“ဒါက ပြဿနာ မရှိပါဘူး။ ငါက အသက်မွေးဝမ်းကျောင်းအရ သမားတော် တစ်ယောက်ပဲလေ။ လူနာကုရတာက ငါ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး”
ယဲ့ပုဖန်သည် သူ၏ ဆေးပညာအပေါ်တွင် အလွန်အမင်း ယုံကြည်ချက် ရှိပေသည်။ ယခုအခါ သူက ကျူးယိုး မန္တန်အတတ်ပညာကိုပါ ဆက်ခံရရှိထားသည် မဟုတ်ပါလား။
“ဒါဆိုရင်လည်း သွားတော့... ဒါပေမဲ့ တစ်ခုတော့ မှတ်ထားဦး။ ရုရှားနိုင်ငံဆိုတာ ချောမောလှပတဲ့ အမျိုးသမီးတွေ ပေါများတာကြောင့် နာမည်ကြီးတယ်။ အဲဒီရောက်ရင် ဟိုဟိုဒီဒီ မျက်စိကစားပြီး လျှောက်မပွေနဲ့ဦး”
ယဲ့ပုဖန်မှာ ဆွံ့အသွားရကာ “ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး” ဟု မချိတင်ကဲ ပြန်ပြောလိုက်ရသည်။
စီမာဝေက “နင့်ကိုယ်နင် ဘယ်လိုထင်လို့လဲ။ နင်သာ ဒီလောက်အထိ မိန်းကလေးတွေနဲ့ မပွေခဲ့ရင် ငါတို့ မြောက်ဝင်ရိုးစွန်းအထိ သွားနေစရာ လိုပါ့မလား”
“အဲဒါက...”
ယဲ့ပုဖန် တစ်ယောက် ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီး ဖြစ်နေသည် မဟုတ်ပါလား…။
ဖုန်းချပြီးနောက် လေယာဉ်ပေါ် ရောက်သည်နှင့် ယဲ့ပုဖန်သည် ကြိုတင် ပြင်ဆင်ထားသော စာအုပ် စာတမ်းများကို ထုတ်ယူကာ ရုရှားနိုင်ငံ၏ ဘာသာစကားကို စတင်သင်ယူလေတော့သည်။ သူ့တွင် စိတ်ဝိညာဉ်အာရုံ ရှိနေသည့်အတွက် သင်ယူမှုအရှိန်မှာ အလွန်ပင် လျင်မြန်လှ၏။ တစ်ခါ ကြည့်လိုက်ရုံဖြင့် ဓာတ်ပုံရိုက်ထားသကဲ့သို့ အရာအားလုံးကို မှတ်မိနိုင်ပေသည်။
ဆယ်နာရီကျော် ကြာပြီးနောက် လေယာဉ် ဆင်းသက်ချိန်တွင်မူ သူသည် ရုရှားနိုင်ငံ၏ ဘာသာစကားကို အလုံးစုံ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အသံထွက်မှာလည်း တိပ်ခွေထဲမှ အသံအတိုင်း တိကျလှသဖြင့် အမှားအယွင်း ဟူ၍ အစအနပင် မရှိတော့ပေ။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ယဲ့ပုဖန်သည် လူအုပ်နှင့်အတူ လေဆိပ်ပြင်ပသို့ ထွက်လာကာ ရုရှားနိုင်ငံ၏ မြေပေါ်သို့ တရားဝင် ခြေချလိုက်တော့သည်။
လူတို့သည် ရုရှားနိုင်ငံအကြောင်း ပြောလျှင် အထင်ကရ အချက်နှစ်ချက်ကို ပြေးမြင်တတ်ကြသည်။ ပထမအချက်မှာ ရဲရင့်သော တိုက်ခိုက်ရေးစိတ်ဓာတ် ရှိသည့် လူမျိုးဖြစ်ခြင်းနှင့် ဒုတိယအချက်မှာ အလွန် လှပသော အမျိုးသမီးများ ပေါများခြင်းပင် ဖြစ်သည်။
ရုရှားနိုင်ငံမှ အမျိုးသမီးများသည် ကော့ကေးရှန်းအနွယ်ဝင်များ ဖြစ်ကြပြီး ဖြူဝင်းသော အသားအရေနှင့် လှပသော မျက်နှာများ ရှိကြရာ “အသားဖြူမှ လှသည်” ဟု ယူဆသော တရုတ်လူမျိုးတို့၏ အလှအပ စံနှုန်းနှင့် အပြည့်အဝ ကိုက်ညီနေပေသည်။
ယဲ့ပုဖန် လေဆိပ်ထွက်ပေါက်မှ ထွက်လာစဉ် သူ၏ အကြည့်မှာ အရပ်ရှည်ရှည်နှင့် အမျိုးသမီး တစ်ဦးထံတွင် တန့်သွား၏။ ဤနေရာတွင် လှပသော အမျိုးသမီးများစွာ ရှိနေသော်လည်း ထိုအမျိုးသမီးမှာမူ ပို၍ပင် ထင်ရှားနေပေသည်။
သူမမှာ အရပ်မြင့်ကာ ရွှေရောင်ဆံနွယ်များက ပုခုံးထက်တွင် ရေတံခွန်အလား စီးကျနေပြီး လှပသော မျက်လုံးအစုံမှာလည်း ထူးခြားစွာ ဆွဲဆောင်မှု ရှိနေသည်။ အရေးကြီးဆုံးအချက်မှာ သူမ ဝတ်ဆင်ထားသော သပ်ရပ်သည့် စစ်ဝတ်စုံက သူမ၏ ပြစ်ချက်မရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေကာ ရဲစွမ်းသတ္တိရှိသော စစ်သမီးတစ်ဦး၏ အသွင်ကိုလည်း ဆောင်နေခြင်းပင်။
ယဲ့ပုဖန်သည် ရှာရာပိုဗာနှင့် တစ်ခါမှ မဆုံဖူးသော်လည်း လေဆိပ်တစ်ခုလုံးတွင် စစ်ဝတ်စုံနှင့် လှပသော အမျိုးသမီးဟူ၍ သူမတစ်ယောက်တည်းသာ ရှိနေသဖြင့် သူမပင် ဖြစ်ရမည်ဟု မှတ်ချက်ပြုလိုက်သည်။
သူ သူမအနီးသို့ လျှောက်သွားကာ “ခွင့်ပြုပါ... မစ္စရှာရာပိုဗာလားခင်ဗျာ” ဟု မေးလိုက်သည်။
“ကျွန်မပါပဲ”
ရှာရာပိုဗာက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် ဝေခွဲမရသော အမူအရာဖြင့် “ရှင်က ယဲ့ပုဖန်လား” ဟု ပြန်မေး၏။
သူမသည် ဤအတောအတွင်း တရုတ်တိုင်းရင်းဆေးပညာအကြောင်း အနည်းငယ် လေ့လာထားခဲ့သည်။ အနောက်တိုင်း ဆေးပညာနှင့် မတူသည်မှာ တိုင်းရင်းဆေးပညာတွင် အသက်ကြီးလေလေ၊ ဆေးပညာ ပို၍ ရင့်ကျက်လေလေ ဖြစ်ပြီး ပို၍ တန်ဖိုးရှိလေလေ ဖြစ်ကြောင်း သူမ သိရှိထားသည်။
စီမာဝေက သူမကို ကြိုတင်ပြောထားသော်လည်း သူမ၏ စိတ်ကူးထဲတွင် တရုတ်တိုင်းရင်းဆေး သမားတော်ကောင်း တစ်ဦးသည် အနည်းဆုံး အသက် ၄၀ သို့မဟုတ် ၅၀ ကျော်ခန့် ရှိရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ရှေ့တွင် မြင်နေရသော လူမှာမူ သူမထက်ပင် ငယ်နေဦးမည်ဟု ထင်ရပေသည်။
ယဲ့ပုဖန်က ခေါင်းငြိမ့်ပြလိုက်ရာ ရှာရာပိုဗာက “ရှင်က တကယ်ပဲ တရုတ်တိုင်းရင်းဆေး သမားတော် တစ်ယောက် ဟုတ်ရဲ့လား” ဟု ထပ်မေးပြန်သည်။
“သေချာပါတယ်”
“ဒါကတော့...”
ရှာရာပိုဗာ၏ မျက်နှာတွင် ဝေခွဲမရသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသာ စီမာဝေ၏ စရိုက်ကို မသိလျှင် သူမ လှည့်စားခံလိုက်ရပြီဟု ထင်မိပေလိမ့်မည်။
ဤမျှ ငယ်ရွယ်သောသူက မည်သို့လျှင် ထူးချွန်သော တိုင်းရင်းဆေး သမားတော် ဖြစ်နိုင်ပါအံ့နည်း။ အနောက်တိုင်း သမားတော် ဆိုလျှင်ပင် တက္ကသိုလ်မှ ဘွဲ့ရဦးမည် မဟုတ်ချေ။
ယဲ့ပုဖန်သည် သူမ၏ အတွေးများကို ရိပ်မိသော်လည်း အနည်းငယ် ပြုံးလိုက်ကာ “အရင်ဆုံး ကားပေါ်တက်ပြီးမှ စကားပြောကြတာပေါ့” ဟု ဆိုလိုက်သည်။
“အို... ဟုတ်ကဲ့ပါ”
ရှာရာပိုဗာသည် သူမ၏ အမူအရာမှာ အနည်းငယ် မယဉ်ကျေးသကဲ့သို့ ဖြစ်သွားသည်ကို သတိပြုမိသွားကာ ယဲ့ပုဖန်ကို ဘေးရှိ စစ်စိမ်းရောင် ဂျစ်ကားဆီသို့ ခေါ်ဆောင်သွားတော့သည်။
ကားပေါ်ရောက်ပြီးနောက် သူမသည် ကားကို လေဆိပ်ပြင်ပသို့ မောင်းထွက်လိုက်ရင်း ခဏမျှ တုံ့ဆိုင်းနေပြီးမှ “မစ္စတာယဲ့... မစ္စစီမာဝေက ရှင့်ကို ပြောပြီးသားလို့ ထင်ပါတယ်။ အခု နေမကောင်းဖြစ်နေတာက ကျွန်မတို့ရဲ့ ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုပါ။ သူက သိပ်ကို အရေးပါတဲ့လူမို့လို့ နောက်ပြောင်နေလို့ မရဘူးနော်”
“ကျွန်တော် သိပါတယ်”
ယဲ့ပုဖန်၏ ဂရုမစိုက်သော အမူအရာကို မြင်သော် ရှာရာပိုဗာက “ရှင်က တကယ်ပဲ တရုတ်တိုင်းရင်းဆေး သမားတော် တစ်ယောက် ဟုတ်လို့လား” ဟု ထပ်မံ မေးမြန်းပြန်သည်။
သူမ စိုးရိမ်သည်မှာလည်း မဆန်းပေ။ ဗိုလ်ချုပ်ကြီး ဖျားနာနေချိန်တွင် သူမသာ ဆရာဝန်ကောင်းကို ခေါ်လာနိုင်လျှင် သူမအတွက် နောင်ရေးမှာ အလွန် တောက်ပပေလိမ့်မည်။
သို့သော် သူမ ခေါ်လာသော ဆရာဝန်မှာ အားမကိုးရဘဲ ဗိုလ်ချုပ်ကြီး၏ အခြေအနေကို ပိုဆိုးစေကာ အသက်အန္တရာယ်အထိ ဖြစ်သွားစေလျှင်မူ သူမ၏ ဘဝမှာလည်း အဆုံးသတ်သွားပေလိမ့်မည်။ ယဲ့ပုဖန်သည် လှပသော စစ်ဗိုလ်မလေးကို ကြည့်လိုက်ကာ မိမိကိုယ်မိမိ သက်သေပြရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။
“မင်းရဲ့ ဓမ္မတာက လွန်ခဲ့တဲ့ သုံးရက်ကမှ စခဲ့တာ မဟုတ်လား”
“ရှင်... မစ္စတာယဲ့... ရှင် ဘာတွေ ပြောနေတာလဲ”
ရှာရာပိုဗာမှာ အံ့အားသင့်သွားကာ ကားမောင်းနေရင်းပင် လန့်သွားတော့သည်။
“ကျွန်တော် ပြောတာက မင်းရဲ့ ဓမ္မတာက လွန်ခဲ့တဲ့ သုံးရက်က စခဲ့တာလို့ ပြောတာပါ။ မင်းရဲ့ နေထိုင်မှုပုံစံက ပုံမှန် မဟုတ်တာ၊ တစ်နှစ်ပတ်လုံး ရေအေးတွေ သောက်တာနဲ့ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေး မထားတာတွေကြောင့် မင်းရဲ့ ကိုယ်တွင်းမှာ အအေးဓာတ်တွေ အများကြီး ရှိနေတယ်”
“အအေးဓာတ် များလွန်းရင် အမျိုးသမီးတွေမှာ သားအိမ်အေးခြင်းကို ဖြစ်စေပြီး အဲဒါက ကလေး မရနိုင်တာနဲ့ ဓမ္မတာ မမှန်တာတွေကို တိုက်ရိုက် ဖြစ်စေတယ်။ မင်းက အခုထိ အိမ်ထောင်မရှိသေးသလို ရည်းစားတောင် မရှိသေးတော့ ဒါကို သတိမထားမိသေးတာ။ ဒါပေမဲ့ ဓမ္မတာ မမှန်တာကတော့ သိပ်ကို ပြင်းထန်နေပြီ။ မင်းရဲ့ ပြီးခဲ့တဲ့ ဓမ္မတာက လွန်ခဲ့တဲ့ နှစ်ပတ်တောင် မပြည့်သေးဘူး မဟုတ်လား။ အခု တစ်ခါ ပြန်လာပြန်ပြီ။ ကြည့်ရတာ ကျွန်တော် ပြောတာ မမှားဘူး ထင်တယ်”
ရှာရာပိုဗာ တစ်ယောက် ဆွံ့အသွားတော့သည်။ အလွန်အမင်း အံ့သြသွားမှုကြောင့် သူမ ကားမောင်းနေသည်ကိုပင် မေ့သွားတော့မတတ်ပင်။
ဒီလူက... ဘယ်သူလဲ။ သူက နတ်ဆိုးများလား။
သူက သူမရဲ့ ခန္ဓာကိုယ်အကြောင်းကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အသေးစိတ် သိနေရတာလဲ။ သူမရဲ့ မိခင်တောင်မှ ဒီလောက်အထိ အသေးစိတ် မသိနိုင်ပေ။
ယဲ့ပုဖန်က ရှေ့သို့ လက်ညှိုးညွှန်ကာ “မစ္စရှာရာပိုဗာ... ကားကို ဂရုစိုက်မောင်းပါဦး” ဟု သတိပေးလိုက်ရသည်။
“အို... ဟုတ်ကဲ့”
ရှာရာပိုဗာ သတိဝင်လာကာ ကားကို ပြန်တည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ “မစ္စတာယဲ့... ရှင် ဒါတွေကို ဘယ်လို သိတာလဲ” ဟု မေးလိုက်သည်။
“တရုတ်တိုင်းရင်းဆေးပညာမှာ ကြည့်၊ နားထောင်၊ မေး၊ စမ်းသပ် ဆိုတဲ့ ရောဂါရှာဖွေနည်း ၄ မျိုး ရှိတယ်။ ဒါကြောင့် ကြည့်ရုံနဲ့တင် သိနိုင်တာပေါ့” ဟု ယဲ့ပုဖန်က ဆိုသည်။
“နောင်ကျရင် မင်းရဲ့ နေထိုင်မှုပုံစံကို ပြုပြင်ဖို့ လိုမယ်။ ရေနွေးများများသောက်ပြီး ရေအေးကို လျှော့သောက်၊ ဆောင်းတွင်းမှာလည်း ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေး ထားဖို့ ဂရုစိုက်ပါ”
ရှာရာပိုဗာက “ဒါပေမဲ့ ဒါက ကျွန်မတို့ ရုရှားနိုင်ငံရဲ့ ထုံးစံပဲလေ။ ကျွန်မတင် မဟုတ်ဘူး။ လူတိုင်းက ဒီလိုပဲ နေကြတာ” ဟု မကျေမနပ် ပြောရှာသည်။
“အလေ့အထတိုင်းက ကောင်းတာတော့ မဟုတ်ဘူး။ မင်းတို့က အအေးဒဏ်နဲ့ ဒီလိုနေထိုင်မှုပုံစံကို နေသားကျနေပြီ ဆိုပေမဲ့လည်း ခန္ဓာကိုယ် အပေါ်မှာတော့ ထိခိုက်မှုတွေ အမျိုးမျိုး ရှိနေမှာပဲ။ ဥပမာပြောရရင် မင်းတို့ ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ အကျယ်ဆုံးနိုင်ငံ ဖြစ်နေပေမဲ့ လူဦးရေက နည်းပါးနေပြီး မွေးဖွားနှုန်းကလည်း အမြဲတမ်း နိမ့်ကျနေတာပဲ။ တခြား အကြောင်းပြချက်တွေ အပြင် နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။ အဲဒါက ဒီက အမျိုးသမီးတွေမှာ သားအိမ်အေးတဲ့ ဝေဒနာ ခံစားနေရတာပဲ။ သားအိမ်အေးရင် ကိုယ်ဝန်ရဖို့ သိပ်ခက်ခဲသွားလိမ့်မယ်”
ရှာရာပိုဗာသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် “မစ္စတာယဲ့... ကျွန်မဆီမှာ တခြား ဘာပြဿနာတွေ ရှိသေးလဲ မြင်နိုင်လား” ဟု ထပ်မေးပြန်သည်။
ယဲ့ပုဖန်က ဆက်၍ “မင်းက နှစ်အတော်ကြာ လေ့ကျင့်ခန်း လုပ်ထားတာကြောင့် ခန္ဓာကိုယ်ကတော့ ကြံ့ခိုင်မှု ရှိပါတယ်။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ခံအားစနစ်က ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပြီး အသားအရေကလည်း ဓာတ်မတည့်မှု ဖြစ်လွယ်တယ်။ အထူးသဖြင့် နေရောင်နဲ့ ထိတွေ့ရင် အသားလောင်တာမျိုး အလွယ်တကူ ဖြစ်တတ်တယ်...”
“အို... မစ္စတာယဲ့... ရှင်က တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ။ အဲဒါကိုတောင် သိနိုင်တယ်လား”
ယခုအခါ ရှာရာပိုဗာသည် ယဲ့ပုဖန်၏ ဆေးပညာအပေါ် လုံးဝ ဥဿုံ အထင်ကြီးသွားတော့သည်။ ဓမ္မတာအကြောင်းမှာ တိုက်ဆိုင်၍ မှန်နိုင်သည် ဆိုဦးတော့… သူမ၏ အသားအရေ ဓာတ်မတည့်မှုကိုပါ မြင်နိုင်ခြင်းမှာမူ တကယ့် ပညာရှင်ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
“မစ္စတာယဲ့... ကျွန်မရဲ့ ရောဂါကို ကုလို့ ရမလား”
“ဘယ်တစ်ခုကို ပြောတာလဲ” ဟု ယဲ့ပုဖန်က ပြန်မေးကာ သူမ မဖြေခင်မှာပင် “တကယ်တော့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အအေးဓာတ်ကြောင့်ဖြစ်တဲ့ ဓမ္မတာ မမှန်တာပဲဖြစ်ဖြစ်၊ ဓာတ်မတည့်တာပဲ ဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးနဲ့ ကုလို့ ရပါတယ်”
ပြောပြောဆိုဆိုပင် သူသည် ကြိုတင်ပြင်ဆင်လာသော ကျောပိုးအိတ်ထဲမှ စက္ကူနှင့် ဘောပင်ကို ထုတ်ယူကာ ဆေးညွှန်းနှစ်စောင် ရေး၍ သူမထံသို့ ပေးလိုက်လေတော့သည်။
***