ချူဖုန်း မြှောက်ပြသော မန်ယူ နံပါတ် (၇) ဂျာစီသည် ချွန်ထက်သော ဆူးတစ်ချောင်းကဲ့သို့ လီဗာပူး ပရိသတ်များ၏ မျက်လုံးကို ထိုးဆွနေသယောင် ရှိသည်။ သူတို့၏ အန်ဖီးလ်မြေတွင် ထာဝရ ရန်သူတော်၏ အစော်ကားခံရခြင်းကို လီဗာပူး ပရိသတ်များ မခံမရပ်နိုင် ဖြစ်နေကြရ၏။
"သောက်ကျိုးနည်း မန်ချက်စတာကောင်တွေ... ပွဲမပြီးသေးဘူးနော်"
"မင်းတို့တွေ အန်ဖီးလ်ထဲကနေ အကောင်းအတိုင်း ပြန်ထွက်သွားရမယ် မထင်နဲ့"
"စောစောစီးစီး အောင်ပွဲခံတဲ့ကောင်တွေ ဘာဖြစ်ကုန်သလဲဆိုတာ ငါ မပြောချင်တော့ဘူး... ခဏနေရင် မင်း နှာခေါင်းကြီး ပွတ်ပြီး ငိုနေတာကိုပဲ ငါ စောင့်ကြည့်နေမယ်"
ဆဲဆိုသံများနှင့်အတူ လက်လယ်ချောင်း ထောင်ပြမှုများက ဒီရေသဖွယ် ကျရောက်လာသော်လည်း ချူဖုန်းကတော့ ဂရုမစိုက်ပေ။ ချူဖုန်း၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ လီဗာပူး ပရိသတ်များမှာ ပို၍ပင် ဒေါသထွက်ကုန်ကြပြီး အချို့ဆိုလျှင် သူတို့၏ ဖုန်းများနှင့် သော့တွဲများကိုပါ ကွင်းထဲသို့ ပစ်ပေါက်ကုန်ကြတော့သည်။
ထိုအခါ ဒိုင်လူကြီး ကာကီယာက ချူဖုန်းကို အမြန် ဆွဲထုတ်ကာ သတိပေးလိုက်ရသည်။ "ယူအီးအက်ဖ်အေ စည်းမျဉ်းအရ အင်္ကျီချွတ် အောင်ပွဲခံတာက အဝါကတ် ထိမှာပဲ... ပြီးတော့ အိမ်ကွင်း ပရိသတ်တွေကို မလှုံ့ဆော်နဲ့။ ပဋိပက္ခ ဖြစ်သွားနိုင်တယ်..."
ချူဖုန်းက အပြုံးဖြင့်ပင် အဝါကတ်ကို လက်ခံလိုက်သည်။ သို့သော် ဒိုင်လူကြီး၏ နောက်ဆုံးစကားကို သူ သိပ်သဘောမတူပေ။ မန်ယူနှင့် လီဗာပူးတို့၏ ရန်ငြိုးက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ယခုထက် ပိုဆိုးသည့် အောင်ပွဲခံမှုများအတွက်ပင် အားလုံးက ပြင်ဆင်ထားပြီးသားပင်။
ချူဖုန်းသည် သူ၏ အသင်းဖော်များဆီသို့ လျှောက်သွားကာ လက်မောင်းကို မြှောက်လျက် အော်ဟစ်လိုက်သည်။ "ပွဲချိန် ဘယ်လောက်ပဲ ကျန်ကျန်... ငါတို့ နောက်ဆုံး စက္ကန့်အထိ တောင့်ခံနိုင်ဖို့ပဲ လိုတယ်... ချန်ပီယံလိဂ် ဗိုလ်လုပွဲက ငါတို့အတွက်ပဲ"
"လာပြီဟေ့... ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးရေ"
မာရက်ဇ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ အက်ရှ်လေယန်းသည်လည်း သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။
သူ ယူနိုက်တက်မှာ ရှိနေခဲ့သည်မှာ ရှစ်နှစ်ရှိပြီဖြစ်ကာ ဆုဖလားများစွာ ရခဲ့ဖူးသော်လည်း ချူဖုန်း ဦးဆောင်သော ကောင်လေးများနှင့်အတူ ကစားရခြင်းက သူ့ကို ပြန်လည် နုပျိုသွားစေသကဲ့သို့ ခံစားရစေသည်။
ယနေ့ညတွင် အားလုံးက စည်းစည်းလုံးလုံးနှင့် အစွမ်းပြခဲ့ကြသည်။ အရှုံးမှ အနိုင်သို့ ပြောင်းပြန် လှန်နိုင်သည့် ဤကဲ့သို့ အတွေ့အကြုံမျိုးမှာ ကစားသမားတိုင်း သူတို့ဘဝသက်တမ်းတစ်လျှောက် ရရှိနိုင်ခဲလှသည့် အရာပင်။
အက်ရှ်လေယန်းက ချူဖုန်း၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ဆိုလိုက်သည်။ "အရင်က ပရိသတ်တွေက မင်းအကြောင်း ပြောရင် 'ယူနိုက်တက်က ချူဖုန်း' လို့ ပြောကြတာ... အခုတော့ 'ချူဖုန်းရှိတဲ့ ယူနိုက်တက်' လို့ ပြောနေကြပြီ။ မင်းတစ်ယောက်တည်း နာမည်ကြီးနေလို့ မရဘူး... ငါတို့လည်း အစွမ်းပြရဦးမှာပေါ့"
"ကြည့်နေလိုက်... ငါ့ရဲ့ အစွမ်းကိုလည်း ပြရဦးမှာပဲ"
မက်ဂွိုင်းယားကလည်း ခေါင်းကြီးကို ညိတ်လျက် အူကြောင်ကြောင် အမူအရာဖြင့် ပြောလိုက်ပြန်သည်။
ချူဖုန်းက ခပ်ပြုံးပြုံးဖြင့်ပင် - "ခင်ဗျား တကယ် လုပ်နိုင်ဖို့ပဲ ဆုတောင်းရမှာပဲ... ငါတို့ တိုက်စစ်ကို ဆက်ပြီး ဖိထားရမယ်။ လီဗာပူးကို အရှိန်တက်ခွင့် ပေးလို့မဖြစ်ဘူး..." ဟု ဆိုလိုက်သည်။ လီဗာပူး၏ "အစ္စတန်ဘူလ် အံ့ဖွယ်ပွဲစဉ်" သမိုင်းကြောင်းရှိခဲ့ဖူးသဖြင့် မည်သည့်အသင်းမဆို သူတို့ကို သတိထားနေရမြဲပင်။
ချူဖုန်း၏ ဘေးတွင် မက်တော်မီနေးက ရပ်နေသည်။ ငယ်စဉ်က လူကောင်သေးသဖြင့် လူငယ်အသင်းတွင် အနိုင်ကျင့်ခံခဲ့ရစဉ်က ချူဖုန်းကသာ သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချူဖုန်း နာမည်ကြီးနေခြင်းကို သူက မနာလိုမဖြစ်သည့်အပြင် ချူဖုန်းနှင့်အတူ ယှဉ်တွဲ တိုက်ပွဲဝင်ရခြင်းကိုပင် ပို၍ နှစ်သက်နေမိသည်။
"စကော့... မင်း ပြီးခဲ့တဲ့ တစ်ပတ်လုံး အဆောင်ထဲမှာပဲ အောင်းနေတယ်လို့ ကြားတယ်... အခုတော့ မင်းရဲ့ ခွန်အားတွေက ကွင်းထဲမှာ အလုပ်ဖြစ်နေပြီပဲ..." ချူဖုန်းက စကော့၏ ပုခုံးကို ဖက်ကာ အပြုံးဖြင့် စလိုက်သည်။
"ပွဲပြီးရင် ငါတို့ အပြင်မှာ တစ်ခုခု သွားစားကြမလား... မာရီယာကိုပါ ခေါ်ခဲ့လေ..." ဟု စကော့က ပြန်ပြောသည်။
"ကောင်းပြီလေ... နိုင်ရင်တော့ စားရတာ အရသာရှိမှာပေါ့။ ရှုံးရင်တော့ ဘာမှ စားချင်စိတ် ရှိမှာ မဟုတ်ဘူး" ချူဖုန်းက လက်ဝှေ့ယမ်းကာ ဆိုလိုက်သည်။
မန်ယူကစားသမားများသည် စကားတပြောပြောဖြင့် မိမိတို့ ဘက်ခြမ်းသို့ ပြန်လာခဲ့ကြသော်လည်း လီဗာပူး ကစားသမားများမှာမူ မြက်ခင်းပေါ်တွင် ခေါင်းငိုက်စိုက် ကျနေကြချေပြီ။ အထူးသဖြင့် မာတစ်နှင့် အာနိုးလ်တို့ ဖြစ်သည်။
သူတို့နှစ်ဦးလုံးသည် ယနေ့တွင် ချူဖုန်း၏ အပြတ်အသတ် အနိုင်ယူခြင်းကို ခံလိုက်ရသည်။ ချူဖုန်း အကြောင်း စဉ်းစားလိုက်ရုံနှင့်ပင် သူတို့၏ နှလုံးသားများ ပြိုကွဲမတတ် တုန်လှုပ်နေကြရ၏။ မန်ယူသွင်းယူသွားသည့် သုံးဂိုးလုံးမှာ အာနိုးလ် တာဝန်ယူရသည့် တောင်ပံမှတစ်ဆင့် ဝင်သွားခြင်း ဖြစ်သည်။
အာနိုးလ်သည် သူ၏ နာမည်ကျော် "Route 66" ဆိုသည့် ဂုဏ်ပုဒ်ကို ပြန်သတိရကာ အရှက်တကွဲ ဖြစ်နေရသည်။ မာတစ်ကလည်း အာနိုးလ်ကို နှစ်သိမ့်ပေးနိုင်သည့် အခြေအနေတွင် မရှိပေ။ တိုက်စစ်မှာ ကောင်းသလောက် ခံစစ်မှာ အသုံးမကျသော နောက်ခံလူ တစ်ယောက်ကြောင့် သူပါ ဒုက္ခရောက်နေရသည် မဟုတ်ပါလား။
"ဆက်ကြိုးစားကြစမ်း"
ဗန်ဒိုက်က အော်ဟစ်ကာ သူ၏ နေရာသို့ ပြန်သွားသည်။ ယနေ့ လီဗာပူးတွင် ဂျရတ် သို့မဟုတ် အလွန်ဆို ကဲ့သို့သော ဝါရင့်ခေါင်းဆောင်ကြီးများ မရှိတော့ပေ။
အရှုံးမပေးဘဲ တိုက်ပွဲဝင်နိုင်မည့် သတ္တိ ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။ အလီဆန်မှာမူ သူ၏ အမှားကြောင့် ဂိုးပေးလိုက်ရသည့်အပြင် အဝေးကွင်း သုံးဂိုးတိတိ အပေးခံလိုက်ရသဖြင့် စိတ်ဓာတ်များ ပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။
"ပွဲက ဆက်လက် စတင်နေပါပြီ"
"လီဗာပူးရဲ့ အခြေအနေက အတော်လေး ဟန်ပျက်နေပုံရတယ်... သူတို့ စိတ်ဓာတ်တွေ ကျနေပြီလား..."
နဗီးလ်က ခပ်ပြုံးပြုံးဖြင့် မှတ်ချက်ပေးလိုက်သည်။ ကာရေဂါကတော့ သက်ပြင်းကြီး ချကာ စကားပင် မဆိုနိုင်တော့ပေ။
ကွင်းအတွင်းမှ သီချင်းသံများက မရပ်တန့်သေးပေ။ "You'll Never Walk Alone" ဆိုသည့် တေးသံက အန်ဖီးလ် ကောင်းကင်ယံတွင် ပျံ့လွင့်နေဆဲ ဖြစ်သော်လည်း လီဗာပူး ကစားသမားများ၏ စိတ်ဓာတ် ကျနေသော ကစားပုံကြောင့် ထိုသံစဉ်မှာ တဖြည်းဖြည်း မှေးမှိန်သွားကာ မန်ချက်စတာ ယူနိုက်တက်၏ သီချင်းသံကသာ ပို၍ ကျယ်လောင်လာတော့သည်။
"Glory Glory Man United…”
ရင်းနှီးပြီးသား သံစဉ်များက ကွင်းအတွင်း ပျံ့လွင့်လာသည်နှင့်အမျှ မန်ယူကစားသမားများသည် ပို၍ပင် အရှိန်တက်လာကြသည်။ ချူဖုန်းကတော့ ရက်ရှ်ဖို့ဒ်ကို ဆက်လက် တိုက်စစ်ဆင်ရန် အချက်ပြလိုက်၏။ လီဗာပူး၏ ညာနောက်ခံလူ အာနိုးလ်သည် အားနည်းချက် ဖြစ်နေမှတော့ ထိုနေရာကိုပဲ အသေအလဲ ထိုးနှက်ရမည် မဟုတ်ပါလား။
ပွဲချိန် ၈၄ မိနစ်တွင် ဟန်ဒါဆန် တစ်ကြိမ် ထပ်မံ လဲကျသွားပြန်သည်။ သူသည် ဆေးအဖွဲ့ကို မစောင့်တော့ဘဲ ကွင်းပြင်သို့ လက်နှစ်ဖက်ဖြင့် တွားသွား၍ ထွက်သွားခဲ့သည်။ စကားတစ်လုံးမှ မဆိုသော်လည်း လီဗာပူး ကစားသမားများသည် သူတို့၏ ခေါင်းဆောင် အရှုံးမပေးဘဲ ရုန်းကန်နေသည်ကို မြင်သောအခါ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာကြတော့သည်။
လီဗာပူး၏ ပြင်းထန်သော တန်ပြန်တိုက်စစ်များကြောင့် မန်ယူအသင်း ခံစစ်ကို ပြန်လည် ပိတ်ထားရသည်။ သူတို့ အလိုရှိသည်မှာ တစ်ဂိုးတည်းပင်။
အကယ်၍ တစ်ဂိုးသာ ရခဲ့လျှင် အချိန်ပို မိနစ် (၃၀) တွင် ဘာမဆို ဖြစ်သွားနိုင်သည်။ သေခါနီး လူတစ်ယောက်၏ နောက်ဆုံး ရုန်းကန်မှုက အမြဲတမ်း ပြင်းထန်တတ်သည် မဟုတ်ပါလား။
ဘန်း…
မာနေးသည် ဝမ်-ဘစ်ဆာကာ၏ ဖျက်ထုတ်မှုကို ခံလိုက်ရသဖြင့် ဝမ်-ဘစ်ဆာကာ အဝါကတ် ပြသခံလိုက်ရသည်။
ဘုန်း…
မက်ဂွိုင်းယားနှင့် အိုရီဂီတို့ ခေါင်းချင်း တိုက်မိကြပြန်သည်။ မက်ဂွိုင်းယား၏ ခေါင်းက ကြီးလွန်းသဖြင့် တော်ကာကျသော်လည်း အိုရီဂီမှာမူ မူးဝေသွားကာ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ကလော့ပ်သည် သူ၏ ဦးထုပ်ကို ချွတ်လိုက်ကာ ခုံပေါ်တွင် ထိုင်နေမိတော့သည်။ သူ့ဘေးရှိ ဟန်ဒါဆန်ကတော့ ဂျာစီဖြင့် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေချေပြီ။ ဘောလုံးလောကတွင် ရှုံးနိမ့်မှုကြောင့် ငိုကြွေးခြင်းမှာ သာမန်ကိစ္စပင်။ ကလော့ပ်က ဟန်ဒါဆန်၏ ပုခုံးကို ပုတ်ကာ အသာအယာ နှစ်သိမ့်ပေးနေမိသည်။ မန်ယူအရန်ခုံတွင်မူ...
မော်ရင်ညိုသည် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ တည်ငြိမ်စွာ ရပ်နေသော်လည်း သူ့လက်များ တဆတ်ဆတ် တုန်နေသည်ကို လက်ထောက်နည်းပြ ဖာရီယာက သတိထားမိလိုက်သည်။ လူထူးဆန်းကြီးလည်း တကယ်တမ်းတွင် ရင်ခုန်နေရှာသည်ပင်။
သူ၏ ငွေရောင်ဆံပင်များက မီးရောင်အောက်တွင် အိုမင်းခြင်း အငွေ့အသက်ကို ပြသနေ၏။ ၂၀၀၉ ခုနှစ်က ဘာနေဗျူးကွင်းတွင် အင်တာမီလန်ကို ချန်ပီယံဖြစ်အောင် လုပ်ပေးခဲ့စဉ်က မော်ရင်ညို၏ ပုံရိပ်ကို ဖာရီယာ ပြန်လည် မြင်ယောင်နေမိသည်။
"ဆရာ... ပွဲပြီးရင် ဘာလုပ်ဖို့ စိတ်ကူးရှိလဲ..."
ဖာရီယာက မေးလိုက်သည်။
မော်ရင်ညိုက မျက်မှောင်ကြုတ်ကာ - "မန်စီးတီးနဲ့ အေဂျက်စ်ပွဲ ဗီဒီယိုကို အရင်ဆုံး လေ့လာရမယ်... ပြီးတော့ နောက်ရာသီအတွက် လူသစ်ဝယ်ဖို့ ကိစ္စတွေကိုလည်း ကြိုပြင်ရမယ်..."
ဖာရီယာမှာတော့ ဆွံ့အသွားရ၏။ သူက စိတ်လှုပ်ရှားစရာ စကားတစ်ခွန်း ကြားရမလားဟု မျှော်လင့်ခဲ့သော်လည်း သူ့ဆရာကတော့ အလုပ်အပေါ် စွဲလန်းနေဆဲပင်။
ပွဲကြည့်စင်ပေါ်တွင်မူ ဆာအဲလက်စ် ဖာဂူဆန်၏ လက်များမှာလည်း တဆတ်ဆတ် တုန်နေချေပြီ။ သူသည် ပီကေကို အဆက်မပြတ် ဝါးနေရင်း ပွဲပြီးမည့် အချိန်ကိုသာ စောင့်မျှော်နေသည်။
"ဝန်ခံရမှာကတော့ လီဗာပူးက သန်မာပါတယ်... ဒါပေမဲ့ ငါတို့က ပိုသန်မာတယ်..."
"အိုလေ... ငါသာ အနားမယူခဲ့ရင် ယူနိုက်တက်က ဒီနေ့လိုမျိုး အောင်မြင်မှုတွေ ရနေတုန်းပဲ ဖြစ်မယ်လို့ မင်းထင်လား..." ဖာဂူဆန်က ဆိုလ်ရှားကို မေးလိုက်သည်။
ဆိုလ်ရှားက ပြုံးလျက် - "ဒါပေါ့ ဆရာကြီးရယ်..." ဟု ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ချူဖုန်းက ယူနိုက်တက်ကို ဘယ်နှစ်နှစ်လောက်အထိ အင်အားကြီးအောင် လုပ်ပေးနိုင်မလဲ ခန့်မှန်းကြည့်စမ်း..."
ဆိုလ်ရှားက မေးစေ့ကို ပွတ်ကာ - "သူ အသင်းကနေ ထွက်သွားတဲ့ နှစ်အထိပေါ့ ဆရာကြီး..." ဟု ခပ်နောက်နောက်ပင် ပြန်ဖြေလိုက်သည်။ သူတို့နှစ်ဦးလုံး ပြုံးလျက် ကွင်းထဲသို့ ငေးကြည့်နေကြသည်။
လီဗာပူးအသင်းမှာမူ နောက်ဆုံး ရုန်းကန်မှုအဖြစ် "ဆွစ်ဇာလန် မက်ဆီ" ဟု တင်စားရသော ရှာကွီရီကို ထည့်သွင်းလိုက်သည်။ သူသည် အရှိန်အဟုန် ကောင်းသော်လည်း ခန္ဓာကိုယ် တောင့်တင်းမှု မရှိပေ။
ဝါရင့် အက်ရှ်လေယန်းက ထိုအားနည်းချက်ကို အသုံးချကာ ရှာကွီရီကို ဖိအားပေးလိုက်သည်။ ရှာကွီရီက အသည်းအသန် ကြိုးစားကာ ဘောလုံး ဖြတ်တင်ပေးလိုက်ရာ မက်ဂွိုင်းယားက ခေါင်းဖြင့် အဝေးသို့ ဖျက်ထုတ်လိုက်နိုင်သည်။
ဟန်ဒါဆန် ကွင်းထဲတွင် မရှိတော့သဖြင့် မက်တော်မီနေးက ဘောလုံးကို အလွယ်တကူ ရရှိသွားကာ ချူဖုန်းဆီသို့ အဝေးဘော ကန်တင်ပေးလိုက်သည်။ ဗန်ဒိုက်နှင့် ချူဖုန်းတို့ လုံးထွေးနေရင်း နှစ်ဦးလုံး ပင်ပန်းလွန်းသဖြင့် မြက်ခင်းပေါ်သို့ လဲကျသွားကြ၏။ ဂိုးသမား အလီဆန်က ဘောလုံးကို လုယူရန် ထွက်လာချိန်မှာပင်...
တီ… တီ… တီ…
ဒိုင်လူကြီး၏ ပွဲသိမ်း ဝီစီသံ အရှည်ကြီး ထွက်ပေါ်လာချေပြီ။ အလီဆန်သည် သူ၏ ခြေထောက်နားရှိ ဘောလုံးကို ငေးကြည့်ရင်း ဘာလုပ်ရမှန်း မသိဘဲ ခဏတာ ကြောင်အသွားတော့သည်။
***