"အားလုံး ပြီးသွားတဲ့အခါကျရင်တော့ မင်းတို့ကို ငါ အကောင်းဆုံး ပြုစုပါ့မယ်"
ချူဖုန်းက သူ၏ အသင်းဖော်များကို ထပ်လောင်း ပြောကြားလိုက်သည်။ ကစားသမားများသည်လည်း လူသားများပင် ဖြစ်ကြသဖြင့် အမြဲတမ်း တင်းကျပ်နေ၍ မရပေ။
အပန်းဖြေခြင်းနှင့် ကြိုးစားခြင်းကို မျှတအောင် လုပ်ဆောင်နိုင်မှသာ အောင်မြင်မှု ရနိုင်မည် မဟုတ်ပါလား။ အလွန်အကျွံ မဖြစ်သင့်သော်လည်း အောင်ပွဲခံခြင်းကတော့ လိုအပ်သည်သာ ဖြစ်သည်။
"ပွဲပြီးရင် ငါ မင်းတို့ကို အိုင်ဗွီမှာ ထမင်းကျွေးမယ်...”
ချူဖုန်းက ဂျာစီကို ပုခုံးပေါ် တင်လိုက်သည်။ "အိုင်ဗွီ" သည် ဦးလေးဝမ် အသစ်ဖွင့်ထားသော စားသောက်ဆိုင် ဖြစ်ပြီး ဖွင့်လှစ်ပြီး လအနည်းငယ်အတွင်းမှာပင် မန်ချက်စတာ၏ နာမည်ကြီး ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် သီးသန့်ခန်း ရရန် အလွန်ခက်ခဲလှသည်။ ချူဖုန်းက ဦးလေးဝမ်ကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကြိုတင် ဆက်သွယ်ထားခြင်း ဖြစ်သည်။ အကယ်၍ ပွဲရှုံးခဲ့လျှင်တော့ သူသွားမည် မဟုတ်သည်မှာ သေချာလှသည်။
သို့သော် ယနေ့ညသည် အန်ဖီးလ်၏ အံ့ဖွယ်ညတစ်ည ဖြစ်ခဲ့ချေပြီ။ အားလုံး၏ ကြိုးစားမှုအတွက် အောင်ပွဲမခံဘဲ နေခြင်းက မသင့်တော်ပေ။
မက်ဂွိုင်းယားက ပါးစပ်ဘေးက မိုးရေများကို သုတ်လိုက်ပြီး - "ငါက ပီကင်း ဘဲကင်ကို စားချင်နေတာ ကြာပြီ... ဒါပေမဲ့ အဲဒါက အဆီတွေ အရမ်းများတော့ ငါ့ကို စားခွင့်မပေးဘူးလေ။ အခုတော့ အဆီတွေ ပြန်ဖြည့်ဖို့ အများကြီး စားရတော့မယ်"
မက်ဂွိုင်းယားသည် ယခင်က ကိုယ်အလေးချိန် များလွန်းသဖြင့် မော်ရင်ညို၏ အမိန့်ဖြင့် ဝိတ်ချခဲ့ရဖူးသည်။ ထိုနေ့ရက်များမှာ သူ့အတွက် အလွန် ခက်ခဲလှသည်။
သူသည် အစားအစာများကို ခိုးမစားရဲပေ။ အကြောင်းမှာ နေ့တိုင်း ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ် အဆီဓာတ်ကို တိုင်းတာနေသောကြောင့် ဖြစ်သည်။ အနည်းငယ် ပိုနေသည်နှင့် ဆူပူကြိမ်းမောင်းခြင်း ခံရလိမ့်မည် ဖြစ်သည်။
"ရပါတယ်... ဒီည အများကြီးစား။ မနက်ဖြန် အများကြီး ပြေးပေါ့... ငါ မင်းကို လေ့ကျင့်ပေးပါ့မယ်" ဟု ချူဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
သို့သော် မက်ဂွိုင်းယား၏ မျက်လုံးထဲတွင်မူ ချူဖုန်းသည် မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ မန်ယူတွင် အပြင်းထန်ဆုံး လေ့ကျင့်ခန်း လုပ်သူများမှာ ချူဖုန်း၊ မက်တော်မီနေးနှင့် ဝမ်-ဘစ်ဆာကာတို့ ဖြစ်ကြသည်။
အထူးသဖြင့် ချူဖုန်း၏ ကြောက်စရာကောင်းသော လေ့ကျင့်ခန်း အရှိန်အဟုန်အောက်တွင် မက်ဂွိုင်းယားသာ တစ်ပတ်လောက် ကစားရလျှင် သူ မူးလဲသွားနိုင်သည်မှာ သေချာလှသည်။
"ဒါဆိုရင်လည်း ငါ နည်းနည်းပဲ စားတော့ပါ့မယ်..." မက်ဂွိုင်းယားက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မန်ယူကစားသမားများ စုဝေးပြီးနောက် ချူဖုန်းက အသင်းသားများကို ဦးဆောင်ကာ အဝေးကွင်း ပရိသတ်စင်မြင့်သို့ သွား၍ လာရောက် အားပေးသော ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
"မန်ချက်စတာ ယူနိုက်တက်... မန်ချက်စတာ ယူနိုက်တက်..."
မန်ယူပရိသတ်များ၏ အသံများမှာ အက်ကွဲနေသော်လည်း သူတို့သည် လက်မောင်းများကို မြှောက်ကာ အဆက်မပြတ် အော်ဟစ်နေကြဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤပွဲစဉ်ကို ဖော်ပြရန် "စိတ်အားထက်သန်မှု"၊ "အတားအဆီးမဲ့မှု"၊ "စိတ်လှုပ်ရှားဖွယ်ရာ" နှင့် "ဂိုးများစွာ" ဆိုသည့် စကားလုံးများမှာပင် မလုံလောက်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ဤပွဲသည် မန်ချက်စတာ ယူနိုက်တက် သမိုင်း၏ အတောက်ပဆုံး စာမျက်နှာတွင် မော်ကွန်း တင်ထိုက်သော ပွဲတစ်ပွဲပင်။
ချူဖုန်းက လက်ကို မြှောက်ကာ ကျယ်လောင်စွာ လက်ခုပ်တီးလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ဘောလုံးဆိုသည်မှာ ပြိုင်ဆိုင်မှု ပြင်းထန်သော အားကစားတစ်ခု ဖြစ်သလို ပရိသတ်များနှင့် မည်သည့်အခါမျှ ခွဲခြား၍ မရပေ။
ပထမအကျော့ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် သူသည် သစ္စာရှိ ပရိသတ်များ၏ ဘားဆိုင်သို့ သွားရောက်ခဲ့စဉ်က ပရိသတ်များစွာ၏ ခံစားချက်များကို ကိုယ်တိုင် ကြားသိခဲ့ရသည်။ အထူးသဖြင့် မိုက်ခ်၏ "ပရိသတ်တွေ အနေနဲ့ လုပ်နိုင်တာက အသင်းကို အစွမ်းကုန် အားပေးဖို့ပဲ ရှိတယ်" ဆိုသည့် စကားကို သူ သတိရနေမိသည်။
ချူဖုန်းသည် ဤကဲ့သို့ ချစ်စရာကောင်းသော ပရိသတ်များကို စိတ်ရင်းဖြင့် ကျေးဇူးတင်နေမိသည်။
"ယူနိုက်တက်ဟာ ဘယ်တော့မှ အရှုံးမပေးဘူး။ သရဲနီတွေက ရှေ့သို့သာ ချီတက်မယ်"
"မန်ချက်စတာ ယူနိုက်တက်ဆီသို့ ဂုဏ်ကျက်သရေ အပေါင်း ခညောင်းပါစေ"
"ကျွန်တော်တို့အတွက် ၂၂ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု၊ ၁၄ ကြိမ်မြောက် အက်ဖ်အေဖလားနဲ့ ၅ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားတွေကို ယူဆောင်လာပေးပါဦး... မန်ယူကို ဥရောပရဲ့ ထိပ်ဆုံးဆီ ပြန်ပို့ပေးပါ"
မန်ယူပရိသတ်များသည် ဂျာစီပုဝါများကို ဝှေ့ယမ်းကာ ကစားသမားများအပေါ်ထားရှိသော သူတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြနေကြသည်။ မန်ချက်စတာ ယူနိုက်တက်တွင် တောက်ပသော သမိုင်းကြောင်း ရှိသော်လည်း ချန်ပီယံလိဂ် ဖလားရရှိမှု အရေအတွက်မှာ အလွန်အမင်း မများလှပေ။ ရီးရဲလ်မက်ဒရစ်က (၁၂) လုံးဖြင့် ပထမ၊ အေစီမီလန်က (၇) လုံး၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးနှင့် ဘာစီလိုနာတို့က (၅) လုံးစီ ရရှိထားကြသည်။ မန်ယူကတော့ (၄) ကြိမ် ချန်ပီယံဖြစ်ပြီး (၂) ကြိမ် ဒုတိယ ရရှိထားသဖြင့် အဆင့် (၇) တွင် ရပ်တည်နေခြင်း ဖြစ်သည်။
ချူဖုန်းက ပြုံးလျက် ခေါင်းကို အားရပါးရ ညိတ်လိုက်ပြီးနောက် သူ၏ ဂျာစီကို ပရိသတ်များရှိရာသို့ ပစ်ပေးလိုက်သည်။ သူသည် ဂိုးသွင်းရာတွင်သာ တော်သည်မဟုတ်ဘဲ ပစ္စည်းများ ပစ်ရာတွင်လည်း အလွန် တိကျလှသည်။ အကယ်၍ သူသာ ဘောလုံးသမား မဖြစ်ခဲ့လျှင် ဘက်စကတ်ဘော လောကတွင် နာမည်ကြီးသူ တစ်ဦး ဖြစ်လာနိုင်သည်မှာ သေချာလှသည်။
လူငယ်ပရိသတ်တစ်ဦးက ထိုဂျာစီကို စိတ်လှုပ်ရှားစွာ ဖမ်းယူရရှိသွားခဲ့သည်။ လီဗာပူးကို အပြတ်အသတ် အနိုင်ယူခဲ့သည့် ဤပွဲစဉ်တွင် အဓိက ကစားသမား ချူဖုန်း ဝတ်ဆင်ခဲ့သော ဂျာစီ၏ တန်ဖိုးမှာ ပြောပြ၍ပင် မရနိုင်အောင် မြင့်မားလှသည်။ ထိုလူငယ်လေးသည် ဤဂျာစီကို မှန်ဘောင်သွင်းကာ သူ့အိပ်ခန်းထဲတွင် နေ့တိုင်း ကြည့်ရှုရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"ချူ... မင်း ပေါင် ၂၀၀ ဒဏ်ရိုက်ခံရရုံတင်မကဘူး။ ဂျာစီဖိုးပါ ပြန်ပေးရဦးမယ်နော်" မာရက်ဇ်က မျက်စိတစ်ဖက် မှိတ်ပြရင်း စနောက်လိုက်သည်။
ချူဖုန်းက ဂရုမစိုက်သလို ပုခုံးတွန့်ပြလိုက်သည်။ "ဒါတွေက ဘာမှ မဟုတ်ပါဘူးကွာ”
ဘောလုံးလောကတွင် မန်ချက်စတာ ယူနိုက်တက်ကို ကပ်စေးနှဲသည်ဟု ပြော၍ ရပေသည်။ ဟိုတယ်တွင် ကိုကာကိုလာ သောက်ခြင်းကဲ့သို့သော အသုံးစရိတ်များကိုပင် ကစားသမား၏ ဘေလ်ထဲသို့ ထည့်သွင်းတတ်သည်။
သို့သော် ကစားသမားများ၏ လစာပေးရာတွင်မူ မန်ယူသည် အလွန် ရက်ရောလှသည်။ ချူဖုန်း၏ ပရီးမီးယားလိဂ် ထိပ်တန်းလစာကို ထားလိုက်ဦး။ ဒီဂီယာ၊ ပေါ့ဘာနှင့် မက်တော်မီနေးတို့သည်လည်း မြင့်မားသော လစာများကို ရရှိနေကြသူများ ဖြစ်သည်။
မန်ယူကစားသမားများက ပရိသတ်များကို ကျေးဇူးတင်နေချိန်တွင် လီဗာပူးကစားသမားများမှာမူ ဝမ်းနည်းမှုများတွင် နစ်မွန်းနေကြရဆဲ ဖြစ်သည်။ အလီဆန်သည် သူ၏ လက်အိတ်များကို ချွတ်ကာ မြက်ခင်းပေါ်သို့ ပစ်ချလိုက်သည်။ သူသည် ဤရလဒ်ကို လုံးဝ လက်မခံနိုင်ပေ။
ဗန်ဒိုက်ကလည်း အသင်းဖော်များကို နှစ်သိမ့်ပေးရန် အချိန်မရှိပေ။ သူကိုယ်တိုင်လည်း ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း လူပုံအလယ်တွင် ထုတ်မပြမိအောင် ထိန်းထားရခြင်း ဖြစ်သည်။
သို့သော် လီဗာပူးတွင် အဆိုးရွားဆုံး ခံစားနေရသူမှာ သူတို့မဟုတ်ဘဲ အာနိုးလ် ဖြစ်သည်။ သူ၏ စိတ်ထဲတွင် "Route 66" ဆိုသည့် စကားလုံးများက ပဲ့တင်ထပ်နေ၏။
ယနေ့ည၏ ရာဇဝတ်ကောင်မှာ မည်သူဖြစ်ကြောင်း သူကိုယ်တိုင် အသိဆုံးပင်။ ပွဲတစ်ပွဲတည်းတွင် (၁၆) ကြိမ်တိတိ အလိမ်ခံလိုက်ရခြင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကဲ့သို့သော ပွဲစဉ်မျိုးတွင် မဖြစ်သင့်သည့် ကိစ္စပင်။
အကယ်၍ လီဗာပူးတွင် ဝမ်-ဘစ်ဆာကာ သို့မဟုတ် ကိုင်လီ ဝေါ်ကာ ကဲ့သို့သော နောက်ခံလူမျိုး ရှိခဲ့လျှင် မန်ယူတို့ သုံးဂိုးတိတိ သွင်းနိုင်လိမ့်မည် မဟုတ်ပေ။ လီဗာပူး၏ အချစ်တော် အာနိုးလ်သည် ယနေ့ညတွင် စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားခဲ့ရချေပြီ။
နောက်ဆုံးတွင် ဟန်ဒါဆန်ကသာ ရှေ့ထွက်လာခဲ့သည်။ သူသည် ဂျရတ်၏ ဆက်ခံသူအဖြစ် ကပ္ပတိန်လက်ပတ်ကို လွှဲပြောင်းရယူထားသူ ဖြစ်ရာ မည်မျှပင် ဝမ်းနည်းစရာ ကောင်းနေပါစေ သူ လဲကျ၍ မရပေ။
သူသည် ကစားသမား တစ်ဦးချင်းစီထံသို့ သွားကာ ပုခုံးကို အားပါပါ ပုတ်၍ နှစ်သိမ့်ပေးခဲ့သည်။ ယခုအချိန်တွင် မည်သည့် စကားလုံးကမျှ သူတို့၏ ဝမ်းနည်းမှုကို မကုစားနိုင်သော်လည်း အချိန်ကသာ သူတို့၏ ဒဏ်ရာများကို ပျောက်ကင်းစေလိမ့်မည် ဖြစ်သည်။
ဘောလုံးပွဲကဲ့သို့ပင် ဘဝဆိုသည်မှာလည်း ရပ်တန့်ခလုတ် မရှိပေ။ မည်မျှပင် ဝမ်းနည်းနေပါစေ… မနက်ဖြန်ဆိုသည်မှာ အချိန်မှန် ရောက်ရှိလာဦးမည်သာ ဖြစ်သည်။
ပွဲပြီးနောက် အကောင်းဆုံး ကစားသမားဆုကို ဂိုးနှစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးခဲ့သော ချူဖုန်းကပင် ရရှိသွားခဲ့သည်။ ယနေ့ အစီအစဉ် တင်ဆက်သူမှာ အာဆင်နယ် ဂန္ထဝင် အွန်နရီ ဖြစ်သည်။
အွန်နရီသည် အနားယူပြီးနောက် နည်းပြမလုပ်ဘဲ အားကစား ဝေဖန်ရေးဆရာအဖြစ် အသက်မွေးနေသူ ဖြစ်သည်။ သူသည် Sky Sports ထံမှ တစ်နှစ်လျှင် ပေါင် (၄) သန်းအထိ လစာရရှိနေသူ ဖြစ်သည်။
အွန်နရီက ချူဖုန်းကို ဆုဖလား ပေးအပ်ရင်း ပြုံးလျက် မေးလိုက်သည်။ "ကိုယ့်လက်နဲ့ကိုယ် အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ဖန်တီးလိုက်ရတဲ့ ခံစားချက်က ဘယ်လိုရှိလဲ..."
"ကျွန်တော် အရမ်း ပျော်ပါတယ်" ချူဖုန်းက ကင်မရာကို ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်... ပွဲမစခင်တုန်းကရော မင်းတကယ် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့လား..." အွန်နရီက သူ၏ အတိတ်က အမှတ်ရစရာများ ရောယှက်နေသော လေသံဖြင့် မေးလိုက်သည်။
ချူဖုန်းက တုံ့ဆိုင်းမနေဘဲ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။ "ဒါပေါ့... ဘယ်သူမှ ကျွန်တော့်ကို မယုံကြည်ရင်တောင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ယုံကြည်နေမှာပါလို့ ပွဲကြိုအင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်"
အွန်နရီက သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်ပြီး - "မင်းသိလား ချူ... ငါ့ဘဝရဲ့ အကြီးမားဆုံး နောင်တက ဘာလဲဆိုတာ"
ချူဖုန်းက အံ့သြသွားမိသည်။ ဒါက အင်တာဗျူး မဟုတ်ပါလား။ ဘာလို့ အမေးအဖြေတွေက ပြောင်းပြန် ဖြစ်ကုန်တာလဲ။
သို့သော် အွန်နရီ၏ အကြီးမားဆုံး နောင်တမှာ အာဆင်နယ်တွင် ရှိစဉ်က ချန်ပီယံလိဂ် ဖလားကို မရရှိခဲ့ခြင်း ဖြစ်မည်မှာ သေချာလှသည်။
"၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲလား..." ဟု ချူဖုန်းက ခန့်မှန်းကြည့်လိုက်သည်။
အွန်နရီက ခေါင်းညိတ်လိုက်ပြီး - "အဲဒီတုန်းက ငါ့မှာ ဂိုးကန်သွင်းဖို့ အခွင့်အရေး ရခဲ့တယ်။ ဒါပေမဲ့ ငါ ခဏလောက် တုံ့ဆိုင်းသွားခဲ့မိတယ်။ အဲဒါကို ပြန်တွေးမိတိုင်း ငါ နောင်တရနေတုန်းပဲ။ ဒါကြောင့် ငါ မင်းကို အရမ်း အားကျတယ်"
သူသည် အာဆင်နယ်နှင့် နည်းပြအာစင်ဝင်းဂါးကို ချန်ပီယံလိဂ် ဖလားတစ်ခု အကြွေးတင်နေသည်ဟု အမြဲ ခံစားနေရသူ ဖြစ်သည်။ ထိုစဉ်ကသာ သူ တုံ့ဆိုင်းမနေဘဲ ကန်သွင်းခဲ့လျှင်...
ထို့ကြောင့် ယနေ့ ချူဖုန်း၏ စွမ်းဆောင်ရည်နှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော အမူအရာကို မြင်သောအခါ သူက အားကျနေမိခြင်း ဖြစ်သည်။
"နောက်ဆုံးအနေနဲ့... ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်တဲ့အတွက် ထပ်ပြီး ဂုဏ်ပြုပါတယ် ချူ"
***