ရှန်းကွမ်ရှုံက... "ငါ့ရဲ့ ညီလေးက ဘယ်လိုလုပ် သေသွားတာလဲ” ဟု ဟိန်းဟောက် မေးလိုက်သည်။
ယဲ့ပုဖန်က "အဲဒါ ရှင်းနေတာပဲ မဟုတ်ဘူးလား။ သူက ကျုပ်ကို လာသတ်တာလေ။ အဲဒီတော့ ကျုပ်က သူ့ကို ပြန်သတ်ရတာပေါ့” ဟု ပြန်ဖြေလိုက်သည်။
ယင်းစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ရှန်းကွမ်ကျိုး ဆိုသည်မှာ မည်သူနည်း။ ရှန်းကွမ်မိသားစု၏ ဒုတိယ အကြီးအကဲ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ညီမျှသော ရွှေအလောင်း တစ်လောင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူတို့၏ အရှေ့ရှိ ယဲ့ပုဖန်က သူ့ကို သတ်ဖြတ်ခဲ့သည်ဟု အမှန်တကယ်ပင် ပြောဆိုရဲလေသည်။ သူ မည်သို့ လုပ်ခဲ့သနည်း။
"ခွေးကောင်လေး... ငါ့ညီကို သတ်ပြီး ငါတို့ ရှန်းကွမ်မိသားစုရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်တဲ့ အတွက် ဒီနေ့ မင်းကို ငါ သတ်မယ်”
ရှန်းကွမ်ရှုံ၏ စကားအဆုံးတွင် ရွှေအလောင်းသည် ယဲ့ပုဖန်၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်လေသည်။
"ငါ ရှိနေသရွေ့ သခင်လေးယဲ့ကို ဘယ်သူမှ ဒုက္ခပေးလို့ မရစေရဘူး”
ကျူးယိုးကွမ်ကျီသည် သူ၏ ခြေလှမ်းများကို ရွှေ့ကာ ယဲ့ပုဖန်ကို ကာကွယ်ပေးလိုက်ပြီး ရွှေအလောင်းကို ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
အန်းလင်းတာက...
"ရှန်းကွမ်ရှုံ... အခြေအနေတွေ ပြောင်းလဲသွားပြီ ဆိုတာကို ရှင် မမြင်သေးဘူးလား။ အခု အသနားခံမယ် ဆိုရင် ရှင် အသက်ရှင်ခွင့် ရနိုင်ပါသေးတယ်” ဟု ပြောလိုက်သည်။
သူမ၏ စကားအဆုံးတွင် ရှန်းကွမ်မိသားစုဝင်များ အားလုံး၏ မျက်နှာများ၌ မျှော်လင့်ချက် တချို့ ပေါ်ထွက်လာလေသည်။
အာကာသအဆင့် ကူအင်းကောင်၏ ဖိနှိပ်မှုအောက်တွင် ရှန်းကွမ်မိသားစု၏ ကူအင်းကောင်များ အားလုံးသည် အသုံးမဝင်တော့ဘဲ မည်သည့် ခြိမ်းခြောက်မှုကိုမျှ မပေးနိုင်တော့ချေ။
တိုက်ခိုက်ရေး စွမ်းအားပိုင်းတွင်လည်း ရှန်းကွမ်ကျိုးမှာ သေဆုံးသွားပြီ ဖြစ်ပြီး အဓိက အားထားရသော ငွေအလောင်းများ အားလုံးမှာလည်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ရှန်းကွမ်ရှုံ တစ်ယောက်တည်းသာ တိုက်ခိုက်နိုင်စွမ်း ရှိတော့သည်။
ရှန်းကွမ်မိသားစုသည် ယခင်က ရှန်းကွမ်မိသားစု မဟုတ်တော့ဘဲ သူတို့၏ အားအင်များမှာ အတော်လေး ဆုတ်ယုတ်သွားပြီ ဟု ဆိုရပေမည်။
သို့သော် ထိုအချိန်မှာပင် ရှန်းကွမ်ရှုံသည် ရူးသွပ်နေသည့် ဟန်ဖြင့် ရယ်မောလိုက်လေသည်။
"ကူဘုရင်မ အန်းလင်းတာ... မင်းက ငါ ရှန်းကွမ်ရှုံကို အရမ်း အထင်သေးလွန်းနေပြီ။ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ ငါတို့ ရှန်းကွမ်မိသားစုက ဒီလောက် အင်အားပဲ ရှိမယ်လို့ မင်း ထင်နေတာလား”
လူတိုင်း အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် ကျူးယိုးကွမ်ကျီထက် မလျော့သော အစွမ်းထက်သည့် အရှိန်အဝါ တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။ အံ့သြစရာ ကောင်းလှစွာပင် သူသည်လည်း အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေလေ၏။
ဤအခြေအနေကို မြင်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ကြက်သေ သေသွားကြသည်။ ရှန်းကွမ်မိသားစု၏ အရှင်သခင်သည် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ထို့ကြောင့် ရှန်းကွမ်ရှုံနှင့် ရွှေအလောင်းတို့ ပေါင်းလိုက်ပါက သူတို့ဘက်တွင် ရုတ်တရက် အာကာသအဆင့် သိုင်းပညာရှင် နှစ်ဦး ရှိလာပြီ ဖြစ်သည်။
လူတစ်ယောက်တည်း ပိုလာခြင်း ဖြစ်သော်လည်း ၎င်းသည် အခြေအနေ အရပ်ရပ်ကို ပြောင်းလဲပစ်ရန် လုံလောက်ပေသည်။
ယဲ့ပုဖန်နှင့် သူ၏ အဖွဲ့သည် အသာစီး ရနေပုံပေါ်သော်လည်း အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးသာ ပိုင်ဆိုင်ထားလေသည်။
မည်သည့် နေရာတွင်မဆို အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး၏ စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ယခုအခါ ရှန်းကွမ်ရှုံသည် ရွှေအလောင်းကို အသုံးပြု၍ ကျူးယိုးကွမ်ကျီကို လုံးဝ တားဆီးထားနိုင်ရာ သူ့ကိုယ်တိုင်ကမူ အခြားသူများ အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
ရှန်းကွမ်ရှုံက အခြားလူများကို သတ်ပြီးနောက် ကျူးယိုးကွမ်ကျီကို သတ်ရန် ရွှေအလောင်းနှင့် ပူးပေါင်း ကြိုးစားပေမည်။ ကျူးယိုးကွမ်ကျီသည် မည်မျှပင် အစွမ်းထက်နေပါစေ အာကာသအဆင့် သိုင်းပညာရှင် နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် လက်ရှိ အခြေအနေသည် လုံးဝ ပြောင်းပြန် ဖြစ်သွားပြီ ဖြစ်ပြီး ရှန်းကွမ်မိသားစုသည် အသာစီးကို အခြေအနေသို့ ပြန်ရောက်သွားလေပြီ။
ဤအရာ အားလုံးကို မြင်သောအခါ ကျူးယိုးမိသားစုဝင်များမှာ ထိတ်လန့်သွားကြပြီး ရှန်းကွမ်မိသားစုကမူ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။
ကျူးယိုးကွမ်ကျီ၏ မျက်နှာသည် ပြာနှမ်းသွားသည်။ ရှန်းကွမ်မိသားစု၊ ကျူးယိုးမိသားစုနှင့် ကူဘုရင်ရွာတို့သည် ရှန်းရှီးတွင် နှစ်ပေါင်းများစွာ အတူတကွ ရပ်တည်လာခဲ့ကြသော်လည်း ရှန်းကွမ်ရှုံက ဤမျှအထိ လျို့ဝှက် ကျင့်ကြံထားလိမ့်မည် ဟူ၍ သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ကူဘုရင်မ အန်းလင်းတာသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူမ၏ အာကာသအဆင့် ကူအင်းကောင်သည် အစွမ်းထက်သော်ငြား ၎င်းသည် အခြားသော ကူအင်းကောင်များကို ဖိနှိပ်ရန်သာ တတ်နိုင်ပေသည်။ အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးကိုမူ ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိချေ။
"ဟားဟားဟားဟား..."
ရှန်းကွမ်ရှုံသည် အောင်ပွဲခံသည့် ဟန်ပန်ဖြင့် ရယ်မောလိုက်ပြီးနောက် လူအုပ်ကြီးကို ကြည့်ကာ...
"ဘယ်လိုလဲ။ ဆွံ့အသွားကြပြီ မဟုတ်လား။ ဒီနေ့ မင်းတို့ အားလုံး သေရမယ်။ ယဲ့ပုဖန်... ဒီနေ့ မင်းကို ငါ အလောင်းရုပ်သေးအဖြစ် သန့်စင်ပြီး ငါတို့ ရှန်းကွမ်မိသားစုရဲ့ ထာဝရ ကျွန်အဖြစ် ခိုင်းစားမယ်” ဟု ပြောလိုက်လေသည်။
"ငရဲကိုသာ သွားလိုက်”
အန်းလင်းတာက လက်ချောင်းလေးဖြင့် ခေါက်လိုက်ရာ ခုနစ်ရောင်ခြယ် အာကာသအဆင့် ကူအင်းကောင်လေးသည် ရှန်းကွမ်ရှုံ၏ အရှေ့တွင် ချက်ချင်း ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစားလေတော့သည်။
ကံမကောင်းစွာဖြင့် အာကာသအဆင့် သိုင်းပညာရှင်၏ ကာကွယ်ရေး ချီစွမ်းအင်သည် အလွန် အစွမ်းထက်လွန်းလှသဖြင့် ၎င်းကို တိုက်ရိုက်ပင် ပြန်လည် တွန်းကန်ထုတ်လိုက်လေသည်။
ရှန်းကွမ်ရှုံသည် လက်ကို မြှောက်ကာ ခုနစ်ရောင်ခြယ် ကူအင်းကောင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ အစွမ်းထက်လှသော လက်သီးချက်ကြောင့် အာကာသအဆင့် ကူအင်းကောင်လေးသည် ချက်ချင်း လွင့်စင်သွားလေသည်။
သို့သော် ကူအင်းကောင် တစ်ကောင်သည် အာကာသအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ၎င်း၏ ကာကွယ်ရေး စွမ်းအားသည်လည်း အလွန် အံ့မခန်း ကောင်းမွန်လာပေသည်။ ၎င်းက ရှန်းကွမ်ရှုံကို ဒဏ်ရာ မရစေနိုင်သကဲ့သို့ ရှန်းကွမ်ရှုံကလည်း ၎င်းကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ချေ။
၎င်းသည် အတောင်ပံ နှစ်ဖက်ကို ခတ်ကာ အန်းလင်းတာ၏ ဘေးသို့ ပြန်လည် ပျံသန်းသွားလေသည်။
အင်အားချင်း မျှနေပုံရသော်လည်း လူတိုင်း၏ နှလုံးသားများမှာ တင်းကျပ်သွားကြသည်။ အကယ်၍ အာကာသအဆင့် ကူအင်းကောင်ကသာ ရှန်းကွမ်ရှုံကို မခြိမ်းခြောက်နိုင်ပါက လူတိုင်းမှာ အန္တရာယ် ရှိသော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ကျူးယိုးကွမ်ကျီက... "သူ့ကို ငါ တားထားမယ်။ အားလုံး ထွက်ပြေးကြတော့” ဟု အော်ဟစ်လိုက်လေသည်။
ထိုအခါ ရှန်းကွမ်ရှုံက နောက်တစ်ကြိမ် ရူးသွပ်စွာ ရယ်မောလိုက်ပြန်သည်။
"ထွက်ပြေးမယ် ဟုတ်လား။ ဘယ်ကို ပြေးမှာလဲ။ ငါတို့ ရှန်းကွမ်မိသားစုကနေ ထွက်သွားရင်တောင်မှ မင်းတို့ ရှန်းရှီးကနေ လွတ်အောင် ပြေးနိုင်ပါ့မလား။ အခုကစပြီး ရှန်းရှီးမှာ ရှန်းကွမ်မိသားစုပဲ ရှိရမယ်။ ကျင့်ဆိုးတဲ့ ကျူးယိုးမိသားစုနဲ့ ကူဘုရင်ရွာ ဆိုတာ မရှိစေရဘူး”
စကားပြောပြီးနောက် သူ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ရက်စက် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ... "မင်းတို့ အားလုံး... သေကြစမ်း” ဟု ကြုံးဝါးလိုက်လေသည်။
သူ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ရွှေအလောင်းသည် ကျူးယိုးကွမ်ကျီ၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး ၎င်း၏ ကြီးမားလှသော လက်သီးကြီးက ပြင်းထန်စွာ ကျဆင်းလာလေသည်။
ကျူးယိုးကွမ်ကျီသည် သူ၏ လက်ထဲရှိ အဖိုးတန် ဓားမြှောင်ကို လွှဲယမ်းကာ လျင်မြန်စွာ ကာကွယ်လိုက်သော်လည်း ထိုအချိန်မှာပင် လူရိပ်တစ်ခုသည် ရွှေအလောင်း၏ အနောက်ဘက်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး လက်နှစ်ဖက်ကို လျင်မြန်စွာ ဆန့်ထုတ်ကာ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်လေသည်။
ပုံမှန်အားဖြင့် အလောင်းရုပ်သေးများသည် ကြီးမားလှသော အင်အားများကို ပိုင်ဆိုင်ထားကြပြီး ရွှေအလောင်းများဆိုလျှင် ပို၍ပင် အစွမ်းထက်လှပေသည်။ သာမန်လူများသည် သူတို့၏ လှုပ်ရှားမှုများကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိကြချေ။
သို့သော် ဤတစ်ကြိမ်တွင် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်သူမှာ ယဲ့ထျန်း ဖြစ်သည်။ သူသည်လည်း ရွှေအလောင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ရှန်းကွမ်ရှုံ၏ ရွှေအလောင်းထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။
သူတို့၏ အင်အားများ မျှတနေသဖြင့် ချက်ချင်းပင် အကြိတ်အနယ် ဖြစ်သွားကြသည်။ တစ်ယောက်က ရုန်းထွက်ချင်ပြီး နောက်တစ်ယောက်က ထိန်းချုပ်ချင်နေကာ မည်သူကမျှ အသာစီး မရကြချေ။
ထိုအချိန်မှာပင် ယဲ့ပုဖန်သည် လှုပ်ရှားလာလေသည်။
အရာအားလုံးသည် သူ၏ သေချာစွာ စီစဉ်ထားမှုများ ဖြစ်ပြီး ဤကဲ့သို့သော တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးမျိုးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။ သူ၏ လက်ထဲရှိ မိစ္ဆာသန့်စင်အိုးသည် ရွှေအလောင်း၏ ခေါင်းပေါ်သို့ ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့် အတွင်းမှာပင် ရွှေအလောင်း၏ ခေါင်းပေါ်တွင် အနက်ရောင် ချီစွမ်းအင်တန်း တစ်ခု ဖြတ်ပြေးသွားပြီးနောက် ရွှေရောင် ဆေးလုံး ပုံစံလိုင်းများ ပါရှိသော ဆေးလုံးငယ် တစ်လုံးသည် မိစ္ဆာသန့်စင်အိုးထဲတွင် ထွက်ပေါ်လာလေသည်။
မိစ္ဆာသန့်စင်အိုးသည် အလောင်းရုပ်သေးများကဲ့သို့သော မိစ္ဆာပစ္စည်းများ အတွက် သဘာဝ ရန်သူပင်…။ ယခင်က ရွှေအလောင်း၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ယဲ့ပုဖန် အနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။ ယခုအခါတွင်မူ ချုံခိုတိုက်ခိုက်မှုကြောင့် သူ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
အသက်စွမ်းအင် အဆီအနှစ်များ၏ ထောက်ပံ့မှု ပြတ်တောက်သွားသဖြင့် ယခုလေးတင်က အလွန် အစွမ်းထက်နေခဲ့သော ရွှေအလောင်းသည် သာမန် အလောင်းကောင် တစ်လောင်းအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ယဲ့ထျန်း၏ ကန်ကျောက်မှုကြောင့် သွေးသားအစုအဝေး တစ်ခုအဖြစ် ချက်ချင်း ပြိုကွဲသွားလေတော့သည်။
"အား…"
ရှန်းကွမ်ရှုံသည် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ တစ်သက်လုံး ဂရုတစိုက် သန့်စင် ပျိုးထောင်လာခဲ့သော သူ၏ ရွှေအလောင်းသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖျက်ဆီးခံလိုက်ရလေပြီ။
သူ၏ နှလုံးသားသည် သွေးထွက်မတတ် နာကျင်သွားပြီး ယဲ့ပုဖန်၏ လက်ထဲရှိ မိစ္ဆာသန့်စင်အိုးကို ကြည့်ကာ သူ၏ မျက်လုံးများမှ မီးဝင်းဝင်း တောက်လာလေသည်။
"လူငယ်လေး... မင်းက ငါတို့ ရှန်းကွမ်မိသားစုရဲ့ ငွေအလောင်းတွေကို ဖျက်ဆီးဖို့ ဒီအရာကို သုံးခဲ့တာလား”
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ မိစ္ဆာသန့်စင်အိုးကို သိမ်းဆည်းလိုက်ပြီး... "ခင်ဗျားရဲ့ ရွှေအလောင်းကိုကောပေါ့” ဟု ပြန်ဖြေလိုက်သည်။
"မင်းကို ငါ သတ်မယ်”
ရှန်းကွမ်ရှုံသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ယဲ့ပုဖန်၏ မျက်နှာဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
သို့သော် အနီးအနားတွင် ယဲ့ထျန်း စောင့်ကြပ်နေသဖြင့် ရှန်းကွမ်ရှုံသည် ယဲ့ပုဖန်အား ဒဏ်ရာ ရအောင် လုပ်နိုင်စွမ်း မရှိချေ။ ယဲ့ဖန်းသည် လက်သီးတစ်ချက် ထိုးချလိုက်သည်။
လက်သီးနှင့် လက်ဝါးတို့ ရိုက်ခတ်သွားပြီး ဘုန်း ဟူသော တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာသည်။ အာကာသအဆင့် သိုင်းပညာရှင် နှစ်ဦး၏ အင်အားအပြည့် ပါဝင်သော တိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် တိုက်ပွဲလှိုင်းဂယက်များ ထွက်ပေါ်ကာ အခြားသူများ အားလုံးကို အနောက်သို့ လွင့်စင်သွားစေလေသည်။
ရှန်းကွမ်ရှုံသည် ၇ လှမ်း၊ ၈ လှမ်းခန့် ဆက်တိုက် နောက်ဆုတ်သွားပြီးမှသာ ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ သူ၏ ရင်ထဲရှိ ဒေါသများသည် အနည်းငယ် လျော့ကျသွားပြီး အဆုံးမရှိသော နောင်တတရားများက နေရာယူလာလေသည်။
ရှန်းကွမ်မိသားစုသည် ရှန်းရှီးကို ကြီးစိုးနိုင်ရန်အတွက် နှစ်ပေါင်းများစွာ သေချာစွာ ပြင်ဆင်လာခဲ့သော်လည်း အားလုံးမှာ သူ၏ အရှေ့ရှိ ယဲ့ပုဖန် ဟူသော လူငယ်လေးကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
ဤသို့ ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် ယဲ့ပုဖန်ကို ရန်စမိမည် မဟုတ်ပေ။
သို့သော် ယဲ့ထျန်းကမူ သူ့ကို နောင်တရရန် အခွင့်အရေး မပေးပေ။ သူသည် ချက်ချင်း ပြန်လည် ရောက်ရှိလာပြီး သူ၏ မျက်နှာကို နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ပြန်သည်။
ရှန်းကွမ်ရှုံသည် အစွမ်းကုန် ကာကွယ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ဘဲ နောက်တစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်ရပြန်ရာ သူ၏ ချီစွမ်းအင်များနှင့် သွေးများ ဆူပွက်လာလေတော့သည်။
အန်းလင်းတာသည် ဤအချိန်ကို စောင့်ဆိုင်းကာ အနီးအနားတွင် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်သည်။ ရှန်းကွမ်ရှုံ သတိလွတ်သွားသည့် အချိန်မှာပင် အာကာသအဆင့် ကူအင်းကောင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်သွားလေတော့သည်။
အကယ်၍ ရှန်းကွမ်ရှုံသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေပြီး အစွမ်းထက်သော ကာကွယ်ရေး ချီစွမ်းအင်များ ရှိနေမည်ဆိုပါက ကူအင်းကောင် အနေဖြင့် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် သူသည် ယဲ့ထျန်းကို အပြည့်အဝ ခုခံနေရချိန်တွင် သူ၏ ကာကွယ်ရေး ချီစွမ်းအင်များသည် အားနည်းနေပေသည်။ ယင်းသို့ ဖြစ်ချိန်က အချိန်တိုလေးသာ ဖြစ်သော်ငြား လျှပ်စီးအလား မြန်ဆန်လှသော အာကာသအဆင့် ကူအင်းကောင်အတွက်မူ လုံလောက်လှပေသည်။
***