ယဲ့ပုဖန် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကူဘုရင်မသည် သူမ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး လုံရှောင်ယွဲအဖြစ် ပြန်လည် အသွင်ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။ သူမသည် အမှားတစ်ခုခု လုပ်မိထားသည့် ကောင်မလေးတစ်ယောက်ကဲ့သို့ သူ့ကို အားနာတုန်လှုပ်စွာ ကြည့်နေ၏။
သူက အနည်းငယ် ပြုံးပြလိုက်ပြီး... "ဘာလို့ ငါ့ကို တောင်းပန်နေတာလဲ။ မင်း ငါ့အပေါ်မှာ ဘာမှ အမှားလုပ်ထားတာ မရှိပါဘူး”
"ကျွန်မ ကိုကိုကို လိမ်ခဲ့လို့ပါ”
လုံရှောင်ယွဲက အားနာစွာဖြင့် ပြောလိုက်သည်။ "ကိုကို... ကျွန်မ တကယ်တော့ မှတ်ဉာဏ် မပျောက်ဆုံးခဲ့ပါဘူး။ အဲဒါတွေ အားလုံးက ကိုကိုကို လှည့်စားဖို့ ကျွန်မ လုပ်ကြံဖန်တီးခဲ့တာပါ”
ယဲ့ပုဖန်က သူမကို အနီးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ရန် ဆွဲခေါ်လိုက်ပြီး... "ဒါဆို မင်း ဘာလို့ ငါ့ကို လိမ်ခဲ့တာလဲ။ တစ်ခုခုတော့ အကြောင်းပြချက် ရှိမှာပေါ့”
လုံရှောင်ယွဲသည် သူ၏ အနားတွင် ကပ်ထိုင်လိုက်ပြီး... "ကျွန်မတို့ ကူဘုရင်ရွာရဲ့ လူမျိုးစု စည်းမျဉ်းတွေ အရ ကူဘုရင်မဟာ အမွေအနှစ် လက်ဆင့်ကမ်းချိန်မှာ တခြားသူတွေရဲ့ တိုက်ခိုက်တာကို မခံရအောင် သူမရဲ့ မျက်နှာအစစ်ကို ဘယ်တော့မှ မပြရဘူးလေ။ ဒါပေမဲ့ တစ်ခါတလေကျရင်လည်း အဲဒီကိစ္စတွေက ရှောင်လွှဲလို့ မရနိုင်ဘူး။ ဥပမာ - ကျွန်မရဲ့ အစ်မ အန်းချိုင်အော်ပေါ့”
"ကျွန်မရဲ့ ဆရာက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကွယ်လွန်ခဲ့တာပါ။ သူက ကူဘုရင်မ ရာထူးကို ကျွန်မဆီ လျှို့ဝှက် လွှဲပြောင်းပေးခဲ့ပေမဲ့ အန်းချိုင်အော်က သိသွားပြီး အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့တယ်။ တကယ်တော့ ကျွန်မက ကူဘုရင်မ ရာထူးကို သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဆရာက မသေခင်မှာ ဒီရာထူးကို အန်းချိုင်အော်ရဲ့ လက်ထဲကို မရောက်စေနဲ့လို့ သေသေချာချာ မှာသွားခဲ့တာကြောင့် ဆရာ့ရဲ့ နောက်ဆုံး ဆန္ဒကို ကျွန်မ လိုက်နာရမယ်လေ”
"ဒါပေမဲ့ ကျွန်မရဲ့ အရင်က အင်အားက အန်းချိုင်အော်နဲ့ အဆင့်တူတူလောက်ပဲဆိုတော့ ဆရာက နည်းနည်း စိုးရိမ်ခဲ့တယ်။ အဲဒါကြောင့် သူ မကွယ်လွန်ခင်မှာ ရေကန်ရဲ့ တည်နေရာကို ပြောပြပြီး ကောင်းကင်ယင် သွေးနီရောင်အသီးတွေ မကြာခင် မှည့်တော့မယ်လို့ ပြောသွားခဲ့တာ။ အဲဒါကို ခူးပြီး ကူအင်းကောင်ကို အဆင့်မြှင့်ခိုင်းခဲ့တာပါ။ အရင်တုန်းက ဆရာဟာလည်း ကောင်းကင်ယင် သွေးနီရောင်အသီး တစ်လုံးကို ရခဲ့တာကြောင့် ဆရာရဲ့ ကူအင်းကောင်က အာကာသအဆင့်ကို ရောက်ခဲ့တာလေ”
"အဲဒါကြောင့် ကျွန်မ အဲဒီကို တစ်ယောက်တည်း သွားခဲ့တာ။ ဒါပေမဲ့ ရေကန်ထဲမှာ မြွေကြီး နှစ်ကောင် ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ သူတို့က ဆရာ ပြောပြခဲ့တာထက် အများကြီး ပိုပြီး အစွမ်းထက်နေခဲ့တယ်။ အဲဒါကြောင့် ကျွန်မ ဒဏ်ရာရခဲ့တာပါ။ ကံကောင်းလို့ ကိုကိုနဲ့ တွေ့ခဲ့ရတာပေါ့”
ယဲ့ပုဖန်က "အဲဒီနောက် မင်း နိုးလာတော့ ငါ့ဆီမှာ ကောင်းကင်ယင် သွေးနီရောင်အသီး ရှိနေတယ်လို့ သံသယ ဝင်ပြီးတော့ ငါ့ကို လိမ်ခဲ့တာပေါ့... ဟုတ်လား” ဟု မေးလိုက်သည်။
လုံရှောင်ယွဲ၏ မျက်နှာလေးမှာ နီမြန်းသွားကာ... "ကိုကို... ကျွန်မမှာ အခြား ရွေးချယ်စရာ မရှိလို့ပါ။ ကောင်းကင်ယင် သွေးနီရောင်အသီးကိုသာ ကျွန်မ မရခဲ့ရင် ကျွန်မရဲ့ ကူအင်းကောင်က အဆင့် တက်နိုင်မှာ မဟုတ်ဘူး။ အာကာသအဆင့် ကူအင်းကောင်အဖြစ် အဆင့်မတက်နိုင်ရင် ကျွန်မဟာ ကူဘုရင်မ ရာထူးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်သလို ဆရာ့ရဲ့ နောက်ဆုံး ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်ပဲ ကိုကိုကို ကျွန်မ လိမ်ခဲ့ရတာပါ”
"ဒါပေမဲ့ ငါ နားမလည်တာက... မင်း ကူဘုရင်မ ဖြစ်တာနဲ့ ငါ မင်းကို အသီးပေးတာ၊ မပေးတာက ဘာဆိုင်လို့လဲ”
"ဘာမှ မဆိုင်ပါဘူး။ ကိုကိုက ဒီလောက် တန်ဖိုးကြီးတဲ့ အရာကို ကျွန်မကို ဒီအတိုင်း ပေးလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူးလေ။ အဲဒီတုန်းက ကျွန်မ တွေးခဲ့တာက မှတ်ဉာဏ် ပျောက်နေသလို ဟန်ဆောင်ပြီး ကိုကိုရဲ့ ဘေးမှာ နေမယ်။ ပြီးမှ ကိုယ့်ဘာသာ အခွင့်အရေးရှာပြီး အသီးကို ယူမယ်လို့ ကြံစည်ခဲ့တာပါ”
ဤနေရာသို့ ရောက်သောအခါ လုံရှောင်ယွဲသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး အလျင်အမြန် ရှင်းပြလေသည်။
"ကိုကို... ကျွန်မက လောဘကြီးတဲ့ လူတစ်ယောက် မဟုတ်ပါဘူးနော်။ ကိုကိုဆီမှာ အသီး သုံးလုံး ရှိတယ်ဆိုရင် ကျွန်မက တစ်လုံးပဲ ယူပြီး ကျန်တာကို ကိုကိုအတွက် ထားပေးခဲ့မှာပါ”
ယဲ့ပုဖန်က "ဒါဆို နောက်ပိုင်းကျတော့ကော။ မင်း ကူအင်းကောင် အဆင့်တက်ဖို့အတွက် ကောင်းကင်ယင် သွေးနီရောင်အသီးကို ရပြီးသွားပြီပဲ။ ဘာလို့ အမှန်အတိုင်း မပြောတာလဲ။ ဒါမှမဟုတ် ဘာလို့ ထွက်မသွားတာလဲ” ဟု မေးလိုက်ပြန်သည်။
"နောက်ပိုင်းကျတော့ ကိုကိုက ကျွန်မကို အသီးကို ဒီလောက်တောင် ရက်ရက်ရောရော ပေးခဲ့တာ ဆိုတော့ ကျွန်မ တော်တော်လေး အားနာသွားမိတယ်။ အဲဒါကြောင့် ကိုကိုရဲ့ ဘေးမှာနေပြီး ကိုကိုရဲ့ ကိစ္စတွေကို ကူညီပေးခြင်းအားဖြင့် ကျေးဇူးဆပ်ချင်ခဲ့တာပါ”
"ကိုကို... ကိုကိုရဲ့ ဘေးမှာ နေခဲ့ရတဲ့ ဒီရက်ပိုင်းတွေက ကျွန်မအတွက် တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုကိုက ကျွန်မအပေါ် ပိုကောင်းလေလေ ကျွန်မရဲ့ ရင်ထဲမှာ အပြစ်မကင်းသလို ခံစားရလေလေပဲ။ အခုတော့ အားလုံးကို ပြောပြလိုက်ရပြီဆိုတော့ ရင်ထဲ ပေါ့သွားပါပြီ”
ကောင်မလေးသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး သူ့ကို ကြည့်ကာ... "ကိုကို... ကျွန်မ တကယ်ပဲ မရည်ရွယ်ဘဲ လိမ်ခဲ့မိတာပါ။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးနိုင်မလား” ဟု မေးလိုက်သည်။
ယဲ့ပုဖန်က တည်တည်ငြိမ်ငြိမ် မျက်နှာပေးဖြင့်... "ဒါပေါ့... ခွင့်မလွှတ်နိုင်ဘူး” ဟု ပြန်ပြောလိုက်သည်။
သူ၏ ဒေါသထွက်နေသည့် အမူအရာကို မြင်သောအခါ လုံရှောင်ယွဲသည် ထိတ်လန့်သွားပြီး သူမ၏ လှပသော မျက်လုံးအစုံမှာ မျက်ရည်များဖြင့် ဝိုင်းလာလေသည်။
"ကိုကို... ကျွန်မကို တကယ်ပဲ စိတ်ဆိုးသွားတာလား။ ကျွန်မမှာ အခြား ရွေးချယ်စရာ မရှိလို့ လိမ်ခဲ့မိတာပါ..."
"နေပါဦး... ငါက စတာပါ”
ယဲ့ပုဖန်က ရယ်မောလိုက်ပြီး... "ငါ မင်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး။ အဲဒီတော့ ခွင့်လွှတ်ဖို့ဆိုတာလည်း မလိုတော့ဘူးပေါ့”
လုံရှောင်ယွဲက "တကယ်လား။ ကျွန်မကို လိမ်နေတာ မဟုတ်ဘူးနော်” ဟု မေးသည်။
"ဒါပေါ့... အမှန်ပဲ”
ယဲ့ပုဖန်က ဆိုသည်။ "တကယ်တော့ ဒီတစ်ခါ ငါက မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းရဲ့ အကူအညီသာ မပါခဲ့ရင် ရှန်းကွမ်မိသားစုကို ဒီလောက် မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်မှာ မဟုတ်သလို ငါ့အသက်တောင် အန္တရာယ်ရှိနိုင်တယ်။ အဲဒီတော့ ငါက မင်းကို တကယ်ပဲ ကျေးဇူးတင်ချင်တာပါ”
"မင်းရဲ့ သရုပ်မှန်က ငါ့အတွက် ဘာမှ မထူးခြားပါဘူး။ မင်း မှတ်ဉာဏ် ပျောက်နေတာပဲ ဖြစ်ဖြစ်၊ ကူဘုရင်ရွာရဲ့ ကူဘုရင်မပဲ ဖြစ်ဖြစ်... ငါ့အတွက်တော့ မင်းဟာ လုံရှောင်ယွဲပါပဲ”
"ကိုကို... ကျွန်မအပေါ် အရမ်း ကောင်းတာပဲ။ ကိုကိုဟာ ဒီကမ္ဘာပေါ်မှာ ကျွန်မ အပြည့်အဝ ယုံကြည်နိုင်တဲ့ တစ်ဦးတည်းသော လူသားပါပဲ”
ကောင်မလေးသည် စိတ်လှုပ်ရှားစွာ ပြောပြီးနောက် ရုတ်တရက် စိတ်ဓာတ်ကျသွားဟန်ဖြင့်... "နှမြောစရာကောင်းတာက... ကိုကိုအတွက် အိပ်ပျော်နေသော အလှလေး ဖြေဆေးကို ကျွန်မ မရှာပေးနိုင်ခဲ့တာပဲ” ဟု ဆိုလေသည်။
ယဲ့ပုဖန်က လက်ကို မြှောက်၍ သူမ၏ ပခုံးကို ဖွဖွပုတ်ပေးကာ သက်ပြင်းချရင်း... "ရှန်းကွမ် မိသားစုမှာတောင် မရှိဘူးဆိုမှတော့ မင်း ကိုယ့်ကိုယ်ကိုယ် ဘာလို့ အပြစ်တင်နေမှာလဲ” ဟု နှစ်သိမ့်လိုက်သည်။
လုံရှောင်ယွဲက "ကိုကို... နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ” ဟု မေးလိုက်သည်။
"ငါလည်း မသေချာသေးဘူး”
ယဲ့ပုဖန်က ပြတ်သားစွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... ရွှယ်နင်က ငါ့ကြောင့် အဆိပ် မိခဲ့တာ။ ကမ္ဘာမြေရဲ့ အဆုံးအထိ ရှာရပါစေဦး... ငါ ဖြေဆေးကို ရှာပြီး သူမကို ကယ်ထုတ်မယ်”
"ကိုကိုက ချစ်သူအပေါ် တကယ် ကောင်းတာပဲ”
လုံရှောင်ယွဲက ဆိုသည်။ "တကယ်တော့ ဒီကိစ္စကို အဖိုးကျူးယိုးနဲ့ တိုင်ပင်ကြည့်လို့ ရပါတယ်။ ကျူးယိုးမိသားစုက အစဉ်အဆက် ဆေးပညာ မိသားစု ဖြစ်ခဲ့တာလေ”
"ဒါ့အပြင် သူတို့ရဲ့ ကျူးယိုးအတတ် ဆိုတာက တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ အဲဒါက သေခါနီး လူတွေကိုတောင် ပြန်ကယ်နိုင်စွမ်း ရှိတယ်လို့ ဆိုကြတယ်။ အဲဒီတော့ ကိုကိုရဲ့ ရည်းစားကိုလည်း ကယ်နိုင်ကောင်း ကယ်နိုင်လိမ့်မယ်”
လျိုရှောင်ယွဲ့၏ စကားကြောင့် ယဲ့ပုဖန်၏ မျက်လုံးများ အရောင်လင်းသွားသည်။ သူ၏ အမွေအနှစ်ထဲတွင်လည်း ကျူးယိုးအတတ် အကြောင်းကို ဖတ်ဖူးခဲ့သည်။
"မင်းပြောတာ မှန်တယ်။ အခုပဲ သခင်ကြီးကျူးယိုးကို သွားရှာလိုက်မယ်”
သူ စကားပြောပြီးသည်နှင့် မတ်တတ်ရပ်လိုက်စဉ်မှာပင် ကျူးယိုးကွမ်ကျီသည် ဘေးဘက်မှ လျှောက်လာလေသည်။
"ညီလေးယဲ့... ကျုပ်နဲ့ ခဏလောက် စကားပြောလို့ ရမလား”
စကားပြောပြီးနောက် ကျူးယိုးကွမ်ကျီသည် ယဲ့ပုဖန်၏ အနားတွင် ရပ်နေသော ကျူးယိုးကျန့်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ချစ်ခြင်း၊ နောင်တရခြင်းနှင့် နာကျင်ခြင်းဟူသော ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။
သူတို့နှစ်ဦး စကားပြောရန် ရှိနေသည်ကို မြင်သောအခါ လုံရှောင်ယွဲသည် သူမ၏ မျက်နှာဖုံးကို ပြန်တပ်ကာ အဝေးသို့ လျှောက်သွားလေတော့သည်။
ယဲ့ပုဖန်က "အဖိုး... ကျွန်တော်လည်း အဖိုးကို မေးစရာ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ယခင်နေရာမှာပင် ပြန်လည် ထိုင်လိုက်ကြသည်။ ကျူးယိုးကွမ်ကျီက... "ညီလေးယဲ့... အရင်က ငါတို့ ကျူးယိုးမိသားစုက မင်းအပေါ် အကြီးအကျယ် စော်ကားခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်က "မသိလို့ လုပ်ခဲ့ကြတာပဲလေ။ ဒါက ဘာမှ မဟုတ်ပါဘူး” ဟု ပြန်ဖြေသည်။
ကျူးယိုးကွမ်ကျီက "ညီလေး... ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်။ ငါ့မြေး ကျူးယိုးကျန့်ရဲ့ ခန္ဓာကိုယ်ကို ငါတို့ ကျူးယိုးမိသားစုဆီ ပြန်ပေးပြီး ငြိမ်းချမ်းစွာ မြှုပ်နှံခွင့် ပေးစေချင်တယ်။ မင်း ဘယ်လို ထင်လဲ” ဟု မေးလိုက်လေသည်။
၎င်းသည် သူ သေသေချာချာ စဉ်းစားပြီးမှ ပြောလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျူးယိုးကျန့်က သေဆုံးသွားပြီ ဖြစ်ရာ သူ့ကို မြှုပ်နှံပေးခြင်းကသာ အမှန်ကန်ဆုံး ကိစ္စ ဖြစ်ပေလိမ့်မည်။
ဒသို့သော် သူ၏ မြေးသည် အခုအခါ အခြားသူ၏ အလောင်းရုပ်သေး ဖြစ်နေလေပြီ။ ထို့အပြင် အာကာသအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသော တန်ဖိုးကြီး ရွှေအဆင့် အလောင်း ဖြစ်၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် သူ ယခုလို တောင်းဆိုမှုကို လုပ်တာက နည်းနည်းတော့ လွန်ကဲရာ ကျနေပြီး တစ်ဖက်လူကလည်း သဘောတူလိမ့်မည် မဟုတ် ဟု သူ မှန်းဆထားသည်။ သို့တိုင် သူ၏ အချစ်ဆုံး မြေးလေး အတွက် သူသည် နောက်ဆုံးချိန် အထိ ကြိုးစားကြည့်ချင်သေးပေသည်။
ကျူးယိုးယွမ်ကျီသည် စကားပြောပြီးနောက် ယဲ့ပုဖန်ကို မျှော်လင့်ချက် အပြည့်ရှိသော မျက်လုံးများဖြင့် စေ့စေ့ စိုက်ကြည့်နေလေသည်။
"ညီလေးယဲ့... ဒီတောင်းဆိုမှုက နည်းနည်း လွန်ကဲနေတယ်ဆိုတာ ငါ သိပါတယ်။ မင်း အနေနဲ့ ဘယ်လို လျော်ကြေးမျိုးပဲ လိုအပ် လိုအပ် တောင်းဆိုလိုက်ပါ။ ငါတို့ ကျူးယိုးမိသားစုက မင်း စိတ်ကျေနပ်အောင် အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်”
ယဲ့ပုဖန်သည် သူ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "အဖိုး... အလောင်းသန့်စင်ခြင်း အတတ်ပညာအကြောင်းကို အဖိုး ဘယ်လောက် သိလဲ”
"ဒါကတော့... ငါတို့ လုံးဝ မသိပါဘူး။ ငါတို့ ကျူးယိုးမိသားစုက ဆေးပညာနဲ့ ကျူးယိုးအတတ်ကိုပဲ အဓိကထားတာပါ။ အလောင်းသန့်စင်ခြင်း အတတ်ပညာနဲ့တော့ ဘာမှ မပတ်သက်ပါဘူး”
ကျူးယိုးကွမ်ကျီက ဆက်ပြောသည်... "ပြီးတော့ ငါက နည်းနည်း သိချင်လို့ မေးပါရစေ... ညီလေးယဲ့... မင်းက မိစ္ဆာဂိုဏ်းဝင် တစ်ယောက်လည်း မဟုတ်ဘဲနဲ့ ဘာလို့ အလောင်းသန့်စင်ခြင်း အတတ်ပညာမှာ ရှန်းကွမ်မိသားစုထက်တောင် ပိုပြီး ကျွမ်းကျင်နေရတာလဲ”
***