ယဲ့ပုဖန်က တည်ငြိမ်စွာဖြင့်ပင် “ခင်ဗျား ပြောတာ မှန်တယ်... ဒါပေမဲ့ ဒီရောဂါကို ကျုပ် သေချာပေါက် ကုနိုင်တယ်” ဟု ဆိုလိုက်သည်။
“ရောင့်တက်လိုက်တာ၊ ရယ်စရာကောင်းလိုက်တာ၊ ကြွားလုံးထုတ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ...”
ကင်ယောင်ကွမ်သည် သူသိသမျှ ကဲ့ရဲ့ရှုတ်ချသည့် စကားလုံးဟူသမျှကို အကုန်ထုတ်သုံးပြီးနောက် “အသိဉာဏ်မဲ့တဲ့ ကောင်လေး... မင်း ဆေးပညာအကြောင်း ဘာမှမသိပါလား” ဟု နှာခေါင်း ရှုံ့လိုက်သည်။
“မင်း လူသေလက္ခဏာ ငါးပါး ဆိုတာ ဘာလဲဆိုတာ သိရဲ့လား။ အခု ဗိုလ်ချုပ်ကြီးက အဲဒီအခြေအနေကို ဆိုက်နေတာ။ နတ်ဘုရားတောင် ကယ်လို့မရတဲ့ အခြေအနေမျိုးကို မင်းတို့ရဲ့ တရုတ်ဆေးပညာက ကုနိုင်မယ် ဟုတ်လား”
“ခင်ဗျားက ကျုပ်ကို မယုံဘူးပေါ့”
ယဲ့ပုဖန်က “စောစောက ခင်ဗျား ကျုပ်နဲ့ လောင်းကြေးထပ်ချင်တယ် ဆိုတာ မဟုတ်လား။ ခင်ဗျားက ကျုပ်ကို မယုံဘူးဆိုမှတော့ ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်”
“ကောင်းပြီလေ”
ကင်ယောင်ကွမ်သည် သူကိုယ်တိုင် အသုံးမကျသူမဟုတ်ကြောင်း သက်သေပြရန် အခွင့်အရေးရပြီဟု ထင်မှတ်ကာ ချက်ချင်းပင် ခုန်ပေါက်အော်ဟစ်တော့သည်။ “ပြော... ဘာနဲ့ လောင်းကြေးထပ်မှာလဲ”
“အသက်နဲ့ လောင်းကြေးထပ်မယ်”
ယဲ့ပုဖန်က အေးစက်စွာဖြင့် “ကျုပ်သာ ဗိုလ်ချုပ်ကြီးရဲ့ ရောဂါကို ကုနိုင်ရင် ခင်ဗျားရဲ့ အသက်ကို ကျုပ် ယူမယ်။ ကျုပ်သာ ရှုံးနိမ့်သွားရင်တော့ ကျုပ်အသက်ကို ပေးမယ်” ဟု ဆိုလိုက်လေသည်။
“ဒါက...”
ကင်ယောင်ကွမ်မှာ လန့်သွားရသည်။ ဤလူငယ်က ဤမျှအထိ ရက်စက်ကာ အသက်နှင့် ရင်း၍ လောင်းကြေးထပ်ရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ၏ ရောဂါရှာဖွေချက်နှင့် ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ်မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သော အချက်ကို ပြန်စဉ်းစားကာ ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“လောင်းကြေးထပ်တာပေါ့။ မင်းက သေတွင်းထဲကို ကိုယ်တိုင်ဆင်းချင်နေတာဆိုတော့ တခြားလူကို အပြစ်မတင်နဲ့တော့”
ယဲ့ပုဖန်က ဗိုလ်ချုပ်ကြီးဘက်သို့ လှည့်ကြည့်ကာ “ဗိုလ်ချုပ်... ကျွန်တော်တို့အတွက် သက်သေအဖြစ် ဆောင်ရွက်ပေးပါ” ဟု တောင်းဆိုလိုက်၏။
“ကောင်းပြီ... ငါက သက်သေအဖြစ် ဆောင်ရွက်ပေးမယ်”
အစပိုင်းတွင် ဗိုလ်ချုပ်ကြီးသည် ယဲ့ပုဖန်အပေါ် အကောင်းမမြင်ခဲ့သော်လည်း ယခုကဲ့သို့ အသက်နှင့် ရင်း၍ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည်ကို မြင်သောအခါ သူ၏ ဖခင်အတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ချက် ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဒေါက်တာအန်ဒရူးမှာမူ ဘေးကနေ ကြည့်နေရင်း ယဲ့ပုဖန် အသက်နှင့်ရင်း၍ လောင်းကြေးထပ်သည်ကို မြင်သောအခါ နှုတ်ခမ်းကို မဲ့လိုက်ရင်း တရုတ်လူမျိုးမှာ ရူးနေပြီဟု တွေးလိုက်မိသည်။ ဤသည်မှာ သေတွင်းကို ကိုယ်တိုင်တူးနေခြင်း မဟုတ်ပါလား…။
သူသည် လူသေလက္ခဏာ ငါးပါး ဆိုသည့် အယူအဆကို နားမလည်သော်လည်း အဆင့်မြင့် စက်ကိရိယာများ၏ စစ်ဆေးချက်အရ ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များမှာ အလွန်အမင်း ဆိုးရွားနေပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း ပျက်စီးနေပြီ ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ပြန်လည်ကောင်းမွန်လာနိုင်စရာ အကြောင်း လုံးဝ မရှိပေ။
ယဲ့ပုဖန်သည် တခြားလူများ၏ အကြည့်ကို လျစ်လျူရှုကာ ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ပျံသန်းနေသော ကြိုးကြာနတ်အပ်များကို ထုတ်ယူကာ ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း အတတ်ဖြင့် ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ် တစ်ဒါဇင်ကျော်ထံသို့ ထိုးစိုက်လိုက်လေတော့သည်။
သူ၏ အပ်စိုက်အတတ်ကို မြင်လိုက်ရချိန်တွင် ကင်ယောင်ကွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ သူသည် စိတ်ဓာတ်ပိုင်း၌ အနည်းငယ် ပြဿနာ ရှိနေသော်လည်း ဆေးပညာတွင်မူ အမှန်တကယ် ကျွမ်းကျင်သူ ဖြစ်သဖြင့် ယဲ့ပုဖန် သုံးစွဲနေသော အပ်စိုက်ပညာကို ချက်ချင်းပင် မှတ်မိသွားခြင်း ဖြစ်သည်။
“ဒါ... ဒါက ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းလား။ မင်းက ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း အတတ်ကို တကယ်ပဲ တတ်ထားတာလား”
သူသည် တရုတ်ရှေးဟောင်း ကျမ်းတစ်စောင်ထဲတွင် ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း အကြောင်းကို ဖတ်ဖူးသော်လည်း ထိုပညာမှာ အလွန်ပင် နက်နဲလှပြီး အပ်များကို ထိန်းချုပ်ရန် ချီစွမ်းအင်ကို အသုံးပြုရသဖြင့် သူသည် အဝေးကနေသာ အားကျနေခဲ့ရခြင်း ဖြစ်သည်။
ယခု လူတိုင်းကို အံ့အားသင့်စေသည်မှာ ဒဏ္ဍာရီဆန်လှသော အပ်စိုက်အတတ်ကို ရှေ့မှ လူငယ်လေးက ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနေခြင်းပင်။ သူ၏ အတတ်ပညာမှာ အလွန်ပင် မြင့်မားလှသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာလှပေသည်။
ယဲ့ပုဖန်က အပ်စိုက်နေရင်းပင် ပြောင်သလို ပျက်သလိုဖြင့် “ကိုရီးယားဆေးပညာက တရုတ် ဆေးပညာရဲ့ အခြေခံလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ခင်ဗျားလည်း ဒီအပ်စိုက်ပညာကို တတ်မှာပေါ့” ဟု ဆိုလိုက်သည်။
“ငါ...”
မျက်နှာပြောင်လှသော ကင်ယောင်ကွမ်ပင်လျှင် သူသည် ထိုအတတ်ကို တတ်ပါသည်ဟု ဝန်ခံရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
သူသည် အစပိုင်းတွင် ရှက်သွားသော်လည်း နောက်ပိုင်းတွင်မူ ဒေါသတကြီးဖြင့် “ကောင်လေး... မင်း ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းကို တတ်ရုံနဲ့ ကိုယ့်ကိုယ်ကို အဟုတ်ကြီး မမှတ်လိုက်နဲ့။ ဗိုလ်ချုပ်ကြီးက လူသေလက္ခဏာ ငါးပါး ဆိုက်နေတာ။ ဘယ်လောက်ပဲ စွမ်းတဲ့ အပ်ကိုးချောင်း ဖြစ်ဖြစ် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး” ဟု အော်ဟစ်လိုက်သည်။
စကားပင် မဆုံးသေးမီမှာပင် ဗိုလ်ချုပ်ကြီး၏ ထက်ရှလှသော အကြည့်နှင့် တိုးသွားသဖြင့် မိမိ စကားမှားသွားကြောင်း သတိပြုမိသွားကာ ရှက်ရှက်ဖြင့် ပါးစပ်ပိတ်လိုက်ရတော့သည်။
ဗိုလ်ချုပ်ကြီးမှာမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။ မိမိကိုယ်တိုင် ကုသနိုင်စွမ်း မရှိဘဲ တခြားလူကိုပါ ကျိန်ဆဲနေသော ဤကိုရီးယားလူမျိုးအပေါ် သူ၏ အမြင်မှာ အလွန်ပင် ဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူ၏ ကုသမှုကို မနှောင့်ယှက်စေရန် သူ ဘာမှ မပြောဘဲ အောင့်အီးနေလိုက်၏။
ယဲ့ပုဖန်သည် အပ်စိုက်ပညာကို အသုံးပြုပြီးနောက် မူလ ချီစွမ်းအင်ကို အသုံးပြုကာ ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့နေသော သွေးကြော အားလုံးကို ရှင်းလင်းပေးလိုက်သည်။
ဤသည်မှာ အခြေခံအဆင့်သာ ရှိသေးသည်။ ကင်ယောင်ကွမ် ပြောသကဲ့သို့ပင် ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း တစ်ခုတည်းဖြင့် ရှက်ဗ်ချန်ကိုအား အရှင်းပျောက်စေရန် မလုံလောက်ပေ။ နောက်တစ်ဆင့်မှာ ကျူးယိုး မန္တန်အတတ်ပညာဖြင့် သူ၏ ဇီဝစွမ်းအားကို ပြန်လည်ဖြည့်တင်းပေးရန် ဖြစ်သည်။
သူသည် မျက်လုံးကို အသာအယာ မှိတ်လိုက်ပြီး လက်ညှိုးဖြင့် မန္တန်အမှတ်အသားများကို အဆက်မပြတ် ပြုလုပ်ကာ မန္တန်အတတ်ကို စတင် အသုံးပြုလေတော့သည်။
ယေဘုယျအားဖြင့် ကျူးယိုးအတတ်သည် အင်းစာရွက်များ၏ စွမ်းအားကို လိုအပ်သော်လည်း သူသည် မှော်ပညာသခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အင်းစာရွက် မလိုတော့ဘဲ လက်ချောင်းထိပ်များ၏ လှုပ်ရှားမှုဖြင့်ပင် ပြီးမြောက်စေနိုင်ပေသည်။
မန္တန်တစ်ခုချင်းစီ ရွတ်ဆိုလိုက်တိုင်း သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများသည် ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများကို ပြုပြင်ပေးကာ ဆုံးရှုံးလုနီးပါး ဖြစ်နေသော ဇီဝစွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးလေသည်။
ဤသည်မှာ ယဲ့ပုဖန်အတွက်လည်း ကျူးယိုးအတတ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံက ရှက်ဗ်ချန်ကို၏ ခန္ဓာကိုယ်ကို စစ်ဆေးနေစဉ် ပိုမို အားကောင်းလာသော ရှင်သန်မှု စွမ်းအင်နှင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များ ပြန်လည် ကောင်းမွန်လာသည်ကို ခံစားမိကာ သူကိုယ်တိုင်ပင် အံ့သြမိသွားသည်။
ကျိူးယိုး မန္တန်အတတ်၏ အကျိုးသက်ရောက်မှုမှာ တကယ့်ကို အံ့မခန်းပင်။ နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာခဲ့သော နတ်ဘုရားအတတ်ပညာဟူသော ဂုဏ်သတင်းနှင့် လျော်ညီလှပေသည်။
သူ မသိလိုက်သည့်အချက်မှာ သူသည် မှော်ပညာသခင် တစ်ဦးဖြစ်သည့်အတွက် ကမ္ဘာလောက၏ မူလစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန် မြင့်မားလှရာ သူ၏ ကျူးယိုးအတတ်မှာ သခင်ကြီး ကျူးယိုးကွမ်ကျီ ထက်ပင် သုံးဆခန့် ပိုမို အစွမ်းထက်နေခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ မြင်ကွင်းမှာ တခြားလူများအတွက်မူ အလွန် ထူးဆန်းနေပေသည်။ ရှာရာပိုဗာ အပါအဝင် အမျိုးသမီးများသည် ယဲ့ပုဖန်က သူ၏လက်ချောင်းများကို ဟိုဟိုဒီဒီ လှုပ်ရှားကာ တစ်ခုခုကို တိုးတိုးလေး ရွတ်ဆိုနေသည်ကိုသာ မြင်ရပြီး ဘာလုပ်နေမှန်း မသိကြချေ။
ဒေါက်တာအန်ဒရူးကမူ နှုတ်ခမ်းကို မဲ့လိုက်သည်။ တရုတ်တိုင်းရင်းဆေးပညာဆိုသည်မှာ လှည့်စားမှု တစ်ခု၊ စုန်းကဝေအတတ်နှင့် အယူသည်းမှုများသာ ဖြစ်သည်ဟု သူ ကြားဖူးခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခု မြင်နေရသည်မှာ မှန်ကန်နေပေသည်။
ကင်ယောင်ကွမ်၏ မျက်လုံးများထဲတွင်လည်း အထင်သေးမှုများ ပြည့်နှက်နေ၏။ တစ်ဖက်လူမှာ ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းကို မထင်မှတ်ဘဲ သုံးနိုင်ခဲ့သော်လည်း ရလဒ်က ပြောင်းလဲသွားမည် မဟုတ်ပေ။
၁၀ မိနစ်ခန့် ကြာပြီးနောက် ယဲ့ပုဖန်သည် မန္တန်ရွတ်ဆိုခြင်းကို ရပ်လိုက်ကာ ရွှေအပ်အားလုံးကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
ထိုအခါ အံ့ဖွယ်မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။ ရွှေအပ်များကို တစ်ချောင်းချင်း ရုတ်သိမ်းလိုက်သည်နှင့် အမျှ ဖြူဖျော့နေသော ရှက်ဗ်ချန်ကို၏ မျက်နှာပေါ်သို့ သွေးရောင်များ ချက်ချင်း လွှမ်းခြုံလာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အသက်ရှူသံမှာလည်း တဖြည်းဖြည်း ပြန်လည် ကြားလာရသည်။
ကုတင်ဘေးရှိ စက်ကိရိယာများအားလုံးမှာလည်း ပြောင်းလဲသွားကာ စောစောက အော်ဟစ်နေသော အချက်ပေးသံများ ပျောက်ကွယ်သွားပြီး အညွှန်းကိန်းများအားလုံး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတော့သည်။
“ဘုရားသခင်... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”
ဒေါက်တာအန်ဒရူးမှာ မှင်သက်သွားရသည်။ သူသည် ယဲ့ပုဖန်က ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုအား ကုသနိုင်လိမ့်မည်ဟု မယုံကြည်သော်လည်း ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ပြီး ချို့ယွင်းချက် မရှိနိုင်သော သူ၏ စက်ကိရိယာများကိုမူ ယုံကြည်ပေသည်။
အခု ဘာလို့ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားရတာလဲ။
ရှက်ဗ်ချန်ကို၏ အခြေအနေ တိုးတက်လာသည်ကို မြင်သောအခါ ဗိုလ်ချုပ်ကြီးနှင့် ရှာရာပိုဗာတို့မှာ အလွန် ဝမ်းသာသွားကြသည်။ သူသည် သတိ လုံးဝ မရသေးသော်လည်း ၎င်းမှာ သူတို့အတွက် မျှော်လင့်ချက်ကို ပေးစွမ်းလိုက်ခြင်းပင်။
ယဲ့ပုဖန်သည် ရွှေအပ်အားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ ရင်ဘတ်ကို အနည်းငယ် နှိပ်ပေးလိုက်ကာ ရှက်ဗ်ချန်ကို၏ ပုခုံးကို ပုတ်၍ “ကဲ... ထတော့” ဟု ဆိုလိုက်သည်။
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သေတွင်းဝသို့ ရောက်နေသော ရှက်ဗ်ချန်ကိုသည် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ ကျန်းမာရွှန်းစိုပြီး အားအင်ပြည့်ဝနေသော အသွင်ကို ပြသလိုက်တော့သည်။ သူသည် ကာလရှည် ဖျားနာနေသူ တစ်ဦးနှင့် လုံးဝ မတူတော့ချေ။
သူသည် ယဲ့ပုဖန်ကို တိုက်ရိုက် ကြည့်ကာ “ငါ အဖိုးကြီးရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်ပြည်က နတ်ဘုရား ဆေးဆရာကြီး” ဟု ဆိုလေသည်။
သူ၏ စကားသံမှာ ဗိုလ်ချုပ်ကြီးနှင့် ရှာရာပိုဗာတို့အတွက် နတ်သံသာများအလား ခံစားလိုက်ရပြီး ရှက်ဗ်ချန်ကို အမှန်တကယ် ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
တစ်ဖက်တွင်မူ ဂါဗူးလော့ဗ်မှာ မနာလိုစိတ်များဖြင့် ပူလောင်နေတော့သည်။ သူ ဖိတ်ခေါ်လာသော ဆရာဝန်မှာ လူရယ်စရာ ဖြစ်ခဲ့ရပြီး ရှာရာပိုဗာ ဖိတ်လာသော ဆရာဝန်မှာမူ ရှက်ဗ်ချန်ကိုကို အမှန်တကယ် ကုသပေးနိုင်ခဲ့ချေပြီ။
***