ယဲ့ပုဖန်က “ဘိုးဘိုး... ကျွန်တော့်ကို ဝိညာဉ်နှိုးမြက် တည်ရှိရာနေရာကို ပုံကြမ်းလေး တစ်ခုလောက် ဆွဲပေးလို့ ရမလားခင်ဗျာ” ဟု တောင်းဆိုလိုက်သည်။
“အချိန်တွေက သိပ်ကြာသွားပြီဆိုတော့ ကျုပ်ဆီမှာ ဝေဝေဝါးဝါး မှတ်ဉာဏ်တချို့ပဲ ကျန်တော့တယ်။ အဲဒါကြောင့် သိပ်တော့ တိကျမှာ မဟုတ်ဘူး။ တည်နေရာ အကြမ်းဖျင်းကိုပဲ ကျုပ် ပေးနိုင်လိမ့်မယ်” ဟု ကျူးယိုးကွမ်ကျီက ပြန်ပြော၏။
ယဲ့ပုဖန်က “ဦးတည်ချက် ရှိနေတာပဲ ကောင်းပါတယ်ဗျာ။ ဘာမှမသိဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေရတာထက် စာရင် အများကြီး တော်ပါသေးတယ်” ဟု ဆိုလေသည်။
“ဒီနေရာက သိပ်ပြီး အဆင်မပြေဘူး။ ငါ့အိမ်ကိုပဲ သွားကြတာပေါ့။ အဲဒီကျမှ မင်းအတွက် ငါ ဆွဲပေးမယ်”
ကျူးယိုးကွမ်ကျီက စကားဆုံးသည်နှင့် ယဲ့ပုဖန်ကို ကျူးယိုးအိမ်တော်သို့ ဖိတ်ခေါ်သွားတော့သည်။ ယဲ့ပုဖန်သည် ကျူးယိုးမိသားစု၏ ကျေးဇူးရှင်ကြီး ဖြစ်သည့်အားလျော်စွာ မကြုံစဖူး ထူးကဲသော ဂုဏ်ပြုမှုနှင့် နွေးထွေးပျူငှာသော ဧည့်ခံကျွေးမွေးမှုတို့ကို ရရှိခဲ့ပေသည်။
ညစာစားပြီးနောက် ကျူးယိုးကွမ်ကျီက ယဲ့ပုဖန်အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးခဲ့ပြီးနောက် သူကိုယ်တိုင်မှာမူ စာကြည့်တိုက်သို့ဝင်ကာ မြေပုံဆွဲရန် ပြင်ဆင်လေတော့သည်။
ထိုအချိန်အတောအတွင်း ယဲ့ပုဖန်သည် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ယူကာ စီမာဝေထံသို့ ခေါ်ဆိုလိုက်၏။ ထို့နောက် ရှန်းရှီးဒေသတွင် သူ ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။
စီမာဝေက “ရှန်းကွမ်မိသားစုဆီမှာတောင် ဖြေဆေးမရှိတဲ့ အဆိပ် ရှိလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိခဲ့ဘူး။ ကြည့်ရတာ နင် မြောက်ဝင်ရိုးစွန်းကို တစ်ခေါက် ထပ်သွားရဦးမယ် ထင်တယ်။ ဘယ်တော့လောက် ထွက်ဖို့ စဉ်းစားထားလဲ” ဟု မေးသည်။
“အခုချက်ချင်းပဲ ထွက်ဖို့ ပြင်နေတာ။ အဲဒါကြောင့်လည်း မင်းဆီ ဖုန်းဆက်တာလေ။ ငါ့ရဲ့ ခရီးသွားလာရေး အထောက်အထားတွေကို မြန်မြန်လေး စီစဉ်ပေးပါဦး” ဟု ယဲ့ပုဖန်က ဆိုလိုက်သည်။
“ရတယ်... ငါ အခုပဲ လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်။ မနက်ဖြန်ကျရင် မင်းလက်ထဲ ရောက်စေရမယ်”
“နောက်တစ်ချက်ရှိသေးတယ်... ရှန်းကွမ်မိသားစုကို ငါ့ကို တိုက်ခိုက်ဖို့ ဘယ်သူက ခိုင်းစေခဲ့တာလဲ ဆိုတာ မင်း ကူညီပြီး ဆန်းစစ်ပေးနိုင်မလား”
ယဲ့ပုဖန်က ရှန်းကွမ်ရှုံထံမှ သူရရှိထားသော အချက်အလက်များကို ပြန်လည်ပြောပြပြီးနောက် “အခုလောလောဆယ် ငါတို့သေချာပေါက် သိရတာက သူက မြို့တော်ကလူ ဖြစ်နေတာပဲ။ ကျန်တာတော့ ဘာမှ မသိရသေးဘူး” ဟု အဆုံးသတ်လိုက်သည်။
နောက်ကွယ်က ကြိုးကိုင်သူကို ရှာမတွေ့ခြင်းက သူ့အား အလွန် စိတ်မသက်မသာ ဖြစ်စေပေသည်။
စီမာဝေက “မြို့တော်ကလူ ဟုတ်လား... မြို့တော်မှာ နင့်မှာ ရန်သူ ဘယ်နှယောက်လောက် ရှိလို့လဲ” ဟု ပြန်မေး၏။
“ငါက မြို့တော်ကို တစ်ခါမှ မရောက်ဖူးသလို သိတဲ့လူလည်း သိပ်မရှိပါဘူး။ ငါ့မှာ ဘယ်လိုလုပ်ပြီး ရန်သူရှိမှာလဲ”
ယဲ့ပုဖန်က ဆက်၍ “ငါ့ပတ်ဝန်းကျင်ကလူတွေနဲ့ ငါ ဆုံဖူးတဲ့လူတွေထဲမှာ မြို့တော်နဲ့ ပတ်သက်တာဆိုလို့ မင်း၊ စီတုဆရာကြီး၊ ရွှမ်ယွမ်စံအိမ်နဲ့ ချန်ဆွန်းတုန်းကျွီးတို့ပဲ ရှိတာလေ။ ကျန်တဲ့ မြို့တော်က ဘယ်သူ့ကိုမှ ငါမသိဘူး”
စီမာဝေက “နင်က အခုဆိုရင် ကောင်းကင်စစ်သည်တော် စီမံကိန်းရဲ့ နည်းပြချုပ် ဖြစ်သလို ရွှမ်ယွမ်စံအိမ်ရဲ့ စတုတ္ထမြောက် အကြီးအကဲလည်း ဖြစ်နေပြီ။ ရွှမ်ယွမ်စံအိမ်ထဲက ဘယ်သူကမှ နင့်ကို လက်ဖျားနဲ့တောင် မတို့ရဲပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က တစ်ခုခု လုပ်ခဲ့ရင်တောင် အဲဒါကို ဖုံးကွယ်ထားဖို့ မလွယ်ဘူး” ဟု ရှင်းပြလေသည်။
စီတုဆရာကြီးမှာမူ ယဲ့ပုဖန်၏ အကူအညီကို အများကြီး ရရှိထားသူ ဖြစ်သလို ယဲ့ပုဖန်အားလည်း အလွန် လေးစားသူဖြစ်၍ မည်သည့်နည်းနှင့်မျှ ယဲ့ပုဖန်ကို လုပ်ကြံသူ မဖြစ်နိုင်ပေ။ ချန်ဆွန်းတုန်းကျွီးသည်လည်း ထို့အတူပင်။
သူမသည် ယဲ့ပုဖန်အပေါ် အကောင်းမြင်သူ ဖြစ်သည်။ ထို့အပြင် ချန်ဆွန်းမိသားစုကသာ ယဲ့ပုဖန်အား အရေးယူလိုပါက သူတို့မိသားစု၏ ထိပ်သီး သိုင်းပညာရှင်များကို တိုက်ရိုက် လွှတ်လိုက်ရုံသာရှိပြီး ရှန်းရှီးအထိ ဝေးဝေးလံလံ သွားနေစရာ အကြောင်းမရှိပေ။
“မင်း အဲဒီလို ပြောလိုက်တော့လည်း တခြားလူ မရှိတော့ဘူးပေါ့”
ယဲ့ပုဖန်က “နောက်ဆုံး တစ်ယောက်တော့ ကျန်သေးတယ်” ဟု ဆိုလိုက်သည်။
“ဘယ်သူလဲ”
စီမာဝေက အံ့သြတကြီး အာမေဍိတ်သံ ထွက်သွားကာ “နင်... ငါ့ကို သံသယဝင်နေတာတော့ မဟုတ်ပါဘူးနော်”
“မင်းကိုတော့ ငါ လုံးဝ သံသယမဝင်ပါဘူး။ ဒါပေမဲ့ နင့်ရဲ့ စီမာမိသားစုကကော”
ထိုအခါ စီမာဝေ၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး “ဘာကြောင့် အဲဒီလို ထင်တာလဲ” ဟု မေးလာသည်။
ယဲ့ပုဖန်က “မင်းရဲ့ စီမာမိသားစုက ငါနဲ့ မင်းနဲ့ တွဲနေတာကို မလိုလားလို့ ငါ့ကို အပြတ်ရှင်းဖို့ အကြောင်းပြချက် ရှာနေတာမျိုး ဖြစ်နိုင်မလား”
စီမာဝေက “မြို့တော်မှာ ငါတို့ စီမာမိသားစုက ချန်ဆွန်းမိသားစုထက် ဘာမှ မနိမ့်ကျဘူး။ ငါတို့က ထိပ်တန်း မိသားစုကြီးတွေထဲက တစ်ခုပဲ။ မိသားစုထဲမှာလည်း သိုင်းပညာရှင်တွေ အပြည့်ရှိတယ်။ နင့်ကို သတ်ချင်ရင် ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုဘူး”
“ဒါပေမဲ့ မင်းက ဒီမှာ ရှိနေတာလေ။ မင်းရဲ့ မိသားစုက မင်းရဲ့ ခံစားချက်ကို ငဲ့ညှာလို့ မင်းနဲ့ ရန်မဖြစ်ချင်တာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် မင်းနဲ့ ရွှမ်ယွမ်စံအိမ် မသိအောင် ရှန်းရှီးကို တိတ်တိတ်လေး လာပြီး ရှန်းကွမ်မိသားစု လက်ချက်နဲ့ ငါ့ကို အစဖျောက်ဖို့ ကြံစည်တာ ဖြစ်နိုင်တာပဲ”
ဤသို့ဆိုလျှင် မည်သူမျှ မသိဘဲ သူတို့၏ ရည်မှန်းချက် အောင်မြင်နိုင်ပေလိမ့်မည်။
“အဲဒါက...”
စီမာဝေသည် ခဏမျှ ဝေခွဲမရ ဖြစ်သွားသည်။ သီအိုရီအရ ကြည့်လျှင် ဤသည်မှာ ဖြစ်နိုင်ခြေ ရှိပေသည်။
သို့သော် သူမက ဆက်၍ “ဖြစ်နိုင်ခြေ ရှိပေမဲ့ သိပ်တော့ မသေချာဘူး။ ပထမအချက်က ငါတို့ တွဲနေတာကို ငါ့မိသားစုထဲက လူနည်းနည်းပဲ သိကြတာ။ ဒုတိယအချက်က နင်က ရွှမ်ယွမ်စံအိမ်ရဲ့ စတုတ္ထမြောက် အကြီးအကဲလေ။ အဲဒါကြောင့် ငါ့မိသားစုက သိခဲ့ရင်တောင် ကန့်ကွက်မှာ မဟုတ်သလို နင့်ကို အန္တရာယ်ပြုဖို့လည်း အကြောင်းမရှိဘူး” ဟူ၍ ရှင်းပြသည်။
ယဲ့ပုဖန်က သူ၏ နဖူးကို ပုတ်ကာ “ဘယ်သူသိမှာလဲ... အခုလောလောဆယ် ငါစဉ်းစားလို့ ရတာက ဒါပဲ ရှိသေးတယ်။ ဒါပေမဲ့ တခြား ဖုံးကွယ်ထားတဲ့ လူတွေလည်း ရှိနေနိုင်တာပါပဲ”
စီမာဝေက “အေးအေးဆေးဆေး စဉ်းစားကြတာပေါ့။ ငါတို့ အတူတူ စုံစမ်းရင် အမှန်တရားက တစ်နေ့နေ့တော့ ပေါ်လာမှာပါ”
သူတို့နှစ်ဦးသည် မိနစ်အနည်းငယ်ကြာ စကားပြောဆိုပြီးနောက် ဖုန်းချလိုက်ကြသည်။ ခဏအကြာတွင် ကျူးယိုးကွမ်ကျီသည် ရေးဆွဲ ပြီးစီးသွားသော ပုံကြမ်းတစ်ခုနှင့်အတူ အခန်းထဲသို့ ဝင်လာ၏။
“ညီလေးယဲ့... ဒါက ကျုပ် မှတ်မိသမျှ အကုန်ပဲ။ အခုလောလောဆယ် ဒါကိုပဲ သိမ်းထားလိုက်ဦး။ မင်းအတွက် အထောက်အကူ ဖြစ်နိုင်လိမ့်မယ်”
“မြောက်ဝင်ရိုးစွန်း ဒေသကို သွားဖို့ အတွက် ပြင်ဆင်ရတာ အရမ်း ခက်ခဲလိမ့်မယ်။ အဲဒီက ပတ်ဝန်းကျင်က သိပ်ပြီး ကြမ်းတမ်းလွန်းတော့ ကျွမ်းကျင်တဲ့လူတွေတောင် တချို့နေရာတွေမှာ အသက်မရှင်နိုင်ကြဘူး”
ယဲ့ပုဖန်သည် ပုံကြမ်းကို ယူ၍ သေသေချာချာ သိမ်းဆည်းလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
နောက်တစ်နေ့တွင် သူသည် ကျူးယိုးကွမ်ကျီထံမှ မန္တန်အတတ်ပညာကို သင်ယူလေသည်။ ရှေးဟောင်း ဆေးပညာ အနှစ်သာရများကို ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် ယဲ့ပုဖန်သည် သင်သမျှကို အလွန် လျင်မြန်စွာ တတ်မြောက်သွား၏။ နေ့တစ်ဝက်ခန့်အတွင်းမှာပင် ကျူးယိုးအတတ်၏ အနှစ်သာရများကို အခြေခံအားဖြင့် ပိုင်နိုင်သွားတော့သည်။
ယခင် သူသင်ယူခဲ့သော ဆေးပညာများနှင့် မတူဘဲ ကျူးယိုးအတတ်သည် မြေကမ္ဘာနှင့် ကောင်းကင်၏ စွမ်းအားများကို ပိုမို အားပြုရပေသည်။ လူအများက ကျူးယိုးအတတ်ကို စုန်းကဝေအတတ်ဟု ပြောဆိုကြသော်လည်း ယဲ့ပုဖန်ကမူ ထိုသို့ မထင်ပေ။
ကမ္ဘာလောကတွင် ရှာဖွေတွေ့ရှိခြင်း မရှိသေးသော အမှောင်စွမ်းအင် ဟု ခေါ်သည့် စွမ်းအင်တစ်မျိုး ရှိနေသေးသည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ ကျူးယိုးအတတ်သည် အင်းစာရွက်များ၏ စွမ်းအားမှတစ်ဆင့် ထိုအမည်မသိသော စွမ်းအင်များကို ရယူကာ လူတစ်ဦး၏ ဇီဝစွမ်းအားကို ဖြည့်တင်းပေးခြင်း ဖြစ်သည်ဟု သူ ခံစားရပေသည်။
ညနေစောင်းတွင် သူသည် မန္တန်အတတ်ပညာကို အလုံးစုံ တတ်မြောက်သွားခဲ့ပြီ ဖြစ်သလို စီမာဝေ လွှတ်လိုက်သော လူသည်လည်း လိုအပ်သော အထောက်အထားများနှင့် လေယာဉ်လက်မှတ်များကို လာရောက် ပေးအပ်ခဲ့လေသည်။
ကျူးယိုးကွမ်ကျီနှင့် သတင်းကြား၍ အပြေးအလွှား ရောက်လာသော ကူဘုရင်မ အန်းလင်းတာတို့က ယဲ့ပုဖန်ကို လေဆိပ်အထိ လိုက်လံ ပို့ဆောင်ကြသည်။ အားလုံးကို နှုတ်ဆက်ပြီးနောက် သူသည် VIP စောင့်ဆိုင်းခန်း အတွင်းသို့ ဝင်လိုက်၏။
ထိုစဉ် သူ၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာပြန်သည်။ စီမာဝေ ဆက်လိုက်ခြင်းပင်။
ဖုန်းဝင်လာသည်နှင့် တစ်ဖက်မှ လူက တိုက်ရိုက်ပင် “အချစ်လေး... ဒီနေ့ ငါ မြောက်ဝင်ရိုးစွန်း ဒေသတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ရထားတယ်” ဟု ဆိုလာသည်။
ထိုနေရာသို့ သွားရန် အကောင်းဆုံး လမ်းကြောင်းမှာ တရုတ်နိုင်ငံမှတစ်ဆင့် ရုရှားနိုင်ငံသို့ လေယာဉ်ဖြင့် သွားရန် ဖြစ်သည်။ သို့သော် အရှေ့ဖျားဒေသရှိ အနီးဆုံး လေဆိပ်သည်ပင် မြောက်ဝင်ရိုးစွန်းနှင့် ကီလိုမီတာ ၁,၀၀၀ ကျော် ဝေးကွာနေပေသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် မတူသည်မှာ ထိုနေရာ၌ သွားလာဆက်သွယ်ရေးမှာ အလွန် ခက်ခဲလှသည်။ အရှေ့ဖျားဒေသမှ ဆိုက်ဘေးရီးယား မြောက်ဝင်ရိုးစွန်းသို့ သွားရန်မှာ မလွယ်ကူသလို အချိန်လည်း အများကြီး ပေးရပေလိမ့်မည်။
“နင် အာတိတ် ရေခဲပြင်ကြီးဆီ ရောက်သွားတာနဲ့ နင့် အတွက် အကြီးမားဆုံး စိန်ခေါ်မှုက လမ်းပျောက်တာပဲ။ အဲဒီနေရာမှာ နေ့တာ အရမ်း ရှည်တာ ဒါမှမဟုတ် ညတာ အရမ်း ရှည်တာမျိုးတွေ ခဏခဏ ဖြစ်တတ်သလို ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း ကမောက်ကမ ဖြစ်နေတာ။ အဲဒါကြောင့် သံလိုက်အိမ်မြှောင်တွေက သုံးစားလို့ မရတော့ဘဲ လမ်းပျောက်ဖို့ သိပ်လွယ်တယ်”
ယဲ့ပုဖန် မျက်မှောင်ကြုတ်သွားသည်။ လမ်းပျောက်ခြင်းက တကယ်ပင် ပြဿနာ ဖြစ်ပေသည်။ သူသည် ထိုနေရာ၌ ပိတ်မိနေမည် မဟုတ်သော်လည်း ဝိညာဉ်နှိုးမြက်ကို ရှာဖွေရာတွင် အချိန်အလွန် ပေးရပေလိမ့်မည်။
သို့သော် သူ ဘာမှ မပြောလိုက်ပေ။ စီမာဝေက ဤအကြောင်းကို သူမကိုယ်တိုင် စတင် ပြောဆိုလာသည် ဖြစ်ရာ သူမတွင် အဖြေတစ်ခု ရှိနေပြီးသား ဖြစ်ပေလိမ့်မည်။
မှန်းထားသည့်အတိုင်းပင် ဖုန်းထဲမှ လူက ဆက်၍ “ငါတို့ ရွှမ်ယွမ်စံအိမ်က ရုရှားနိုင်ငံမှာလည်း အဆက်အသွယ်တွေ ရှိပါတယ်။ အရှေ့ဖျား စစ်ဒေသ တပ်မှူးရဲ့ လက်ထောက် အရာရှိ ရှာရာပိုဗာက ငါ့သူငယ်ချင်းပဲ”
“အချစ်လေး… နင် အရှေ့ဖျားဒေသကို ရောက်တာနဲ့ သူမဆီကို တိုက်ရိုက်သွားလို့ ရတယ်။ မြောက်ဝင်ရိုးစွန်းကို တိုက်ရိုက် ပျံသန်းနိုင်ဖို့ သူမကို ရဟတ်ယာဉ် တစ်စီး စီစဉ်ခိုင်းလိုက်မယ်။ အဲဒါဆိုရင် လမ်းမှာ အချိန်ကုန်တာ အများကြီး သက်သာသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီက ရာသီဥတုက အရမ်း ကြမ်းတမ်းတော့ နင်က အစွန်းအထိပဲ ပျံသန်းသွားလို့ ရမယ်။ ကျန်တဲ့လမ်းကိုတော့ လမ်းလျှောက်သွားရမှာပဲ”
“ဒီမနက်ပဲ ငါ ရှာရာပိုဗာနဲ့ ဖုန်းပြောပြီးပြီ။ သူမက နင့်ကို အာတိတ် ရေခဲပြင်ကြီးဆီ တိုက်ရိုက် ခေါ်သွားပေးနိုင်မယ့် ဒေသခံ လမ်းပြကောင်း တစ်ယောက်ကိုလည်း ရှာပေးလိမ့်မယ်”
ယဲ့ပုဖန် စိတ်သက်သာရာ ရသွားပြီး “မင်းက သိပ်ပြီး အစစအရာရာ ပြည့်စုံအောင် စဉ်းစားပေးတာပဲ။ ကျေးဇူးပါပဲ” ဟု ဆိုလိုက်သည်။
“ကျေးဇူး မတင်နဲ့ဦး... ငါ နင့်ကို ခိုင်းစရာ တစ်ခု ရှိသေးတယ်”
စီမာဝေက “အရှေ့ဖျား စစ်ဒေသ တပ်မှူး ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုက အခု အသည်းအသန် ဖျားနေတယ်။ ရုရှားနိုင်ငံက ဆရာဝန်တွေလည်း ဘာမှ မတတ်နိုင်ကြတော့ဘူး။ အဲဒါကြောင့် ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး ဆရာဝန်တွေကို အကူအညီ တောင်းနေကြတာ။ ရှာရာပိုဗာက ငါတို့ ရွှမ်ယွမ်စံအိမ်အနေနဲ့ ဗိုလ်ချုပ်ကြီးကို ကုပေးဖို့ အဆင့်မြင့် တိုင်းရင်းဆေးဆရာ တစ်ယောက်လောက် ကူရှာပေးဖို့ မျှော်လင့်နေတာ။ အဲဒါနဲ့ ငါက နင့်ကို အကြံပြုလိုက်တာပဲ”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါ ရုရှားနိုင်ငံကို တာဝန်နဲ့ သွားတုန်းက ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုက ငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်။ အခု အဲဒီကျေးဇူးကို ငါ ပြန်ဆပ်ချင်တာလည်း ပါတယ်။ နောက်ပြီး သူက အရှေ့ဖျားဒေသ တစ်ခုလုံးမှာ ဩဇာအာဏာ အရှိဆုံးလူပဲ။ နင်သာ သူ့ကို ကုပေးနိုင်ရင် နင့်ရဲ့ အာတိတ်ခရီးစဉ်က အများကြီး ချောမွေ့သွားလိမ့်မယ်”
***