ယဲ့ပုဖန်က “ဒါက တရုတ်တိုင်းရင်းဆေး ဆေးညွှန်းနှစ်စောင်ပါ။ တစ်စောင်က မင်းရဲ့ အေးစက်တဲ့ ကိုယ်ခံအားကို ကုဖို့ဖြစ်ပြီး နောက်တစ်စောင်ကတော့ ဓာတ်မတည့်တာကို ကုဖို့ပါ” ဟု ပြောရင်း “ညွှန်ကြားချက်အတိုင်း သောက်မယ်ဆိုရင် မင်းရဲ့ဝေဒနာတွေက လဝက်အတွင်းမှာတင် အမြစ်ပြတ် ပျောက်ကင်းသွားလိမ့်မယ်” ဟု ဆိုလေသည်။
“တကယ်လား... အဲဒါဆို သိပ်ကောင်းတာပဲ”
ရှာရာပိုဗာက ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး ဆေးညွှန်းနှစ်စောင်ကို ဝမ်းသာအားရ ယူကာ သူမ၏ အိတ်ထဲသို့ သေသေချာချာ ထည့်လိုက်သည်။
“အရမ်းကောင်းတာပဲ။ နောက်ဆုံးတော့ ငါလည်း အပြင်ထွက်ပြီး နေပူစာလှုံလို့ ရပြီ။ မစ္စတာယဲ့... မင်းက အခုကစပြီး ငါ့သူငယ်ချင်းပဲ။ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်”
သူမ၏ စိတ်လှုပ်ရှားမှုကို မြင်သော် ယဲ့ပုဖန် အနည်းငယ် အံ့သြသွားကာ “နေပူစာလှုံရတာက မင်းအတွက် ဒီလောက်တောင် အရေးကြီးလို့လား” ဟု မေးလိုက်သည်။
ရှာရာပိုဗာက ကားကို ပြန်စက်နှိုးကာ မောင်းထွက်ရင်း “အရေးကြီးတာပေါ့။ ငါတို့ ရုရှားနိုင်ငံမှာ အမျိုးသမီး တစ်ယောက်က အသားအရမ်းဖြူနေရင် ရည်းစားရဖို့ သိပ်ခက်တယ်။ အသားညိုမှ လူကြိုက်များတာ။ ဒါပေမဲ့ စိတ်မကောင်းစရာက ငါက အသားအရေ ဓာတ်မတည့်တဲ့ ပြဿနာရှိတော့ နေပူထဲ လုံးဝ ထွက်လို့မရဘူး။ အဲဒါကြောင့်လည်း အခုထိ ရည်းစားမရှိသေးတာပေါ့”
“အဲဒါကတော့...”
တရုတ်လူမျိုးတစ်ဦးအနေဖြင့် ယဲ့ပုဖန်၏ အလှအပဆိုင်ရာ အယူအဆများမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားရတော့သည်။ တခြားအရာများကို ထားလိုက်ဦး… တရုတ်နိုင်ငံတွင် အသားဖြူဝင်းစေသည့် ပစ္စည်းများမှာ အရောင်းရဆုံးပင်။
အမျိုးသမီးတစ်ဦးသည် ဖြူလေလေ လူကြိုက်များလေလေ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အသားညိုသော မိန်းကလေးများမှာမူ ရည်းစားရရန် ခက်ခဲတတ်ကြပေသည်။
“မစ္စရှာရာပိုဗာ... မင်း တရုတ်နိုင်ငံကို လာဖို့ စဉ်းစားသင့်တယ်နော်။ မင်းလို အလှမျိုးက ငါတို့ဆီမှာ သိပ်ကို လူကြိုက်များတာ။ ငါတို့ဆီမှာ အသားဖြူရင် အပြစ်တစ်ရာ ဖုံးတယ် ဆိုတဲ့ စကားပုံတောင် ရှိတယ်”
“တကယ်လား... ဒါဆို တစ်နေ့နေ့တော့ တရုတ်နိုင်ငံကို သွားလည်ပြီး ရည်းစားတစ်ယောက်လောက် ရှာရဦးမယ်”
ဆေးညွှန်းနှစ်စောင်က သူတို့နှစ်ဦးကြားရှိ စိမ်းသက်မှုကို လျင်မြန်စွာ ပျောက်ကွယ်သွားစေခဲ့ပြီး ရှာရာပိုဗာသည်လည်း စကားများကို တရစပ် ပြောဆိုလာတော့သည်။
“ငါတို့ ရုရှားနိုင်ငံမှာ မိန်းကလေးတွေအတွက် ရည်းစားရှာရတာ သိပ်ခက်တယ်။ အထူးသဖြင့် အသားဖြူတဲ့သူတွေပေါ့။ ငါတို့နိုင်ငံမှာ အမျိုးသားက သန်း ၆၀ ကျော်ပဲရှိပြီး အမျိုးသမီးက သန်း ၇၀ ကျော်တောင် ရှိတာ။ ၁၀ သန်းလောက်ကို ပိုနေတာလေ”
ယဲ့ပုဖန်က “တရုတ်နိုင်ငံကို လာခဲ့ပါ... တရုတ်နိုင်ငံမှာတော့ အဲဒီရဲ့ ဆန့်ကျင်ဘက်ပဲ။ အမျိုးသားက အမျိုးသမီးထက် ပိုများတယ်” ဟု ရယ်မောရင်း ပြောလိုက်သည်။
ရှာရာပိုဗာကလည်း “အဲဒါ စိတ်ကူးကောင်းပဲ” ဟု ရယ်မောကာ ပြန်ပြော၏။
မိနစ်အနည်းငယ်ကြာ စကားပြောဆိုပြီးနောက် ရှာရာပိုဗာ၏ အပြုံးများ ပျောက်ကွယ်သွားကာ တည်ငြိမ်သော လေသံဖြင့် “မစ္စတာယဲ့... ငါတို့ ဗိုလ်ချုပ်ကြီးက ဒီတစ်ခါ တကယ် အသည်းအသန် ဖြစ်နေတာ။ ရှင် ကြိုတင်ပြင်ဆင်ထားသင့်တယ်” ဟု ဆိုသည်။
ယဲ့ပုဖန်က “အခြေအနေ အသေးစိတ်ကို ပြောပြပေးနိုင်မလား” ဟု မေးလိုက်သည်။
“ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုက အရှေ့ဖျားဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တာ နှစ်အတော်ကြာပြီ။ ရုရှားနိုင်ငံ တစ်ခုလုံးမှာလည်း ဩဇာအာဏာ အလွန်ကြီးမားတဲ့သူပဲ။ ဒါပေမဲ့ သူက အသက် အရမ်းကြီးနေပြီ။ ဒီနှစ်ဆို ၈၅ နှစ်ရှိပြီ။ ရောဂါရဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ်တွင်းအင်္ဂါတွေ အိုမင်းရင့်ရော်လာတာပဲ။ အနောက်တိုင်းဆေးပညာအရတော့ ဒါက ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တာ လို့ သတ်မှတ်ထားပြီး ပြန်ကောင်းဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ အဲဒါကြောင့်ပဲ တခြားနိုင်ငံက ဆရာဝန်တွေကို ဖိတ်ခေါ်ပြီး ဗိုလ်ချုပ်ကြီးကို ကုသဖို့ ကြိုးစားနေရတာပေါ့”
ယဲ့ပုဖန်က ခေါင်းငြိမ့်ကာ “သဘောပေါက်ပါပြီ” ဟု ဆိုလိုက်သည်။
ရှာရာပိုဗာက “မစ္စတာယဲ့… ရှင် ဒီလူနာကို ကယ်နိုင်ဖို့ ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ” ဟု မေးသည်။
“အပြည့်အဝပဲ”
ယဲ့ပုဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ရှေးဟောင်းဆေးပညာ အမွေအနှစ်ကို ဆက်ခံပြီးကတည်းက ဝမ်ရွှယ်နင် အဆိပ်မိစဉ်ကလွဲ၍ သူ မကုသနိုင်သော ရောဂါဟူ၍ မရှိခဲ့ပေ။ ရှက်ဗ်ချန်ကိုတွင် အသက်ရှူငွေ့ တစ်ချက်မျှ ကျန်နေသေးသရွေ့ သူ ကယ်တင်နိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
ရှာရာပိုဗာမှာ အလွန် စိတ်လှုပ်ရှားသွားပေသည်။ ယဲ့ပုဖန်က ဤစကားကို ယခင်က ပြောခဲ့လျှင် သူမ လုံးဝ ယုံကြည်မည် မဟုတ်သော်လည်း ယခုမူ ဤလူငယ်တွင် စွမ်းရည်အစစ်အမှန် ရှိနေကြောင်း သူမ ခံစားနေရသည်။
စကားပြောနေစဉ်အတွင်း ဂျစ်ကားသည် စစ်စခန်းကြီးတစ်ခုအတွင်းသို့ မောင်းဝင်သွားသည်။ နေရာအနှံ့တွင် ကင်းစောင့်စစ်သားများနှင့် ကင်းပုန်းများ ချထားပြီး လုံခြုံရေးမှာ အလွန်ပင် တင်းကျပ်လှ၏။ ရှာရာပိုဗာပင်လျှင် အကြိမ်ကြိမ် အစစ်ဆေးခံပြီးမှ စခန်းအတွင်းသို့ ဝင်ခွင့်ရခဲ့သည်။
စစ်စခန်း၏ အလယ်ဗဟိုတွင် ရှက်ဗ်ချန်ကို နေထိုင်ရာ သုံးထပ်တိုက် အဆောက်အအုံ ရှိနေသည်။ သူတို့နှစ်ဦး အခန်းအတွင်းသို့ ဝင်လိုက်လျှင် လူနာကုတင်ကို ဝိုင်းနေကြသော အင်္ကျီအဖြူဝတ် ဆရာဝန် တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
လူနာကုတင်ပေါ်တွင် ဆံပင်ဖြူဖြူနှင့် အသားဖြူအမျိုးသားကြီးတစ်ဦးမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ သတိလစ် မေ့မြောနေပေသည်။ ဘေးရှိ စက်ကိရိယာများမှ ထွက်ပေါ်လာသော အချက်ပေးသံများက ထိုအမျိုးသားကြီးသည် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ကြောင်း သတိပေးနေသကဲ့သို့ ရှိသည်။
ကုတင်ဘေးတွင် ရှက်ဗ်ချန်ကို၏ သားဖြစ်သူ ဗိုလ်ချုပ်ကြီးတစ်ဦး မတ်တပ်ရပ်နေ၏။ သူသည် ကုတင်ပေါ်မှ ဖခင်ဖြစ်သူကို ကြည့်ကာ အလွန်ပင် စိုးရိမ်ပူပန်နေပုံ ရသည်။
ရှက်ဗ်ချန်ကိုသည် အသက် ၈၅ နှစ် ရှိပြီ ဖြစ်သော်လည်း ရုရှားနိုင်ငံ၏ စစ်တပ်အတွင်း၌ အလွန် ဩဇာကြီးမားဆဲ ဖြစ်သည်။ သူ၏ သားဖြစ်သူမှာလည်း ဗိုလ်ချုပ်အဆင့်အထိ တက်လှမ်းထားနိုင်သော်လည်း နေရာမမြဲသေးပေ။
ဖခင်ဖြစ်သူသာ နောက်ထပ် ၃ နှစ်မှ ၅ နှစ်ခန့်အထိ ထောက်ခံပေးနိုင်ဦးမည်ဆိုလျှင် သူ၏ အခြေအနေမှာ လုံးဝ ခိုင်မာသွားပေလိမ့်မည်။ သို့သော် ဖခင်ဖြစ်သူ ရုတ်တရက် ဖျားနာသွားခြင်းက သူ့ကို အကြီးအကျယ် သောကရောက်စေတော့သည်။
“ဒေါက်တာအန်ဒရူး... ဘယ်လိုလဲ။ ငါ့အဖေအတွက် မျှော်လင့်ချက် ရှိသေးလား”
ဗိုလ်ချုပ်ကြီး၏ မေးခွန်းကြောင့် မုတ်ဆိတ်မွေး ဗလပွနှင့် သက်လတ်ပိုင်း ဆရာဝန်တစ်ဦးက အနီးသို့ လျှောက်လာသည်။
“ဗိုလ်ချုပ်... လူနာက အခြေအနေ သိပ်ဆိုးနေပါပြီ။ သူ့ရဲ့ နှလုံး၊ အဆုတ်နဲ့ အသည်းတွေက အလုပ် မလုပ်တော့သလောက် ဖြစ်နေပြီ။ ကယ်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ နာရေးအတွက်သာ ပြင်ဆင်ထားလိုက်ပါတော့”
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း ဤစကားကို ကြားလိုက်ရချိန်တွင် ဗိုလ်ချုပ်ကြီးမှာ အလွန် ဝမ်းနည်း စိတ်ပျက်သွားရသည်။ ထိုစဉ် ယဲ့ပုဖန်နှင့် ရှာရာပိုဗာတို့ ဝင်လာကြ၏။
ရှာရာပိုဗာက “ဗိုလ်ချုပ်... ဒါက ကျွန်မ တရုတ်နိုင်ငံကနေ ဖိတ်ခေါ်လာတဲ့ ဒေါက်တာ ယဲ့ပုဖန်ပါ။ သူက ဆေးပညာမှာ သိပ်ပြီး ထူးချွန်တဲ့သူမို့ ဗိုလ်ချုပ်ကြီးရဲ့ ရောဂါကို သေချာပေါက် ကုပေးနိုင်ပါလိမ့်မယ်” ဟု ဆိုလိုက်သည်။
ဆရာဝန်များသည် ယဲ့ပုဖန်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ ဤဆရာဝန်မှာ ငယ်လွန်းနေသည် မဟုတ်ပါလား။
ဒေါက်တာအန်ဒရူးကမူ အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ မျက်နှာလွှဲသွား၏။ ဤမျှ ငယ်သော ဆရာဝန်ကို သူက လှောင်ပြောင်ရန်ပင် စိတ်မဝင်စားတော့ပေ။
ဗိုလ်ချုပ်ကြီး၏ အတွေးကို ရိပ်မိသဖြင့် ရှာရာပိုဗာက “ဗိုလ်ချုပ်... ဒေါက်တာယဲ့ရဲ့ ဆေးပညာက တကယ့်ကို ကောင်းပါတယ်။ တရုတ်တိုင်းရင်းဆေးပညာကလည်း သိပ်ကို အံ့သြဖို့ကောင်းတာမို့ သူ့ကို တစ်ခါလောက် စမ်းကုခွင့် ပေးလိုက်ပါဦး” ဟု တိုက်တွန်းသည်။
ဗိုလ်ချုပ်ကြီး ဝေခွဲမရ ဖြစ်သွား၏။ အန်ဒရူး ပြောသည့်အတိုင်းဆိုလျှင် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
အကယ်၍ စမ်းကုကြည့်လျှင်မူ တစ်သောင်းပုံ တစ်ပုံခန့် မျှော်လင့်ချက် ရှိနိုင်သေးသည်။
“ကောင်းပြီလေ... ဒေါက်တာယဲ့… ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
ဗိုလ်ချုပ်ကြီး၏ စကားသံမှာ အေးစက်နေပြီး စိတ်အားထက်သန်မှု မရှိပေ။ သူသည်လည်း မျှော်လင့်ချက် မရှိတော့သည့်အဆုံး နောက်ဆုံးလက်နက်အနေဖြင့် စမ်းကြည့်ခြင်းသာ ဖြစ်သည်။
ယဲ့ပုဖန်က ထိုအရာများကို ဂရုမစိုက်ပေ။ ရှက်ဗ်ချန်ကို၏ ရောဂါကို ကုသပေးနိုင်ရန်၊ စီမာဝေ၏ ကျေးဇူးကို ပြန်ဆပ်ရန်နှင့် မြောက်ဝင်ရိုးစွန်းသို့ သွားရာတွင် အကူအညီရယူရန်သာ သူ စိတ်ဝင်စားသည်။ တခြားလူများ၏ အထင်အမြင်မှာ သူ့အတွက် အရေးမပါပေ။
သူ ရှက်ဗ်ချန်ကိုအား ကုသရန် ပြင်လိုက်စဉ်မှာပင် အခန်းတံခါးမှာ ထပ်မံ ပွင့်သွားပြီး အရာရှိငယ် တစ်ဦးက ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးကို ခေါ်ဆောင်လာသည်။ ထိုအဖိုးအိုသည် အရှေ့အာရှသားပုံစံရှိပြီး အသက် ၈၀ ကျော်ခန့် ရှိပုံရသော်လည်း မျက်နှာမှာမူ နုပျိုကာ ကျန်းမာ ရွှင်လန်းနေပေသည်။ သူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဆေးသေတ္တာတစ်လုံးကို ကိုင်ဆောင်ထား၏။
အရာရှိငယ်က ဗိုလ်ချုပ်ကြီးထံ ချဉ်းကပ်ကာ “ဗိုလ်ချုပ်... ဒါက ကျွန်တော် တောင်ကိုရီးယားကနေ ဖိတ်ခေါ်လာတဲ့ မစ္စတာကင်ယောင်ကွမ်ပါ။ သူက ကိုရီးယားဆေးပညာရဲ့ ဆရာကြီး တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးရဲ့ ရောဂါကို သေချာပေါက် ကုပေးနိုင်ပါလိမ့်မယ်” ဟု မိတ်ဆက်ပေးလိုက်သည်။
ဗိုလ်ချုပ်ကြီးက ကင်ယောင်ကွမ်ကို ကြည့်လိုက်ပြီးနောက် ယဲ့ပုဖန်ကို ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ကင်ယောင်ကွမ်က နာမည်ကြီး ဆရာဝန်တစ်ဦးနှင့် ပို၍ တူနေပေသည်။
ရှာရာပိုဗာက “ဂါဗူးလော့ဗ်... ငါက ဒေါက်တာ ယဲ့ပုဖန်ကို ဖိတ်ထားပြီးသား။ သူက ထူးချွန်တဲ့ တရုတ်တိုင်းရင်းဆေးဆရာ တစ်ယောက်ပဲ” ဟု ဆိုလိုက်၏။ သူမနှင့် အရာရှိငယ် ဂါဗူးလော့ဗ်တို့သည် ရှက်ဗ်ချန်ကို၏ လက်ထောက်များ ဖြစ်ကြသလို ပြိုင်ဘက်များလည်း ဖြစ်ကြသည်။
ဂါဗူးလော့ဗ် ဘာမှ ပြန်မပြောခင်မှာပင် ကင်ယောင်ကွမ်က ဦးစွာ စကားဆိုလာသည်။
“ဟာသလုပ်နေတာပဲ တရုတ်တိုင်းရင်းဆေးဆိုတာ ငါတို့ ကိုရီးယားဆေးပညာဆီကနေ နည်းနည်းပါးပါး လေ့လာထားတာပဲ ရှိတာ။ အဲဒါနဲ့ ရောဂါကုမယ် ဟုတ်လား”
***