ယဲ့ပုဖန်က “ကျွန်တော်က တရုတ်တိုင်းရင်းဆေး သမားတော် တစ်ယောက်ပါ။ ဆေးပညာကို လေ့လာနေတုန်းက အလောင်းသန့်စင်ခြင်း အတတ်ပညာအကြောင်းကိုလည်း နည်းနည်းပါးပါး လေ့လာခဲ့ဖူးပါတယ်” ဟု ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် သမားတော် တစ်ယောက်အနေဖြင့် အလောင်းသန့်စင်ခြင်း အတတ်ပညာဆိုသည်မှာ ဘာလဲဆိုသည်ကို နားလည်မှသာ အလောင်းအဆိပ်ကဲ့သို့သော ရောဂါဝေဒနာများကို ထိရောက်စွာ ကုသနိုင်ပေလိမ့်မည်။
ကျူးယိုးကွမ်ကျီက “ညီလေးယဲ့က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ နက်နဲတဲ့ ဆေးပညာရပ်တွေကို တတ်မြောက်ထားတာ တကယ်ကို ချီးကျူးစရာပဲ။ ကျုပ်လို အဖိုးကြီးကတော့ အလောင်းသန့်စင်ခြင်း အတတ်ပညာအကြောင်းကို ဘာမှ မသိပါဘူး” ဟု ဆိုလေသည်။
သူက ဤသို့ ပြောလိုက်သော်လည်း မျက်မှောင်ကို အနည်းငယ် ကြုတ်ထားမိသည်။ သူ၏ အရှေ့ရှိ လူငယ်လေး မည်သည်ကို ဆိုလိုချင်မှန်းက သူ သေချာ မသိချေ။
ဒီလူငယ်လေးက အလောင်းသန့်စင်တာက အရမ်းခက်ခဲတယ်လို့ ပြောပြီး ငါ့မြေးကို ပြန်မပေးချင်တာများလား...။
ယဲ့ပုဖန်က ဆက်လက်၍ “အလောင်းသန့်စင်ခြင်း အတတ်ပညာဆိုတာ အရမ်း ရက်စက်ပြီး မိစ္ဆာဆန်တဲ့ နည်းလမ်းတစ်ခုပါ။ အဲဒါကို ကျင့်ကြံတဲ့အခါ အသက်ရှင်နေတဲ့ လူတွေကို အသုံးပြုပြီး အလောင်းတွေကို သန့်စင်ရပါတယ်။ သူတို့ကို သတ်ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ ဝိညာဉ်သုံးပါးနဲ့ နာမ်ခုနစ်ပါးကို ခန္ဓာကိုယ်ထဲမှာပဲ ချိတ်ပိတ်ထားရတာပါ” ဟု ရှင်းပြလေသည်။
“ဒါကိုတော့ ကျုပ် ကြားဖူးပါတယ်” ဟု ကျူးယိုးကွမ်ကျီက မျက်မှောင်ကြုတ်လျက် ဆိုသည်။
“ညီလေးယဲ့... ဒါတွေကို ကျုပ်ကို ဘာလို့ ပြောပြနေတာလဲ”
“ညီလေးယဲ့နဲ့ ကူဘုရင်မတို့ဟာ ငါတို့မိသားစုရဲ့ အသက်သခင် ကျေးဇူးရှင်တွေပါ။ ငါ့မြေးကို ပြန်မပေးဘူး ဆိုရင်တောင် ဒီအဖိုးကြီးက ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီးတော့ ငါ့မြေးကို ငြိမ်းငြိမ်းချမ်းချမ်း မြှုပ်နှံခွင့် ပေးစေချင်တာပါ”
ယဲ့ပုဖန်က သူ့ကို ကြည့်၍ “အဖိုး... အဖိုးသာ အလိုရှိမယ်ဆိုရင် ကျူးယိုးကျန့်ကို အချိန်မရွေး ပြန်ယူသွားလို့ ရပါတယ်။ ဒါပေမဲ့ သူ့ကို တကယ်ပဲ မြှုပ်နှံလိုက်မယ်ဆိုရင်တော့ သူ ပြန်ရှင်လာဖို့ မျှော်လင့်ချက် လုံးဝ မရှိတော့ဘူးနော်” ဟု ပြောလိုက်လေသည်။
“ဘာ... လူငယ်လေး... မင်း ဘာပြောလိုက်တာလဲ။ ငါ့မြေး ပြန်ရှင်လာဖို့ မျှော်လင့်ချက် ရှိသေးတယ်လို့ ပြောတာလား”
ကျူးယိုးကွမ်ကျီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီးနောက် ကျောက်တုံးပေါ်သို့ ပြန်လည် ထိုင်ကျသွားသည်။
“ဒါက လုံးဝ မဖြစ်နိုင်တာပဲ။ ရှန်းရှီးမှာ နေလာတဲ့ ဒီနှစ်တွေတစ်လျှောက် အလောင်းရုပ်သေးကနေ ပြန်ရှင်လာတယ်ဆိုတာမျိုး ကျုပ် တစ်ခါမှ မကြားဖူးပါဘူး”
ယဲ့ပုဖန်က “အလောင်းရုပ်သေး ပြုလုပ်ပုံ အဆင့်ဆင့်နဲ့ သဘောတရားကို အဖိုး နားလည်စေချင်လို့ ကျွန်တော် အခုလို ရှင်းပြနေတာပါ။ တစ်နည်းပြောရရင် ကျူးယိုးကျန့်ရဲ့ ဝိညာဉ်သုံးပါးနဲ့ နာမ်ခုနစ်ပါးဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးပြီး ပျောက်ကွယ်မသွားသေးပါဘူး”
“ကျွန်တော် လေ့လာခဲ့ဖူးတဲ့ အလောင်းသန့်စင်ခြင်း အတတ်ပညာအရသာဆို အာကာသအဆင့်အလောင်း အထိသာ ရောက်အောင် သန့်စင်နိုင်မယ်ဆိုရင် ကိုယ်တွင်းမှာ ရှိတဲ့ အချုပ်အနှောင်တွေဟာ ချက်ချင်း ပွင့်သွားပါလိမ့်မယ်။ အဲဒီအခါမှာ ဝိညာဉ်သုံးပါးနဲ့ နာမ်ခုနစ်ပါးဟာ မူလနေရာကို ပြန်ရောက်သွားပြီး သေခြင်းကနေ ရှင်ပြန်ထမြောက်လာတာနဲ့ အတူတူပါပဲ”
ကျူးယိုးကွမ်ကျီသည် နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားပြန်သည်။ “ညီလေး... မင်းပြောတာ တကယ်ပဲလား။ ငါ့မြေး ပြန်ရှင်လာဖို့ တကယ်ပဲ မျှော်လင့်ချက် ရှိတာလား”
“မျှော်လင့်ချက်ကတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်း သေးငယ်ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အာကာသအဆင့်အလောင်း ဆိုတာမျိုးက အရမ်း ရှားပါးခဲ့တာပါ”
ထို့နောက် ယဲ့ပုဖန်က ဆက်ပြောသည်... “အခု အဖိုးမှာ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ကျူးယိုးကျန့်ကို ပြန်ယူပြီး မြှုပ်နှံလိုက်ဖို့ပါ။ အဖိုးသာ အလိုရှိမယ်ဆိုရင် ကျွန်တော် မတားပါဘူး။ ဒုတိယတစ်ခုကတော့ ကျူးယိုးကျန့်ကို ကျွန်တော့်နောက် လိုက်ခိုင်းပြီး အဆင့်တက်အောင် ဆက်လုပ်ဖို့ပါ။ သူသာ အာကာသအဆင့်အလောင်း အဖြစ် ရောက်သွားမယ်ဆိုရင်တော့...”
“သူ့ရဲ့ ကိုယ်တွင်း အချုပ်အနှောင်တွေ ပွင့်သွားပြီး သေခြင်းကနေ ပြန်လည် ရှင်သန်လာပါလိမ့်မယ်”
“ဒါကတော့...”
ကျူးယိုးကွမ်ကျီသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် “ညီလေးယဲ့... ကျုပ် ဒုတိယနည်းလမ်းကိုပဲ ရွေးချယ်ပါ့မယ်” ဟု ဆုံးဖြတ်လိုက်သည်။
“ကျန့်အာကို ညီလေးယဲ့ဘေးမှာပဲ ထားလိုက်ပါ။ ညီလေးယဲ့ရဲ့ စွမ်းရည်ကို ကျုပ် ယုံကြည်ပါတယ်။ ကျုပ်ရဲ့ သနားစရာကောင်းတဲ့ မြေးလေးကို နေ့အလင်းရောင်အောက် ပြန်ရောက်အောင် မောင်ရင် သေချာပေါက် ကူညီနိုင်လိမ့်မယ်လို့ ကျုပ် ယုံတယ်”
သူသည် အလောင်းသန့်စင်ခြင်း အတတ်ကို နားမလည်သော်လည်း အခြေခံ သဘောတရားကိုမူ သိရှိပေသည်။ ကျူးယိုးကျန့်သည် ယခင်က အဆင့်လေး ငွေအလောင်း အဆင့်သာ ရှိခဲ့သော်လည်း ယဲ့ပုဖန်၏ နောက်သို့ လိုက်ပါခဲ့သည့် တစ်လမပြည့်သော အချိန်အတွင်းမှာပင် ရွှေအလောင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့ အရှိန်အဟုန်ဖြင့်ဆိုလျှင် အာကာသအဆင့်အလောင်း ဖြစ်လာရန်မှာ အမှန်တကယ်ပင် အခွင့်အရေး ရှိပေသည်။
ယဲ့ပုဖန်က “အဖိုးကသာ ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ တစ်နေ့နေ့မှာ အသစ်စက်စက် ကျူးယိုးကျန့်ကို အဖိုးဆီ ပြန်အပ်နိုင်ကောင်း အပ်နိုင်ပါလိမ့်မယ်” ဟု ပြောလိုက်သည်။
ကျူးယိုးကွမ်ကျီသည် မတ်တတ်ရပ်လိုက်ပြီး ဒုတ်ခနဲ ဒူးထောက်ချလိုက်ကာ “ညီလေးယဲ့... ညီလေးယဲ့ဟာ ငါတို့ ကျူးယိုးမိသားစုရဲ့ ကျေးဇူးရှင်ပါ။ ညီလေးယဲ့ရဲ့ ကျေးဇူးကို ငါတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး” ဟု ပြောလိုက်လေသည်။
ယဲ့ပုဖန်က သူ့ကို အမြန်ဆန် ပြန်ထူပေးလိုက်ပြီး “အဖိုး... ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါက ဘာမှ မဟုတ်ပါဘူး” ဟု ဆိုသည်။
ကျူးယိုးကွမ်ကျီက “ညီလေးယဲ့... ကျုပ် အခုလေးတင် စဉ်းစားလိုက်တာ။ ညီလေးယဲ့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ကျုပ်ရဲ့ ကျူးယိုးအတတ်ကို ညီလေးယဲ့ဆီ လက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ပြောလိုက်သည်။
ယဲ့ပုဖန်သည် အနည်းငယ် အံ့အားသင့်သွားပြီး “အဖိုး... ဒါက ဖြစ်နိုင်ပါ့မလား။ ကျူးယိုးမိသားစုရဲ့ ကျူးယိုးအတတ်ကို ပြင်ပလူတွေကို ဘယ်တော့မှ လက်ဆင့်မကမ်းဘူးလို့ ကျွန်တော် ကြားဖူးထားလို့ပါ” ဟု မေးလိုက်မိသည်။
“ဒါကလွဲရင် ညီလေးယဲ့ရဲ့ ကျေးဇူးကို ဆပ်ဖို့ တခြားနည်းလမ်း ကျုပ် စဉ်းစားလို့ မရတော့ဘူး”
ကျူးယိုးကွမ်ကျီက ဆက်ပြောသည်... “ဒါ့အပြင် ညီလေးယဲ့ဟာ စစ်မှန်တဲ့ သမားတော် တစ်ယောက် ဖြစ်တာကိုလည်း ကျုပ် မြင်ပါတယ်။ တကယ်လို့ ဒီမန္တန်အတတ်ကို ညီလေးယဲ့ဆီ လက်ဆင့် ကမ်းပေးလိုက်ရင် ညီလေးယဲ့ကနေတစ်ဆင့် ဒီပညာရပ် ထွန်းကားပြန့်ပွားပြီး လူနာတွေကို ကုသပေးနိုင်မယ်။ အသက်တွေကို ကယ်တင်နိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ ဒါဆိုရင် ငါတို့ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ ဒီအံ့ဖွယ်ပညာရပ်အတွက် ပေးဆပ်မှုတွေဟာ အရာထင်လာမှာပါ”
သူ ပြောသည်မှာ မှန်ကန်သဖြင့် ယဲ့ပုဖန်လည်း ထပ်မံ၍ မငြင်းဆိုတော့ဘဲ “ဒါဆိုရင် ကျေးဇူးတင်ပါတယ် အဖိုး” ဟု လက်ခံလိုက်လေသည်။
ကျူးယိုးကွမ်ကျီက “ဒီနေရာက သိပ်ပြီး အဆင်မပြေဘူး။ ကျုပ်နဲ့အတူ ကျူးယိုးအိမ်တော်ကို လိုက်ခဲ့ပါ လူငယ်လေး” ဟု ဖိတ်ခေါ်သည်။
ယဲ့ပုဖန်က “အဖိုး... ခဏလောက် စောင့်ပါဦး။ ကျွန်တော် အဖိုးကို မေးစရာ တစ်ခု ကျန်သေးလို့ပါ” ဟု တားလိုက်သည်။
ကျူးယိုးကွမ်ကျီက “ညီလေး... မေးချင်တာရှိရင် အားမနာဘဲ မေးပါ။ ကျုပ် သိသလောက် အကုန် ဖြေပေးပါ့မယ်” ဟု ဆိုသည်။
“အဖိုး... အိပ်ပျော်နေသော အလှလေး ဆိုတဲ့ အဆိပ်အကြောင်းကို ကြားဖူးပါသလား”
“ဒါပေါ့... ကြားဖူးတာပေါ့။ ဒီအဆိပ်က အပြင်းထန်ဆုံး အဆိပ်ဆယ်မျိုးထဲက တစ်ခုပဲလေ”
“ဒါဆိုရင် ကျွန်တော် မေးပါရစေ... ကျူးယိုးအတတ်နဲ့ အဲဒီ အိပ်ပျော်နေသော အလှလေး အဆိပ်ကို ကုသနိုင်ပါသလား”
ယဲ့ပုဖန်သည် စကားပြောပြီးနောက် မျှော်လင့်ချက် အပြည့်ဖြင့် ကျူးယိုးကွမ်ကျီကို စိုက်ကြည့်နေမိသည်။
သို့သော် ကံမကောင်းစွာဖြင့် သူ စိတ်ပျက်သွားရပြန်သည်။ ကျူးယိုးကွမ်ကျီက ခေါင်းခါပြလိုက်ပြီး “ကျူးယိုးအတတ်ရဲ့ အနှစ်သာရကတော့ အင်းအိုင်မန္တန်တွေရဲ့ စွမ်းအားကို အသုံးပြုပြီး မြေကမ္ဘာရဲ့ မူလစွမ်းအင်တွေနဲ့ ဆက်သွယ်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝစွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးတာပါ”
“ကျူးယိုးအတတ်နဲ့ တရုတ်တိုင်းရင်းဆေးပညာမှာ တစ်ခုစီက အားသာချက်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ - ခန္ဓာကိုယ် ပျက်စီးယိုယွင်းခြင်း နိမိတ် ၅ ပါး ဆိုတာမျိုးက သာမန် ဆေးဆရာတွေ ကုသနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့...”
“မန္တန်အတတ်ကတော့ လူနာကို ဇီဝစွမ်းအင်တွေ ပြန်ရစေပြီး သက်တမ်းစေ့ နေနိုင်အောင် ကူညီပေးနိုင်ပါတယ်။ မန္တန်အတတ်က ဘယ်လောက်ပဲ အံ့သြဖို့ကောင်းပါစေ... အဲဒါက ခန္ဓာကိုယ် အပေါ်မှာပဲ အကျိုးသက်ရောက်တာပါ။ အိပ်ပျော်နေသော အလှလေး အဆိပ်ကတော့ ဝိညာဉ်ကို တိုက်ရိုက် ဦးတည်တာ ဖြစ်လို့ မန္တန်အတတ်နဲ့ ကုသဖို့ မဖြစ်နိုင်ပါဘူး”
“ဩော်...”
ကျူးယိုးအတတ်သည် ခန္ဓာကိုယ် ပျက်စီးယိုယွင်းခြင်း နိမိတ် ၅ ပါး၏ ဝေဒနာကိုပင် သက်သာစေနိုင်သည် ဟု ကြားလိုက်ရသဖြင့် ယဲ့ပုဖန်သည် ရင်ထဲမှ တိတ်တဆိတ် အံ့သြချီးကျူးမိသည်။
သို့သော် အိပ်ပျော်နေသော အလှလေး အဆိပ်ကို မကုသနိုင်ဟု ကြားလိုက်ရပြန်သဖြင့် စိတ်ပျက်မှု အဟုန်က တစ်ဖန် ပြန်လည် လွှမ်းမိုးသွားပြန်သည်။ ဝမ်ရွှယ်နင်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်နှိုးမြက်ကို ရှာဖွေရန်သာ ကျန်တော့ပုံရသည်။
သူ၏ စိတ်ပျက်နေသော အမူအရာကို မြင်သောအခါ ကျူးယိုးကွမ်ကျီက “ညီလေးယဲ့... ညီလေးယဲ့ဘေးက လူတစ်ယောက်ယောက် ရှန်းကွမ်မိသားစုရဲ့ အိပ်ပျော်နေသော အလှလေး အဆိပ်ကို ခံထားရလို့လား” ဟု မေးမြန်းလေသည်။
ယဲ့ပုဖန်က ခေါင်းညိတ်ပြကာ “သူမက ကျွန်တော့်ရဲ့ ရည်းစားပါ။ သူမအတွက် ဖြေဆေးရှာဖို့ပဲ ကျွန်တော် ရှန်းရှီးကို လာခဲ့တာပါ” ဟု ဆိုသည်။
ကျူးယိုးကွမ်ကျီက “ရှန်းကွမ်မိသားစုမှာ ဖြေဆေး မရှိမှတော့ ငါတို့ ဝိညာဉ်နှိုးမြက်ကို သုံးပြီးတော့ပဲ အဆိပ်ဖြေလို့ ရတော့မယ်” ဟု ပြောလိုက်သည်။
ကျူးယိုးမိသားစု၏ အရှင်သခင်နှင့် ကျော်ကြားသော ဆေးပညာရှင် တစ်ဦးအနေဖြင့် ဝိညာဉ်နှိုးမြက် ရှိကြောင်း သူ သိနေခြင်းကို ယဲ့ပုဖန် အံ့သြမနေတော့ပေ။
သူက “အဖိုး... ရှန်းရှီးမှာ ဝိညာဉ်နှိုးမြက် ရှိတယ်လို့ ကျွန်တော် ကြားခဲ့ပေမဲ့ ဒီရက်ပိုင်း တောတောင်တွေ အနှံ့ လိုက်ရှာတာတောင် အစအနတောင် ရှာမတွေ့ခဲ့ပါဘူး” ဟု ဆိုသည်။
ကျူးယိုးကွမ်ကျီက “ရှန်းရှီးမှာ ဝိညာဉ်နှိုးမြက်ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး” ဟု ပြတ်သားစွာ ပြောလိုက်သည်။
ယဲ့ပုဖန်က နားမလည်နိုင်စွာဖြင့် “ဘာလို့လဲ အဖိုး။ ရှေးဟောင်း ကျမ်းစာတွေထဲမှာ ဒီမြက်ပင်ဟာ ရှန်းရှီးမှာပဲ ပေါက်ရောက်တယ်လို့ ဖတ်ခဲ့ရလို့ပါ။ တခြားနေရာတွေမှာများ ရှိနိုင်သေးလို့လား” ဟု မေးလိုက်မိသည်။
“လူငယ်လေး... မင်း အထင်မှားနေပြီ။ ရှန်းရှီးမှာ ဝိညာဉ်နှိုးမြက် ထွက်ရှိခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီမြက်ဟာ ရှန်းရှီးမှာပဲ ပေါက်ရောက်တယ်လို့ ကျုပ် မပြောခဲ့ပါဘူး”
ယဲ့ပုဖန်က “ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြပေးပါဦး အဖိုး” ဟု တောင်းဆိုလိုက်လေသည်။
ကျူးယိုးကွမ်ကျီက “ဝိညာဉ်နှိုးမြက်ဆိုတာ မြေကမ္ဘာရဲ့ အလွန်ရှားပါးတဲ့ ရတနာတစ်ခုပါ။ ပတ်ဝန်းကျင် အနေအထားအပေါ်မှာ အလွန် မူတည်ပါတယ်။ အရမ်း သန့်ရှင်းစင်ကြယ်တဲ့ ပတ်ဝန်းကျင်မျိုးမှာပဲ ပေါက်ရောက်နိုင်တာပါ”
“အရင်တုန်းကတော့ ရှန်းရှီးဟာ ထူးချွန်ထက်မြက်တဲ့ လူတွေ ပေါ်ထွန်းပြီး ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာကြောင့် ဝိညာဉ်နှိုးမြက် ပေါက်ရောက်ခဲ့တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာ၊ စက်ရုံတွေ ဆောက်လာတာတွေကြောင့် ရှန်းရှီးရဲ့ လေထုဟာ ပြည်မပိုင်းထက် ကောင်းနေသေးတယ် ဆိုပေမဲ့ ဝိညာဉ်စွမ်းအင်တွေကတော့ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ။ အဲဒါကြောင့် ဝိညာဉ်နှိုးမြက် ပေါက်ရောက်ဖို့ မသင့်တော်တော့ဘူး”
ယဲ့ပုဖန်က စိုးရိမ်တကြီးဖြင့် “ဒါဆိုရင် ကျွန်တော် ဘယ်မှာ သွားရှာရမလဲ” ဟု မေးလိုက်သည်။
“မလောပါနဲ့... ကျုပ် ပြောတာကို အဆုံးထိ နားထောင်ဦး” ဟု ကျူးယိုးကွမ်ကျီက ဆိုသည်။ “ကျုပ် ငယ်ငယ်က ပညာရှာဖို့အတွက် ဟိုဟိုဒီဒီ သွားခဲ့ဖူးတယ်။ တစ်ခါက မြောက်ဘက် အစွန်ဖျား အရပ်ကို ရောက်ခဲ့တုန်းက နှင်းတောင်ပေါ်မှာ ဝိညာဉ်နှိုးမြက်ကို တွေ့ခဲ့ဖူးတယ်”
“အဖိုး... အဖိုး အဲဒါကို ခူးခဲ့သေးလား”
ကျူးယိုးကွမ်ကျီက ခေါင်းခါလျက်... “မြောက်ဘက် အစွန်ဖျားရဲ့ ရာသီဥတုက တကယ်ကို ကြမ်းတမ်းလွန်းတယ်။ ဝိညာဉ်နှိုးမြက်ကို တွေ့ပြီးပြီးချင်းမှာပဲ ပြင်းထန်တဲ့ မုန်တိုင်းကြီး တစ်ခု ကျရောက်လာခဲ့တယ်။ အဲဒီတုန်းက ကျုပ်ရဲ့ ကျင့်ကြံမှုက မြေကမ္ဘာအဆင့်ကိုတောင် မရောက်သေးတော့ အဲဒီမှာ ဆက်နေဖို့ မဖြစ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် လက်ဗလာနဲ့ပဲ ပြန်ခဲ့ရတာပေါ့”
***