ဖြောင်း... ဖြောင်း... ဖြောင်း...
မန်ချက်စတာ ယူနိုက်တက် ကစားသမားများ တည်းခိုရာ ဟိုတယ်အပြင်ဘက်တွင် မီးရှူးမီးပန်းများက ကောင်းကင်ယံထက်၌ တဖြောင်းဖြောင်း ပေါက်ကွဲနေပြီး လီဗာပူးပရိသတ်များ၏ သီချင်းဆို အော်ဟစ်သံများကလည်း ဆူညံပွက်လောရိုက်နေ၏။
ဒါကတော့ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေ အသုံးအများဆုံး နည်းဗျူဟာတစ်ခုပင်။ ဟိုတယ်ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က အကာအကွယ်ပေးထားသော်လည်း ပါးနပ်လှသော လီဗာပူးပရိသတ်များကတော့ ဟာကွက်ကို ရှာဖွေနိုင်ခဲ့ကြသည်။
သူတို့က အလွန်လည်း ကောက်ကျစ်ကြသေး၏။ မနက် (၁) နာရီမှ စ၍ (၄) နာရီတစ်ကြိမ် ခြားပြီး မီးရှူးမီးပန်းများကို ဖောက်ခဲ့ကြခြင်းဖြစ်သည်။
ချူဖုန်းသည် ဆူညံသံပိတ် နားကြပ်ကို တပ်ထားသော်လည်း အိပ်၍မရတော့သဖြင့် ပြတင်းပေါက် အနားတွင် ထိုင်ကာ ညကောင်းကင်ယံကိုသာ ငေးကြည့်နေမိတော့သည်။ လီဗာပူးမြို့က မန်ချက်စတာနှင့် မတူပေ။ ပင်လယ်နှင့် နီးသောကြောင့် ကောင်းကင်တွင် တိမ်ကင်းစင်နေပြီး ကြယ်တာရာများကိုပါ အထင်အရှား မြင်နေရသည်။
အတန်ကြာမှ ချူဖုန်း တစ်ကျော့ပြန် သမ်းဝေလာပြီး လီဗာပူးပရိသတ်များ ငြိမ်သက်သွားမှသာ အိပ်ရာပေါ် ပြန်လှဲကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူက အိပ်မပျော်သည့် ရောဂါမျိုးမရှိသဖြင့် ခဏချင်းပင် ပြန်လည် အနားယူနိုင်ခဲ့သည်။
သို့သော် မက်တော်မီနေးကတော့ အခြေအနေ မဟန်လှပေ။ နောက်တစ်နေ့ မနက်စာ စားပွဲတွင် သူက မျက်ကွင်းညိုကြီးများနှင့်အတူ "ညှိုးနွမ်းနေသည့် ခရမ်းသီးတစ်လုံး" ကဲ့သို့ ဖြစ်နေပြီး အစားအစာများကို စိတ်မပါလက်ပါ ဝါးစားနေ၏။
ချူဖုန်းက စကော့နှင့် အခန်းဖော်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်၍ စကော့သည် အိပ်စက်သည့် ပတ်ဝန်းကျင် အပေါ် အလွန် ဇီဇာကြောင်မှန်း သိထားသည်။ ထို့ကြောင့် သူက သက်ပြင်းချကာ နှစ်သိမ့်လိုက်ရ၏။ "လီဗာပူး ပရိသတ်တွေက သဘောကောင်းပါသေးတယ်ကွာ... ငါတို့ အရင်က ရုရှားမှာ သွားကစားတုန်းကဆို မိနစ် ၂၀ တစ်ခါ မီးရှူးမီးပန်း ဖောက်ကြတာ... လုံးဝကို အိပ်လို့မရဘူး..."
"ငါ့ကို မေးရင်တော့ လီဗာပူးရဲ့ လုံခြုံရေးက စုတ်ပြတ်နေလို့ပဲ... ပြီးခဲ့တဲ့ အပတ်က သူတို့ မန်ချက်စတာကို လာတုန်းက ကြည့်လေ... ငါတို့ ပရိသတ်တွေ တစ်ခါပဲ ဖောက်ရသေးတယ်။ အားလုံး မောင်းထုတ်ခံလိုက်ရတာ..."
ဝမ်-ဘစ်ဆာကာကလည်း ဝင်ပြောသည်။ သူ့ကို ကြည့်ရသည်မှာလည်း အိပ်ရေးပျက်ထားပုံ ရသော်လည်း သူက မီးသွေးတုံးကဲ့သို့ မည်းနက်နေသူဖြစ်သဖြင့် အိပ်ရေးပျက်နေမှန်း သိသာမနေခြင်းသာ ဖြစ်သည်။
"ဒီနေ့ပွဲက ည (၈) နာရီခွဲမှစမှာ... အခြေခံ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင် မင်းတို့ ဟိုတယ်ပြန်ပြီး အိပ်ရေးဝအောင် ပြန်အိပ်ကြ..." ဟု လက်ထောက်နည်းပြ ဖာရီယာက ညွှန်ကြားလိုက်သည်။ အဆင့်မြင့် အားကစားပြိုင်ပွဲများတွင် ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် စိတ်အခြေအနေက အဆုံးအဖြတ် ပေးနိုင်သည့် အချက်ဖြစ်သဖြင့် အနားယူရန်က အရေးကြီးဆုံးပင်။
"အမ်... ဆရာကြီးက ဘာလို့ ဆင်းမလာသေးတာလဲ..."
ချူဖုန်းက နားမလည်နိုင်စွာ မေးလိုက်သည်။ မော်ရင်ညိုသည် မန်ယူနည်းပြ ဖြစ်လာကတည်းက အမြဲတမ်း အစောဆုံး ရောက်လာပြီး အနောက်ဆုံးမှ ပြန်လေ့ရှိသူ ဖြစ်သည်။ ယနေ့ နောက်ကျနေခြင်းက ပုံမှန်မဟုတ်ပေ။
"သူက အသက် ၅၆ နှစ် ရှိပြီလေ... မနေ့ညက အိပ်ရေးပျက်သွားတော့ အခုထိ အိပ်နေတုန်းပဲ ထင်တယ်..." ဖာရီယာက အမဲသားကင်ကို တစ်ချက်ကိုက်ရင်း မကျေမနပ် ပြောလိုက်သည်။
သူသည် မော်ရင်ညိုနှင့်အတူ ၂၀၀၁ ခုနှစ် ဘာစီလိုနာ အသင်းကတည်းက (၁၅) နှစ်ကျော် လက်တွဲလာခဲ့သူ ဖြစ်သည်။ မော်ရင်ညို၏ အောင်မြင်လိုစိတ်က အသက်ကြီးလာသော်လည်း မလျော့ပါးသွားမှန်း သူသိသော်လည်း... အချိန်ဆိုသည်ကတော့ ဘယ်သူမှ ဆန့်ကျင်၍ မရသည့် အရာပင်။
လူထူးဆန်းကြီးလည်း အိုမင်းလာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျှင် ထိုကဲ့သို့ မီးရှူးမီးပန်း ဆူညံသံများကြား၌ပင် မော်ရင်ညိုက တစ်ညလုံး နည်းဗျူဟာများကို စိတ်အားထက်သန်စွာ ခေါင်းအေးအေးဖြင့် ဆွေးနွေးနိုင်သူ ဖြစ်ခဲ့သည်။
"ချူ... ငါတို့ အနည်းဆုံး သုံးဂိုး သွင်းဖို့ လိုတယ်နော်... မင်း တကယ်ပဲ ငါတို့မှာ အခွင့်အရေး ရှိတယ်လို့ ထင်လား..."
ရက်ရှ်ဖို့ဒ်က ရုတ်တရက် မေးလာသည်။ ဒါက ရက်ရှ်ဖို့ဒ် တစ်ယောက်တည်း၏ သံသယမဟုတ်ဘဲ အသင်းသားအားလုံး၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းပင်။ လီဗာပူးဆိုသည်က နှစ်ပေါင်း ရာချီ ရန်သူတော်ကြီး ဖြစ်သလို လက်ရှိ အင်အားကလည်း မသေးလှပေ။
ချူဖုန်းက ပန်းဂေါ်ဖီစိမ်းကို ဝါးစားလိုက်ပြီး အသင်းဖော်များကို ပြုံးပြလိုက်သည်။ "မင်းတို့က ကျိုးကြောင်းဆီလျော်တဲ့ အဖြေကို ကြားချင်တာလား... ဒါမှမဟုတ် စိတ်ခံစားချက်နောက် လိုက်ထားတဲ့ အဖြေကို ကြားချင်တာလား..."
"ကျိုးကြောင်းဆီလျော်တဲ့ အဖြေပဲ ကြားချင်တယ်" ဟု မက်ဂွိုင်းယားက ချက်ချင်း ဖြေသည်။
သူတို့က "မင်းတို့ လုပ်နိုင်ပါတယ်" ဆိုသည့် အပြောမျိုးထက် တကယ်တမ်း ဖြစ်နိုင်ချေ ရှိ၊ မရှိကိုသာ သိချင်ကြခြင်း ဖြစ်သည်။
ချူဖုန်းက ခေါင်းညိတ်လိုက်ပြီး အိတ်ထဲ၌ အသင့် ဆောင်ထားသော နည်းဗျူဟာ ဘုတ်ပြားလေးကို ထုတ်လိုက်သည်။
"ဆရာကြီး အရင်က ပြောခဲ့ဖူးသလိုပဲ... လီဗာပူးရဲ့ ညာတောင်ပံက အားနည်းချက် ရှိတယ်... အာနိုးလ်ပဲ ပွဲထွက်ထွက်၊ မီလ်နာပဲ ပွဲထွက်ထွက် ငါတို့ တိုက်စစ်ကို ခုခံဖို့ ခက်လိမ့်မယ်။ ဒါက ငါ လေကြီးနေတာ မဟုတ်ဘူး။ ပွဲပေါင်းများစွာကို လေ့လာပြီး ထွက်လာတဲ့ ရလဒ်ပဲ။ ငါတို့ တိုက်စစ် အင်အားအားလုံးကို ဘယ်တောင်ပံမှာ စုစည်းပြီး သူတို့ရဲ့ ညာတောင်ပံကို အပြတ်အသတ် ဖိအားပေးရမယ်”
"အာနိုးလ်ကို ကြည့်ရင်... သူ့မှာ အခြေအနေကို အကဲခတ်တာ နှေးကွေးတဲ့ အကျင့်ရှိတယ်... ဘောလုံးက သူ့ခြေထောက်နား ရောက်လာခါနီးမှ သူက တုံ့ပြန်တတ်တာ... အရင်က ဗန်ဒိုက်ရဲ့ လမ်းညွှန်မှုကြောင့်သာ သူတို့တွေ အမှားနည်းခဲ့တာ... ဒါပေမဲ့ ဒီလို ထိပ်တန်းပွဲစဉ်ကြီးတွေမှာတော့ ဒီလို အားနည်းချက်လေးတွေက အကြီးကြီး ဖြစ်သွားနိုင်တယ်..."
ချူဖုန်းက မာကာဖောင်ဖြင့် ဘုတ်ပေါ်တွင် ဝိုင်းပြလိုက်သည်။
"နောက်တစ်ခုက သူတို့ ကွင်းလယ်မှာ ထိန်းချုပ်နိုင်စွမ်း အားနည်းတယ်... ဟန်ဒါဆန်၊ ဝိုင်နယ်လ်ဒမ်နဲ့ မီလ်နာတို့က ခွန်အားသုံး ကစားတဲ့သူတွေဖြစ်ပြီး ကီတာကလည်း ဂျာမနီမှာတုန်းကလို မကစားနိုင်သေးဘူး... ဖာဘင်ညို တစ်ယောက်တည်းက ကွင်းလယ်ခံစစ်ကို အကုန် မထိန်းနိုင်ဘူး... ငါတို့တွေ သူတို့ရဲ့ ညာတောင်ပံကို ဖျက်ဆီးပြီးတာနဲ့ ကွင်းလယ်နဲ့ ညှိပြီး ဖာဘင်ညိုကို ဝိုင်းပတ် တိုက်စစ်ဆင်ရမယ်..."
ချူဖုန်း၏ ရှင်းပြချက်ကို နားထောင်နေသော ဖာရီယာကတော့ ချီးကျူးမဆုံး ဖြစ်နေတော့သည်။ ဒီကောင်လေးက ဆရာကြီးရဲ့ နည်းဗျူဟာတွေကို အကုန်လုံးနီးပါး တတ်မြောက်သွားပြီဖြစ်၍ အနာဂတ်တွင် ထိပ်တန်းနည်းပြတစ်ဦး ဖြစ်လာဦးမည်မှာ သေချာလှသည်။
သို့သော် မက်ဂွိုင်းယားကတော့ ခေါင်းကြီးကို ကုတ်ကာ နားမလည်နိုင်သလို မေးခွန်းထုတ်ပြန်သည်။ "မင်းက တိုက်စစ်အကြောင်းတွေပဲ ပြောနေတာ... ခံစစ်ကျတော့ ဘယ်လိုလုပ်မလဲ..."
ချူဖုန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ရသည်။ "ဘောလုံးပွဲမှာ တိုက်စစ်နဲ့ ခံစစ်က ဆက်စပ်နေတယ် မက်ဂွိုင်းယား... ငါတို့တွေ သူတို့ရဲ့ တောင်ပံတွေကို ဖိနှိပ်ထားနိုင်ရင် ဆာလာနဲ့ မာနေးတို့က ခံစစ်ကို ဆင်းကူနေရလိမ့်မယ်... အဲဒီအခါ ငါတို့ ခံစစ်က သူတို့ရဲ့ တန်ပြန်တိုက်စစ်ကိုပဲ ဂရုစိုက်ဖို့ လိုတော့တာ... မင်းမှာ သူတို့ကို ထိန်းထားနိုင်ဖို့ ယုံကြည်ချက် မရှိဘူးလား..."
"အို... ရှေ့တည့်တည့် ခံစစ်မှာတော့ ငါ့ကို ဘယ်သူမှ မကျော်နိုင်ဘူး... ကြည့်နေလိုက်" ဟု မက်ဂွိုင်းယားက ခေါင်းကြီးကို ကုတ်ရင်း လေကြီးလိုက်ပြန်သည်။
---
ညနေပိုင်း ရောက်သောအခါ လီဗာပူးမြို့ကြီးက သက်ဝင်လှုပ်ရှားလာတော့သည်။ အန်ဖီးလ်ကွင်း အနီးအနားတွင် ရန်ပွဲများ၊ ဆဲဆိုသံများက ခဏခဏ ဖြစ်ပွားနေ၏။ အင်္ဂလိပ် ဘောလုံးပရိသတ်တွေက ရုရှားပရိသတ်တွေကိုသာ ကြောက်တာဖြစ်ပြီး ကိုယ့်လူအချင်းချင်းကျတော့ အလွန် မာကြသူများ ဖြစ်သည်။
"မင်းတို့ မန်ယူကောင်တွေ ၃-၁ နဲ့ ရှုံးနေတာ... အခုချက်ချင်း မန်ချက်စတာကို ပြန်ပြေးကြတော့"
"မန်ယူ နံပါတ် (၇) ချူဖုန်း ငိုယိုနေတာကို မနက်ဖြန် သတင်းစာမှာ ကြည့်ရဖို့သာ ပြင်ထားလိုက်"
လီဗာပူးပရိသတ်များက လှောင်ပြောင် သရော်နေကြသော်လည်း မန်ယူကစားသမားများကတော့ တည်ငြိမ်စွာဖြင့် ကွင်းထဲတွင် သွေးပူလေ့ကျင့်ခန်း လုပ်နေကြသည်။
ကွင်းထဲတွင် မိုးတဖွဲဖွဲ ရွာနေသဖြင့် မြက်ခင်းက အလွန်ချောနေ၏။
"အန်ဖီးလ် မြက်ခင်းက ချောလိုက်တာ... စကိတ်စီးနေရသလိုပဲ..." ဟု မာရက်ဇ်က ညည်းတွားသည်။
"မိုးရွာနေတော့ ဘောလုံးပေးပို့တဲ့အခါ အားပိုထည့်ရမယ်..." ချူဖုန်းကလည်း သတိပေးလိုက်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မော်ရင်ညိုက ချူဖုန်းကို ခေါ်လာခဲ့သည်။
သတင်းထောက်တစ်ဦးက မေးခွန်းထုတ်၏။ "ချူ... ဒီနေ့ပွဲမှာ မန်ယူ နိုင်ဖို့ အခွင့်အရေး လုံးဝမရှိဘူးလို့ လူအများက ထင်နေကြတယ်... အဲဒါကို ဘယ်လိုမြင်လဲ..."
ချူဖုန်းက ပြုံးလိုက်ပြီး - "တကယ်လို့ လူတွေက ကျွန်တော်တို့ကို ယုံကြည်ချက် မရှိဘူးဆိုရင်တောင်... ကျွန်တော်တို့ကတော့ အန်ဖီးလ်မှာ လီဗာပူးကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်..."
မော်ရင်ညိုကလည်း မိုက်ကိုယူကာ ထပ်လောင်း ပြောကြားလိုက်သည်။ "လီဗာပူးက အင်အားကြီးမှန်း ကျွန်တော်တို့ သိပါတယ်... ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဘိဓာန်မှာ 'အရှုံးပေးခြင်း' ဆိုတဲ့ စကားလုံး လုံးဝမရှိပါဘူး။ သမိုင်းတစ်လျှောက်မှာ မယုံနိုင်စရာ ကိစ္စရပ်တွေ အများကြီး လုပ်ပြခဲ့တဲ့ သရဲနီတွေ အတွက် ဒီညမှာလည်း နောက်ထပ် အံ့အားသင့်စရာ တစ်ခု ရှိလာဦးမှာပါ..."
ဝုန်း...
အန်ဖီးလ်ကွင်းကြီးအတွင်း ဆူညံသံများက နားကွဲမတတ် ထွက်ပေါ်လာသည်။ ပွဲစတင်သည့် ဝီစီသံ ထွက်ပေါ်လာသည်နှင့် မန်ယူအသင်းက စတင် တိုက်စစ်ဆင်တော့သည်။
ချူဖုန်းက လူကပ်ခံနေရသော်လည်း သူ၏ ပါးနပ်သော နေရာယူမှုကြောင့် လီဗာပူး၏ ခံစစ်ကစားသမားများ အလုပ်ရှုပ်နေရသည်။ အထူးသဖြင့် အာနိုးလ်မှာ ချူဖုန်း၏ အရှိန်အောက်တွင် ယိမ်းထိုးနေရ၏။
ပွဲစပြီး (၈) မိနစ်ခန့်တွင်...
ချူဖုန်းက ဘောလုံးကို ဆွဲပြေးပြီး မာတစ်ဆီ ပေးပို့လိုက်သည်။ ထို့နောက် သူက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် အာနိုးလ်၏ အနောက်ဘက် ဟာကွက်ထဲသို့ ပြေးဝင်သွားတော့သည်။ မာတစ်ကလည်း အလိုက်သင့် မျှောပေးဘော ထိုးပေးလိုက်ရာ ချူဖုန်းက ဘောလုံးကို ထိန်းရင်း ပင်နယ်တီ ဧရိယာထဲသို့ တိုးဝင်သွား၏။
လီဗာပူး နောက်ခံလူ မာတစ်က ရှေ့က ပိတ်ဆို့သော်လည်း ချူဖုန်းက ကိုယ်ဟန်ပြ လူလိမ်ကွက်ဖြင့် ညာဘက်သို့ လှည့်ထွက်ကာ ဂိုးကန်သွင်းရန် ပြင်လိုက်သည်။ ဗန်ဒိုက်နှင့် ဂိုးသမား အလီဆန်တို့က ချူဖုန်း ကန်မည့်ဘက်ကို ပိတ်ဆို့ရန် ပြင်လိုက်ချိန်တွင်... ချူဖုန်းက မကန်ဘဲ လူလွတ်နေသည့် လူကာကူဆီသို့ ဘောလုံး ဖြတ်တင်ပေးလိုက်သည်။
လူကာကူက အနေအထား အနည်းငယ် ပျက်နေသော်လည်း အံကြိတ်ကာ ကန်သွင်းလိုက်ရာ...
ဘုန်း…
ဘောလုံးက တလိမ့်လိမ့်ဖြင့် ဂိုးစည်းထဲသို့ ဝင်သွားတော့သည်။
"ဂိုး... မန်ချက်စတာ ယူနိုက်တက် ဂိုးရသွားပါပြီ"
"ချူဖုန်းရဲ့ ပါးနပ်တဲ့ ဖန်တီးမှုကနေ လူကာကူက အဖွင့်ဂိုးကို သွင်းယူပေးလိုက်တာပါ"
မန်ယူပရိသတ်များ ရူးသွပ်မတတ် အော်ဟစ် အားပေးကြတော့သည်။ ချူဖုန်းက ဂိုးပိုက်ထဲမှ ဘောလုံးကို ကောက်ယူကာ ကွင်းလယ်သို့ ပြေးသွားရင်း အသင်းသားများကို အော်ဟစ် လှုံ့ဆော်လိုက်သည်။
"ဂိုးရပြီဟေ့။ ဆက်တိုက်ကြစမ်း။ ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်"
လီဗာပူး နည်းပြ ကလော့ပ်ကတော့ ဘေ့စ်ဘောဦးထုပ်ကို ချွတ်ကာ ခေါင်းကို ကုတ်နေမိတော့သည်။ သူ မော်ရင်ညို၏ နည်းဗျူဟာကို အထင်သေးခဲ့မိပုံရသည်။
ပွဲကတော့ အရှိန်အဟုန် မြင့်တက်လာပြီ ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်၏ အစွမ်းကို အန်ဖီးလ်ကွင်းကြီး တစ်ခုလုံး သက်သေပြရန် အချိန်ရောက်လာချေပြီ။
***