၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်။
ဂျွန်စမစ်ကွင်း ၊ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇…
ဟတ်ဒါဖီးလ် တောင်းနှင့် မန်ချက်စတာ ယူနိုက်တက်
မိုးပေါက်များက ကောင်းကင်ယံမှ တဖွဲဖွဲ ကျဆင်းနေသည်။ ဧည့်သည်အသင်း ဝတ်လဲခန်းအတွင်း...
"ချူ... မင်း ကလေးတွေနဲ့ ဘောလုံးသွားကန်တယ်လို့ ကြားတယ်"
ရက်ရှ်ဖို့ဒ်က နောက်ပြောင်လိုက်သည်။ "ဘာလဲ... အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်ချင်တာလား... ဟယ်ရီကိုပဲ သွားရှာပါလား"
မက်ဂွိုင်းယားက မကျေမနပ် ပြန်ပြောလိုက်သည်။ "သွားစမ်းပါ... ငါက အဲဒီလောက် ညံ့လို့လား"
မာရက်ဇ်က ကြားထဲက ဝင်ပြောသည်။ "ဗန်ဒိုက်ကို ကြည့်ဦး... ခံစစ်ကို ဦးဆောင်တယ်။ ဘောလုံးလုတယ်။ တိုက်စစ်လည်း လိုက်တယ်... အဲဒါမှ တကယ် တော်တာ ခေါ်တာ"
"အဲဒီလိုဆိုရင်လည်း ချူဖုန်းကို ကြည့်ဦး... ထိုးဖောက်တာ။ ဂိုးသွင်းတာ။ ခေါင်းတိုက်တာ အကုန်လုံး ထိပ်တန်းပဲ... မင်းသာ ချူဖုန်းရဲ့ တစ်စိတ်တစ်ပိုင်းလောက် တော်မယ် ဆိုရင် ငါတို့ ချန်ပီယံ ဖြစ်နေတာ ကြာပြီ"
မက်ဂွိုင်းယားလည်း မာရက်ဇ်ကို ပြန်ပက်လိုက်၏။ သူသည်လည်း နောက်ပိုင်းတွင် စကားအပြောအဆို သိသိသာသာ တိုးတက်လာခဲ့သည်။
"နောက်တာလည်း နောက်ပေါ့... ဘယ်သူမှ ဒေါသမထွက်ကြနဲ့ဦး"
ချူဖုန်းက သူတို့၏ စကားများခြင်းကို ဖြတ်တောက်ပစ်လိုက်သည်။ "ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားမှာ ငါတို့ ဟတ်ဒါဖီးလ်ကို ရှုံးခဲ့တာ မှတ်မိလား... ငါ ဖိအားပေးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ ပြိုင်ဘက်က မညံ့ဘူးဆိုတာ သတိထားကြ... ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ နှစ်ပွဲပဲ ကျန်တော့တယ်... မန်စီးတီးက ငါတို့နောက်မှာ တစ်မှတ်ပဲ ကွာတယ်။ လီဗာပူးက သုံးမှတ်ပဲ ကွာတယ်... သူတို့အားလုံး ငါတို့ ရှုံးမှာကို စောင့်နေကြတာ"
ချူဖုန်းက တမင် အကောင်းမြင်ဝါဒကို ဖျက်ဆီးနေခြင်း မဟုတ်ပေ။ အရေးကြီးသော အချိန်တွင် ပို၍ တည်ငြိမ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ မန်ယူအတွက် အမှားခံ၍ မရပေ။
"ချူ... စိတ်မပူနဲ့... မနေ့က အီတီဟတ်ရှေ့က ဖြတ်သွားတော့ မန်စီးတီး ပရိသတ်တွေ အောင်ပွဲခံနေတာ မြင်ခဲ့တယ်... သူတို့က အေဂျက်စ်ကို နိုင်လို့ အောင်ပွဲခံတာ မဟုတ်ဘဲ ငါတို့ လီဗာပူးကို ရှုံးလို့ အောင်ပွဲခံနေကြတာ... ငါတို့ လိဂ်ချန်ပီယံဖလားပါ လက်လွှတ်လိုက်ရပြီလို့တောင် ပြောနေကြသေးတယ်"
မန်ယူသွေးပါသော မက်တော်မီနေးကတော့ အလွန် ခံရခက်နေပုံရသည်။
"ဟုတ်တယ်... လူအများစုက ငါတို့ အမှားလုပ်မှာကို စောင့်နေကြတာ... ဒါပေမဲ့ ဒီနေ့ပွဲအပြီးမှာ သူတို့ အမှားကြီး မှားသွားပြီဆိုတာ သက်သေပြကြမယ်... သူတို့ အောင်ပွဲခံဖို့ ပြင်ထားတဲ့ ရှန်ပိန်ပုလင်းတွေကို ရေခဲသေတ္တာထဲ ပြန်ထည့်ခိုင်းလိုက်စမ်း"
ချူဖုန်း ရုတ်တရက် ထရပ်လိုက်သည်။ ထိုလူတွေက မန်ယူ အရှက်ရတာကို မြင်ချင်နေကြသဖြင့် ချူဖုန်းက သူတို့၏ ပါးကို ရိုက်ပြချင်နေသည်။ မန်ယူသည် ယခုအခါ ပရီးမီးယားလိဂ်၏ လူအများ မုန်းတီးသော အသင်း ဖြစ်လာခဲ့သည်။ မန်ယူပရိသတ်မှလွဲ၍ မည်သူမျှ သူတို့ကို အနိုင်မရစေလိုကြပေ။ ထို့ကြောင့် သူတို့သာ နိုင်ပွဲ ရလျှင် ရင်ကွဲသွားမည့် လူများ များစွာ ရှိနေလေသည်။
အားလုံး အသင့်ဖြစ်သောအခါ မော်ရင်ညိုက အဝတ်လဲခန်း အလယ်တွင် ရပ်လိုက်သည်။
"နောက်သုံးရက်ဆိုရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရတော့မယ်... ဒါကြောင့် ဒီနေ့ သိပ်ပြီး အချိန်ဆွဲမနေကြနဲ့... ပွဲစကတည်းက ဖိကန်ပြီး ပွဲကို အမြန်ဆုံး အဆုံးသတ်လိုက်ကြ"
"အန်ဖီးလ်ကို သိမ်းပိုက်ဖို့အတွက် ငါတို့ အားမွေးထားရမယ်"
………….
တီ…
ပွဲစသည်နှင့် မန်ချက်စတာ ယူနိုက်တက်က မော်ရင်ဟို၏ အမိန့်အတိုင်း ဟက်ဒါဖီးလ် တောင်းကို တရစပ် တိုက်စစ်ဆင်လေသည်။ ပွဲစပြီး မကြာမီမှာပင် ချူဖုန်း၏ အဝေးကန်ချက်က ဟတ်ဒါဖီးလ်၏ ဂိုးပိုက်ကို ထိုးဖောက်သွားခဲ့ရာ ပွဲစပြီး (၅) မိနစ်မှာပင် ရလဒ်က စတင်ပြောင်းလဲသွားခဲ့သည်။ ဂုဏ်ပြုရန် ဝိုင်းလာကြသော အသင်းဖော်များကြားတွင် ချူဖုန်းက ခေါင်းကို ကုတ်ရင်း ညည်းလိုက်မိသည်။
“ငါ ဟတ်ဒါဖီးလ်ရဲ့ အင်အားကို အထင်ကြီးမိသွားတာပဲ...”
“ချူ... ငါ မင်းကို ပွဲမစခင်ကတည်းက ပြောသားပဲ... မင်း အများကြီး တွေးနေတာပါဆို... ဆန်ခါပေါက်လို ဖြစ်နေတဲ့ ခံစစ်မျိုးနဲ့ဆိုရင် သူတို့ တန်းမဆင်းရဘဲ ဘယ်သူ တန်းဆင်းရမှာလဲ...” ဟု မက်ဂွိုင်းယားက ပါးစပ်ကြီး ဖြဲကာ ရယ်မောရင်း ပြောလိုက်သည်။
ပရီးမီးယားလိဂ် ရာသီသိမ်းရန် နီးကပ်လာချိန်တွင် ဟတ်ဒါဖီးလ် တောင်းမှာ (၁၆) မှတ်သာ ရထားသဖြင့် ဇယားအောက်ဆုံး အဆင့် (၂၀) ၌ ရပ်တည်နေသည်။ သူတို့အထက်တွင် ဖူဟမ် (၂၆ မှတ်) နှင့် ကာဒစ်ဖ်စီးတီး (၃၄ မှတ်) တို့ ရှိနေပြီး ကာဒစ်ဖ်မှာ မန်ချက်စတာ ယူနိုက်တက်၏ နောက်ဆုံးပွဲ ပြိုင်ဘက်ဖြစ်သည်။
ဟတ်ဒါဖီးလ်နှင့် ဖူဟမ်မှာ မည်သို့ပင်ဖြစ်စေ တန်းဆင်းရမည်မှာ သေချာနေပြီ ဖြစ်သော်လည်း ကာဒစ်ဖ်အတွက်မူ မျှော်လင့်ချက် ရှိနေသေးသည်။ သူတို့သည် အဆင့် (၁၇) မှ ဘရိုက်တန်နှင့် (၂) မှတ်သာ ကွာဟတော့ပြီး ဘရိုက်တန်၏ နောက်ဆုံးပြိုင်ဘက်မှာ မန်စီးတီးဖြစ်သဖြင့် ကာဒစ်ဖ်အနေဖြင့် မန်ယူကို အနိုင်ယူနိုင်ပါက တန်းမဆင်းရဘဲ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်မှာ အကျိုးအမြတ်အရ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသဖြင့် ကာဒစ်ဖ် ကစားသမားများက အစွမ်းကုန် ကြိုးစားလာကြမည် ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံးပွဲသည် မန်ယူအတွက် သက်သောင့်သက်သာ ရှိလှမည် မဟုတ်ပေ။
“ကာဒစ်ဖ်လည်း ကြိုတင် တန်းဆင်းသွားပြီဆိုရင်တော့ ငါတို့ အားသိပ်စိုက်စရာ မလိုတော့ဘူး... အက်ဖ်အေဖလား ဗိုလ်လုပွဲအတွက် အားချန်ထားလို့ ရတာပေါ့...” ဟု မက်ဂွိုင်းယားက သက်ပြင်းချရင်း ပြောလိုက်သည်။
“ကဲ... လောလောဆယ် ဒီပွဲကိုပဲ အာရုံစိုက်ကြစမ်းပါ... ကျန်တာ နောက်မှ ပြောကြတာပေါ့...” ဟု အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားသော ဗလင်စီယာက အသံနက်ကြီးဖြင့် ဝင်ဟန့်လိုက်သည်။ သူ မန်ယူကနေ ထွက်ခွာရတော့မည်ဖြစ်ရာ နောက်ဆုံးပွဲများကို ဂုဏ်သိက္ခာရှိရှိဖြင့် အဆုံးသတ်ချင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လက်တစ်ကမ်းတွင် ရှိနေသော လိဂ်ချန်ပီယံဆုကိုမူ အဆုံးရှုံး မခံနိုင်ပေ။
“ခဏနေရင် ငါ့ဆီ ဘောလုံး ပိုပို့ပေးဦးနော်...” ဟု ချူဖုန်းက မာရက်ဇ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“မင်းက ဂိုး ၄၀ တောင် သွင်းထားပြီးပြီ မဟုတ်လား...” ဟု မာရက်ဇ်က ကြောင်တောင်တောင်နှင့် ပြန်မေးရာ...
“ဂိုးဆိုတာ များလေ ကောင်းလေပဲ မဟုတ်လားကွာ... ပြီးတော့ ဂိုးတိုင်းအတွက် ငါ့မှာ ဘောနပ်စ် ရှိတယ်လေ... မင်းကိုလည်း ပေါင်သိန်းချီ ပေးမှာပေါ့... ရာသီကုန်ရင် ငါနဲ့အတူ တရုတ်ပြည်ကို အလည်လိုက်ခဲ့ဦးလေ...”
တကယ်တော့ မက်ဆီ၏ တစ်ရာသီအတွင်း (၅၀) ဂိုးသွင်းသည့် စံချိန်ကို ချူဖုန်း မလိုက်ချင်ဘူးဆိုလျှင် လိမ်ညာရာ ရောက်ပါလိမ့်မည်။ ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းသည် ဥရောပ ထိပ်သီးလိဂ် ငါးခု၏ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ချင်ကြသည်မှာ သဘာဝပင်။
“မက်ဆီရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းစံချိန်က ၅၀ လို့ ငါ မှတ်မိတယ်... မင်း နောက်ဆုံး နှစ်ပွဲမှာ ၉ ဂိုးလောက် သွင်းလိုက်ရင် ဒါက ဘာခက်မှာလို့လဲ...” ဟု ဟာရဲရားက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
“သွားစမ်းပါ... မန်စီးတီးမှာဆိုရင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မယ်... ဒါပေမဲ့ ငါတို့ ဆရာကြီးရဲ့ နည်းဗျူဟာက သိတဲ့အတိုင်းပဲလေ...” ဟု ချူဖုန်းက ပြန်ပြောလိုက်သည်။
နှစ်ပွဲအတွင်း (၉) ဂိုးသွင်းရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဟတ်ဒါဖီးလ်ကဲ့သို့ တစ်ရာသီလုံးမှ (၁၆) မှတ်သာ ရသည့်အသင်းမျိုးကို မန်ယူက အစွမ်းကုန် ဖိတိုက်လျှင် ရလဒ်မှာ ပြတ်သားသွားနိုင်သော်လည်း ပြိုင်ဘက်၏ အိမ်ကွင်းတွင် ဤမျှအထိ အရှက်ခွဲရန်မှာ လူမှုရေးအရရော၊ ဘောလုံးလောက၏ ကျင့်ဝတ်အရပါ ချင့်ချိန်စရာ ဖြစ်နေသည်။ နိုင်လျှင် ဂိုးပြတ် သွင်းတတ်သော ဘိုင်ယန်မြူးနစ်ကဲ့သို့ ပရော်ဖက်ရှင်နယ် လူမိုက်များသည် လူတိုင်း၏ ကြည်ဖြူမှုကို မခံရသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
ချူဖုန်း ခန့်မှန်းထားသည့်အတိုင်းပင် မန်ယူ၏ ဂိုးအောက်တွင် ဟတ်ဒါဖီးလ် ကစားသမားများ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အချို့ကမူ ထိပ်သီးလိဂ်အသင်းများ၏ မျက်စိကျခြင်း ခံရစေရန် ခြေစွမ်းပြရန် ကြိုးစားနေကြရာ အသင်းလိုက် ကစားပုံမှာ ပို၍ ပျက်ပြားသွားစေသည်။
ပွဲချိန် (၁၇) မိနစ်တွင် ပေါ့ဘာ၏ ကြားဖြတ်လုယူမှုမှတစ်ဆင့် ချူဖုန်းက ဒုတိယဂိုးကို သွင်းယူလိုက်ရာ မန်ယူတို့ (၂-၀) ဖြင့် ဦးဆောင်သွားသည်။ ဟတ်ဒါဖီးလ် ကစားသမားများမှာ အားအင်များ ဆုတ်ယုတ်သွားသလို ခံစားနေရသည်။
ပွဲချိန် (၃၀) မိနစ်တွင် ချူဖုန်း၏ ခေါင်းတိုက်ချက် ဂိုးဘားပေါ် ကျော်သွားချိန်၌ ဟတ်ဒါဖီးလ် နည်းပြ စီဗတ်က သူ၏ ကစားသမားများကို ဒေါသတကြီး အော်ဟစ်နေတော့သည်။
“သူ့ကို မတားနိုင်ရင် ခြေထောက်ကို ကန်။ ဒါမှမဟုတ် တိုက်ပစ်လိုက်စမ်း”
မော်ရင်ညိုသည် ချူဖုန်း ဒဏ်ရာရမည့်အန္တရာယ်ကို စိုးရိမ်သဖြင့် သူ့ကို လူစားလဲရန် ဆုံးဖြတ်လိုက်သည်။ လူကာကူက ချူဖုန်းနှင့် လက်ချင်းရိုက်ကာ လူစားလဲဝင်လာခဲ့သော်လည်း သူ၏ မျက်နှာမှာမူ မကျေမနပ် ဖြစ်နေသည်။
လူကာကူသည် ရာသီကုန်လျှင် အသင်းမှ ထွက်ရန် ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးကလည်း သူ့ကို ဆက်သွယ်ထားသည်။ သူသည် အနာဂတ်အသင်းသစ်ကို ရွေးချယ်ရာ၌ ပိုမို အဆင်ပြေစေရန် ခြေစွမ်းကောင်း ပြချင်နေသဖြင့် ပုံမှန်ထက် ပို၍ တက်ကြွနေခဲ့ရာ (၆၃) မိနစ်တွင် ခေါင်းတိုက်ဂိုး တစ်ဂိုး သွင်းယူခဲ့သည်။
နောက်ဆုံးတွင် မန်ယူသည် (၃-၀) ဖြင့် အနိုင်ရခဲ့သည်။ တစ်ဖက်တွင်မူ လီဗာပူးမှာ နယူးကာဆယ်ကို (၃-၂) ဖြင့် အသည်းအသန် အနိုင်ရရှိခဲ့ရာ ချန်ပီယံဆု အတွက် သူတို့၏ မျှော်လင့်ချက်မှာ နောက်ဆုံးပွဲအထိ ဆက်ရှိနေမည်ဖြစ်သည်။
အာဆင်နယ်မှာမူ ဘရိုက်တန်နှင့် (၁-၁) သရေကျသွားခဲ့ရာ ချူဖုန်းအတွက် သူ၏ အသင်းဖော်ဟောင်း မစ်ခီတာယန်အတွက် စိတ်မကောင်း ဖြစ်မိသွားရသည်။ အမ်မရီသည် ဆီဗီလာကို ယူရိုပါလိဂ် (၃) ကြိမ်ဆက် ရယူပေးခဲ့သော်လည်း ပီအက်စ်ဂျီတွင်မူ လိဂ်ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို ဘာစီလိုနာကိုလည်း အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးသည်။
“မစ်ခီတာယန်က နောက်ရာသီကျရင် ယူရိုပါလိဂ်မှာပဲ ကစားရတော့မယ် ထင်တယ်...”
ချူဖုန်းက မစ်ခီတာယန်ကို ဖုန်းဆက်၍ နှစ်သိမ့်ရန် တွေးမိသော်လည်း ကြွားရာကျမည်စိုးသဖြင့် မစ်ခီတာယန်ကို ဖုန်းမဆက်တော့ပေ။
နေဝင်ရီတရောအချိန်…
မာရီယာက ချူဖုန်းကို ဝတ်စုံတစ်စုံ လက်ဆောင်ပေးရင်း တရုတ်ပြည်သို့ အလည်သွားရန် စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်။ သို့သော် ဂွါဒီယိုလာနှင့် ထိပ်တိုက်တိုးချိန်တွင် ဂွါဒီယိုလာ၏ မျက်နှာမှာ သိပ်မကြည်လှ။ လက်စတာနှင့်ပွဲတွင် ကွန်ပနီ၏ အဝေးကန်ချက်ဂိုးကြောင့်သာ မန်စီးတီးတို့ (၁-၀) ဖြင့် ကပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မနက်ဖြန် ချန်ပီယံလိဂ် ပွဲရှိတာကို ညကြီးမင်းကြီး ဒီနားမှာ ဘာလာလုပ်နေတာလဲ... လီဗာပူးကို စောစော သွားသင့်တာ မဟုတ်ဘူးလား...” ဟု ဂွါဒီယိုလာက မကြည်မလင် မေးလိုက်သည်။
ချူဖုန်းမှာ ဘာမှ မလုပ်ရဘဲ အပြစ်တင်ခံလိုက်ရသဖြင့် အခက်တွေ့သွားရသည်။ ကံကောင်း ထောက်မစွာဖြင့် ခရစ္စတီးနားက ညစာစားရန် ခေါ်လိုက်သည်။
“သူ စားလို့ မရဘူး... ပွဲကြို စားသောက်မှု စည်းကမ်းတွေ ရှိတယ်... အပြင်စာတွေ လျှောက်စားလို့ မဖြစ်ဘူး...”
ဂွါဒီယိုလာက ချူဖုန်းကိုယ်စား ဝင်ပြောပေးလိုက်သည်။ ထို့နောက် ဗလင်တီးနားက ကွင်းထဲအထိ လိုက်အားပေးရန် တောင်းဆိုရာတွင်မူ ဂွါဒီယိုလာမှာ သမီးချောလေး၏ မျက်ရည်ကို မကြည့်ရက်ဘဲ လက်လျှော့လိုက်ရသည်။
“သွားချင်ရင်လည်း သွားကြ... ချူဖုန်းဆီမှာ လက်မှတ်တောင်းလိုက်...”
ည ၇ နာရီခွဲတွင် ချူဖုန်းသည် အသင်းဖော်များနှင့်အတူ လီဗာပူးသို့ ထွက်ခွာခဲ့သည်။ ဘတ်စ်ကား အပေါ်တွင် မော်ရင်ညိုက နည်းဗျူဟာအသစ်ကို ရှင်းပြသည်။ “၄-၂-၃-၁ နဲ့ပဲ ကစားမယ်... ဒါပေမဲ့ နေရာတွေ ပြောင်းမယ်... လူကာကူက ဗဟိုတိုက်စစ်မှူး၊ ချူဖုန်းက ဘယ်တောင်ပံမှာ ကစားမယ်...”
“ချူ... မင်း လီဗာပူး ခံစစ်ကို ဖိအားတွေ အများကြီး ပေးရမယ်... သူတို့ နောက်ခံလူတွေကို မင်းဆီ ရောက်လာအောင် ဆွဲထုတ်ရမယ်... အဲဒီတော့မှ သူတို့ဆီမှာ ဟာကွက်တွေ ပေါ်လာမှာ...”
မော်ရင်ညိုသည် ချူဖုန်း၏ စွမ်းရည်ကို အပြည့်အဝ ယုံကြည်ထားသည်။ ချူဖုန်းက ပြတင်းပေါက်မှ အကြည့်လွှဲကာ ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် လုပ်ပါ့မယ်...”
ဤသို့ဖြင့် ဘတ်စ်ကားကြီးသည် ညကမ္ဘာအောက်တွင် လီဗာပူးမြို့ရှိ ခန့်ညားထည်ဝါသော အားကစားကွင်းဆီသို့ တရွေ့ရွေ့ ချီတက်နေပါတော့သည်။
***