ပွဲအတွင်းဝယ် မန်ချက်စတာ ယူနိုက်တက်ကသာ တစ်ဖက်သတ် တိုက်စစ်ဆင်နေရာ လီဗာပူးနည်းပြ ကလော့ပ်က အပြောင်းအလဲ တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး အိုရီဂီကို အစားဝင်ရန် ပြင်ဆင်ခိုင်းလိုက်သည်။ အိုရီဂီသည် အဆုံးသတ် ကောင်းသူဖြစ်ပြီး ပြိုင်ဘက် ခံစစ်ကို ဖိအားပေးနိုင်သူလည်း ဖြစ်သည်။ ဖာမီနိုမှာ ဒဏ်ရာဟောင်း ရှိနေသဖြင့် ပွဲ၏ မြင့်မားသော အရှိန်အဟုန်ကို ခံနိုင်ရည် မရှိတော့ပေ။
လူစားလဲမှု ပြုလုပ်ပြီးနောက် ပွဲက ပြန်လည် စတင်ခဲ့သည်။ အိုရီဂီ၏ ပါဝင်လာမှုကြောင့် မန်ယူ နောက်ခံလူ မက်ဂွိုင်းယားမှာ အတန်ငယ် သတိထားနေရသလို လီဗာပူးကလည်း လေကြောင်းတိုက်စစ် အခွင့်အရေးများ ရလာသည်။ သို့သော် ပထမပိုင်း ပြီးခါနီးအချိန်တွင် မန်ယူက နောက်ထပ် တိုက်စစ်တစ်ခုကို ပုံဖော်ပြန်သည်။
လုခ်ရှောသည် ချူဖုန်း ဖန်တီးပေးထားသော ဟာကွက်မှတစ်ဆင့် ဘယ်တောင်ပံသို့ ဘောလုံး ဆွဲပြေးသွားသည်။ ထို့နောက် ပင်နယ်တီ ဧရိယာထဲသို့ ဘောလုံး ဖြတ်တင်ပေးလိုက်ရာ ချူဖုန်းက ဘောလုံးကို မယူဘဲ ကျော်လွှားခွင့်ပေးလိုက်သည်။ ထိုဘောလုံးကို လူကာကူက အရှိန်အဟုန်ဖြင့် ခေါင်းတိုက်လိုက်သော်လည်း အလီဆန်က တစ်ကြိမ်ထပ်မံ ကာကွယ်သွားပြန်သည်။ ဘောလုံးက ချူဖုန်းဆီသို့ ပြန်ကျလာပြီး ချူဖုန်းက ကန်သွင်းလိုက်ရာ ဂိုးဘားတန်းကို ထိကာ ဂိုးစည်းပေါ်သို့ ကျသွားသည်။
"ဟေး... ဒါ ဂိုးဝင်သွားပြီ မဟုတ်လား"
နဗီးလ်က အော်ဟစ်လိုက်သော်လည်း ဒိုင်လူကြီးက ဂိုးမပေးခဲ့ပေ။ ချူဖုန်းကတော့ အန်ဖီးလ်ကွင်းက သူ့အပေါ် ရက်စက်လွန်းသည်ဟု ခံစားနေရသော်လည်း - "ရပါတယ်... ငါတို့ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်နေတာပဲ... မကြာခင် ဂိုးရမှာပါ" ဟု အသင်းသားများကို အားပေးလိုက်သည်။
ပထမပိုင်း ပြီးဆုံးသွားသောအခါ နှစ်ဦးနှစ်ဖက် ကစားသမားများ အဝတ်လဲခန်းသို့ ပြန်ဝင်သွားကြသည်။ မော်ရင်ညိုက နည်းဗျူဟာ ဘုတ်ပြားရှေ့တွင် ပြုံးလျက် ရပ်နေပြီး - "ပထမပိုင်းမှာ အားလုံး ကောင်းကောင်း ကစားခဲ့ကြတယ်... ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပဲ ဆက်လုပ်ကြမယ်... လီဗာပူးကို အပြတ်အသတ် ဖိအားပေးကြစမ်း" ဟု မိန့်ကြားလိုက်သည်။
ကလော့ပ်ကတော့ သူ၏ အဝတ်လဲခန်းတံခါးကို ဖွင့်ကာ လီဗာပူးအသင်း၏ အစဉ်အလာများကို ပြောပြရင်း ကစားသမားများကို စိတ်အားထက်သန်အောင် လှုံ့ဆော်ပေးနေသည်။
"မှတ်ထားကြ... မင်းတို့ ပင်ပန်းလာရင် ပရိသတ်တွေ သီချင်းဆိုတာကို နားထောင်လိုက်... ငါ ဒီညမှာ မင်းတို့အတွက် ပရိသတ် ၆၀,၀၀၀ ရဲ့ အောင်ပွဲခံသံကို ကြားချင်တယ်"
---
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် "You'll Never Walk Alone" သီချင်းသံက အန်ဖီးလ်ကွင်းကြီး တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ချူဖုန်းက မန်ယူပရိသတ်များရှိရာသို့ လက်ဝှေ့ယမ်းပြရင်း အားပေးမှုကို တောင်းခံလိုက်သည်။
ပွဲပြန်စသည်နှင့် လီဗာပူးက အတင်းတိုက်စစ်ဆင်လာသော်လည်း မန်ယူဂိုးသမား ဒီဂီယာက အေးအေးဆေးဆေးပင် ကာကွယ်သွားနိုင်သည်။ ထို့နောက် မန်ယူ၏ တန်ပြန်တိုက်စစ် စတင်လေသည်။
မာတစ်က ဘောလုံးကို လက်ခံကာ မာရက်ဇ်ဆီသို့ ပေးပို့လိုက်ပြီး မာရက်ဇ်ကတစ်ဆင့် ချူဖုန်းဆီသို့ ဘောလုံး ရောက်သွားသည်။
ချူဖုန်းသည် အာနိုးလ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏ ခြေလှမ်းများက လျင်မြန်လှသဖြင့် အာနိုးလ်မှာ ဘာလုပ်ရမည်မှန်း မသိဘဲ ခြေဆန့် ထုတ်မိလိုက်သည်။ ထိုအချိန်တွင် ချူဖုန်းက ဘောလုံးကို ညာခြေဖြင့် ပုတ်ကာ ဘယ်ခြေဖြင့် အသာအယာ လှည့်ထွက်သွားသည့် "Fried Meatballs" လူလိမ်ကွက်ကို သုံးလိုက်ခြင်း ဖြစ်၏။
"ဒါကို ဘယ်လိုများ ခုခံရမှာလဲ..."
အာနိုးလ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ ချူဖုန်း၏ အရှိန်အဟုန်မှာ အံ့မခန်းလှသဖြင့် မည်သူမျှ လိုက်မမီနိုင်ချေ။ သို့သော် ချူဖုန်းက ဘောလုံးကို လူကာကူထံ ပို့ပေးလိုက်ရာ လူကာကူ၏ ကန်ချက်က အလီဆန်၏ ရင်ခွင်ထဲသို့သာ ရောက်သွားသည်။
ပွဲချိန် ၅၉ မိနစ် ရောက်နေပြီ ဖြစ်ရာ အလီဆန်သည် ဘောလုံးကို ကိုင်ထားရင်း အချိန်ဆွဲနေမိသည်။ သို့သော် ချူဖုန်းက ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အရှိန်အကုန်သုံးကာ ပြေးဝင်သွားသည်။ အလီဆန်က လူလိမ်ကွက် သုံးရန် ကြိုးစားသော်လည်း ချူဖုန်း၏ ခြေထောက်က ပို၍ လျင်မြန်သွားကာ ဘောလုံးကို ဂိုးထဲသို့ ပုတ်သွင်းလိုက်တော့သည်။
"၀ - ၂ မန်ချက်စတာ ယူနိုက်တက်တို့ ဒုတိယဂိုး ရသွားပါပြီ"
ချူဖုန်းက ဘောလုံးကို ကောက်ယူကာ ကွင်းလယ်သို့ ပြေးသွားရင်း လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။
"နောက်ထပ် တစ်ဂိုးပဲ လိုတော့တယ်"
မန်ချက်စတာ မြို့ရှိ ဘားဆိုင်များတွင်လည်း မန်ယူပရိသတ်များ၏ အော်ဟစ်သံများက ဆူညံပွက်လော ရိုက်နေသည်။ အဘိုးအို မိုက်ခ်က သူ၏ ဘီယာခွက်ကို မော့သောက်ရင်း - "၁၉၉၉ တုန်းကလည်း ငါတို့ ဒီလိုပဲလေ..." ဟု ဆိုကာ ပြုံးလိုက်သည်။
ပွဲက နောက်ဆုံး မိနစ် (၃၀) သို့ ရောက်လာသည်။ မော်ရင်ညိုက လူစားလဲမှုများ ပြုလုပ်လိုက်ပြီး လူကာကူအစား ရက်ရှ်ဖို့ဒ်ကို ထည့်လိုက်သည်။ ချူဖုန်းက ဗဟိုတိုက်စစ်မှူးနေရာသို့ ပြန်သွားသည်။
ထို့နောက် နှစ်သင်းစလုံးသည် အပြန်ပြန် အလှန်လှန် တိုက်စစ်ဆင်ကြသည်။ နှစ်ကျော့ပေါင်း ရလဒ်အရ တူညီနေပြီ ဖြစ်သော်လည်း လီဗာပူးက အဝေးဂိုး တစ်ဂိုး အသာရထားသဖြင့် တိုက်စစ်ကို မည်ကာမတ္တမျှသာ ဆင်သော်ငြား မန်ယူအသင်းကမူ အားကုန် သုံး၍ တိုက်စစ်ဆင်နေ၏။
ပွဲချိန် မိနစ် ၈၀ ကျော်တွင်...
ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှတစ်ဆင့် ဘောလုံးကို ဆွဲပြေးလာပြီးနောက် အထဲသို့ ဖြတ်တင်ပေးလိုက်သည်။ ဗန်ဒိုက်သည် ချူဖုန်းကို အနီးကပ် ကပ်ထားသော်လည်း ချူဖုန်းက ဘောလုံးကို လက်ခံရင်း ၁၈၀ ဒီဂရီ လှည့်ပတ်ရသည့် ခရိုက်ဖ် အလှည့်ကို သုံးလိုက်သည်။
ဝုန်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဗန်ဒိုက်သည် ဟန်ချက်ပျက်ကာ မြက်ခင်းပေါ်သို့ ဒူးထောက် လဲကျသွားရတော့သည်။ ထို့နောက် ချူဖုန်းသည် အန်ဖီးလ်၏ မီးရောင်အောက်တွင် အနုပညာရှင် တစ်ဦးကဲ့သို့ပင် ဘောလုံးကို အေးအေးဆေးဆေး ဂိုးထဲသို့ ကန်သွင်းလိုက်သည်။
"၀ - ၃… မယုံနိုင်စရာပဲ မန်ချက်စတာ ယူနိုက်တက်တို့ သမိုင်းသစ် ရေးထိုးလိုက်ပြီ"
ချူဖုန်းသည် တတိယမြောက် သွင်းဂိုးကို သွင်းယူပြီးနောက် ကွင်းထဲတွင် ပတ်ပြေးကာ အဝေးကွင်း ပရိသတ်များ၏ ပွဲကြည့်စင်ရှေ့ အရောက်တွင် ဒူးထောက်ကာ အောင်ပွဲခံနေတော့သည်။ မန်ချက်စတာ ယူနိုက်တက်၏ အဘိဓာန်တွင် "အရှုံးပေးခြင်း" ဟူသော စကားလုံး လုံးဝမရှိကြောင်း သူက ကမ္ဘာကြီးကို သက်သေပြလိုက်ချေပြီ။
ထိုခဏ၌ အန်ဖီးလ်ကွင်း၏ အဝေးကွင်းပရိသတ်စင်မြင့်ထက်တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အောင်ပွဲခံသံများ ဟိန်းထွက်လာချေပြီ။ မန်ချက်စတာ ယူနိုက်တက် ပရိသတ်အားလုံးသည် မိမိတို့၏ အော်ဟစ်သံကိုပင် ပြန်မကြားရတော့ဘဲ ခဏတာ နားအူသွားကြရ၏။
သူတို့သည် တစ်ဦးကိုတစ်ဦး ဖက်လှဲတကင်းဖြင့် ကြည်နူးမဆုံး ဖြစ်နေကြသလို ဤမြင်ကွင်းကြီးက အိပ်မက်တစ်ခုကဲ့သို့ပင် ထင်မှတ်နေကြသည်။ အချို့သော ပရိသတ်များ၏ ပါးစပ်ဖျားတွင် ငန်ကျိကျိ အရသာကို ခံစားနေရ၏။ ထိုအရသာကား အခြားမဟုတ်။ သရဲနီတို့၏ ဝမ်းသာမျက်ရည်များပင် ဖြစ်ချေတော့သည်။
"မန်ယူအသင်းက တကယ်ကြီး ထပ်သွင်းလိုက်ပြန်ပြီလားဗျာ..."
နဗီးလ်သည် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ပထမအကျော့တွင် ၁-၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအကျော့တွင် ၃-၀ဖြင့် ပြန်လည် ဦးဆောင်နိုင်ရန်မှာ အလွန်တရာ ခက်ခဲလှသည့် ခရီးကြမ်းကြီး ဖြစ်သည်။ ပွဲကြည့်စင်ပေါ်မှ ကြည့်နေသည့် သူ့အတွက်ပင် ဤရလဒ်က လွယ်ကူလှသည်တော့ မဟုတ်ပေ။
"ချန်ပီယံလိဂ် ပြိုင်ပွဲစနစ်သစ် ပြောင်းလဲပြီးကတည်းက ဘယ်သူမှ ဒီလိုမျိုး မလုပ်နိုင်ခဲ့ဖူးဘူး... ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ လုပ်ပြသွားပြီဗျာ"
"ယူနိုက်တက်ရဲ့ သစ္စာရှိ ပရိသတ်တွေအနေနဲ့ ဒီညကို ထာဝရ မှတ်မိနေကြမှာပါ... နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာရင်တောင် ဒီခံစားချက်ကို မေ့ကြမှာ မဟုတ်တော့ဘူး။ ကျွန်တော် ၁၉၉၉ ခုနှစ် တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတောင် ပြန်သတိရမိတယ်... ‘မန်ယူ ဂိုးသွင်းနိုင်မလား မမေးနဲ့... သူတို့ အမြဲတမ်း သွင်းနိုင်ပါတယ်ဗျာ' ဆိုတာလေ... ဒီနှစ်ဟာ ယူနိုက်တက်ရဲ့ နှစ်ဖြစ်နေပြီဆိုတာ ခင်ဗျားတို့ ခံစားမိမှာပါ"
နဗီးလ်သည် ထိုင်ခုံမှ ထရပ်ကာ အဆုတ်ကွဲမတတ် အော်ဟစ်နေတော့သည်။ ဤသည်ကား မော်ကွန်းတင်ရမည့် အံ့ဖွယ် Comebackပင်…။
ယူနိုက်တက်၏ နှစ်ပေါင်း (၁၀၀) ကျော် သမိုင်းတစ်လျှောက်တွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်လှမ်းရန် အခက်ခဲဆုံး ပွဲစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထာဝရ ရန်သူတော် လီဗာပူးကို ရင်ဆိုင်ရခြင်း၊ ပထမအကျော့တွင် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရခြင်းနှင့် ယခု ဒုတိယအကျော့တွင် စံချိန်သစ် တင်နိုင်တော့မည့် အလားအလာများက ဖိအားကို အဆုံးစွန်အထိ မြင့်တက်စေခဲ့သည်။
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ တကယ် လုပ်နိုင်ခဲ့ပြီဟေ့" နဗီးလ်သည် အားရပါးရ ရယ်မောနေချေပြီ။
သူ့ဘေးတွင် ထိုင်နေသော လီဗာပူး ဂန္ထဝင် ဂျေမီ ကာရေဂါမှာမူ သူ၏ ဆံပင်များကို ထိုးဖွရင်း ၃-၀ ဆိုသည့် ရလဒ်ဆိုးကြီးကို လက်ခံနိုင်ရန် အသည်းအသန် ကြိုးစားနေရရှာသည်။
"သောက်ကျိုးနည်း ဘောလုံးပွဲပဲဗျာ... သောက်ကျိုးနည်းပဲ..." ကာရေဂါ တစ်ယောက်တည်း ရေရွတ်နေသည်ကို နဗီးလ် ကြားလိုက်ရ၏။
စိမ်းလန်းစိုပြေသော ဘောလုံးကွင်းထဲတွင်မူ...
ချူဖုန်းသည် ဘောလုံးကို ကောက်ယူကာ ကွင်းလယ်သို့ ပြေးမသွားတော့ဘဲ ထောင့်အလံစိုက်ရာ နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ထို့နောက် လေထဲသို့ ခုန်တက်ကာ လက်သီးကို လွှဲယမ်းပြီး အောင်ပွဲခံလိုက်၏။ "ဟေး ဟေး ဟေး"
မန်ယူပရိသတ်များကလည်း ဒေါသတကြီးနှင့် အားရပါးရရှိလှသော ဟိန်းဟောက်သံများဖြင့် ပြန်လည် တုံ့ပြန်ကြသည်။
ယခုရာသီ လီဗာပူး၏ စွမ်းဆောင်ရည်ကို ပြန်ကြည့်လျှင် အဆိုးရွားဆုံး ရှုံးနိမ့်မှုမှာ ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ရက်စတား ဘဲလ်ဂရိတ်ကို ၀-၂ ဖြင့် ရှုံးခဲ့ခြင်းနှင့် မန်စီးတီးကို ၁-၂ ဖြင့် ရှုံးခဲ့ခြင်းသာ ရှိသည်။ နာပိုလီ၊ ပီအက်စ်ဂျီ နှင့် ဘိုင်ယန်မြူးနစ်တို့ကို ရင်ဆိုင်ရာတွင်လည်း ဤကဲ့သို့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။ သို့သော် ယခုမူ... ရာစုနှစ် ရန်သူတော်ကြီး မန်ယူအသင်းကို သူတို့ သုံးဂိုးတိတိ ပေးလိုက်ရချေပြီ။
တကယ်တော့ မန်ယူပရိသတ်များပင်လျှင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ကြသော်လည်း လက်တွေ့တွင် ဖြစ်လာသောအခါ မယုံနိုင်အောင် ဖြစ်နေကြရသည်။ ပွဲက မပြီးသေးသော်လည်း၊ လီဗာပူးက တစ်ဂိုး ပြန်သွင်းနိုင်ခဲ့လျှင်ပင် အချိန်ပို ဆက်ကစားရမည် ဖြစ်သည်။ သို့သော် အသင်းနှစ်သင်း၏ လက်ရှိ အခြေအနေကို ကြည့်လျှင် မန်ယူအသင်းက ဗိုလ်လုပွဲ လက်မှတ်ကို ဆွတ်ခူးရန် အခွင့်အရေး ပိုများနေပြီ ဖြစ်သည်။
မန်ယူပရိသတ်များသည် ကွင်းထဲသို့ ငေးကြည့်နေကြဆဲပင်။ သူတို့ အချစ်တော် ချူဖုန်းကတော့ အောင်ပွဲခံ၍ မဝသေးပေ။
ချူဖုန်းသည် သူ၏ အနက်ရောင် ဂျာစီကို ချွတ်လိုက်ကာ သောင်းနှင့်ချီသော လီဗာပူး ပရိသတ်များကို မြှောက်ပြလိုက်သည်။ လီဗာပူးက မန်ယူကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ချင်ခဲ့သည်။ လီဗာပူးက မန်ယူကို လက်တွေ့ကမ္ဘာက ဘယ်လောက် ရက်စက်သလဲဆိုတာ ပြချင်ခဲ့သည်။ ယခုမူ ချူဖုန်းက ယနေ့ညသည် မန်ချက်စတာ ယူနိုက်တက်အတွက်သာ ဖြစ်ကြောင်း လက်တွေ့ ပြသလိုက်ချေပြီ။
***