယခုလေးတင်မှ မျက်မြင်ကိုယ်တွေ့ ကြုံထားရသဖြင့် အန်းလင်းတာက ၎င်းတို့ကို ခံနိုင်ရည် ရှိပါ့မလားဟု တွေးတောနေမိသည်။
"အန်းချိုင်အော်... စစ်မှန်တဲ့ ကူအင်းအတတ်ပညာဆိုတာ ဘာလဲဆိုတာကို ဒီနေ့ အစ်မကို ပြပေးမယ်”
အန်းလင်းတာ၏ နှုတ်ခမ်းများသည် အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး ချက်ချင်းပင် သူမ၏ အရှေ့တွင် ခုနစ်ရောင်ခြယ် ကူအင်းကောင်လေး တစ်ကောင် ထွက်ပေါ်လာလေသည်။
အနှီ ကူအင်းကောင်သည် မကြီးမားပေ။ လူကြီးတစ်ယောက်၏ လက်သည်းခွံထက်ပင် သေးငယ်ပြီး ကြည့်ရသည်မှာ အနည်းငယ် ချစ်စရာကောင်းသည့် ပုံစံမျိုးပင် ရှိနေသည်။
သို့သော် ၎င်းကို မြင်သောအခါ အန်းချိုင်အော်၏ မျက်နှာ အမူအရာသည် ကြီးမားစွာ ပြောင်းလဲသွားပြီး...
"အာကာသအဆင့် ကူအင်းကောင်။ ဒါက အာကာသအဆင့် ကူအင်းကောင်ပဲ။ နင့်ရဲ့ ကူအင်းကောင်က ဘယ်တုန်းကများ အာကာသအဆင့်ကို ရောက်သွားတာလဲ” ဟု အံ့သြတကြီး အော်ဟစ်လိုက်လေသည်။
အန်းလင်းတာက ပြုံးကာ...
"ကိုကိုနဲ့ တွေ့တဲ့အချိန်တုန်းကလေ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကသာ အစ်မ လှုပ်ရှားခဲ့မယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အရေး နည်းနည်းလောက် ရှိကောင်း ရှိနိုင်လိမ့်မယ်။ ဒါပေမယ့် အခုတော့ အခွင့်အရေး လုံးဝ မရှိတော့ဘူး” ဟု ပြောလိုက်သည်။
အန်းချိုင်အော်သည် အံကို တင်းတင်းကြိတ်လိုက်သည်။ ဤအခြေအနေသို့ ရောက်နေပြီ ဖြစ်ရာ နောက်ကြောင်းပြန်လှည့်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ အသေအကြေ တိုက်ခိုက်ရန်သာ ရှိတော့သည်။
ထို့နောက် သူမသည် သူမ၏ ကူအင်းကောင်များကို... "အဲဒီ ခွေးမကို ငါ့အတွက် သတ်ပေးစမ်း” ဟု အော်ဟစ် အမိန့်ပေးလိုက်လေတော့သည်။
***