ရှန်းကွမ်ရှုံသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အာကာသအဆင့် ကူအင်းကောင်ကို နှင်ထုတ်ရန် ချီစွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားလေတော့သည်။
သို့သော် အံ့သြစရာကောင်းလှစွာပင် အာကာသအဆင့် ကူအင်းကောင်သည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူသည် သူ၏ ချီစွမ်းအင်များနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရှိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အားနည်းချည့်နဲ့သွားပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ချေ။
အန်းလင်းတာက... "ရှန်းကွမ်ရှုံ... စိတ်ကူးယဉ် မနေနဲ့တော့။ အာကာသအဆင့် ကူအင်းကောင်က ရှင့်ရဲ့ ကိုယ်ထဲကို ဝင်သွားပြီဆိုရင် ရှင်က အာကာသအဆင့်မှာ ရှိနေရင်တောင်မှ ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ရောက်သွားပြီပဲ” ဟု ပြောလိုက်သည်။
"ငါ့အစ်ကိုကို လွှတ်ပေးစမ်း”
ရှန်းကွမ်ဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူမ၏ ကူအင်းကောင်များသည် အန်းလင်းတာ၏ အရှေ့တွင် အကြောက်လွန်ကာ တုန်ရီနေကြပြီး တိုက်ခိုက်မှု တစ်ခုမျှပင် မပြုလုပ်ရဲကြချေ။
ရှန်းကွမ်ရှုံသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီးနောက် သူမဘက်သို့ လက်ဝှေ့ယမ်းပြကာ... "တော်တော့... မဆင်မခြင် မလုပ်နဲ့။ မင်း အသက်ပါ သေသွားလိမ့်မယ်” ဟု ပြောလိုက်သည်။
ထို့နောက် သူသည် ယဲ့ပုဖန်ဘက်သို့ လှည့်ကာ... "လူငယ်လေး... မင်း နိုင်သွားပါပြီ” ဟု ဝန်ခံလိုက်လေသည်။
ယဲ့ပုဖန်က "ကျုပ်က ခင်ဗျားတို့ ရှန်းကွမ်မိသားစုနဲ့ ရန်သူ လုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ခင်ဗျားတို့က ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ” ဟု မေးလိုက်သည်။
ရှန်းကွမ်ရှုံက... "မင်းက ငါ ထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ ငါ့ဘဝမှာ ငါ ချမှတ်ခဲ့ဖူးသမျှ ဆုံးဖြတ်ချက်တွေထဲမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်က မင်းရဲ့ ရန်သူအဖြစ် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမယ့် ငါ့လုပ်ရပ်တွေအတွက် ငါ အပြည့်အဝ တာဝန်ယူပါ့မယ်။ ကျေးဇူးပြုပြီး ငါတို့ ရှန်းကွမ်မိသားစုဝင်တွေရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ” ဟု ပြောလိုက်သည်။
ကျူးယိုးမိသားစုနှင့် ကူဘုရင်ရွာ နှစ်ခုစလုံးသည် ယဲ့ပုဖန်၏ ဦးဆောင်မှုအောက်တွင် ရှိနေကြောင်း သူ ရိပ်မိသဖြင့် ယဲ့ပုဖန်ကို ချက်ချင်းပင် အရိုအသေ ပေးကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယဲ့ပုဖန်က "အရင်ဆုံး မေးခွန်းနှစ်ခုကို ဖြေပေး။ ပြီးမှ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျုပ် စဉ်းစားပေးမယ်” ဟု ပြောလိုက်သည်။
ရှန်းကွမ်ရှုံက "မင်း ဘာမေးမလဲဆိုတာကို ငါ သိပါတယ်။ ရိုးရိုးသားသား ပြောရရင် ငါ့ဆီမှာ အိပ်ပျော်နေသော အလှလေး အဆိပ်ရဲ့ ဖြေဆေး လုံးဝ မရှိပါဘူး” ဟု ပြောလိုက်လေသည်။
ယဲ့ပုဖန်၏ မျက်နှာ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ဤမျှလောက် အပတ်တကုပ် ကြိုးစားအားထုတ်ခဲ့ရခြင်းမှာ အိပ်ပျော်နေသော အလှလေး အဆိပ်ဖြေဆေးကို ရရှိရန်ပင်…။
ထို့ကြောင့် အဆိပ်ဖြေဆေး မရှိဘူး ဟူသော စကားကို ကြားလျှင် သူသည် ထောင်းခနဲ ဒေါသထွက်သွားသည်။
ယဲ့ပုဖန်သည် ရှန်းကွမ်ရှုံ၏ ကော်လာကို ဆွဲကိုင်ကာ... "အဆိပ်ခတ်တာက ခင်ဗျားတို့ ရှန်းကွမ်မိသားစုလေ။ ဘယ်လိုလုပ် ဖြေဆေး မရှိရမှာလဲ” ဟု အော်ဟစ်လိုက်သည်။
"ငါ လုပ်နိုင်တာ ဘာမှ မရှိဘူး။ အိပ်ပျော်နေသော အလှလေး အဆိပ်က ငါတို့ ရှန်းကွမ်မိသားစုရဲ့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတာ။ အဲဒီတုန်းက အဆိပ်ကိုပဲ လက်ဆင့်ကမ်းခဲ့တာ။ ဖြေဆေး မပါခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတာကိုတော့ ငါလည်း သေချာ မသိဘူး”
ထိုအခါ ယဲ့ပုဖန်က ဒေါသတကြီးဖြင့်... "ဖြေဆေး မရှိရင် ဘာလို့ အစကတည်းက လူကို အဆိပ်ခတ်ရတာလဲ” ဟု မေးလိုက်သည်။
ယင်းမေးခွန်းကို ကြားလျှင် ရှန်းကွမ်ရှုံက ခါးသီးစွာ ပြုံးလိုက်ပြီး... "ဝမ်ရွှယ်နင်ကို အဆိပ်ခတ်ရတဲ့ ရည်ရွယ်ချက်က မင်းကို ရှန်းရှီးကို မြှူခေါ်ပြီး သတ်ပစ်ဖို့လေ။ သူမကို ဖြေဆေး ပြန်ပေးဖို့ဆိုတာ ဘယ်သူက စဉ်းစားမိမှာလဲ” ဟု ပြန်ဖြေလေသည်။
တောက်…
ဒေါသစိတ်ကြောင့် ယဲ့ပုဖန်သည် ရှန်းကွမ်ရှုံကို ကန်ကျောက်လိုက်ရာ မီတာဆယ်ဂဏန်းကျော် အဝေးသို့ လွင့်စင်သွားပြီး တိုင်တစ်တိုင်နှင့် ဒုတ်ခနဲ ဝင်တိုက်မိသွားလေသည်။ ရှန်းကွမ်ရှုံသည် သွေးတစ်ပွက် အန်ထုတ်လိုက်သော်လည်း သူ၏ မျက်နှာ အမူအရာကမူ အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်။
ယခုအခါ သူသည် သေဆုံးရမည်ကို ဂရုမစိုက်တော့ဘဲ ရှန်းကွမ်မိသားစု လွတ်မြောက် ရှင်သန်ရေးကိုသာ အာရုံစိုက်နေတော့သည်။
ယဲ့ပုဖန်သည် ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ကာ သူ၏ အနီးသို့ ထပ်မံ ချဉ်းကပ်သွားပြီး... "ကျုပ်က ခင်ဗျားတို့ ရှန်းကွမ်မိသားစုနဲ့ ဘယ်တုန်းကမှ ရန်ငြိုးရန်စ မရှိခဲ့ဘူး။ ဘာလို့ ကျုပ်ကို ဆက်တိုက် လာတိုက်ခိုက်နေရတာလဲ။ ဒီကိစ္စရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ” ဟု မေးလိုက်သည်။
ရှန်းကွမ်ရှုံက... "မင်းကို ဒုက္ခပေးဖို့ ငါတို့ ရှန်းကွမ်မိသားစုကို လူတစ်ယောက်က လာခိုင်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလူက ဘယ်သူလဲဆိုတာကိုတော့ ငါ မသိဘူး” ဟု ပြန်ဖြေလေသည်။
ယဲ့ပုဖန်သည် အလွန်အမင်း ဒေါသထွက်သွားပြီး... "မသိဘူး ဟုတ်လား။ တစ်ဖက်လူက ဘယ်သူမှန်းတောင် မသိဘဲနဲ့ ကျုပ်ကို လာသတ်တာလား” ဟု အော်ဟစ် မေးမြန်းလိုက်သည်။
ရှန်းကွမ်ရှုံသည် ညာဘက်လက်ကို ဆန့်ထုတ်ကာ အိတ်ကပ်ထဲမှ ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး... "ဒါက ငါတို့ ရှန်းကွမ်မိသားစုရဲ့ ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ အမှတ်အသားပဲ။ ဒီအမှတ်အသားကို ရတဲ့သူ ဘယ်သူမဆို ရှန်းကွမ်မိသားစုကို သူတို့အတွက် ကိစ္စတစ်ခုခု လုပ်ပေးဖို့ တောင်းဆိုခွင့် ရှိတယ်။ ဒီအမှတ်အသားကို ငါတို့ ရှန်းကွမ်မိသားစုရဲ့ ကျေးဇူးရှင် တစ်ယောက်ကို မူလက ပေးထားခဲ့တာ။ ဒါပေမယ့် နှစ်တစ်ရာ အတွင်းမှာ တစ်ခါမှ ပေါ်မလာခဲ့တော့ ငါတို့တောင် မေ့လုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်က လူတစ်ယောက်က ရုတ်တရက် ငါတို့ ရှန်းကွမ်မိသားစုဆီကို ဒါကို ယူလာပြီး မင်းကို သတ်ပေးဖို့ တောင်းဆိုခဲ့တာပဲ” ဟု ရှင်းပြလေသည်။
ယဲ့ပုဖန်က "အဲဒီလူက ဘယ်သူလဲ” ဟု မေးလိုက်သည်။
ရှန်းကွမ်ရှုံက... "အဲဒီလူက သေချာလေး ရုပ်ဖျက်ထားတယ်။ သူက မျက်နှာကို ဖုံးကွယ်ထားရုံတင် မကဘူး။ နေကာမျက်မှန်ပါ တပ်ထားသေးတယ်။ အဲဒီတော့ သူ့ရဲ့ ရုပ်သွင် ဒါမှမဟုတ် အသက်အရွယ်ကို လုံးဝ ခန့်မှန်းလို့ မရဘူး။ သိရတာက သူဟာ ယောက်ျား တစ်ယောက်ဆိုတာပဲ”
“အဲဒီအချိန်တုန်းက သူက မင်းရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို ပို့ပေးခဲ့တယ်။ ငါတို့ကလည်း မင်းကို သာမန် ဆရာဝန် တစ်ယောက်ပဲ ထင်ပြီး သိပ်ဂရုမစိုက်မိဘဲ ချက်ချင်း လက်ခံလိုက်တာ။ ပြီးတော့ မိသားစု အမှတ်အသားကို ပြန်သိမ်းထားလိုက်တယ်”
ဤနေရာသို့ ရောက်သောအခါ သူသည် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
"အဲ့ဒါက အရမ်း ကောင်းတဲ့ သဘောတူညီချက် တစ်ခုလို့ ငါ ထင်ခဲ့တာ။ ဒါပေမယ့် ငါ့ဘဝမှာ လုပ်ခဲ့ဖူးသမျှ အရှုံးအပေါ်ဆုံး ကိစ္စကြီး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
ယဲ့ပုဖန်က "တစ်ဖက်လူက ဘာသဲလွန်စမှ မချန်ထားခဲ့ဘူးလား” ဟု မေးလိုက်သည်။
အိပ်ပျော်နေသော အလှလေး အဆိပ်အတွက် ဖြေဆေးကိုလည်း မရရှိခဲ့သလို နောက်ကွယ်မှ ကြိုးကိုင်သူကိုလည်း ရှာမတွေ့သေးသဖြင့် သူသည် အလွန်အမင်း မကျေမနပ် ဖြစ်နေ၏။
ရှန်းကွမ်ရှုံက... "အဲဒီလူက ငါတို့ ရှန်းကွမ်မိသားစုကို ပြောသွားတယ်။ မင်းကို သတ်ပြီးရင် မင်းရဲ့ ခေါင်းကို မြို့တော်ဆီ ပို့ပေးရမယ်တဲ့။ ဒါက တစ်ခုတည်းသော သဲလွန်စပဲ။ လာတဲ့လူက ရှေ့ထွက်ပြီး လာပြောတဲ့ သာမန် လူတစ်ယောက် ဖြစ်နိုင်ပေမယ့် အမှတ်အသားပြားရဲ့ ပိုင်ရှင်ကတော့ သေချာပေါက် မြို့တော်မှာ ရှိနေနိုင်တယ်” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်၏ မျက်လုံးများ အရောင်လင်းသွားပြီး... "မြို့တော်ကို ရောက်ရင် ဘယ်သူ့ကို ရှာရမလဲဆိုတာကော သူ ပြောသွားသေးလား” ဟု မေးလိုက်သည်။
ရှန်းကွမ်ရှုံက ခေါင်းခါကာ... "သူ မပြောသွားဘူး။ ငါတို့ လူတွေ မြို့တော်ကို ရောက်ပြီး ၃ ရက် အတွင်းမှာ လူတစ်ယောက်က ငါတို့ကို ဆက်သွယ်လာလိမ့်မယ်လို့ပဲ ပြောသွားတာ” ဟု ပြန်ဖြေလေသည်။
ယဲ့ပုဖန်၏ ယိုင်နဲ့နဲ့ မျှော်လင့်ချက်လေးမှာ နောက်တစ်ကြိမ် ရိုက်ချိုးခံလိုက်ရပြန်သည်။ တစ်ဖက်လူက အလွန်အမင်း သတိကြီးလွန်းလှပြီး အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမျှ လုံးဝ ချန်ထားခဲ့ခြင်း မရှိပေ။
မြို့တော်သို့ ရောက်ပြီး ၃ ရက်အတွင်း ရှန်းကွမ်မိသားစုဝင် တစ်ဦးဦးထံ ဆက်သွယ်လာလိမ့်မည် ဟု ပြောထားသဖြင့် ၎င်းတို့တွင် ရှန်းရှီး၌ သူလျှိုများ ရှိနေကြောင်း ဆိုလိုပေသည်။ ကံမကောင်းစွာဖြင့် ရှန်းရှီးဒေသမှာ အလွန် ကျယ်ဝန်းပြီး လူဦးရေ ထူထပ်လွန်းလှရာ သူတို့ကို ခြေရာခံ ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
"တောက်... ခွေးကောင်တွေ”
သူသည် ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း သူ လုပ်နိုင်စွမ်းရှိသည်မှာ ဘာမျှ မရှိချေ။
ဤနေရာ၌ သဲလွန်စများ အားလုံး ပျောက်သွားချေပြီ။ အကယ်၍ သူသာ ရှန်းကွမ်မိသားစုဝင် တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အတုလုပ်ထားသော ခေါင်းတစ်လုံးဖြင့် မြို့တော်သို့ သွားမည်ဆိုလျှင်တောင်မှ သူတို့ ထောင်ချောက်ထဲ ဝင်လာမည် မဟုတ်ပေ။
ထိုအချိန်၌ ရှန်းကွမ်ရှုံက "မစ္စတာယဲ့... ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးလို့ ရမလား” ဟု မေးလိုက်သည်။
"မရဘူး”
ယဲ့ပုဖန်က ချက်ချင်းပင် တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။ သူ၏ စိတ်အခြေအနေသည် ယခုအခါ အလွန် ဆိုးရွားနေပြီး ရှန်းကွမ်ရှုံကို လက်သီးတစ်ချက်တည်းဖြင့်ပင် သတ်ပစ်လိုက်ချင်စိတ် ပေါက်နေလေသည်။
သို့သော် ရှန်းကွမ်ရှုံသည် အရှုံးပေးလိုစိတ် မရှိသေးဘဲ... "မစ္စတာယဲ့... ဒီလောက် အချိန်တိုအတွင်းမှာ ကျူးယိုးကျန့်ကို ရွှေအလောင်း ဖြစ်အောင် ဘယ်လိုများ ပြောင်းလဲပစ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား” ဟု မေးလိုက်လေသည်။
ဤအရာသည် သူ့အတွက် ပဟေဋ္ဌိ တစ်ခု ဖြစ်နေသည်။ သူ၏ ရွှေအလောင်းကို အပြည့်အဝ နှစ်ပေါင်း ၃၀ တိုင်တိုင် ပြုစုပျိုးထောင်ခဲ့ရသော်လည်း ယဲ့ပုဖန်မှာမူ ကျူးယိုးကျန့်ကို ရရှိခဲ့သည်မှာ အများဆုံး တစ်လခန့်သာ ရှိသေးသည်။ ယင်းအချိန်အတွင်း သူသည် ကျူးယိုကျန့်ကို အဆင့်သုံး ငွေအလောင်းမှ ရွှေအဆင့်အလောင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်နိုင်ခဲ့သည်။
ဤမေးခွန်း၏ အဖြေကို သူ မသိရပါက ရှန်းကွမ်ရှုံသည် သေသည့်တိုင်အောင် ကျေနပ်နိုင်မည် မဟုတ်ပေ။
"သေတဲ့အခါကျရင် ငရဲမင်းကို သွားမေးလိုက်တော့”
ယဲ့ပုဖန်သည် ရှန်းကွမ်ရှုံ၏ မေးခွန်းကို ပြန်မဖြေတော့ပေ။ ထို့နောက် သူက စကားပြေရန်လည်း စိတ်မပါတော့ချေ။
ရှန်းကွမ်ရှုံနှင့် စကားပြောပြီးနောက် သူသည် အန်းလင်းတာနှင့် ကျူးယိုးကွမ်ကျီတို့ဘက်သို့ လှည့်ကာ... "ငါ မေးစရာရှိတာတွေ အားလုံး မေးပြီးပြီ။ ကျန်တာတွေက မင်းတို့ ကိုင်တွယ်ဖို့ပဲ” ဟု ပြောလိုက်လေသည်။
နောက်ဆုံး ရလဒ်မှာ သူ မျှော်လင့်ထားသည်နှင့် များစွာ ကွာခြားခြင်း မရှိပေ။ ကျူးယိုးကွမ်ကျီသည် သဘောကောင်းသော်လည်း သူတော်စင် တစ်ဦးတော့ မဟုတ်ပေ။ သူ၏ မြေးကို သတ်ဖြတ်ခဲ့သူအား သူ အလွတ်ပေးမည် မဟုတ်ချေ။ သူသည် ဓားတစ်ချက်တည်းဖြင့် ရှန်းကွမ်ရှုံကို ခေါင်းဖြတ် သတ်ပစ်လိုက်လေတော့သည်။
ထို့နောက် သူသည် ကျူးယိုးမိသားစုဝင်များကို ဦးဆောင်ကာ ရှန်းကွမ်မိသားစု၏ သိုင်းပညာရှင်များ အားလုံးကို ကျင့်ကြံမှုများ ဖျက်ဆီးပစ်လိုက်ပြီး နှင်ထုတ်လိုက်လေသည်။ သန့်စင်ထားသော အလောင်းရုပ်သေးများကိုမူ အားလုံးကို ငြိမ်းချမ်းစွာ အနားယူစေပြီး မြှုပ်နှံပေးလိုက်သည်။
ကူဘုရင်မ အန်းလင်းတာဘက်တွင်လည်း သူမသည် အာကာသအဆင့် ကူအင်းကောင်ကို အသုံးပြုကာ ရှန်းကွမ်မိသားစု ပြုစုပျိုးထောင်ထားသော ကူအင်းကောင်များကို ဖျက်ဆီးပစ်လိုက်ပြီး ၎င်းတို့ကို အသုံးမဝင်သော အရာများအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
ထို့ကြောင့် ယခုအချိန်မှစ၍ ရှန်းကွမ်မိသားစုသည် ရှန်းရှီးဒေသမှ ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ပုဖန်သည် သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ချေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျန်းပေ့မြို့ရှိရာ အရပ်သို့ ငေးကြည့်နေရင်း လွမ်းဆွေးမှုများက ရင်ထဲတွင် တရိပ်ရိပ် တက်လာလေသည်။
ရှန်းကွမ်မိသားစုတွင် ဖြေဆေး မရှိပေ။ ဝိညာဉ်နှိုးမြက်ကိုလည်း ရှာမတွေ့သေးချေ။
နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။ ကျန်းပေ့သို့ မည်သို့ ပြန်သွားရမည်နည်း။ ဝမ်ရွှယ်နင်နှင့် သူမ၏ မိသားစုကို မည်သို့ မျက်နှာပြရမည်နည်း။
ထိုအခိုက်အတန့်တွင် ကူဘုရင်မ အန်းလင်းတာသည် သူ၏ အနောက်သို့ ရောက်လာပြီး... "ကိုကို... ကျွန်မ တောင်းပန်ပါတယ်နော်” ဟု ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်လေတော့သည်။
***