အန်းချိုင်အော်က အမိန့်ပေးလိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ ချီကူအင်းကောင်များသည် အာကာသအဆင့် ကူအင်းကောင်၏ အရှေ့တွင် အကြောက်လွန်ကာ တုန်ရီနေကြပြီး သတ္တိများ အားလုံး ပျောက်ဆုံးနေကြလေပြီ။
သို့သော် အန်းလင်းတာက လက်ဝှေ့ယမ်းလိုက်ရာ ခုနစ်ရောင်ခြယ် ကူအင်းကောင်လေးသည် လေထဲသို့ ပျံတက်သွားပြီး ၎င်း၏ သေးငယ်လှသော ခန္ဓာကိုယ်လေးထဲမှ စူးရှသော အော်သံ တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
၎င်းအော်သံသည် အခြားသူများကို မထိခိုက်စေသော်လည်း ချီကူအင်းကောင်များ အားလုံးကို ချက်ချင်း မြေပြင်ပေါ်သို့ တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျသွားစေကာ အကြောက်လွန်၍ တိုက်ရိုက် သေဆုံးသွားစေလေတော့သည်။
အချိန်တိုအတွင်းမှာပင် ၎င်းတို့သည် အနက်ရောင် ရေပုပ်များအဖြစ် ပြောင်းလဲသွားကြပြီး အလွန် ဆိုးရွားသော အနံ့အသက်များကို ထုတ်လွှတ်နေကြလေသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံးမှာ တိတ်တဆိတ် အံ့အားသင့်နေကြပြီး အထူးသဖြင့် ကူအင်းကောင်များ အကြောင်းကို အလွန် ကျွမ်းကျင်သော ရှန်းကွမ်မိသားစုဝင်များမှာ ပို၍ပင် အံ့အားသင့်နေကြသည်။
အန်းချိုင်အော်၏ ချီကူအင်းကောင်သည် အလွန် အာဏာရှင်ဆန်ပြီး အာကာသအဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ပေသည်။
သို့သော် ဤမျှ အစွမ်းထက်နေသည့်တိုင်အောင် စစ်မှန်သော အာကာသအဆင့် ကူအင်းကောင်နှင့် တွေ့သောအခါ လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။ တစ်ဖက်လူက တိုက်ခိုက်ရန်ပင် အားထုတ်စရာ မလိုဘဲ အော်သံ တစ်ချက်တည်းဖြင့်ပင် ၎င်းတို့၏ အသက်ကို နှုတ်ယူသွားနိုင်ခဲ့သည်။
ချီကူအင်းကောင်များကို ရှင်းလင်းပြီးနောက် အန်းလင်းတာသည် အန်းချိုင်အော်ဘက်သို့ လှည့်ကာ... "အစ်မမှာ တခြား လှည့်ကွက်တွေ ကျန်သေးလား။ အားမနာဘဲ ထုတ်သုံးလို့ ရပါတယ်” ဟု ပြောလိုက်သည်။
အန်းချိုင်အော်၏ မျက်နှာပေါ်တွင် အလွန် ရှုပ်ထွေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ သူမ၏ ရင်ထဲတွင် အန်းလင်းတာကို သတ်ပစ်ချင်နေသော်လည်း ကံမကောင်းစွာဖြင့် ထိုသို့ လုပ်နိုင်စွမ်း မရှိပေ။
သူမ ထွက်ပြေးချင်သော်လည်း ယခုလေးတင်မှ အာကာသအဆင့် ကူအင်းကောင်၏ အမြန်နှုန်းကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံထားရပြီး ဖြစ်သည်။ ၎င်းသည် အာကာသအဆင့် သိုင်းပညာရှင်ထက်ပင် ပိုမို မြန်ဆန်နေသေးရာ ထွက်ပြေးရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
သူမသည် အလွန် ပြတ်သားသော လူတစ်ယောက်လည်း ဖြစ်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမသည် မြေပြင်ပေါ်သို့ ဒုတ်ခနဲ ဒူးထောက်ကျသွားပြီး...
"ညီမလေး... ငါ မှားသွားပါတယ်။ ငါ ခဏတာ စိတ်ရှုပ်ထွေးသွားလို့ပါ။ ငါ ခဏတာ အမြင် မှားသွားလို့ပါ။ ကျေးဇူးပြုပြီး အစ်မကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်။ အခုကစပြီး မင်းကို ငါ အပြည့်အဝ ထောက်ခံပါ့မယ်။ နောက်ဆို ဘယ်တော့မှ ဒီလို မလုပ်ရဲတော့ပါဘူး” ဟု တောင်းပန်လိုက်လေသည်။
အန်းလင်းတာက အေးစက်စွာဖြင့်..."ကျွန်မလည်း အစ်မကို ခွင့်လွှတ်ပေးချင်ပါတယ်။ ဒါပေမယ့် အဲဒီအတွက် အကြောင်းပြချက် ရှာမတွေ့ဘူး ဖြစ်နေတယ်” ဟု ပြောလိုက်သည်။
အန်းချိုင်အော်က အသနားခံကာ...
"ညီမလေး... နင်က သဘောထား ကြီးပါတယ်... ငါက ခဏတာ စိတ်ရှုပ်ထွေးသွားလို့ပါ...”
"ပါးစပ်ပိတ်ထားစမ်း”
အန်းလင်းတာက ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။
"တခြားသူတွေက ချီကူအင်းကောင် အကြောင်းကို မသိရင် နေလိမ့်မယ်။ ကျွန်မက မသိဘူးလို့များ ထင်နေတာလား။ ဒီအရာက လုံးဝ မိစ္ဆာအတတ်ပညာပဲ။ သူ့ကို လူတွေရဲ့ ဦးနှောက်ခြင်ဆီတွေ ကျွေးမွေးဖို့ လိုအပ်ပြီး အောင်မြင်ဖို့ အတွက် ရက်ပေါင်း ၁၀၈ ရက် အချိန်ယူရတယ်။ ဆိုလိုတာက ဒီအရာကို သန့်စင်ဖို့အတွက် အစ်မက အနည်းဆုံး သက်ရှိလူပေါင်း ၁၀၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သဘောပဲ”
သူမ၏ စကားကို ကြားသောအခါ အခြားသူများ အားလုံးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြသည်။ ဆွဲဆောင်မှု ရှိပုံရသော အန်းချိုင်အော်သည် ဤမျှ ရက်စက် ကြမ်းကြုတ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ကူအင်းကောင်များကို ကျွမ်းကျင်သော ရှန်းကွမ်မိသားစုဝင်များပင်လျှင် တိတ်တဆိတ် အံ့အားသင့်သွားကြလေသည်။
အန်းလင်းတာက ဆက်လက်၍...
"အစ်မ... ကူဘုရင်ရဲ့ တပည့်အဖြစ် စတင် ခံယူတုန်းက ကျွန်မတို့ ကျိန်ဆိုခဲ့တဲ့ ကတိသစ္စာကို မှတ်မိသေးရဲ့လား။ ဘယ်သူမဆို ကူအင်းကောင်တွေကို အလွဲသုံးစားလုပ်ပြီး အပြစ်ကင်းတဲ့ လူတွေကို သတ်ဖြတ်ရဲရင် ကူအင်းကောင် တစ်ရာ နှလုံးသားကို ဖောက်ထွင်းပြီး သေရမယ်ဆိုတာလေ” ဟု ပြောလိုက်သည်။
ယင်းစကားကို ကြားသောအခါ အန်းချိုင်အော်မှာ ကြောက်လန့်တကြား ဖြူရော်သွားပြီး...
"ညီမလေး... နင် ဒီလိုလုပ်လို့ မရဘူးနော်။ ငါ့ကို လုံးဝ ဒီလို မလုပ်ပါနဲ့” ဟု ပြာပြာသလဲ ပြောလိုက်လေသည်။
အန်းလင်းတာသည် မျက်နှာတွင် ရွှေရောင် မျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် သူမ၏ မျက်နှာ အမူအရာကို မမြင်ရချေ။
"ဆရာ မသေဆုံးခင်က အစ်မရဲ့ ကောက်ကျစ်တဲ့ စိတ်နှလုံးကို မြင်တွေ့ခဲ့ပြီးတော့ ဘယ်တော့မှ စိတ်မပျော့ဖို့နဲ့ အနာဂတ်မှာ ပြဿနာတွေ ချန်မထားခဲ့ဖို့ ကျွန်မကို သတိပေးခဲ့တယ်။ အဲဒီတုန်းက အစ်မ ကိုယ်တိုင် ကျိန်ဆိုခဲ့တဲ့ ကတိသစ္စာ ဖြစ်နေမှတော့ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ ငရဲကိုသာ သွားလိုက်တော့”
အန်းချိုင်အော်သည် အသနားခံနေ၍ အလဟဿသာ ဖြစ်ကြောင်း မြင်သောအခါ မြေပြင်ပေါ်မှ ရုတ်တရက် ခုန်ထတက်ပြီး ထွက်ပြေးရန် ကြိုးစားလေတော့သည်။
သို့သော် ထိုအချိန်မှာပင် သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး နေရာတွင်ပင် မလှုပ်မယှက် ရပ်တန့်သွားကာ သူမ၏ ကိုယ်တွင်းမှ အနီရောင် ကင်းခြေများ တစ်ကောင် တွားသွား ထွက်ပေါ်လာလေသည်။
၎င်းမှာ သူမ၏ မူလဇာတိ ကူအင်းကောင် ဖြစ်သော်လည်း အာကာသအဆင့် ကူအင်းကောင်၏ ဖိအားကို မခံနိုင်သဖြင့် မိမိ၏ သခင်ကိုပင် ကိုယ်တိုင် ပြန်လည် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် ရှန်းကွမ်မိသားစုဝင်များသည် သူတို့၏ ကူအင်းကောင်များကို ထိန်းချုပ်၍ မရတော့ကြောင်း အံ့သြတကြီး တွေ့ရှိလိုက်ရပြီး အင်းဆက်များ အားလုံးသည် အန်းချိုင်အော်ထံသို့ တွားသွားလာကြလေတော့သည်။
ကူအင်းကောင် တစ်ရာ နှလုံးသားကို ဖောက်ထွင်းခြင်းသည် ရှန်းရှီးဒေသ၏ အကြမ်းကြုတ်ဆုံး ပြစ်ဒဏ်များထဲမှ တစ်ခု ဖြစ်သည်။ အန်းချိုင်အော်သည် ကူဘုရင် နေရာကို လုယူရန် အမြဲတမ်း ကြံစည်နေခဲ့သော်လည်း ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ကူအင်းကောင်များသည် တရွရွဖြင့် အန်းချိုင်အော်၏ ခန္ဓာကိုယ်ပေါ် တက်လာကြပြီး သူမ၏ ခန္ဓာကိုယ်အား အရှင်လတ်လတ် စားသုံးကြတော့သည်။
အရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံး ကြက်သေ သေသွားကြသည်။ များစွာသော လူတို့မှာ ဆိုးရွားလှသော မြင်ကွင်းကို မကြည့်ရက်နိုင်သဖြင့် ခေါင်းများကို တစ်ဖက်သို့ လှည့်ဖယ်သွားကြလေသည်။
ဤမျှ အစွမ်းထက်လှသော ကူဘုရင်မ၏ အရှေ့တွင် မည်သည့် ကူအင်းအတတ်ပညာရှင်ကမျှ သူမကို ရင်ဆိုင်ရဲသော သတ္တမျိုး မရှိတော့ချေ။
ပတ်ဝန်းကျင်သည်ကား အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပေသည်။ ကျူးယိုးကွမ်ကျီသည် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သဖြင့် ပထမဆုံး သတိ ပြန်လည်လာခဲ့သည်။ သူသည် ကူဘုရင်မထံသို့ လျှောက်သွားပြီး အလွန် ရိုသေစွာဖြင့် အရိုအသေပေးလိုက်ကာ...
"ကူဘုရင်မ... ကျေးဇူးပြုပြီး ကျွန်တော်တို့ ကျူးယိုးမိသားစုက လူတွေကို ကယ်တင်ပေးပါအုံး” ဟု တောင်းဆိုလိုက်လေသည်။
အန်းချိုင်အော် သေဆုံးသွားပြီး ကျူးယိုးမိသားစုဝင်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ချီကူအင်းကောင်များသည် အမိန့်ပေးမှု ပြတ်တောက်သွားသော်လည်း လူတိုင်းမှာ ဖယောင်းရုပ်တုများ အလား ကြောင်တောင်တောင်ဖြင့် ရပ်နေကြဆဲ ဖြစ်သည်။
"အော် ဟုတ်သားပဲ။ သခင်ကြီးကျူးယိုး... အလုပ်ရှုပ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်”
အန်းလင်းတာသည် စကားပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မျောလွင့်နေသော အာကာသအဆင့် ကူအင်းကောင်သည် သေးငယ်သော အော်သံ တစ်ချက်ကို ထုတ်လွှတ်လိုက်လေသည်။
ထိုအခါမှသာ ချီကူအင်းကောင်များသည် ကျူးယိုးဖေးဖေးနှင့် အခြားသူများ၏ ကိုယ်တွင်းမှ တွားသွား ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ အနက်ရောင် ရေပုပ်များအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။
ကူအင်းကောင်များ၏ လောကသည် လူသားများ၏ လောကထက် များစွာ ပိုမို ရိုးရှင်းလှသည်။ အဆင့်နိမ့် ကူအင်းကောင်များမှာ အဆင့်မြင့် ကူအင်းကောင်များကို ဆန့်ကျင်ခုခံရန် အခွင့်အရေး လုံးဝ မရှိကြချေ။
ချီကူအင်းကောင်များကို ကိုယ်တွင်းမှ ဖယ်ရှားပြီးနောက် ကျူးယိုးဖေးဖေးနှင့် အခြားသူများ အားလုံး သတိပြန်လည်လာကြသည်။
ကျူးယိုးကွမ်ကျီသည်မူ ထိုမြင်ကွင်းကို ကြည့်ကာ အတော်လေး စိတ်လှုပ်ရှားသွား၏။ ယခုလေးတင် မုန်းစရာကောင်းသော အန်းချိုင်အော်သည် ကျူးယိုးမိသားစု၏ အခြေခံအုတ်မြစ်ကို လုံးဝ ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့သည်။ ယခုတော့ ကူဘုရင်သည် သူတို့၏ ကျူးယိုးမိသားစုကို အန်းချိုင်အော်၏ လက်ထဲမှ ကယ်တင်ပေးခဲ့လေသည်။
သူ ထပ်မံ၍ အရိုအသေပေးလိုက်ကာ... "ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကူဘုရင်မကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
ကူဘုရင်မက "သခင်ကြီးကျူးယိုးက အရမ်း ယဉ်ကျေးနေပါပြီ။ ဒါက လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ” ဟု ပြန်ပြောလေသည်။
ကျူးယိုးဖေးဖေးသည် ချီကူအင်းကောင်၏ ထိန်းချုပ်မှုကို ခံထားရသော်လည်း သူမ၏ အသိစိတ်မှာ ရှိနေဆဲ ဖြစ်သဖြင့် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို သူမ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
သူမသည် မူလက လာရောက် ကျေးဇူးတင်ရန် ရည်ရွယ်ထားသော်လည်း ကူဘုရင်မ၏ အသံကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး...
"ရှင်က အဲဒီ မိန်းမလား” ဟု မေးလိုက်သည်။
အခြားသူများက ဤစကားကို နားလည်မည် မဟုတ်သော်လည်း အန်းလင်းတာကမူ သူမ ဘာကို ဆိုလိုသနည်း ဆိုတာကို နားလည်သဖြင့် အနည်းငယ် ခေါင်းညိတ်ပြကာ...
"ကျွန်မပါပဲ” ဟု ပြောလိုက်လေသည်။
ထိုအခါ ကျူးယိုးကွမ်ကျီက အမြန်အဆန်ပင်... "ဖေးဖေး... ကူဘုရင်မကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့” ဟု ပြောလိုက်သည်။
ကျူးယိုးဖေးဖေးက ချက်ချင်း အော်ဟစ်ကာ...
"အဖိုး... သူ့အပေါ် အထင်မမှားနဲ့။ သူမက ရှန်းကွမ်မိသားစုနဲ့ တစ်ဖွဲ့တည်းပဲ။ သူမက ကျွန်မ အစ်ကိုကြီးကို အလောင်းရုပ်သေးအဖြစ် ပြောင်းပစ်ခဲ့တာ။ ပြီးခဲ့တဲ့ တစ်ခေါက် ကျွန်မ သူမနဲ့ တွေ့တုန်းက သူမက ရှန်းကွမ်မိသားစုက အဲဒီ သူခိုးလေးနဲ့ အတူတူ ရှိနေတာ” ဟု ပြောလိုက်လေသည်။
ယင်းစကားကို ကြားသောအခါ ကျူးယိုးကွမ်ကျီ၏ မျက်နှာ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
"သခင်မလေးကျူးယိုး... ငါက ရှန်းကွမ်မိသားစုနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး။ ပြီးတော့ ကျူးယိုးကျန့်ရဲ့ ကိစ္စကလည်း နားလည်မှုလွဲနေတာပါ”
အန်းလင်းတာသည် ကျူးယိုးကျန့်ကို အလောင်းရုပ်သေးအဖြစ် မည်သို့ သန့်စင်ခဲ့ကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ပြီး နောက်ဆုံးတွင်... "မင်းရဲ့ အစ်ကိုကြီးက ကိုကိုရဲ့ အလောင်းရုပ်သေး ဖြစ်နေပေမယ့် သူ့ကို သတ်ခဲ့တာက ကိုကို မဟုတ်ပါဘူး။ လူသတ်သမားက ရှန်းကွမ်မိသားစုပါ” ဟု ပြောလိုက်လေသည်။
စကားပြောပြီးနောက် သူမသည် ယဲ့ပုဖန်ဘက်သို့ လှည့်ကာ...
"ကိုကို... လူတိုင်းကို လာရှင်းပြပေးပါအုံး” ဟု ပြောလိုက်သည်။
ထိုအချိန်မှသာ လူတိုင်းက ကူဘုရင်မက ကိုကိုဟု ခေါ်သော အခြားလူတစ်ယောက် ထိုနေရာတွင် ရှိနေကြောင်း သတိထားမိသွားကြပြီး သူမ ညွှန်ပြသော ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ယဲ့ပုဖန်သည် ဆက်လက် ပုန်းကွယ်မနေတော့ဘဲ တိုက်ရိုက် ရှေ့ထွက်လာလေသည်။
ကျူးယိုးဖေးဖေးက အံ့သြတကြီးဖြင့်... "ဒါ... ဒါက... ရှန်းကွမ်ဟုန်ချင်း ရုပ်ဖျက်ထားတာ မဟုတ်ဘူးလား” ဟု အော်လိုက်လေသည်။
အန်းလင်းတာက "သခင်မလေးကျူးယိုး... ဒါက ငါ့ရဲ့ ကိုကို ယဲ့ပုဖန်ပါ။ သူက ခုနက ရှန်းကွမ်ဟုန်ချင်း အဖြစ် ဟန်ဆောင်ထားတာ။ ရှန်းကွမ်ဟုန်ချင်း အစစ်က သေသွားပြီလေ” ဟု ပြောလိုက်သည်။
ရှန်းကွမ်ရှုံသည် ဘေးတွင် ရပ်နေကာ သူ၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးပြီး တုံ့ဆိုင်းနေကာ လက်ရှိ အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို မသေချာအောင် ဖြစ်နေ၏။
ယဲ့ပုဖန်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာ အမူအရာသည် ကြီးမားစွာ ပြောင်းလဲသွားပြီး...
"ယဲ့ပုဖန်... တကယ်ပဲ မင်း ဖြစ်နေတာကိုး။ မင်း ငါတို့ ရှန်းကွမ်မိသားစုကို ဘယ်တုန်းက ရောက်လာတာလဲ” ဟု မေးလိုက်လေသည်။
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ... "ကျုပ်ပါပဲ။ ခင်ဗျားက ကျုပ်ကို ရှန်းရှီးကို ရောက်လာအောင် နည်းလမ်းပေါင်းစုံ သုံးပြီး လုပ်ခဲ့တာ မဟုတ်ဘူးလား။ အခု ကျုပ် ရောက်လာတော့ကော ဘာလို့ ဧည့်ဝတ်မကျေချင်သလို ဖြစ်နေရတာလဲ” ဟု ပြန်မေးလိုက်သည်။
ရှန်းကွမ်ရှုံက "ကျူးယိုးကျန့်က မင်း လက်ထဲမှာလား။ မင်းက အလောင်းသန့်စင်ခြင်း အတတ်ပညာကို သိနေတာလား” ဟု မေးလိုက်ပြန်သည်။
ယဲ့ပုဖန်က "နည်းနည်းပါးပါးပါပဲ” ဟု ပြန်ဖြေလေသည်။
ရှန်းကွမ်ရှုံ၏ ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားသွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားကာ...
"မနေ့ညက လူက မင်းပေါ့။ အဲဒီ ငွေအလောင်းတွေ အားလုံးကလည်း မင်း ဖျက်ဆီးပစ်ခဲ့တာလား” ဟု ထပ်မံ အော်ဟစ်လိုက်လေသည်။
ယဲ့ပုဖန်က ခေါင်းညိတ်ကာ... "ဟုတ်တယ်။ ကျုပ် လုပ်ခဲ့တာပဲ” ဟု ပြန်ဖြေလိုက်သည်။
သူ၏ အဖြေကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
အနှီ လူငယ်လေးသည် မည်သူနည်း။
သူသည် ရှန်းကွမ်မိသားစု၏ ငွေအလောင်း အမြောက်အမြားကို အဘယ်ကြောင့် တိတ်တဆိတ် ဖျက်ဆီးနိုင်ခဲ့ရသနည်း။
ဤမျှ ကြီးမားသော လုပ်ရပ်ကို သူ မည်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။
သူ မည်သို့ လုပ်ခဲ့သနည်း။
မေးခွန်းပေါင်းများစွာက လူတိုင်း၏ ရင်ထဲတွင် ပေါ်လာသည်။
ရှန်းကွမ်ရှုံ၏ မျက်နှာ အမူအရာသည်မူ အကြီးအကျယ် ပြောင်းလဲသွားပြီး... "ငါ့ရဲ့ ညီလတ်ကော ဘယ်မှာလဲ။ သူက မင်းနောက်ကို လိုက်သွားတာ မဟုတ်ဘူးလား။ သူ ဘယ်မှာလဲ” ဟု မေးလိုက်လေသည်။
ယဲ့ပုဖန်က ပြုံးကာ... "ခင်ဗျား ရှန်းကွမ်ကျိုးကို ပြောတာလား။ သူ သေသွားပြီလေ” ဟု ပြန်ဖြေလိုက်လေတော့သည်။
***