မန်ချက်စတာမြို့သို့ ပြန်ရောက်ချိန်တွင် ညသန်းခေါင်ယံ အချိန်သို့ပင် ရောက်လုနီးပြီ ဖြစ်သည်။ ကစားသမားများနှင့် အဖွဲ့သားအားလုံးသည် အနားမယူနိုင်ကြသေးဘဲ မြို့ထဲရှိ "အိုင်ဗွီ" စားသောက်ဆိုင်သို့ စုပေါင်း သွားရောက်ခဲ့ကြသည်။
အောင်ပွဲခံ ညစာစားပွဲမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ ချူဖုန်းသည် သူ၏ ဖန်ခွက်ကို မြှောက်ကာ အသင်းဖော်များကို ကြည့်လျက် ဆိုလိုက်သည်။
"ငါတို့ ဆရာကြီး တစ်ခါက ပြောဖူးတယ်... လူတစ်ယောက်ဟာ အနောက်ကို ပြန်လှည့်ကြည့်လိုက်မှ သူဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီလဲဆိုတာ သိနိုင်တာတဲ့။ ငါတို့တွေ အက်တလက်တီကို မက်ဒရစ်၊ ဘာစီလိုနာနဲ့ လီဗာပူးတို့ကို တစ်သီတစ်တန်းကြီး အနိုင်ယူလာခဲ့တာပဲ... ဒီအတိုင်းပဲ ဆက်ပြီး အနိုင်ယူသွားကြတာပေါ့”
ချူဖုန်းသည် ယခုရာသီ မန်ယူ၏ ချန်ပီယံလိဂ် ခရီးစဉ်ကို ပြန်တွေးမိရင်း သူတို့အသင်း ကံဆိုးပုံကို မတွေးဘဲ မနေနိုင်တော့ပေ။ ရှုံးထွက်အဆင့်မှစ၍ သူတို့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်အားလုံးမှာ အင်အားကြီးအသင်းများချည်း ဖြစ်သည်။
စပိန်လာလီဂါ၏ ဒုတိယ၊ ပထမအသင်းများနှင့် အင်္ဂလန်၏ အင်အားကြီးအသင်းများကို ကျော်ဖြတ်လာခဲ့ရခြင်းပင်။
အကယ်၍ မန်ယူသာ ချန်ပီယံဖလားကို တကယ် ဆွတ်ခူးနိုင်ခဲ့လျှင် ၎င်းသည် သမိုင်းတစ်လျှောက် တန်ဖိုးအရှိဆုံးနှင့် ဂုဏ်သိက္ခာ အရှိဆုံး ဖလားများထဲမှ တစ်လုံး ဖြစ်လာမည်မှာ အသေအချာပင်။
"ချန်ပီယံလိဂ်ကို ခဏထားဦး... ငါ လက်စတာမှာတုန်းက ပရီးမီးယားလိဂ်ဖလား မရခဲ့ဖူးဘူး။ ဒါကြောင့် နောက်ဆုံးလိဂ်ပွဲမှာ အားလုံး အစွမ်းကုန် ကြိုးစားပေးကြပါဦး"
မက်ဂွိုင်းယားက သူ၏ ဆန္ဒကို ဖွင့်ဟလိုက်သည်။ သူသည် ယနေ့ညတွင် အစားအသောက်များကို အားပါပါ စားနေခြင်းမှာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ။
"ကာဒစ်ဖ်စီးတီးက တန်းမဆင်းရဖို့အတွက် သုံးမှတ် အသည်းအသန် လိုနေတာ..." ဝါရင့်ကစားသမား အက်ရှ်လေယန်းက ဖန်ခွက်ကို ချရင်း အားလုံးကို သတိပေးလိုက်သည်။
"ဒါပေမဲ့ သူတို့က ဖောင်းဘောတွေ ၊ ကိုယ်ချင်းတိုက်မှုတွေနဲ့ ငါတို့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေရင်တော့ အရမ်းကို နုံလွန်းရာ ကျလိမ့်မယ်”
"ဟုတ်တယ်... ငါတို့က သူတို့ထက် ပိုပြီးတော့တောင် မာမာထန်ထန် ကစားပြရမယ်" ချူဖုန်းက ထောက်ခံလိုက်သည်။
ဤသည်က အောင်ပွဲခံပွဲ ဖြစ်သော်လည်း လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခု ထိန်းချုပ်မှုသည် အနာဂတ်တွင် နောင်တမရစေရန်အတွက် ဖြစ်မှန်း သူတို့ သိကြသောကြောင့်ပင်။
ညစာစားပွဲမှာ မနက် (၂) နာရီခန့်တွင် ပြီးဆုံးသွားသည်။
"အိမ်ပြန်ပြီး အမြန်အနားယူကြ... မနက်ဖြန် လေ့ကျင့်ခန်းကို ညနေ (၃) နာရီ ပြောင်းထားတယ်။ ဘယ်သူမှ ခွင့်မယူရဘူး။ နောက်မကျရဘူး" ချူဖုန်းက နှုတ်ဆက်ရင်း သတိပေးလိုက်သည်။
နောက်ဆုံးတွင် သူက မော်ရင်ညိုကိုပါ ထည့်သွင်း အသုံးချလိုက်သေး၏။ "ဆရာကြီးရဲ့ အကျင့်ကို အားလုံး သိကြမှာပါ။ ကွင်းထဲမှာ ကောင်းကောင်း ကစားနိုင်တာက တစ်ပိုင်း၊ လေ့ကျင့်ခန်းမှာက တစ်ပိုင်းပဲ။ သူက အခုတလော အဘိုးကြီး စိတ်ဝင်နေတာလား မသိဘူး... စိတ်ကြီးနေတယ်။ အဲဒါကြောင့် ငါတို့တွေ အမှားမလုပ်တာ အကောင်းဆုံးပဲ..."
မန်ယူကစားသမားများ၏ မျက်နှာမှာ ချက်ချင်းပင် တည်တံ့သွားကြပြီး သူတို့၏ ဖုန်းများတွင် နှိုးစက်များကို အပြိုင်အဆိုင် ပေးထားကြတော့သည်။ အသင်း၏ စွမ်းဆောင်ရည် တက်လာသည်နှင့်အမျှ မော်ရင်ညို၏ အာဏာမှာလည်း ပိုမို ကြီးထွားလာခဲ့သည်။ အမိန့်မနာခံပါက လူငယ်အသင်းသို့ အပို့ခံရမည်မှာ အမှန်ပင် ဖြစ်သည်။ ယင်းကို လင်ဂတ်အား ကြည့်လျှင် သိနိုင်သည်။
---
ညစာစားပွဲပြီးနောက် ချူဖုန်းသည် ဗန်ကားပေါ်တွင် သူ၏ လက်ထောက်နှင့်အတူ စကားပြောနေမိသည်။
"ဥရောပ ရွှေဖိနပ်ဆု အတွက် လာလီဂါကတော့ ပြီးသွားပြီ။ မက်ဆီက ၃၆ ဂိုး သွင်းထားတယ်" ဟု လက်ထောက်က ဆိုသည်။
ယခင်က မက်ဆီက ဦးဆောင်နေခဲ့သော်လည်း ရာသီဝက်နောက်ပိုင်း ချူဖုန်း၏ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် ဂိုးအရေအတွက်မှာ လေးဆယ်ကျော်အထိ ရောက်ရှိသွားခဲ့ရာ ရွှေဖိနပ်ဆုမှာ ချူဖုန်းအတွက် သေချာသလောက် ရှိနေပြီ ဖြစ်သည်။ ဤဆုကို အဲဒီးဒက်စ်မှ စပွန်ဆာပေးထားခြင်း ဖြစ်သဖြင့် သူတို့အနေဖြင့် မက်ဆီကို ထပ်မံ ရစေချင်သော်လည်း ကိန်းဂဏန်း အချက်အလက်များက လိမ်၍မရပေ။
ချူဖုန်းကတော့ ထိုဆုကို သိပ်ပြီး အရေးမစိုက်လှပေ။ သူ၏ ပစ်မှတ်မှာ တစ်ရာသီအတွင်း မက်ဆီ သွင်းယူထားသော လိဂ်ဂိုး ၅၀ စံချိန်ကို ချိုးဖျက်ရန်သာ ဖြစ်သည်။
"ပြီးတော့ အေးဂျင့် မန်ဒက်စ်က ရာသီကုန်ရင် လုပ်ရမယ့် ကြော်ငြာလုပ်ငန်းတွေကို စီစဉ်ထားပြီးပြီ" ဟု လက်ထောက်က ပြောပြသည်။
ချူဖုန်းက အချိန်ဇယားကို ဖတ်ကြည့်ပြီးနောက် - "တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားဖို့ မလိုဘူး... အဲဒါက ငါ့အတွက် ဘာမှ မထူးခြားဘူး။ အဲဒီအစား ငါ အနားယူဖို့ ရက်နည်းနည်း ပိုလိုချင်တယ်။ လိဂ်ပြိုင်ပွဲ အပြီး ကနေ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်အထိ ဘယ်ကြော်ငြာမှ လက်မခံပါနဲ့ဦး... ပိုက်ဆံက ဘယ်အချိန်မဆို ရှာလို့ရပေမဲ့ ချန်ပီယံဆုကတော့ တစ်သက်မှာ တစ်ခါပဲ" ဟု ပြတ်ပြတ်သားသား ညွှန်ကြားလိုက်သည်။
မြို့လယ်ရှိ သူ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ ချူဖုန်းမှာ ချက်ချင်း အိပ်မပျော်နိုင်သေးပေ။ ထို့ကြောင့် သူသည် ကွန်ပျူတာကို ဖွင့်ကာ မနေ့ညက ပွဲစဉ်ကို ပြန်လည် ဆန်းစစ်နေမိတော့သည်။ သူသည် အမြဲတမ်း မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်တတ်သူ ဖြစ်သည်။
'၂၈ မိနစ်မှာ အာနိုးလ်ကို ကျော်ဖြတ်တဲ့အချိန်... ငါ့ရဲ့ ဟန်ချက်က နည်းနည်း ယိုင်သွားတယ်... ကိုင်လီ ဝေါ်ကာသာဆိုရင် ငါ့ဆီက ဘောလုံး လုသွားနိုင်တယ်...'
'၆၄ မိနစ်မှာ ဘောလုံးကို ဆွဲမပြေးသင့်ဘူး... ညာဘက်က မာရက်ဇ်ဆီ ပေးလိုက်ရင် ပိုကောင်းမယ်...'
ချူဖုန်းသည် ဤကဲ့သို့ပင် အမြဲမပြတ် ကြိုးစားနေသူ ဖြစ်သည်။
အင်တာနက် စာမျက်နှာများတွင်မူ မန်ယူ၏ အံ့ဖွယ်နိုင်ပွဲသတင်းက တောမီးပမာ ပျံ့နှံ့နေချေပြီ။ မန်ယူအသင်းသည် အိမ်ကွင်းတွင် ၁-၃ ဖြင့် ရှုံးနိမ့်ထားရာမှ နောက်တစ်ဆင့် တက်နိုင်ခဲ့သည့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ချူဖုန်း၏ တန်ဖိုးမှာလည်း အဆမတန် မြင့်တက်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် အပါအဝင် ထိပ်တန်း ကလပ် (၅) သင်းခန့်က သူ့ကို ခေါ်ယူရန် ချောင်းနေကြသည်။ နေမာ၏ ပြောင်းရွှေ့ကြေး စံချိန်ပင် ကျိုးပျက်သွားနိုင်သည်ဟု သတင်းများက ဆိုနေကြ၏။
ဥရောပမှာသာမက ချူဖုန်း၏ ဇာတိမြေဖြစ်သော တရုတ်နိုင်ငံတွင်လည်း အခြေအနေများက အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
မေလ (၉) ရက်နေ့ မနက်တွင် ချူဖုန်းသည် နေဖင်ထိုးမှ နိုးလာခဲ့သည်။ သူသည် ဧည့်ခန်းထဲရှိ သူ၏ ဖခင် ချူချန်းကျိကို သွားရောက် နှိုးလိုက်သည်။
"အဖေ... လေ့ကျင့်ရေးကွင်း သွားကြည့်မယ်ဆို... မြန်မြန်ထ၊ မနက်စာ စားရအောင်"
"ဟူး... ငါလည်း အိုပြီကွာ။ လေယာဉ်စီးရတာ ပင်ပန်းလို့ အိပ်မောကျသွားတာ" ချူချန်းကျိက သမ်းဝေရင်း ထွက်လာသည်။
"ဒါပေမဲ့ ငါ့သား... မနေ့ညက မင်းကစားတာ တကယ်ကို လန်းတယ်ကွာ။ ငါ အင်္ဂလိပ်စာ သိပ်နားမလည်ပေမဲ့ ပရိသတ်တွေ မင်းကို ချီးကျူးနေတာတော့ သိတယ်... ငါ့ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်က မင်းကို နိုင်ငံခြား ပို့လိုက်တာပဲ"
ချူချန်းကျိသည် သူ၏ သားအတွက် အလွန်ပင် ဂုဏ်ယူနေမိသည်။ သူသည် အရင်က မိမိတို့ မိသားစုကို အထင်သေးခဲ့သော ဆွေမျိုးများ၏ ရှေ့တွင် ယခုအခါ မျက်နှာပွင့်နေချေပြီ။
"အမေကရော ကျောင်းမှာ အရမ်းအလုပ်များနေလို့လား... ရက်နည်းနည်းတောင် မအားဘူးလား" ဟု ချူဖုန်းက ရေတစ်ခွက် ကမ်းပေးရင်း မေးလိုက်သည်။
"မင်းအမေက ရာထူးတက်သွားတော့ ကျောင်းက အလုပ်တွေ ပုံပေးထားတာလေ... ငါတော့ သူ့ကို နားခိုင်းနေတာပဲ... အသက် ငါးဆယ် ရှိတော့မယ်။ အိုမှပဲ ချမ်းသာအောင် နေပါတော့လားလို့"
"အဖေကတော့ တကယ် ဇိမ်ကျနေတာပဲ... အခုတလော အပျော်တမ်း ဘောလုံးပွဲတွေ ကစားနေတယ် ဆို" ဟု ချူဖုန်းက စနောက်လိုက်သည်။
ချူချန်းကျိသည် ငယ်စဉ်က ဘောလုံးသမား ဖြစ်ချင်ခဲ့သော်လည်း ပါရမီ မပါခဲ့ပေ။ ယခုမှသာ သူ၏ ငယ်အိပ်မက်ကို ပြန်လည် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
သူက ချူဖုန်းကို - "ငါတို့ အိမ်ပြန်ရောက်ရင် အဖေတို့ကို အထူးလေ့ကျင့်ခန်း လုပ်ပေးဦး... ငါတို့အသင်းက ဇယားအောက်ဆုံးမှာပဲ အမြဲ ရှိနေလို့" ဟု မျက်စိတစ်ဖက် မှိတ်ပြကာ ဆိုလိုက်သည်။
ညနေ (၃) နာရီ၊ ကာရင်တန် လေ့ကျင့်ရေးကွင်း။
မန်ယူကစားသမားများသည် စောစီးစွာ ရောက်ရှိနေကြပြီး ကြံ့ခိုင်မှု ပြန်လည်မြှင့်တင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေကြသည်။ မော်ရင်ညိုကတော့ ဖာရီယာနှင့်အတူ လူပြောင်းရွှေ့မှု ကိစ္စများကို ဆွေးနွေးနေ၏။
"လူကာကူကတော့ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ... သူ အင်တာမီလန်ကို သွားဖို့ များတယ်။ ဒါကြောင့် ချူဖုန်းအတွက် အရန်တိုက်စစ်မှူး တစ်ယောက် ရှာရမယ်... နောက်ပြီး ခံစစ်ပိုင်းကိုလည်း အားဖြည့်ဖို့ လိုတယ်"
မော်ရင်ညိုက ဆိုသည်။ အက်ရှ်လေယန်းနှင့် ဒေးဗစ်လူးဝစ်တို့မှာလည်း အိုမင်းလာပြီဖြစ်၍ သူတို့နေရာတွင် အစားထိုးရန် လိုအပ်နေချေပြီ။
"ရီးရဲလ်မက်ဒရစ်က ချူဖုန်းအတွက် ယူရို သန်း ၂၂၀ နဲ့ ကမ်းလှမ်းထားတယ် ဆိုတာ ဟုတ်လား..." ဖာရီယာက မေးလိုက်သည်။
"အင်း... ဟုတ်တယ်" မော်ရင်ညိုက ခပ်တိုးတိုး ဆိုလိုက်သည်။
သန်း ၂၂၀ ဆိုသည်မှာ မနည်းလှသော ပမာဏ ဖြစ်သော်လည်း မန်ယူကတော့ ချူဖုန်းကို ရောင်းလိမ့်မည် မဟုတ်ပေ။ အကယ်၍ ရောင်းခဲ့လျှင် မန်ချက်စတာရှိ ပရိသတ်များက အသင်းပိုင်ရှင်များကို ဗုံးနှင့် ပစ်လောက်သည်အထိ ဒေါသထွက်ကြမည်မှာ သေချာလှသည်။
ယခုအခါ ချူဖုန်းသည် မန်ယူ၏ အိမ်ရှေ့စံ မင်းသားသဖွယ် ဖြစ်နေချေပြီ မဟုတ်ပါလား…။
"ထားလိုက်ပါ... နောက် သုံးရက်နေရင် အိုးထရက်ဖို့ဒ်မှာ ပွဲရှိတယ်... ငါတို့ ချန်ပီယံဆု ပေးအပ်ပွဲ အတွက် ကြိုတင် ဇာတ်တိုက်ထားရမယ်" ဟု မော်ရင်ညိုက ဆိုလိုက်သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မန်ယူ၊ မန်စီးတီးနှင့် လီဗာပူး (၃) သင်းလုံးသည် မိမိတို့ အသင်းများ ချန်ပီယံဖြစ်ခဲ့လျှင် ကျင်းပမည့် အခမ်းအနားကို ကြိုတင် ပြင်ဆင်ထားကြရသည်။ ဘောလုံးဆိုသည်မှာ အလုံးကြီး ဖြစ်သဖြင့် နောက်ဆုံးအချိန်အထိ ဘာမဆို ဖြစ်သွားနိုင်သည်။
၂၀၀၂ ခုနှစ်က အင်တာမီလန် အသင်းသည် နောက်ဆုံးပွဲတွင် ရှုံးနိမ့်ကာ ချန်ပီယံဆုကို ဂျူဗင်တပ်စ် လက်ထဲ ထိုးအပ်လိုက်ရဖူးသည်။ ထိုစဉ်က ရော်နယ်ဒို တစ်ယောက် ကွင်းဘေးတွင် ထိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပုံမှာ ကမ္ဘာ့ဘောလုံးသမိုင်း၏ အဝမ်းနည်းဆုံး မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
ယခုလည်း ကာဒစ်ဖ်စီးတီး ပရိသတ်များသာမက မန်ယူကို မနာလိုသူ အားလုံးက မန်ယူ ရှုံးနိမ့်သွားရန် ဆုတောင်းနေကြသည်။ ကာဒစ်ဖ်စီးတီး ကစားသမားများကလည်း သူတို့ကိုယ်သူတို့ နဂါးကို သတ်မည့် စစ်သည်တော်များကဲ့သို့ သဘောထားကာ မန်ယူကို အနိုင်ယူရန် ကြုံးဝါးနေကြလေသည်။
***