“ဟုတ်ကဲ့ပါ”
ရှာရာပိုဗာက ရွှန်းရွှန်းစားစား ပြုံးလျက် အလေးပြုလိုက်သည်။ ဤတာဝန်ကို သူမ အလွန်ပင် သဘောကျနေပုံ ရပေသည်။
ခမ်းနားသော ဧည့်ခံပွဲအပြီး နောက်တစ်နေ့ နံနက်တွင် ယဲ့ပုဖန်သည် အရှေ့ဖျားစစ်ဒေသမှ ရဟတ်ယာဉ် တစ်စီးပေါ်သို့ တက်ရောက်ကာ မြောက်ဝင်ရိုးစွန်းသို့ တိုက်ရိုက် ပျံသန်းခဲ့တော့သည်။
လေယာဉ်ပေါ်တွင် ထိုင်ရင်း အောက်ဘက်မှ ရှုခင်းများကို ကြည့်ကာ သူ၏ စိတ်ထဲ၌ ခံစားချက်များစွာ ပေါ်ပေါက်လာ၏။ အရှေ့ဖျားဒေသသည် မြောက်ဝင်ရိုးစွန်းတွင် တည်ရှိသဖြင့် အလွန် အေးစက်လှသလို လူသူလည်း အလွန် ကျဲပါးလှပေသည်။
မြောက်ဘက်သို့ ပို၍ နက်ဝင်သွားလေလေ လူသူကို မြင်တွေ့ရရန် ခက်ခဲလာလေလေ ဖြစ်ပြီး လမ်းကဲ့သို့သော အခြေခံ အဆောက်အအုံများကိုလည်း လုံးဝ မတွေ့ရတော့ချေ။
ကံကောင်းထောက်မစွာဖြင့် သူတို့ ရဟတ်ယာဉ်နှင့် လာခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သွားလာရေးမှာ တကယ့်ကို ဒုက္ခရောက်ပေလိမ့်မည်။
လေးငါးနာရီခန့် ပျံသန်းပြီးနောက် လေယာဉ်သည် ယာယီ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းလေး တစ်ခုတွင် ရပ်နားလိုက်သည်။
ရှာရာပိုဗာက “မစ္စတာယဲ့... မြောက်ဘက်ကို ပိုသွားလေလေ ရာသီဥတုက ပိုဆိုးလေလေပဲ။ လေယာဉ်က ဒီအထိပဲ ပျံလို့ ရမယ်။ ကျန်တဲ့ လမ်းကိုတော့ ခြေကျင်ပဲ သွားရတော့မယ်” ဟု ဆိုသည်။
ယဲ့ပုဖန် ခေါင်းငြိမ့်ပြလိုက်၏။ ဤနေရာသည် မြောက်ဝင်ရိုးစွန်း၏ အစပ်တွင် ရှိနေပြီး ရာသီဥတုမှာ အလွန် ကြမ်းတမ်းလှသလို နှင်းမုန်တိုင်းများလည်း မကြာခဏ တိုက်ခတ်တတ်သဖြင့် လေယာဉ်များ ပျံသန်းရန် မသင့်တော်တော့ပေ။
ရှာရာပိုဗာက ဆက်၍ “ရှေ့မှာ အိုက်စ်အေ့ဂျ် လို့ ခေါ်တဲ့ မြို့ငယ်လေး တစ်မြို့ ရှိတယ်။ အဲဒီမှာ လမ်းပြတစ်ယောက် ရှာပေးဖို့ ကျွန်မ လိုက်ပို့ပေးပါ့မယ်”
ယဲ့ပုဖန်က “ကျေးဇူးပါပဲ” ဟု ပြောလိုက်သည်။
သူတို့နှစ်ဦး လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ရှာရာပိုဗာသည် ကိုယ်ရံတော် ၁၀ ဦးကို ချက်ချင်း ခေါ်လိုက်ကာ စစ်သုံးဂျစ်ကားတစ်စီးဖြင့် အိုက်စ်အေ့ဂျ် မြို့ထဲသို့ မောင်းထွက်ခဲ့ကြသည်။
ဤနေရာသို့ ရောက်မှပင် ယဲ့ပုဖန်သည် ကျယ်ပြောသော်လည်း လူသူကင်းမဲ့သည့် ဒေသတစ်ခု၏ အရသာကို တကယ့်ကို ခံစားလိုက်ရတော့သည်။ တရုတ်ပြည်၏ စည်ကားလှသော လူနေမှုပုံစံနှင့် နေသားကျနေသူအဖို့ ဤနေရာမှ ဘဝကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် အနည်းငယ် ခက်ခဲလှပေသည်။ မြို့ထဲ၌ အိမ်များကို မြင်ရသော်လည်း တစ်အိမ်နှင့်တစ်အိမ်မှာ အလွန် ဝေးကွာလှပြီး အိမ်တစ်အိမ်ချင်းစီကလည်း အလွန် ကျယ်ပြောလှသော မြေနေရာကို ယူထားကြသည်။
ရှာရာပိုဗာက ကားမောင်းရင်း “မစ္စတာယဲ့... ကျွန်မ အခုခေါ်သွားမယ့်လူ နာမည်က ကာရာတဲ့။ သူ့ကို ရေခဲကြွက် လို့လည်း ခေါ်ကြတယ်။ မြေအောက်လောကမှာ ကျင်လည်နေတာ နှစ်အတော်ကြာပြီ”
“သူ့မှာ တခြား အရည်အချင်းတော့ မရှိပါဘူး။ ဒါပေမဲ့ လမ်းကြောင်း ရှာဖွေတဲ့နေရာမှာတော့ ဘယ်သူမှ မလိုက်နိုင်ဘူး။ မြောက်ဝင်ရိုးစွန်းကို လူတွေကို ခဏခဏ ခေါ်သွားပေးလေ့ရှိတယ်”
ယဲ့ပုဖန်က “ဒီလူက မင်းနဲ့ ရင်းနှီးလား” ဟု မေးလိုက်သည်။
ရှာရာပိုဗာက “ရင်းနှီးတယ်လို့တော့ ပြောလို့မရပါဘူး။ အရင်က သူ တစ်ခုခုဖြစ်လို့ ကျွန်မတို့ စစ်တပ်က ဖမ်းထားဖူးတယ်။ အဲဒီနောက်ပိုင်းတော့ အလုပ်ကိစ္စတွေမှာ အကြိမ်အနည်းငယ် ပူးပေါင်းဖူးတာ ရှိတယ်” ဟု ရှင်းပြသည်။
အိုက်စ်အေ့ဂျ် မြို့စွန်ရှိ ခြံဝင်းကြီးတစ်ခုအတွင်းဝယ် ပေတေစုတ်ပြတ်နေသော အလယ်အလတ်ပိုင်း အမျိုးသားတစ်ဦးသည် ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်နေ၏။ သူသည် နီရဲပြီး လုံးဝန်းသော နှာခေါင်းကြီး ရှိကာ မလျှော်ဖြစ်သည်မှာ ကြာပြီဖြစ်သော အဆီပြန်နေသည့် ဆံပင်များမှာလည်း ရှုပ်ပွနေပေသည်။ သူ ဝတ်ထားသော ဝါဂွမ်းအင်္ကျီ စုတ်ကြီးမှာလည်း နေရာအနှံ့တွင် ဝါဂွမ်းများ ထွက်နေချေပြီ။
သူသည် ဘယ်ဘက်လက်တွင် ပြောင်လက်နေသော ကြက်ပေါင်တစ်ချောင်းကို ကိုင်ထားကာ ညာဘက်လက်ကမူ... ဗော့ဒ်ကာ ပုလင်းကို ကိုင်၍ ကြက်ပေါင်ကို ဝါးရင်း သောက်နေလေသည်။
“လူကြီးမင်းတို့... ကျုပ် ကာရာက တစ်ကိုယ်တည်းသမားပါ။ အားလုံးက ကျုပ်ကို လမ်းပြအဖြစ် ငှားချင်ကြတယ် ဆိုတော့ တရားမျှတတဲ့ ပြိုင်ပွဲလေးတစ်ခု လုပ်ကြတာပေါ့။ ဘယ်သူက ဈေးအများဆုံး ပေးနိုင်မလဲ။ ကျုပ် အဲဒီလူနောက်ကို လိုက်မယ်”
ဤလူမှာ ကာရာ ပင် ဖြစ်သည်။ သူ၏ ရှေ့တွင် လူပေါင်း ၂၀၊ ၃၀ ခန့် ရှိနေပြီး တစ်ဦးချင်းစီမှာလည်း ထူးဆန်းသော ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ တချို့က ဦးထုပ်ဆောင်းထားကြကာ တချို့မှာ ကတုံးများ ဖြစ်ကြပြီး တချို့မှာမူ လူမျိုးစု ဝတ်စုံများကို ဝတ်ထားကြရာ ကမ္ဘာအရပ်ရပ်မှ လာကြသူများ ဖြစ်ပုံရသည်။
“ကောင်းပြီ... ငါ ဒေါ်လာ တစ်သောင်း ပေးမယ်” ဟု မုတ်ဆိတ်မွေးနှင့် လူတစ်ဦးက ဦးစွာ အော်ပြောလိုက်သည်။
“သွားစမ်းပါ... ဒါက မြောက်ဝင်ရိုးစွန်းလေ။ တစ်ခေါက်သွားတိုင်း အသက်နဲ့ ရင်းရတာ။ ဒေါ်လာ တစ်သောင်းနဲ့ ဒီမှာ လာပြီး နောက်ပြောင်နေတာလား။ ကျုပ်ရဲ့ လမ်းပြခက ဒေါ်လာ တစ်သိန်းကနေ စတယ်။ တစ်ပြားမှ မလျော့ဘူး”
သူ၏ စကားကြောင့် လူတချို့မှာ လန့်သွားကြသည်။ သို့သော် ချမ်းသာကြွယ်ဝသူများလည်း ရှိနေသေးသဖြင့် ဗလကောင်းကောင်းနှင့် လူတစ်ဦးက “ဒေါ်လာ တစ်သိန်းလား... ရတယ်။ ငါ ပေးမယ်” ဟု အော်လိုက်၏။
ကာရာက တဟီးဟီး ရယ်ကာ “ဒါမှ အားကိုးရမှာ။ ကဲ... ဆက်ကြဦး။ ဘယ်သူ ပိုပေးမလဲ။ ကျုပ် အဲဒီလူနောက် လိုက်မယ်”
“ကျုပ် ပြောပြမယ်... မြောက်ဝင်ရိုးစွန်းကို သွားမယ်ဆိုရင် ကျုပ် ကာရာက အကောင်းဆုံး လမ်းပြပဲ။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်စေရမယ်။ ကျုပ်ကို လမ်းပြအဖြစ် ခေါ်သွားတာက နောက်ထပ် အသက်တစ်ချောင်း ပိုပါလာသလိုပဲ”
ကြွားလုံးထုတ်ပြီးနောက် ထိုလူသည် ကြက်ပေါင်ကို ဝါးကာ ဗော့ဒ်ကာကို ဆက်သောက်နေပြန်သည်။
“ငါ တစ်သိန်းခွဲ ပေးမယ်...”
“ငါ နှစ်သိန်း ပေးမယ်...”
“ငါ သုံးသိန်း ပေးမယ်...”
ဈေးနှုန်းများ တက်လာသည်ကို ကြားသော် ကာရာမှာ အရက်နံ့များ ထွက်လာသည်အထိ ပြုံးပျော်နေတော့သည်။
ထိုစဉ် အိမ်ဦးပေါက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ “ငါက ဒေါ်လာ တစ်သန်း ပေးမယ်”
တစ်စုံတစ်ယောက်က တကယ်ပင် အမေရိကန်ဒေါ်လာ တစ်သန်းအထိ ပေးမည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ အားလုံးက ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ကြရာ ခန့်ညားလှပသော စုံတွဲတစ်တွဲ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ယဲ့ပုဖန်နှင့် ရှာရာပိုဗာတို့ ဖြစ်ကြသည်။
ကာရာသည် ရှာရာပိုဗာကို မြင်သည်နှင့် ဆိုဖာပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူ၏ နောက်ကျောဘက်မှ သေနတ်မောင်းတင်သံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
“ပြေးလေ... ဘာလို့ မပြေးတော့တာလဲ”
ရှာရာပိုဗာက သူ့ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ဆိုလိုက်သည်။
ကာရာက အလျင်အမြန်ပင် နောက်သို့ လှည့်လာကာ ပေတေနေသော မျက်နှာကြီးဖြင့် ပြုံးပြရင်း “မစ္စရှာရာပိုဗာ... ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးကြီးပဲ။ ခင်ဗျားကို မြင်ရတာ ကျုပ်က ဘာလို့ ပြေးရမှာလဲ”
“ကျုပ်က ခင်ဗျားအတွက် ကော်ဖီ ဖျော်ပေးမလို့ပါ။ ဒါပေမဲ့ ခင်ဗျားက မကြိုက်ဘူးဆိုတော့လည်း ထားလိုက်ပါတော့”
“အပိုတွေ ပြောမနေနဲ့”
ရှာရာပိုဗာက လူအုပ်ဘက်သို့ လှည့်ကာ “ငါတို့ အရှေ့ဖျား စစ်တပ်က ဒီလူကို ဘွတ်ကင် လုပ်ထားပြီးသား။ မင်းတို့ အကုန်လုံး ထွက်သွားလို့ ရပြီ” ဟု ဆိုလိုက်သည်။
ထိုနေရာရှိ လူများသည် မကျေမနပ် ဖြစ်ကြသော်လည်း စစ်သားများ၏ အနက်ရောင် သေနတ် ပြောင်းဝများကို မြင်လိုက်ရသောအခါ နောက်ဆုံးတွင်မူ ဘာမှ မပြောရဲဘဲ အလိုက်တသိပင် ထွက်ခွာသွားကြတော့သည်။ မည်မျှပင် သတ္တိကောင်းသူ ဖြစ်ပါစေ… ဤနေရာ၌ စစ်တပ်ကို အာခံရဲသူ မရှိပေ။ အကြောင်းမှာ လမ်းပြကို တခြားမှာ ရှာတွေ့နိုင်သော်လည်း အသက်ကမူ အစားထိုး၍ မရသောကြောင့်ပင်။
လူများ အကုန် ထွက်သွားသည်ကို မြင်သော် ကာရာမှာ နှမြောတသ ဖြစ်နေရှာသည်။ သူ၏ မျက်လုံးထဲတွင် ထိုလူများမှာ စိမ်းစိုနေသော ဒေါ်လာများ မဟုတ်ပါလား။
ရှာရာပိုဗာက “ဒါက ဗိုလ်ချုပ်ကြီး ရှက်ဗ်ချန်ကိုရဲ့ အလေးစားရဆုံး ဧည့်သည်တော် မစ္စတာယဲ့ပုဖန်ပဲ။ သူက မြောက်ဝင်ရိုးစွန်းကို သွားချင်လို့ မင်း လိုက်ပို့ပေးရမယ်။ မင်းရဲ့ ဈေးနှုန်းကို ပြော” ဟု ဆို၏။
ကာရာက မတတ်သာသည့် အပြုံးဖြင့် “မစ္စရှာရာပိုဗာ... နောက်နေတာလား။ စစ်တပ်အတွက် အလုပ် လုပ်ပေးရတာကို ကျုပ်က ဘယ်လိုလုပ်ပြီး ပိုက်ဆံတောင်းရမှာလဲ။ ကျုပ်က အခမဲ့ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမှာပါ” ဟု ဆိုလိုက်သည်။
“မင်းမှာ ဒီလောက်အထိ မြင့်မြတ်တဲ့ စိတ်ထားရှိမှတော့ ငါ ဗိုလ်ချုပ်ကြီးကို ပြောပြပေးရမှာပေါ့”
ရှာရာပိုဗာသည် ကာရာ၏ ပုခုံးကို ပုတ်ရန် ရည်ရွယ်ထားသော်လည်း သူ၏ အလွန် ညစ်ပတ်လှသော ဝါဂွမ်းအင်္ကျီ စုတ်ကြီးကို မြင်သောအခါ နောက်ဆုံးတွင်မူ သူမ၏ ဖြူစင်သော လက်ကလေးကို ပြန်ရုတ်သိမ်းလိုက်သည်။
သူမက ယဲ့ပုဖန်ဘက်သို့ လှည့်ကာ “မစ္စတာယဲ့... ကျွန်မ အခု ပြန်တော့မယ်။ ဒါပေမဲ့ ဒီမှာ ရှင့်အတွက် ရဟတ်ယာဉ် တစ်စီး ချန်ထားပေးခဲ့မယ်။ မြောက်ဝင်ရိုးစွန်းကနေ ပြန်လာရင် ကျွန်မဆီ ဖုန်းဆက်လိုက်ပါ။ ချက်ချင်း လာခေါ်ခိုင်းလိုက်ပါ့မယ်”
ကာရာသည် လက်ထဲမှ ကြက်ပေါင်ကို ကိုက်ရန် ပြင်လိုက်စဉ် ထိုစကားကို ကြားသော် မှင်သက်သွားရသည်။ ဤနေရာ၌ နေလာခဲ့သော နှစ်များအတွင်း ဩဇာကြီးလှသော စစ်တပ်က တစ်စုံတစ်ယောက်ကို ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်ကို သူ တစ်ခါမှ မမြင်ဖူးချေ။
ဒီလူငယ်က ဘယ်သူများပါလိမ့်။
သို့သော် ထိုအတွေးမှာ ခဏသာ ဖြစ်ပြီး သူသည် ကြက်ပေါင်ကို ဝါးကာ အရက်ကို ဆက်သောက်နေပြန်သည်။
ရှာရာပိုဗာက ကာရာကို ကြည့်၍ “အခုကစပြီး မင်းရဲ့ အသက်က မစ္စတာယဲ့ရဲ့ လက်ထဲမှာပဲ။ မင်းသာ မစ္စတာယဲ့ကို အနည်းငယ်လေးတောင် မကျေမနပ် ဖြစ်အောင် လုပ်မိရင် ဆိုက်ဘေးရီးယားမှာ မင်း နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး” ဟု သတိပေးလိုက်သည်။
ကာရာက “မစ္စရှာရာပိုဗာ... နောက်နေပြန်ပြီ။ စစ်တပ်က ပေးတဲ့ တာဝန်ကို ကျုပ်က ဘယ်လိုလုပ်ပြီး အစွမ်းကုန် မလုပ်ဘဲ နေမှာလဲ။ စိတ်ချပါ... ကျုပ် မစ္စတာယဲ့ကို မြောက်ဝင်ရိုးစွန်းကနေ ဆံပင်တစ်ပင်တောင် မကျွတ်စေဘဲ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပါ့မယ်” ဟု အာမခံလိုက်သည်။
“မစ္စတာယဲ့... ကျွန်မ ပြန်ပြီနော်။ ကံကောင်းပါစေ”
ရှာရာပိုဗာက ယဲ့ပုဖန်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ ပါးပြင်ကို အသာအယာ နမ်းရှိုက် နှုတ်ဆက်ပြီးနောက် စစ်သားများနှင့်အတူ ထွက်ခွာသွားတော့သည်။
ကာရာက အရက်တစ်ငုံ သောက်လိုက်ကာ “မစ္စတာယဲ့... ကျုပ် တကယ် အားကျမိတယ်။ မစ္စရှာရာပိုဗာက တစ်ယောက်ယောက်ကို နမ်းတာ ဒီနှစ်တွေအတွင်းမှာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး” ဟု ဆိုလေသည်။
ယဲ့ပုဖန်က သူ့ကို တစ်ချက်ကြည့်ကာ “ရှာရာပိုဗာလည်း သွားပြီဆိုတော့... ငါတို့ အလုပ်အကြောင်း ပြောကြရအောင်”
***