ရှာရာပိုဗာ၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားကာ ကင်ယောင်ကွမ်ကို စိုက်ကြည့်ရင်း “ရှင် အဲဒါ ဘာစကားပြောတာလဲ” ဟု ဒေါသတကြီး မေးလိုက်သည်။ သူမသည် စစ်တပ်အရာရှိ အမျိုးသမီး တစ်ဦးသာ ဖြစ်သဖြင့် ကိုရီးယားလူမျိုးတို့၏ ပင်ကိုစရိုက်ကို သဘာဝကျကျပင် နားမလည်ပေ။
ယဲ့ပုဖန်လည်း ထိုစကားကို ကြားသော် မျက်မှောင်ကြုတ်သွား၏။ အနှီလူက တကယ့်ကို အရှက်မရှိသည့် လူစားပင်။
ကိုရီးယားဆေးပညာသည် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ အမည်ပြောင်းလဲထားခြင်း ဖြစ်သည်။ ထိုမတိုင်မီက ၎င်းမှာ တရုတ်ပြည်၏ တိုင်းရင်းဆေးပညာကိုသာ အခြေခံထားခဲ့ပြီး “ဆေးဖက်ဝင် အပင်များ စုစည်းမှုကျမ်း”၊ “အဖျားရောဂါ ကုထုံးကျမ်း” နှင့် “ဟွမ်တီနဂါးမင်း၏ ကိုယ်တွင်းကျမ်း” ကဲ့သို့သော တရုတ်တိုင်းရင်းဆေးပညာ၏ မဟာကျမ်းကြီးများအပေါ်တွင်သာ အခြေတည်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် တရုတ်ဆေးပညာကို ရက်အနည်းငယ်မျှ သင်ယူပြီးနောက်တွင်မူ တရုတ်ဆေးပညာသည် သူတို့၏ ကိုရီးယားဆေးပညာမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ပြောင်းလဲ ပြောဆိုကာ ခိုးယူခြင်း ဟူသော စကားလုံးကိုပါ အသုံးပြုလာကြသည်။ ဤထက် ပို၍ အရှက်မရှိသောသူများ ရှိနိုင်ပါဦးမည်လော။
ကင်ယောင်ကွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန့်ညားသော အသွင်ဖြင့် ရပ်နေသည်။ တရုတ်ဆေးပညာနှင့် ကိုရီးယားဆေးပညာ အကြောင်းကို သူ အကောင်းဆုံး သိရှိထားပေသည်။
သူ၏ရှေ့တွင် ရပ်နေသူမှာ တရုတ်ဆေးပညာ၏ ဆရာကြီးတစ်ဦးသာ ဖြစ်ပါက သူသည် ဤမျှအထိ လျှောက်ပြောရဲမည် မဟုတ်ပေ။
သို့သော် ယခု ရှေ့တွင် ရှိနေသည်မှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ ထိုလူငယ်သည် မွေးကတည်းက တရုတ်ဆေးပညာကို သင်ယူခဲ့သည် ဆိုဦးတော့ အဘယ်မျှ တတ်မြောက်နိုင်ပါအံ့နည်း။ ထို့ကြောင့်လည်း သူသည် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားများကို ပြောဆိုရဲခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်... မင်းအနေနဲ့ မသိတာ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ တိုင်းရင်းဆေးပညာဆိုတာ မူလက ကျွန်တော်တို့နိုင်ငံရဲ့ ကိုရီးယားဆေးပညာကနေ ဆင်းသက်လာတာပါ”
“ဝမ်းနည်းစရာ ကောင်းတာက သူတို့က အခြေခံလေးပဲ သင်ယူထားကြပြီးတော့ အသုံးဝင်တဲ့ ပညာရပ်တွေကို သိပ်မတတ်ကြဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ကြီးကို ကုသဖို့ သူ့ကို ခွင့်မပြုပါနဲ့။ မဟုတ်ရင် သိပ်ကို ကြီးမားတဲ့ အမှားကြီး ဖြစ်သွားလိမ့်မယ်”
ဗိုလ်ချုပ်ကြီးနှင့် ရှာရာပိုဗာတို့မှာမူ အခြေအနေကို ကောင်းကောင်း နားမလည်ကြပေ။ ကင်ယောင်ကွမ်၏ စကားကို ကြားပြီးနောက် သူတို့နှစ်ဦးလုံး ဘာမှမပြောဘဲ ယဲ့ပုဖန်ကိုသာ လှည့်ကြည့်လိုက်ကြသည်။
ကင်ယောင်ကွမ်ကမူ အောင်နိုင်သူအလား ဝင့်ကြွားနေလေသည်။ ဤကဲ့သို့သော အကြောင်းအရာမျိုးမှာ သူ၏ ကိုယ်ပိုင်နိုင်ငံ၌ပင် ရှင်းပြရန် ခက်ခဲလှရာ ရုရှားနိုင်ငံကဲ့သို့သော ဘာမှမသိသည့် နေရာမျိုးတွင်မူ တစ်ဖက်လူမှာ သူ့အား မည်သို့မျှ ပြန်လည်မချေပနိုင်ဘဲ အရှုံးပေးသွားရလိမ့်မည်ဟု သူ ယုံကြည်နေသည်။
သူ၏ အပြုံးများ မပွင့်လန်းမီမှာပင် ဖြောင်းကနဲ ကျယ်လောင်လှသော ပါးရိုက်သံတစ်ခုသည် အခန်းအတွင်း ပဲ့တင်ထပ်သွားသည်။ ယဲ့ပုဖန်၏ လက်ဝါးချက်က ကင်ယောင်ကွမ်ကို ခုနစ်မီတာ၊ ရှစ်မီတာခန့် လွင့်ထွက်သွားစေကာ နံရံနှင့် ဘုန်းကနဲ ရိုက်မိသွားစေတော့သည်။
ယဲ့ပုဖန်၏ လှုပ်ရှားမှုမှာ မြန်လွန်းလှသဖြင့် လူအများစုမှာ ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။
သူသည် တစ်ရှူးတစ်ရွက်ကို ထုတ်၍ လက်ကို သုတ်လိုက်ကာ မြေပြင်ပေါ်၌ လဲကျနေသော ကင်ယောင်ကွမ်ကို ကြည့်၍ “အမှန်အတိုင်း ပြောရရင် မင်းလို သူများပစ္စည်းကို အမြဲတမ်း ခိုးယူတတ်တဲ့ ကောင်တွေကို ထိုးချင်နေတာ ကြာလှပြီ။ ဒီနေ့တော့ ငါ့ဆန္ဒ ပြည့်သွားတာပေါ့” ဟု အေးစက်စွာ ပြောလိုက်သည်။
အခန်းထဲရှိ လူတိုင်းမှာ မှင်သက်သွားကြ၏။ အနှီ လူငယ်ဆရာဝန်မှာ ထိုမျှအထိ စိတ်ကြီးကာ သတိပေးချက် မရှိဘဲ လူကို လက်ပါလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ရှာရာပိုဗာလည်း ထို့အတူပင်။ လမ်းတစ်လျှောက်လုံး ယဲ့ပုဖန်နှင့် ရယ်မောပြောဆိုလာခဲ့သဖြင့် သူ့ကို နူးညံ့သိမ်မွေ့သော စာပေသမားတစ်ဦးဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ ကြမ်းတမ်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ဂါဗူးလော့ဗ်ကမူ ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။ ကင်ယောင်ကွမ်မှာ သူ ဖိတ်ခေါ်လာသော ဧည့်သည် ဖြစ်သည့်အတွက် ဤသို့ ပါးရိုက်ခံရခြင်းမှာ သူ၏ မျက်နှာကို ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူသည် အိတ်ကပ်အတွင်းသို့ လက်နှိုက်ကာ ပစ္စတိုသေနတ်ကို ထုတ်၍ ယဲ့ပုဖန်၏ ဦးခေါင်းကို ချိန်လိုက်သည်။ သို့သော် သူ၏လက်မှာ အဆုံးအထိပင် မမြှောက်လိုက်ရသေးမီ သေနတ်မှာ တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားချေပြီ။
ယဲ့ပုဖန်က အေးစက်စွာဖြင့် “ငါက စိတ်တိုတတ်တယ်။ သေနတ်နဲ့ အချိန်ခံရတာကိုလည်း သိပ်မကြိုက်ဘူး။ ဒါက နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ” ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူသည် လက်နှစ်ဖက်ဖြင့် ဆုပ်ခြေလိုက်ရာ သံမဏိ ပစ္စတိုသေနတ်မှာ သံလုံး တစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဒုတ်ကနဲ မြေပြင်ပေါ်သို့ ကျသွားလေသည်။
ဗိုလ်ချုပ်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားကာ ဒေါသထွက်ရန် ပြင်လိုက်စဉ် ရှာရာပိုဗာက သူ၏ နားနားသို့ ကပ်၍ စကားအနည်းငယ် ကပ်ပြောလိုက်သည်။ တစ်ဖက်လူမှာ တရုတ်ပြည် ရွှမ်ယွမ်စံအိမ်မှ ဖြစ်ပြီး သူတို့နှင့်လည်း အကြိမ်ကြိမ် ပူးပေါင်း ဆောင်ရွက်ဖူးသူ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
“မစ္စတာယဲ့... ဒါက ကျွန်တော့်အဖေရဲ့ လူနာခန်းပါ။ သူ့ကို ထိုက်သင့်တဲ့ လေးစားမှု ပေးပါ”
ယဲ့ပုဖန်သည်လည်း သူသည် ရုရှားနိုင်ငံတွင် ရွှမ်ယွမ်စံအိမ်ကို ကိုယ်စားပြုထားသူဖြစ်ကြောင်း သတိထားမိသဖြင့် ပြဿနာ မရှာလိုပေ။
သူက အနည်းငယ် ပြုံးပြလိုက်ကာ “တောင်းပန်ပါတယ် ဗိုလ်ချုပ်ကြီး... ဒီလူရဲ့ ပါးစပ်က သိပ်ပြီး နံလွန်းလို့ ကျွန်တော် မအောင့်နိုင်ဖြစ်သွားတာပါ” ဟု ဆိုလိုက်သည်။
ကင်ယောင်ကွမ်သည် မြေပြင်မှ ထလာကာ အလကားနေရင်း ပါးရိုက်ခံလိုက်ရသည့်အတွက် အငြိုးအတေး ကြီးစွာဖြင့် ယဲ့ပုဖန်ကို လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။ “မင်း... လူမိုက်ဆန်ဆန် အကြမ်းဖက်တာက ဘာမှ ဂုဏ်ယူစရာ မရှိဘူး။ မင်း တကယ် စွမ်းတယ်ဆိုရင် ငါနဲ့ ဆေးပညာချင်း ပြိုင်ရဲလား”
ယဲ့ပုဖန်က သူ့ကို တစ်ချက်ကြည့်ကာ “ခင်ဗျားက ကျုပ်နဲ့ ဆေးပညာ ပြိုင်ဖို့ မထိုက်တန်ဘူး” ဟု ဆိုသည်။
“မထိုက်တန်ဘူး ဟုတ်လား။ မင်းက ငါ့ကို မထိုက်တန်ဘူးလို့ ပြောရဲတယ်ပေါ့လေ” ကင်ယောင်ကွမ်၏ မုတ်ဆိတ်မွေးများမှာ ဒေါသကြောင့် တုန်ခါနေတော့သည်။
“မင်း ငါနဲ့ လောင်းကြေးထပ်ရဲလား”
ယဲ့ပုဖန်က ပြတ်သားစွာပင် “ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး” ဟု ထပ်မံ ပြောလိုက်ပြန်သည်။
“ရောင့်တက်လိုက်တာ... တကယ့်ကို ရောင့်တက်နေတာပဲ။ မင်းတို့ရဲ့ တရုတ်ဆေးပညာဆိုတာ ငါတို့ ကိုရီးယားဆေးပညာဆီကနေ အပေါ်ယံလေးပဲ သင်ယူထားတာကို ငါ့ရှေ့မှာ လာပြီး ဟန်ရေး ပြနေတယ်ပေါ့လေ...”
ထိုလူက တရုတ်ဆေးပညာကို ထပ်မံ အထင်သေးပြောဆိုလာသည်ကို မြင်သော် ယဲ့ပုဖန်၏ မျက်နှာမှာ အေးစက်သွားကာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
“ထွက်သွား”
စကားတစ်လုံးတည်း ဖြစ်သော်လည်း ကင်ယောင်ကွမ်မှာ တုန်လှုပ်သွားရကာ ငြိမ်ကျသွားတော့သည်။ သူသည် ဤလူငယ်ကို ထပ်မံ ဒေါသဆွမိပါက ဤနေရာမှာပင် အသက်ပျောက်သွားနိုင်သည်ဟု သံသယဝင်မိသွားသည်။
သူ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ကာ အသံမာမာဖြင့် “မင်း... မင်း စောင့်နေလိုက်ဦး။ တရုတ်ပြည်က အသိဉာဏ်မဲ့တဲ့ ကောင်လေး” ဟု ဆိုကာ “အခု ငါ ဗိုလ်ချုပ်ကြီးကို ကုပြမယ်။ အဲဒီကျရင် တကယ့် ကိုရီးယားဆေးပညာဆိုတာ ဘာလဲ။ တကယ့် ဆေးပညာဆိုတာ ဘာလဲဆိုတာ မင်း သိစေရမယ်” ဟု ကြုံးဝါးလိုက်သည်။
သူသည် ဗိုလ်ချုပ်ကြီးဘက်သို့ လှည့်၍ “ကျွန်တော့်ကို ဗိုလ်ချုပ်ကြီးရဲ့ ရောဂါကို ကုသခွင့် ပေးပါ” ဟု တောင်းဆိုလိုက်၏။
ဗိုလ်ချုပ်ကြီးက “ရပါတယ်... မစ္စတာကင်… ခင်ဗျားသာ ကျွန်တော့်အဖေကို ကုပေးနိုင်ရင် ကျွန်တော် ထိုက်ထိုက်တန်တန် ဆုချပါမယ်” ဟု ဆိုလေသည်။
ရှာရာပိုဗာက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ယဲ့ပုဖန်က သူမကို တိတ်တဆိတ် ဆွဲထားကာ ဘေးကနေသာ ကြည့်နေရန် အချက်ပြလိုက်သည်။
သူသည် ရှက်ဗ်ချန်ကို၏ သွေးခုန်နှုန်းကို မစမ်းသပ်ရသေးမီကပင် လူနာ၏ အခြေအနေကို အတိုင်းသား မြင်နေရပြီ ဖြစ်သည်။ ဤကဲ့သို့သော ရောဂါမျိုးမှာ ကိုရီးယား တိုင်းရင်းဆေးဆရာလေး တစ်ယောက် တတ်နိုင်သည့် အဆင့်မဟုတ်ပေ။
သူ လုပ်ရမည့်အလုပ်မှာ ဘေးကနေ ထိုင်ကြည့်ပြီး ထိုလူ လူရယ်စရာ ဖြစ်သွားသည်ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
ကင်ယောင်ကွမ်မှာမူ ယဲ့ပုဖန်ကဲ့သို့ စွမ်းရည် မရှိပေ။ သူသည် လူနာ၏ အခြေအနေကို သိရှိရန် သွေးခုန်နှုန်းကို စမ်းသပ်ရပေမည်။ ခွင့်ပြုချက် ရသည်နှင့် သူသည် ယဲ့ပုဖန်ကို တစ်ချက် ဝင့်ကြွားစွာ ကြည့်လိုက်ပြီး ကုတင်ဘေးသို့ လျှောက်သွားသည်။
ကုတင်စွန်းတွင် ထိုင်ကာ ရှက်ဗ်ချန်ကို၏ သွေးခုန်နှုန်းကို စမ်းသပ်နေစဉ် အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်နှာမှာ ပို၍ ပို၍ ပျက်လာတော့သည်။ ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာသောအခါ သူ၏ နဖူးတွင် ချွေးစက်များပင် စတင် ထွက်ပေါ်လာချေပြီ။
ဗိုလ်ချုပ်ကြီးက စိုးရိမ်တကြီးဖြင့် “မစ္စတာကင်... ငါ့အဖေရဲ့ အခြေအနေ ဘယ်လိုလဲ။ မျှော်လင့်ချက် ရှိလား” ဟု မေးလိုက်သည်။
“အဲဒါက...”
ကင်ယောင်ကွမ်သည် သွေးခုန်နှုန်း စမ်းသပ်နေသော လက်ကို ပြန်ရုတ်လိုက်ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေပေသည်။ သူသည် ဝင့်ကြွားလှသော်လည်း ပညာအစစ်အမှန်တော့ အနည်းငယ် ရှိပေသည်။ သို့သော် သူ၏ ပညာမှာ ရှက်ဗ်ချန်ကို၏ ရောဂါကို ကုသရန် မလုံလောက်ချေ။
သူသည် ခြောက်ကပ်နေသော သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ “တောင်းပန်ပါတယ် ဗိုလ်ချုပ်ကြီး... ဗိုလ်ချုပ်ကြီးရဲ့ အခြေအနေက တကယ့်ကို ဆိုးရွားလွန်းနေပြီ။ သူက လူသေလက္ခဏာ ငါးပါး ဆိုက်နေပြီ”
“ဒီရောဂါကို နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ နာရေးအတွက်သာ ပြင်ဆင်ထားလိုက်ပါတော့”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဗိုလ်ချုပ်ကြီး၏ မျက်လုံးထဲမှ မျှော်လင့်ချက်များမှာ ပျောက်ကွယ်သွားကာ မျက်နှာမှာလည်း ချက်ချင်းပင် အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားတော့သည်။
ရှာရာပိုဗာကမူ ထိုအဖိုးအို ကုသနိုင်ခြင်း မရှိသည်ကို သိရသောအခါ တိတ်တဆိတ် စိတ်သက်သာရာ ရသွားပေသည်။
သူမသည် ဂါဗူးလော့ဗ်ကို တစ်ချက် ကြည့်လိုက်ပြီး “မစ္စတာကင်... စောစောကတော့ ဗိုလ်ချုပ်ကြီးကို သေချာပေါက် ကုနိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား” ဟု လှောင်ပြောင်လိုက်သည်။
“ကိုရီးယားဆေးပညာဆိုတာ ဘာလဲဆိုတာ ငါတို့ကို ပြဦးမှာ မဟုတ်လား။ တကယ့် ဆေးပညာဆိုတာ ဘာလဲဆိုတာ မျက်စိဖွင့်ပေးမှာ မဟုတ်လား။ အခုကျတော့ ဘာလို့ မကုနိုင်တော့တာလဲ။ ဒါဆို မင်းပြောတဲ့ ကိုရီးယားဆေးပညာဆိုတာ အပိုတွေ လျှောက်ပြောတတ်တဲ့ အတတ်ပညာလား”
မျက်နှာပြောင်လှသော ကင်ယောင်ကွမ်ပင်လျှင် ဤမျှ ပြင်းထန်သော လှောင်ပြောင်မှုကို မခံနိုင်တော့ပေ။ သူ၏ မျက်နှာအိုကြီးမှာ ခရမ်းရောင်သန်းနေကာ သွေးထွက်တော့မတတ်ပင်။
ဗိုလ်ချုပ်ကြီး၏ မနှစ်မြို့သော အကြည့်များကို ရင်ဆိုင်ရသောအခါ သူက အလျင်အမြန်ပင် “ဒါက ကျွန်တော့်အမှား မဟုတ်ပါဘူး။ ကိုရီးယားဆေးပညာက မစွမ်းတာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးရဲ့ ရောဂါက သိပ်ကို ပြင်းထန်လွန်းနေတာပါ။ ကျွန်တော်တင် မဟုတ်ဘူး။ တခြား ဘယ်သူမဆို ဒီရောဂါကို ကုနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”
ယဲ့ပုဖန်၏ နှုတ်ခမ်းများမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားကာ “ခင်ဗျားရဲ့ ကိုရီးယား ဆေးပညာက မစွမ်းတာကို တခြားလူတွေကိုပါ ဆွဲမထည့်ပါနဲ့။ ဟုတ်ပြီလား”
ထိုစကားကို ကြားသော် ကင်ယောင်ကွမ်သည် သူ၏ ဒေါသကို ပေါက်ကွဲရန် ပစ်မှတ်တစ်ခု တွေ့သွားသကဲ့သို့ “ကောင်လေး... မင်း ဘာသိလို့လဲ။ ငါတို့ ကိုရီးယားဆေးပညာကတောင် မစွမ်းရင် မင်းတို့ရဲ့ တရုတ်ဆေးပညာက ဗိုလ်ချုပ်ကြီးရဲ့ ရောဂါကို ကုနိုင်မယ်လို့ မင်း ထင်နေတာလား” ဟု အော်ဟစ်လိုက်တော့သည်။
***