ကင်ယောင်ကွမ် တစ်ယောက် ကြက်သေ သေနေတော့သည်။ သူသည် သူ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေ၏။
သူ ရောဂါရှာဖွေတာ မှားသွားသလား။ မဟုတ်ပါဘူး... သူ သေချာပေါက် မြင်ခဲ့တာက လူသေလက္ခဏာ ငါးပါး ဆိုက်နေတာပါ။
ကိုရီးယားဆေးပညာ အရ လူတစ်ယောက်မှာ လူသေလက္ခဏာ ငါးပါး ဆိုက်လာပြီဆိုလျှင် ကုသ၍ မရနိုင်တော့ပေ။ သို့သော် အနှီ လူငယ်က ထိုလူကို မည်သို့ ရှင်သန်လာအောင် လုပ်လိုက်သနည်း။ သူက နတ်ဘုရားတစ်ပါးလား။
ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ သူက အော်ဟစ်လိုက်သည်။ “မဟုတ်ဘူး... ဒါက သေခါနီး သွေးတက်တာပဲ ဖြစ်ရမယ်။ လူသေလက္ခဏာ ငါးပါးက ဘယ်လိုမှ ကုလို့ မရနိုင်ဘူး”
“ပေါက်ကရတွေ”
စစ်သားဟောင်း တစ်ဦးဖြစ်သဖြင့် ဒေါသတကြီး ရှိလှသော ရှက်ဗ်ချန်ကိုသည် ထိုစကားကို ကြားသည်နှင့် ကုတင်ပေါ်မှ ခုန်ဆင်းလာကာ ကင်ယောင်ကွမ်၏ ပါးကို ဖြောင်းကနဲ နေအောင် ရိုက်ချလိုက်သည်။ “ခွေးကောင်စုတ်... ငါက သေခါနီး သွေးတက်နေတဲ့လူနဲ့ တူလို့လား”
“ကျွန်တော်...”
ကင်ယောင်ကွမ်မှာ ပါးအရိုက်ခံလိုက်ရသဖြင့် မျက်နှာပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်သွားသည်။ ဤမျှ အားပါသော ပါးရိုက်ချက်မှာ သေခါနီး သွေးတက်နေသူ တစ်ဦး၏ လက်ချက်နှင့် လုံးဝ မတူပေ။
ဒေါက်တာအန်ဒရူးသည်လည်း မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေ၏။ သူ ရှေ့သို့ တက်လာကာ “ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့ နောက်တစ်ကြိမ် ခန္ဓာကိုယ် စစ်ဆေးမှု လုပ်ကြည့်ရင်ကော” ဟု အကြံပြုသည်။
ရှက်ဗ်ချန်ကိုက “မလိုပါဘူး... ငါက ဆရာဝန်လေးရဲ့ ဆေးပညာကို ယုံတယ်” ဟု ဆို၏။
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ “စစ်ဆေးကြည့်တာလည်း မဆိုးပါဘူး” ဟု ဆိုလိုက်သည်။ ခိုင်မာသော အချက်အလက်များကို ပြသနိုင်မှသာ ရှေ့မှ လူများကို အပြည့်အဝ ယုံကြည်စေနိုင်မည်ဖြစ်ကြောင်း သူ ကောင်းစွာ သိထားပေသည်။
ဗိုလ်ချုပ်ကြီးကလည်း “ဟုတ်ပါတယ် အဖေ... စစ်ဆေးကြည့်လိုက်တာ ပိုကောင်းပါတယ်” ဟု ဝင်ပြောလေသည်။
“ဆရာဝန်လေးက ပြောမှတော့ ငါ နားထောင်ရမှာပေါ့”
ရှက်ဗ်ချန်ကိုလည်း ထပ်မံ ကန့်ကွက်ခြင်း မပြုတော့ဘဲ ဒေါက်တာအန်ဒရူးနှင့်အတူ အစအဆုံး ပြန်လည် စစ်ဆေးမှုကို လက်ခံလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် အန်ဒရူးသည် စစ်ဆေးချက် ရလဒ်အားလုံးကို ရရှိခဲ့ပြီးနောက် ကြည့်ကာ မှင်သက်သွားတော့သည်။ ဤသည်မှာ စောစောက လူနာနှင့် လုံးဝ မတူတော့ချေ။
သူကိုယ်တိုင် စစ်ဆေးခဲ့ခြင်း မဟုတ်ဘဲ၊ တစ်မျိုးတည်းသော စက်ကိရိယာများကို အသုံးမပြုခဲ့ပါက တစ်ခုခု မှားနေပြီဟု သူ သေချာပေါက် သံသယဝင်မိပေလိမ့်မည်။
ယခုအချိန်တွင် ရှက်ဗ်ချန်ကို၏ ကျန်းမာရေးမှာ အလွန်ပင် ကောင်းမွန်နေပေသည်။ ကိုယ်တွင်းအင်္ဂါများ အလုပ် မလုပ်တော့သည့် လက္ခဏာများ လုံးဝ မရှိတော့သည့်အပြင် သူ၏ အညွှန်းကိန်း အားလုံးမှာလည်း သူနှင့် သက်တူရွယ်တူများထက်ပင် အများကြီး ပို၍ ကောင်းမွန်နေသေးသည်။
ဗိုလ်ချုပ်ကြီးက စိုးရိမ်တကြီးဖြင့် “ဒေါက်တာအန်ဒရူး... ဘယ်လိုလဲ” ဟု မေးသည်။
အန်ဒရူးသည် သူ၏ ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင်ပုံစံ ပြုလုပ်လိုက်ကာ မယုံနိုင်ဟန်ဖြင့် “ဘုရားသခင်... ဒါက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ။ ဒါဟာ အံ့ဖွယ်တစ်ပါးလို့ပဲ ကျွန်တော် ပြောနိုင်ပါတော့တယ်” ဟု ဆိုလေသည်။
ဗိုလ်ချုပ်ကြီးမှာ အတိုင်းမသိ ဝမ်းသာသွားကာ ယဲ့ပုဖန်ကို ကြည့်၍ “ဒေါက်တာယဲ့... ကျွန်တော့်အဖေရဲ့ ရောဂါက တကယ်ပဲ ပျောက်သွားပြီလား” ဟု မေးသည်။
ယဲ့ပုဖန်က ခေါင်းငြိမ့်ပြကာ “ရောဂါပျောက်သွားရုံတင် မကဘူး... ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုက နောက်ထပ် ဆယ်နှစ်လောက် အထိ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် အာမခံပါတယ်” ဟု ဆိုလိုက်သည်။
“ဆရာဝန်လေး... ကျေးဇူးတင်ပါတယ်”
ရှက်ဗ်ချန်ကိုသည် သေတွင်းမှ ပြန်တက်လာသူ ဖြစ်သည့်အားလျော်စွာ အလွန် ဝမ်းမြောက်သွားကာ အားရပါးရ ရယ်မောရင်း “ဆရာဝန်လေး... ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး မင်းဟာ ရှက်ဗ်ချန်ကို မိသားစုရဲ့ ထာဝရ သူငယ်ချင်းပဲ” ဟု ကြွေးကြော်လိုက်သည်။
ဗိုလ်ချုပ်ကြီးသည်လည်း ယဲ့ပုဖန်အား ဦးညွှတ်၍ “မစ္စတာယဲ့... ကျွန်တော့်ရဲ့ စောစောက မယဉ်ကျေးမှုကို ခွင့်လွှတ်ပေးပါ။ အဖေကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ဟု ဆို၏။
“ရပါတယ် ဗိုလ်ချုပ်ကြီး... ပြီးခဲ့တာတွေလည်း ပြီးပါပြီ”
ယဲ့ပုဖန်က သူ့ကို ထူပေးလိုက်ကာ ကင်ယောင်ကွမ်ဘက်သို့ လှည့်၍ “မစ္စတာကင်... ကျုပ်တို့ လောင်းကြေးကို အကောင်အထည်ဖော်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား” ဟု ဆိုလိုက်သည်။
“အဲဒါက...”
ယဲ့ပုဖန်၏ စကားသံမှာ နူးညံ့သော်လည်း ကင်ယောင်ကွမ်ကိုမူ ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူသည် အသက်နှင့်ရင်း၍ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်ရာ ယခု ရှုံးနိမ့်သွားပြီဖြစ်၍ အသက်ပေးရတော့မည် မဟုတ်ပါလား။
ဗိုလ်ချုပ်ကြီးက သူ၏ ဘေးရှိ ကိုယ်ရံတော်များကို ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ “ဒီကောင့်ကို ဆွဲထုတ်သွားပြီး အခုချက်ချင်း သေနတ်နဲ့ ပစ်သတ်လိုက်”
“မလုပ်ပါနဲ့... တောင်းပန်ပါတယ်”
ဤအချိန်တွင် ကင်ယောင်ကွမ်မှာ သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် ဒုတ်ကနဲ ဒူးထောက် ကျသွားကာ ဂါဗူးလော့ဗ်၏ ခြေထောက်ကို ဆွဲ၍ “မင်း ငါ့ကို ဖိတ်ခေါ်ခဲ့တာလေ... ငါ့ကို ကယ်ပါဦး” ဟု ငိုယိုအော်ဟစ်တော့သည်။
“မင်းကိုယ်တိုင် လောင်းကြေးထပ်ခဲ့တာလေ... ငါနဲ့ ဘာဆိုင်လို့လဲ” ဟု ဂါဗူးလော့ဗ်က ဆိုကာ သူ့ကို ကန်ထုတ်လိုက်သည်။ သူ ဖိတ်ခေါ်လာသော အဖိုးအိုမှာ အသုံးမကျလှဘဲ ရှာရာပိုဗာ၏ ရှေ့တွင် သူ့ကို အရှက်ရစေခဲ့သူ ဖြစ်သည်။
ထို့အပြင် ဤအမိန့်ကို ဗိုလ်ချုပ်ကြီးကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်ရာ သူကဲ့သို့ လက်ထောက်အရာရှိ တစ်ဦးအနေဖြင့် မည်သို့ ကန့်ကွက်ရဲပါအံ့နည်း။
ကင်ယောင်ကွမ်သည် ယဲ့ပုဖန်ထံသို့ အပြေးအလွှား သွားကာ “မစ္စတာယဲ့... ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ” ဟု တောင်းပန်ရှာသည်။
ယဲ့ပုဖန်သည် ရှေ့မှ အဖိုးအိုကို ကြည့်ကာ “သနားစရာ ကောင်းသူတိုင်းမှာ မုန်းစရာ ကောင်းတဲ့ အချက်ရှိတယ်” ဆိုသော စကားကို နားလည်သွားတော့သည်။
သူသည် လက်ကို မြှောက်လိုက်ကာ ကင်ယောင်ကွမ်၏ ပါးကို ဖြောင်းကနဲ နေအောင် ရိုက်လိုက်သည်။ “ဒီတစ်ချက်က ချီယိုး အတွက်”
ထို့နောက် နောက်ထပ် ပါးရိုက်ချက် တစ်ချက် ကျရောက်လာပြန်သည်။ “ဒီတစ်ချက်က ကွန်ဖြူးရှပ် အတွက်...”
“ဒီတစ်ချက်က ချွီယွမ် ကိုယ်စား...”
“ဒီတစ်ချက်က လီရှီကျန်း ကိုယ်စား...”
...
“ဒီတစ်ချက်ကတော့ ငါ့အတွက်ပဲ”
ပါးရိုက်ချက် တစ်ဒါဇင်ကျော် ကျရောက်ပြီးနောက် ကင်ယောင်ကွမ်၏ ပါးနှစ်ဖက်မှာ မိုးကြိုးပစ်ခံထားရသည့် အလား ဖောင်းကားသွားတော့သည်။
ဗိုလ်ချုပ်ကြီးနှင့် ရှာရာပိုဗာတို့မှာမူ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ ယဲ့ပုဖန် ဤအဖိုးအိုကို ရိုက်နှက်သည်မှာ အကြောင်းရှိသည်ကို သူတို့ နားလည်သော်လည်း ချီယိုးက ဘယ်သူလဲ၊ ချွီယွမ်က ဘယ်သူလဲ ဆိုသည်ကိုမူ သူတို့ မသိကြချေ။
ရုရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံမှာ ယဉ်ကျေးမှုချင်း အလှမ်းဝေးလှသဖြင့် ကိုရီးယားလူမျိုးတို့၏ သူများပိုင်ဆိုင်မှုများကို ခိုးယူတတ်သည့် အလေ့အထကို သူတို့ မသိကြသဖြင့် ယဲ့ပုဖန်၏ ဒေါသမှာ မည်သည့်နေရာမှ လာသည်ကို နားမလည်ကြခြင်း ဖြစ်သည်။
ကင်ယောင်ကွမ်မှာမူ အရိုက်ခံနေရသော်လည်း တိတ်တဆိတ် ဝမ်းသာနေမိသည်။ ယဲ့ပုဖန်က သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်ပြီဖြစ်ရာ သူ၏ အသက်ကို ချမ်းသာပေးနိုင်ခြေ ရှိပေသည်။ သူသည် အသက်ကြီးပြီ ဖြစ်သော်လည်း သေရမှာကိုမူ အလွန် ကြောက်ရှာသည်။
ရိုက်နှက်ပြီးနောက် ယဲ့ပုဖန်က သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ကာ “တရုတ်တိုင်းရင်းဆေးပညာနဲ့ ကိုရီးယားဆေးပညာ အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြစမ်း။ ဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်” ဟု ဆိုလိုက်သည်။
မျှော်လင့်ချက် ရောင်ခြည်ကို မြင်သည်နှင့် ကင်ယောင်ကွမ်က အလျင်အမြန်ပင် “ကျွန်တော် ရှင်းပြပါ့မယ်” ဟု ဆိုကာ “ကိုရီးယားဆေးပညာဆိုတာ တရုတ်ပြည်ကနေ ဆင်းသက်လာတာပါ။ ဒါပေမဲ့ တရုတ်ဆေးပညာက နောက်ပိုင်းမှာ မှေးမှိန်လာတယ်လို့ ထင်ရတာကြောင့် ကျွန်တော်တို့က မဟုတ်မတရားတွေ လျှောက်ပြောပြီး တရုတ်ဆေးပညာက ကိုရီးယားဆီက ဆင်းသက်လာတယ်လို့ လိမ်ညာခဲ့တာပါ။ ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ” ဟု ဝန်ခံလိုက်တော့သည်။
ယဲ့ပုဖန်က “မင်းရဲ့ စကားတွေကို ကမ္ဘာကျော် မီဒီယာတွေမှာ ထည့်သွင်းဖော်ပြပြီး တရုတ်တိုင်းရင်းဆေးပညာကို တောင်းပန်ရမယ်” ဟု အမိန့်ပေးလိုက်သည်။
ကင်ယောင်ကွမ် တုံ့ဆိုင်းသွား၏။ သူသာ ထိုသို့လုပ်လိုက်ပါက ကိုရီးယားနိုင်ငံတွင် သူ ခြေချစရာ နေရာ ရှိတော့မည် မဟုတ်ပေ။
ယဲ့ပုဖန်၏ မျက်နှာပေးမှာ အေးစက်သွားကာ “ဘာလဲ... မင်းက မလုပ်ချင်ဘူးလား”
ကင်ယောင်ကွမ်က “လုပ်ပါ့မယ်... အခုချက်ချင်း လုပ်ပါ့မယ်” ဟု သုတ်သုတ်သီးသီး ပြန်ဖြေလိုက်ရသည်။
ဗိုလ်ချုပ်ကြီးက “ဒေါက်တာယဲ့... ကျွန်တော်က သက်သေဖြစ်တဲ့အတွက် ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲပေးလိုက်ပါ။ ဒီအဖိုးကြီးက သူပြောတဲ့အတိုင်း ကောင်းကောင်းလုပ်ရင် အသက်ချမ်းသာပေးမယ်။ မလုပ်ရင်တော့ ဆိုက်ဘေးရီးယားက ဝံပုလွေတွေဆီ ကျွေးပစ်လိုက်မယ်” ဟု ဆိုလေသည်။
ယဲ့ပုဖန်က “ဒါဆိုရင် ဗိုလ်ချုပ်ကြီးကိုပဲ အားကိုးရတော့မှာပဲ” ဟု ဆိုလိုက်သည်။
ရှက်ဗ်ချန်ကိုက “ဒေါက်တာယဲ့... မင်းက ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ကြီးပဲ။ မင်းကိစ္စက ငါတို့ကိစ္စပဲမို့လို့ အားနာမနေပါနဲ့” ဟု ဆို၏။
ယဲ့ပုဖန်က ခေါင်းငြိမ့်ပြလိုက်ရာ ဗိုလ်ချုပ်ကြီးက ကိုယ်ရံတော်နှစ်ဦးကို ခေါ်၍ ကင်ယောင်ကွမ်ကို ဆွဲထုတ်သွားစေလိုက်သည်။
ကိစ္စများ ပြီးစီးသွားသောအခါ ယဲ့ပုဖန်က ရှက်ဗ်ချန်ကိုအား “ဗိုလ်ချုပ်ကြီး... ကျွန်တော် အကူအညီ တောင်းစရာ တစ်ခု ရှိပါသေးတယ်” ဟု ဆိုလိုက်သည်။
“ဒေါက်တာယဲ့... အားနာစရာ မလိုပါဘူးလို့ ငါပြောပြီးသားလေ။ မင်းကိစ္စက ငါ့ကိစ္စပဲ။ ပြောသာပြော... အရှေ့ဖျားဒေသမှာ ငါမလုပ်နိုင်တာ ဘာမှမရှိဘူး”
ယဲ့ပုဖန်က “ကျွန်တော် မြောက်ဝင်ရိုးစွန်းကို သွားဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုဆီက အကူအညီ တောင်းချင်တာပါ”
“ဒါက ပြဿနာ မဟုတ်ပါဘူး”
ရှက်ဗ်ချန်ကိုက ရှာရာပိုဗာဘက်သို့ လှည့်ကာ “ဒီကိစ္စကို မင်းကိုပဲ တာဝန်ပေးမယ်။ နောက်ရက်တွေမှာ မင်းက ဒေါက်တာယဲ့နဲ့အတူ ရှိနေရမယ်။ တစ်ခုခု လိုအပ်တာရှိရင် ငါ့အမိန့်အတိုင်းသာ လုပ်ဆောင်လိုက်” ဟု ညွှန်ကြားလိုက်လေတော့သည်။
***