ယဲ့ပုဖန်က “သေမင်းတမန် နယ်မြေရဲ့ အစပ်ကနေ နှင်းဝံပုလွေတောင် အထိ ဘယ်လောက် ဝေးလဲ” ဟု မေးလိုက်သည်။
ကာရာက “ကျုပ် နှင်းဝံပုလွေတောင်ကို တစ်ခါမှ မရောက်ဖူးဘူး။ ဒါပေမဲ့ တခြားလူတွေ ပြောစကားအရဆိုရင် ကီလိုမီတာ ၁၀၀ လောက်တော့ ဝေးလိမ့်မယ်” ဟု ဆို၏။
ယဲ့ပုဖန်က “သိပ်မဝေးလှပါဘူး။ မင်း ငါ့ကို အဲဒီအထိပဲ လိုက်ပို့ပေးရင် ရပြီ” ဟု ဆိုလေသည်။
“ကောင်းပါပြီ... နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာယဲ့။ ကျုပ်တို့ ဘယ်တော့ ထွက်ကြမလဲ”
“မြန်မြန် ထွက်နိုင်လေ ပိုကောင်းလေပဲ”
ကာရာက ပြတ်သားစွာပင် “ဒါဆို ကျုပ်ရဲ့ ပစ္စည်းတွေကို အမြန်ထုပ်လိုက်မယ်။ အခုပဲ ထွက်ကြတာပေါ့” ဟု ဆိုကာ အခန်းထဲသို့ ဝင်သွားတော့သည်။ သူသည် အနက်ရောင် ကျောပိုးအိတ်ကြီး တစ်လုံးကို ထုတ်ယူကာ အတွင်းရှိ ပစ္စည်းများကို စတင် စစ်ဆေးလေသည်။
ဤလူသည် အာတိတ် ရေခဲပြင်ကြီးသို့ အမြဲတမ်း သွားလာနေသူဖြစ်ရာ ပြင်ဆင်မှုမှာ အလွန်ပင် စေ့စပ်လှပေသည်။ အရေးပေါ် စားနပ်ရိက္ခာများ၊ ရေနှင့် လိုအပ်သော ပစ္စည်းများစွာ ပါဝင်သည်။
ကာရာက ပစ္စည်းများကို ရေတွက်ရင်း “မစ္စတာယဲ့... ခင်ဗျားက အာတိတ် ရေခဲပြင်ကို တစ်ခါမှ မရောက်ဖူးတော့ အတွေ့အကြုံ မရှိသေးဘူး။ အဲဒီမှာ အထူးသတိထားရမယ့် အချက်တစ်ခုရှိတယ်။ အဲဒါက ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မခမ်းခြောက်ဖို့ပဲ။ အဲဒီမှာ ရေဓာတ် ခမ်းခြောက်သွားရင် အပြင်ကထက် အများကြီး ပိုပြီး အန္တရာယ်ကြီးတယ်။ အသက်တောင် ဆုံးရှုံးနိုင်တယ်” ဟု သတိပေးလိုက်သည်။
ဤအချက်မှာ ယဲ့ပုဖန်အတွက် အနည်းငယ် အံ့သြစရာ ဖြစ်နေပေသည်။ အပူပိုင်းဒေသများတွင်သာ ရေဓာတ် ဖြည့်ရန် လိုအပ်သည်ဟု သူ ထင်ထားခဲ့သော်လည်း အလွန်အမင်း အေးစက်သော နေရာများတွင် ရေဓာတ်က ပို၍ပင် အရေးကြီးနေသည်တဲ့လား…။
စကားပြောနေစဉ် ကာရာက လက်သန်းခန့် အထူရှိသော အမွှေးတိုင်ကဲ့သို့ အရာဝတ္ထုများကို ထုတ်လာသည်ကို မြင်သဖြင့် ယဲ့ပုဖန်က “ဒါတွေက ဘာလဲ... အမွှေးတိုင်တွေနဲ့ တူတယ်” ဟု မေးလိုက်သည်။
“ဒါက အမွှေးတိုင်ပါပဲ။ ကျုပ်ကိုယ်တိုင် လုပ်ထားတာ။ ကျုပ်တို့အတွက်တော့ မရှိမဖြစ် ပစ္စည်းတစ်ခုပေါ့”
ကာရာက အထူးပြုလုပ်ထားသော အမွှေးတိုင်ကို မြှောက်ပြကာ “အာတိတ် ရေခဲပြင်မှာ လမ်းပျောက်ဖို့ သိပ်လွယ်တယ်။ ခင်ဗျား လမ်းမပျောက်စေဖို့အတွက် သုံးရက်ကြာတိုင်း ကျုပ် ဒီအမွှေးတိုင် တစ်တိုင်ကို ထွန်းလိုက်မယ်။ ဒီအမွှေးတိုင်က လောင်ကျွမ်းသွားရင် အနီရောင် မြူခိုးတွေ ထွက်လာပြီး အမြင့်ကြီးအထိ တက်သွားလိမ့်မယ်။ အဲဒီမြူခိုးတွေက လေတိုက်ရင်လည်း အလွယ်တကူ မပျောက်သွားဘူး။ အဲဒီမြူခိုးကို ကြည့်ပြီး ခင်ဗျား ကျုပ်ကို ပြန်ရှာတွေ့နိုင်လိမ့်မယ်”
ယဲ့ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ကျွမ်းကျင်သော လမ်းပြတစ်ဦး ဖြစ်သည့်အားလျော်စွာ ဤပစ္စည်းမှာ တကယ့်ကို အသုံးဝင်လှပေသည်။
ထို့နောက် ကာရာက အိတ်ထဲမှ ဒစ်ဂျစ်တယ် နာရီနှစ်လုံးကို ထုတ်ယူကာ တစ်လုံးကို ယဲ့ပုဖန်အား ပေးလိုက်သည်။ “မြောက်ဝင်ရိုးစွန်းကို ရောက်ရင် နေ့တာရှည်တာ ဒါမှမဟုတ် ညတာရှည်တာမျိုးတွေ ကြုံရတတ်တော့ အချိန်ကို ခန့်မှန်းရ ခက်လိမ့်မယ်။ နောက်ပြီး အဲဒီမှာ သံလိုက်စက်ကွင်းက သိပ်ပြီး ကမောက်ကမ ဖြစ်နေတော့ စက်နာရီတွေက လုံးဝ သုံးလို့ မရဘူး။ ဖုန်းလိုင်းလည်း မရှိသလို ဘက်ထရီကလည်း အဲဒီလောက် အေးစက်တဲ့ ဒဏ်ကို နာရီအနည်းငယ်ထက် ပိုမခံနိုင်ဘူး။ ဒါပေမဲ့ ဒီနာရီကတော့ အစွမ်းဆုံးပဲ။ သူက နေရောင်ခြည်စွမ်းအင်သုံး နာရီဖြစ်သလို ဘက်ထရီကလည်း အကြီးကြီး ပါတယ်။ အဲဒါကြောင့် ခင်ဗျား အချိန်ကို တိတိကျကျ သိနိုင်လိမ့်မယ်”
ယဲ့ပုဖန်က နာရီကို ယူ၍ သူ၏ အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။
ပြင်ဆင်မှုများ ပြီးစီးသောအခါ သူတို့နှစ်ဦးသည် ဟောင်းနွမ်းနေသော လမ်းကြမ်းမောင်းကား တစ်စီး ပေါ်သို့ တက်ကာ မြောက်ဘက်သို့ ဦးတည် ထွက်ခွာခဲ့ကြသည်။ ဤကဲ့သို့သော နေရာမျိုးတွင် လမ်းဟူ၍ မရှိသလို လူတစ်ဦးတစ်ယောက်နှင့်မျှလည်း ဆုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ရှေ့သို့သာ တည့်တည့် မောင်းနှင်နေရုံသာ ရှိပေသည်။
ညနေစောင်းချိန်အထိ အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ပြီးနောက် မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ကာရာက “မစ္စတာယဲ့... ဒါက အိုက်စ်အေ့ဂျ်မြို့ကနေ ထွက်လာပြီးရင် မြောက်ဝင်ရိုးစွန်း မရောက်ခင် နောက်ဆုံး ရိက္ခာဖြည့်တင်းလို့ ရမယ့်နေရာပဲ။ လိုအပ်တာမှန်သမျှ ဒီမှာပဲ အကုန်ဝယ်ရမယ်။ ဘာလို့လဲဆိုတော့ ရှေ့ဆက်သွားရင် ဝယ်စရာနေရာ မရှိတော့ဘူး”
ပြောပြောဆိုဆိုပင် သူသည် ကားကို မြို့ဘေးရှိ ကားပါကင်အလွတ်တစ်ခုအတွင်းသို့ မောင်းဝင်လိုက်သည်။ ထိုနေရာတွင် တခြားသော ကား ခုနစ်စီး၊ ရှစ်စီးခန့်လည်း ရပ်ထားသည်ကို တွေ့ရ၏။
ကာရာက ကားကို သော့ခတ်လိုက်ပြီး “ကားကို ဒီမှာပဲ ထားခဲ့ရလိမ့်မယ်။ ရှေ့ဆက်သွားရင် ဆီဖြည့်ဖို့ နေရာ မရှိတော့ဘူး” ဟု ဆိုသည်။
ယဲ့ပုဖန်က တခြားကားများကို ကြည့်ကာ “ဒီကို လာတဲ့လူတွေ တော်တော်များသားပဲ” ဟု ပြောလိုက်၏။
“အရင်ကတော့ ဒီလောက် လူမများပါဘူး။ ဒါတွေအကုန်လုံးက သန့်စင်စမ်းရေ အကြောင်းကြောင့် ဖြစ်လိမ့်မယ်”
ကာရာက အရက်ဆိုင် ဆိုင်းဘုတ်ရှိသော အိမ်တစ်လုံးကို လက်ညှိုးညွှန်ကာ “ဒါက ဒီမြို့မှာ ရှိတဲ့ တစ်ခုတည်းသော အရက်ဆိုင်ပဲ။ ကျုပ်တို့ ဒီည အပြင်မှာပဲ စားမလား ဒါမှမဟုတ် ကားထဲမှာပဲ စားကြမလား” ဟု မေးသည်။
ယဲ့ပုဖန်က “ဝင်ကြည့်ကြတာပေါ့။ ရှေ့ဆက်သွားရင် နှင်းတွေ၊ ရေခဲတွေပဲ ရှိတော့မှာဆိုတော့ ဒီမှာပဲ ပူပူနွေးနွေးလေး တစ်နပ်လောက် စားသွားကြတာပေါ့” ဟု ဆိုလေသည်။
ကာရာက “မစ္စတာယဲ့က တကယ့်ကို သဘောကောင်းတာပဲ။ လူအတော်များများကတော့ ဒီမှာ ဝင်စားဖို့ မရဲကြဘူး” ဟု ဆို၏။
ယဲ့ပုဖန် အံ့သြသွားကာ “ဘာလို့လဲ... ဒီက ပစ္စည်းတွေက အရမ်း ဈေးကြီးလို့လား”
“ဈေးကြီးရုံတင် မကဘူး။ ဒီမှာက ခွက်တစ်ခွက်ဖြစ်ဖြစ်၊ အမဲသားတစ်ပွဲဖြစ်ဖြစ်၊ ကြက်တစ်ကောင်လုံး ဖြစ်ဖြစ် အကုန်လုံးက တစ်ပုံစံတည်းပဲ။ ဒေါ်လာ ၁,၀၀၀ ပေးရတယ်”
“အို... အဲဒါကတော့ နည်းနည်း ဈေးကြီးတာပဲ”
ယဲ့ပုဖန်သည် ပိုက်ဆံ မရှားသော်လည်း ယင်းဈေးနှုန်းကို ကြားသောအခါ အနည်းငယ် အံ့သြသွားမိ၏။ ၁,၀၀၀ ဒေါ်လာဆိုသည်မှာ တရုတ်ငွေ ခြောက်ထောင်၊ ခုနစ်ထောင်ခန့် ရှိရာ ကျန်းနန်မြို့တွင်ဆိုလျှင် အမဲသားနှင့် ကြက်သားများကို ကားတစ်စီးစာ ဝယ်နိုင်ပေသည်။
သူတို့နှစ်ဦး အရက်ဆိုင်အတွင်းသို့ ဝင်လိုက်လျှင် အပြင်ဘက်ရှိ အနုတ် ၃၀၊ ၄၀ ဒီဂရီ စင်တီဂရိတ်ထက် အများကြီး ပို၍ နွေးထွေးနေသည်ကို ခံစားလိုက်ရသည်။ ဧည့်သည် သိပ်မများလှဘဲ လူနှစ်ဦး၊ သုံးဦးခန့်သာ ရှိရာ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံ တစ်ခုတွင် သူတို့ ဝင်ထိုင်လိုက်ကြသည်။
သူတို့ ထိုင်ပြီးသည်နှင့် မုတ်ဆိတ်မွေး ဗလပွနှင့် ဆိုင်ရှင်က လျှောက်လာကာ “ဘာစားမလဲ” ဟု ခပ်ပြတ်ပြတ် မေးလိုက်သည်။ ကာရာက ယဲ့ပုဖန်ကို ကြည့်လိုက်ရာ ယဲ့ပုဖန်မှာ ရယ်ချင်သွားတော့သည်။
ဤလူက တကယ့်ကို ကပ်စေးနှဲလှပေသည်။ သူက ကျွေးမည်ကို စောင့်နေခြင်း မဟုတ်ပါလား။
“မင်း ကြိုက်တာ မှာလိုက်ပါ”
“ကောင်းပါပြီ”
ကာရာသည် ဤစကားကို စောင့်နေပုံရသည်။ သူသည် မီနူးကို ယူကာ ဟင်းပွဲ ခုနစ်ပွဲ၊ ရှစ်ပွဲခန့်ကို ချက်ချင်း မှာလိုက်သလို အကောင်းစား ဗော့ဒ်ကာ နှစ်ပုလင်းကိုလည်း မှာလိုက်ရာ စုစုပေါင်း ဒေါ်လာ ၁၀,၀၀၀ ကျသင့်သွားသည်။ ယဲ့ပုဖန်က ဒေါ်လာအထပ်လိုက်ကို ထုတ်၍ ပေးလိုက်ရာ ဆိုင်ရှင်က ငွေများကို ယူ၍ ကောင်တာသို့ ပြန်သွားတော့သည်။
ဟင်းပွဲများက လျင်မြန်စွာပင် ရောက်ရှိလာ၏။ အစားအစာ အများစုမှာ စည်သွတ်ဗူးများနှင့် ထုပ်ပိုးထားသော အရာများသာ ဖြစ်ပြီး စွပ်ပြုတ်တစ်ခွက်သာလျှင် ပူပူနွေးနွေး ရှိပေသည်။ ယဲ့ပုဖန်အတွက်မူ ဤအရာများမှာ စား၍ မကောင်းလှသော်လည်း ကာရာကမူ အားရပါးရ စားနေတော့သည်။
ထိုစဉ် ဆိုင်တံခါးမှာ ထပ်မံ ပွင့်သွားကာ အေးစက်သော လေပြင်းများနှင့်အတူ လူနှစ်ဦး တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။
ရှေ့မှ လျှောက်လာသူမှာ အနက်ရောင် ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏ မျက်နှာပေးမှာ မကောင်းဆိုးဝါး တစ်ဦးကဲ့သို့ ရှိကာ တြိဂံပုံစံ မျက်လုံးများကလည်း ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှနေပေသည်။
နောက်မှ လိုက်လာသူမှာမူ လုံးဝ ဆန့်ကျင်ဘက်ပင်။ သူသည် အရပ် ၂.၂ မီတာခန့် ရှိကာ အလေးချိန်မှာ ကီလို ၄၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သူသည် လူသားဆင်ကြီး တစ်ကောင်အလားပင် လမ်းလျှောက်လိုက်တိုင်း ကြမ်းပြင်မှာ ဒုတ် ၊ ဒုတ်နှင့် တုန်ခါနေတော့သည်။
သူတို့နှစ်ဦးမှာ အတူတူ လာကြခြင်း မဟုတ်ပေ။ ပိန်ပိန်ပါးပါး အမျိုးသားမှာ ဘေးရှိ စားပွဲတစ်ခုတွင် သွားထိုင်လိုက်သည်။ ဆင်ကြီးကဲ့သို့ လူကမူ တခြား စားပွဲတစ်ခုသို့ လျှောက်သွားကာ “ဆိုင်ရှင်... ငါ့ကို ကြက် ၁၀ ကောင်နဲ့ အကောင်းဆုံး ဗော့ဒ်ကာ ၅ ပုလင်း ပေးစမ်း” ဟု ဟိန်းဟောက်လိုက်၏။
ထိုသူ၏ အသံမှာ နွားလားဥဿဘ တစ်ကောင်၏ ဟိန်းသံအလားပင် ရှိရာ နားထဲ၌ အုန်းအုန်း မြည်သွားတော့သည်။
မြိန်ရေယှက်ရေ စားနေသော ကာရာသည် ထိုလူနှစ်ဦးကို မြင်လိုက်ရချိန်တွင် မျက်နှာပျက်သွားကာ အရက်ခွက်ကို ချ၍ “ကာမရူး ဝံပုလွေ ဘတ်ဖွန်နဲ့ အရူးနွားကြီး ကာဆို… သူတို့နှစ်ယောက်လည်း ဒီကို ရောက်နေတာလား” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ယဲ့ပုဖန်က “သူတို့က သိပ်ပြီး နာမည်ကြီးလို့လား” ဟု မေးလိုက်၏။
“နာမည်ကြီးတာမှ သိပ်ကို နာမည်ကြီးတာပေါ့”
ကာရာက အသံကို နှိမ့်ကာ “မစ္စတာယဲ့... ခင်ဗျား အနောက်တိုင်း မြေအောက်လောကရဲ့ လျှို့ဝှက် အဆင့်သတ်မှတ်ချက်စာရင်း အကြောင်း သိလား”
“မသိဘူး... ငါက သမားတော် တစ်ယောက်ပဲ။ မြေအောက်လောကအကြောင်း ဘာမှမသိဘူး”
ကာရာက “မြေအောက်လောကရဲ့ အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်နိုင်တဲ့သူတွေဟာ အကုန်လုံး သိပ်ကို အစွမ်းထက်ကြသလို တစ်ယောက်ထက် တစ်ယောက် ပိုပြီး ရက်စက်ကြတယ်။ အခု ဒီလူနှစ်ယောက်လုံးက အဲဒီစာရင်းထဲက ထိပ်သီးတွေပဲ။ အရူးနွားကြီး ကာဆိုက အဆင့် ၁၃ မှာ ရှိပြီး ကာမရူး ဝံပုလွေ ဘတ်ဖွန်ကတော့ အဆင့် ၅ မှာ ရှိတယ်” ဟု ရှင်းပြသည်။
ယဲ့ပုဖန်က သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထိုလူနှစ်ဦးကို စစ်ဆေးကြည့်ရာ သူတို့မှာ အမှန်တကယ်ပင် အစွမ်းထက်ကြကြောင်း တွေ့လိုက်ရသည်။ သူတို့ထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ အရှေ့တိုင်း သိုင်းပညာရှင်များနှင့် ကွဲပြားသော်လည်း အရူးနွားကြီး ကာဆိုမှာ မြေကမ္ဘာအဆင့် အလယ်အလတ်ပိုင်းနှင့် ညီမျှပြီး ကာမရူး ဝံပုလွေ ဘတ်ဖွန်မှာမူ မြေကမ္ဘာအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးထက် မနိမ့်ကျပေ။
ကြည့်ရတာ အနောက်တိုင်း မြေအောက်လောက၏ အဆင့်သတ်မှတ်ချက်စာရင်းမှာ အနည်းငယ် အရှိန်အဝါ ရှိပုံ ရလေသည်။ ထိုလူများတွင် အစွမ်းအစ အချို့ ရှိနေကြသည် မဟုတ်ပါလား။
ကာရာက ဆက်၍ “မစ္စတာယဲ့... ဒီလူနှစ်ယောက်ကလည်း သန့်စင်စမ်းရေ နောက်ကို လိုက်လာတာ ဖြစ်နိုင်တယ်။ သတိထားပါ။ သူတို့ကို သွားပြီး မနှောင့်ယှက်မိစေနဲ့” ဟု မှာကြားလေသည်။
ယဲ့ပုဖန်က အသာအယာ ခေါင်းငြိမ့်လိုက်၏။ ထိုလူနှစ်ဦးမှာ အစွမ်းထက်သည် ဆိုသော်လည်း သူကမူ သူတို့ကို ထည့်ပင် မစဉ်းစားပေ။ သူတို့ကသာ သူ့ကို လာ၍ မနှောင့်ယှက်သင့်ခြင်း ဖြစ်သည်။
ထိုစဉ် အရက်ဆိုင် တံခါးမှာ ထပ်မံ ပွင့်သွားကာ အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လမ်းလျှောက်ဝင်လာလေတော့သည်။
***