ပရိသတ်ပေါင်းများစွာ၏ စောင့်မျှော်မှုကို ရရှိနေသော ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရောက်ရှိလာချေပြီ။ မေလ ၁၂ ရက်နေ့၊ နေ့လယ် ၃ နာရီတိတိတွင် ပရီးမီးယားလိဂ်၏ အစဉ်အလာအတိုင်း အသင်းပေါင်း (၂၀)၏ ပွဲစဉ် (၁၀) ပွဲစလုံးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားစေခြင်းဖြင့် ချန်ပီယံဆုအတွက် ရင်ခုန်သံကို နောက်ဆုံးမိနစ်အထိ ဆွဲဆန့်ထားလေသည်။
အိုးထရက်ဖို့ဒ် ကွင်းကြီးထဲတွင်မူ မန်ယူပရိသတ်များမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တုန်းကထက် ပို၍ များပြားနေသေးသည်။ နွေရာသီ၏ အပူရှိန်က အထွတ်အထိပ်သို့ ရောက်နေသော်လည်း ပရိသတ်တို့ကတော့ ဂရုမစိုက်နိုင်အား။ သူတို့သည် မြို့၏ လမ်းတကာ၊ အိမ်တကာကို ကျော်ဖြတ်၍ နီရဲသော ဒီရေလှိုင်းကြီးများအသွင် အိုးထရက်ဖို့ဒ်ဆီသို့ ချီတက်လာသည်။
မန်ချက်စတာ ယူနိုက်တက်၏ အသင်းဘတ်စ်ကားကြီး တရွေ့ရွေ့ ဝင်ရောက်လာချိန်တွင်တော့ ပရိသတ်တို့၏ အောင်သံဟိန်းဟောက်သံများက လှိုင်းလုံးကြီးများပမာ ဆူညံပွက်လော ရိုက်သွားတော့၏။
"မန်ချက်စတာ ယူနိုက်တက်"
ပရိသတ်တို့၏ အားပေးသံကို ကြားရသောအခါ ချူဖုန်းက ဘတ်စ်ကားပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ လက်ဝှေ့ယမ်းပြလိုက်ရာ အားပေးသံများမှာ ယခင်ထက် အဆပေါင်းများစွာ ပိုမို ကျယ်လောင်သွားရပြန်သည်။
မကြာမီမှာပင် ချူဖုန်းသည် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ထက်သို့ ခြေချလိုက်သည်။ ပွဲစရန် အချိန်လိုသေးသဖြင့် ပရိသတ်အများစုမှာ ကွင်းထဲသို့ မရောက်သေးသော်လည်း သစ္စာရှိ ပရိသတ်ကြီးများကတော့ ရောက်ရှိနေကြပြီဖြစ်ကာ မီးခိုးတုတ်များ၊ ပိုစတာများ၊ ဗုံများနှင့် အလံများကို ပြင်ဆင်နေကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် (၂၂) ကြိမ်မြောက် လိဂ်ချန်ပီယံဆုကို အောင်ပွဲခံရန် အသင့်ပြင်ထားကြချေပြီ။
တစ်ဖက်မှ ကာဒစ်ဖ်စီးတီး ပရိသတ်များမှာမူ ဤကဲ့သို့သော ရူးသွပ်မှုကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် အနီရောင်လွှမ်းနေသော ပွဲကြည့်စင်ကြီးနှင့် ဆူညံသံများအောက်တွင် သူတို့၏ စိတ်ဓာတ်များမှာ သိသိသာသာ ယိမ်းထိုးနေရသည်။ ဤသည်ကား အိမ်ကွင်းအားသာချက်နှင့် အင်္ဂလန် ထိပ်တန်းကလပ် တစ်ခု၏ အရှိန်အဝါပင် ဖြစ်ပေသည်။
ဘုန်း…
သွေးပူလေ့ကျင့်ခန်း လုပ်နေရင်း ချူဖုန်းက မက်တော်မီနေးဆီမှ ပေးပို့လိုက်သော ဘောလုံးကို လက်ခံလိုက်ပြီး ပင်နယ်တီဧရိယာ အစပ်ကနေ ခြေဖမိုးဖြင့် အားပါပါ ကန်လိုက်သည်။ ဘောလုံးက ဂိုးဘားတန်းကို အရှိန်အဟုန်နှင့် သွားမှန်ရာ ဒိန်း ဆိုသည့် အသံကြီးနှင့်အတူ ဂိုးတိုင်တစ်ခုလုံး တုန်ခါသွားပြီး ကန်ချက်၏ ပြင်းအားကို သက်သေပြနေတော့သည်။
ဂိုးသမား ဒီဂီယာမှာ ရင်တုန်တုန်နှင့် တံတွေးကို ဂလုခနဲ မြိုချလိုက်မိပြီး - "ချူ... မင်း ဒီနေ့ အရမ်း အားပါနေတာပဲ... အဝေးကန်တာတွေ ရပ်ပြီး ဟိုဘက်မှာ သွားကစားပါတော့ကွာ..." ဟု အော်ပြောလိုက်ရသည်။
ချူဖုန်း၏ ကန်ချက်မှာ တစ်နာရီလျှင် ၁၁၀ ကီလိုမီတာခန့် အရှိန်ရှိရာ ဒီဂီယာအနေဖြင့် ကာကွယ်နိုင်သော်လည်း လက်ထဲသို့ လာမှန်သည့်အခါ အတော်လေး နာကျင်လှသည် မဟုတ်ပါလား။
"အဝေးကန်ချက်တွေက ဒီနေ့ အခြေအနေ ကောင်းနေတယ် ဒေးဗစ်... ဒီအတိုင်းပဲ ဆက်ကစားပြီး ခြေစွမ်းကို ထိန်းထားရမယ်" ဟု ပြောကာ ချူဖုန်းမှာ နေရာတွင်ပင် ခုန်ပေါက်နေပြီး နောက်ထပ် အဝေးကန်ချက်များကို ဆက်လက် လေ့ကျင့်နေတော့သည်။
ဘောလုံးကစားခြင်းသည် စိတ်အခြေအနေအပေါ် များစွာ မူတည်နေသဖြင့် ယနေ့ကဲ့သို့ အစစအရာရာ အဆင်ပြေနေခြင်းမှာ ချူဖုန်း အကောင်းဆုံး ပုံစံသို့ ရောက်နေခြင်းပင် ဖြစ်သည်။ ချန်ပီယံဆုနှင့် နီးကပ်လာခြင်းက သူ့ကို ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားစေပုံရသည်။
ဒီဂီယာမှာ မျက်နှာပျက်ပျက်နှင့် ရိုမီရိုဘက်သို့ လှည့်ကာ - "ဆာဂျီယို... ငါ ဗိုက်နည်းနည်း အောင့်လာလို့... ခဏလောက် မင်းပဲ ကြည့်ထားပေးလိုက်ဦး" ဟု ဆိုကာ ရိုမီရို ငြင်းခွင့်ပင် မရလိုက်ခင် ကစားသမားဝင်ပေါက်ထဲသို့ အပြေးကလေး ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
အမေရိကန် အိတ်စပရက်စ်ကွင်းတွင် ဂွာဒီယိုလာသည် ကွင်းဘေး၌ ရပ်နေပြီး "အက်သလက်တီကိုက ရိုဒရီနဲ့ ဆွေးနွေးမှု ဘယ်လိုရှိလဲ" ဟု အာတီတာကို မေးမြန်းနေသည်။
အက်သလက်တီကိုက လွှတ်ပေးရန် ဝန်လေးနေသော်လည်း ရိုဒရီကိုယ်တိုင်က မန်စီးတီးသို့ လာလိုသဖြင့် စာချုပ်ဖျက်သိမ်းကြေး ပေးရုံနှင့် အဆင်ပြေနိုင်ကြောင်း အာတီတာက ပြန်ဖြေကြားခဲ့သည်။
ဂွာဒီယိုလာက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။ အဂူရို၊ ဆေးလ်ဗားနှင့် ဖာနန်ဒင်ဟိုတို့ကဲ့သို့ ကစားသမားကြီးများမှာ အိုမင်းလာပြီဖြစ်၍ အစားထိုးရန် အရေးတကြီး လိုအပ်နေချေပြီ။ အထူးသဖြင့် ထိပ်တန်း ဗဟိုတိုက်စစ်မှူး တစ်ဦး မရှိခြင်းက ဂွာဒီယိုလာ အတွက် အခက်ခဲဆုံး ပြဿနာ ဖြစ်နေသည်။
သူသည် တိုက်စစ်မှူးမပါသော ကစားကွက်ကို နှစ်သက်သော်လည်း ပရီးမီးယားလိဂ်တွင် ခံစစ်ပိတ် ကစားသော အသင်းများကို ထိုးဖောက်ရန်မှာ တောင့်တင်းသော ဗဟိုတိုက်စစ်မှူး မပါဘဲ မဖြစ်နိုင်မှန်း သူ နားလည်လာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် သူ ပထမဆုံး သတိရမိသည်မှာ သူ၏ အနာဂတ် သမက်လောင်း ချူဖုန်းပင် ဖြစ်သည်။ ချူဖုန်းသာ သူ့လက်ထဲတွင် ရှိခဲ့လျှင် မန်ယူတွင် ကစားနေသည်ထက် ပို၍ စွမ်းဆောင်ရည် ပြည့်ဝလာမည်ဟု သူ ယုံကြည်နေမိသည်။
"တိုက်စစ်မှူး ဘယ်သူရမလဲ စောင့်ကြည့်ရဦးမှာပဲ... ဂျေဇူးကတော့ သိပ်ပြီး အားကိုးလို့ မရသေးဘူး" ဟု ဂွာဒီယိုလာက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ သူသည် အိမ်ပြန်ရောက်လျှင် သူ၏သမီးမှ တစ်ဆင့် ချူဖုန်း၏ စိတ်ကူးကို စုံစမ်းကြည့်ရန် အစီအစဉ်ဆွဲနေတော့သည်။
အကယ်၍ ချူဖုန်းသာ မန်စီးတီးသို့ ရောက်လာခဲ့လျှင် ပရီးမီးယားလိဂ် ချန်ပီယံဆုသာမက ချန်ပီယံလိဂ် သုံးနှစ်ဆက် ရယူနိုင်ရန်မှာလည်း မခဲယဉ်းတော့ဟု သူ တွေးနေမိသည်။
---
အန်ဖီးလ်ကွင်းတွင်မူ ကလော့ပ်သည် ကစားသမားများ သွေးပူလေ့ကျင့်ခန်း လုပ်နေသည်ကို ငေးကြည့်နေမိသည်။ လီဗာပူးသည် ယနေ့တွင် ဝုဗ်အသင်းနှင့် ကစားရမှာဖြစ်ပြီး အနိုင်ရရန် မခက်ခဲသော်လည်း ချန်ပီယံဆုအတွက်မူ မန်ယူနှင့် မန်စီးတီးတို့၏ ပွဲရလဒ်ပေါ်တွင်သာ မူတည်နေချေပြီ။
"နောက်ရာသီမှာတော့ ငါတို့ လူသစ်ဝယ်မှာ မဟုတ်ဘူး... လက်ရှိ အင်အားက တော်တော်လေး ကောင်းနေပြီမို့လို့ ဒဏ်ရာမရအောင်ပဲ ထိန်းချုပ်ရမယ်"
ကလော့ပ်က ခပ်တိုးတိုး ပြောလိုက်သည်။ လီဗာပူးပိုင်ရှင်များမှာ အလွန်စေးနှဲသူများ ဖြစ်ကြသဖြင့် ရာသီအစတွင် ဖာဘင်ညိုနှင့် အလီဆန်တို့အတွက် အကုန်အကျ ခံထားပြီးဖြစ်ရာ နောက်ထပ် လူသစ်ဝယ်ရန်မှာ အိပ်မက်ပင် ဖြစ်နေချေတော့သည်။
ဒေသစံတော်ချိန် ညနေ ၃ နာရီသို့ ရောက်သောအခါ...
ပရီးမီးယားလိဂ်၏ နောက်ဆုံးပွဲစဉ် (၁၀) ပွဲစလုံးကို တစ်ပြိုင်နက်တည်း စတင်လိုက်ချေပြီ။ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲတွင်မူ နဗီးလ်နှင့် ဝိန်းရွန်းနီတို့က ဝေဖန်ရေးစင်မြင့်ထက်၌ ရောက်ရှိနေကြသည်။
နဗီးလ်က မိုက်ခရိုဖုန်းမှတစ်ဆင့် - "အနီရောင် ဝတ်စုံနဲ့ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပွဲထွက်လူစာရင်းကို ကြည့်ရအောင်..." ဟု ဆိုကာ မန်ယူ၏ အင်အားအပြည့် ပွဲထွက်လူစာရင်းကို ဖတ်ပြလိုက်သည်။ မော်ရင်ညိုသည် တန်းဆင်းဇုန်နှင့် ရင်ဆိုင်နေရသော ကာဒစ်ဖ်စီးတီး၏ အစွမ်းကို လျှော့မတွက်ဘဲ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးလိုက်ခြင်းပင်။
"ဒီနေ့ပွဲဟာ မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာရဲ့ နောက်ဆုံး လိဂ်ပွဲစဉ်လည်း ဖြစ်ပါတယ်... သူဟာ ဖာဂူဆန်၊ ဗန်ဟားလ်နဲ့ မော်ရင်ညို ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာတဲ့ မန်ယူရဲ့ မရှိမဖြစ် ဂန္ထဝင်တစ်ဦးပါပဲ" ဟု နဗီးလ်က ချီးကျူးလိုက်သည်။
ဗလင်စီယာသည် အသင်းအတွက် ခြေသလုံးရိုး ကျိုးသည်အထိ တိုက်ပွဲဝင်ခဲ့ဖူးသူဖြစ်သလို အေးဂျင့်က အသင်းပြောင်းရန် တိုက်တွန်းမှုကိုလည်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သူ ဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မန်ယူအသင်း တံဆိပ်ကိုပါ ဆေးမင်ကြောင် ထိုးထားသည်အထိ အသင်းအပေါ် သစ္စာရှိသူ မဟုတ်ပါလား။
ဘေးတွင်ရှိသော ရွန်းနီသည်လည်း အိုးထရက်ဖို့ဒ်ကွင်းကြီးကို ငေးကြည့်ရင်း ၂၀၀၄ မှ ၂၀၁၇ အထိ သူ ဖြတ်သန်းခဲ့သော နေ့ရက်များကို လွမ်းဆွတ်နေမိသည်။ ပွဲပေါင်း ၅၅၉ ပွဲ၊ ၂၅၃ ဂိုးနှင့် ဆုဖလား ၁၆ လုံး...
အချိန်များက ရွန်းနီ၏ ဆံပင်များကို ယူဆောင်သွားခဲ့သော်လည်း သူ၏ ငယ်အိပ်မက်များကိုတော့ မဖျက်ဆီးနိုင်ခဲ့ပေ။
"လူငယ်ဘဝက သိပ်လှတာပဲ... အားနည်းချက်တစ်ခုကတော့ အရမ်းမြန်မြန် ကုန်ဆုံးသွားတာပဲ" ဟု ရွန်းနီက သက်ပြင်းချကာ ဆိုလိုက်သည်။
နဗီးလ်ကတော့ ရွန်းနီကို ကြည့်ပြီး - 'မင်းသာ ချူဖုန်းရဲ့ တစ်ဝက်လောက် စည်းကမ်းရှိခဲ့ရင် ၊ ပါတီတွေ လျှော့သွားခဲ့ရင် အသက် ၄၀ အထိ ကစားနိုင်ဦးမှာပဲ' ဟု စိတ်ထဲမှ တွေးနေမိတော့သည်။
တီ…
စူးရှသော ဝီစီသံနှင့်အတူ အိုးထရက်ဖို့ဒ်တွင် ပွဲစတင်လိုက်ချေပြီ။ မန်ယူအသင်းသည် ချန်ပီယံဆု အတွက် အချိန်ဆွဲမနေဘဲ တိုက်စစ်ကို တိုက်ရိုက် စတင်တော့သည်။ ကွင်းလယ်တွင် ကန်တေက အခွင့်အရေးကို ဖမ်းဆုပ်ပြီး ပေါ့ဘာဆီသို့ မျှောပေးဘော ထိုးပေးလိုက်သည်။ ပေါ့ဘာက ဘောလုံးကို လက်ခံကာ မန်ယူ နံပါတ် (၇) ဆီသို့ အလိုက်သင့် ပြန်ထုတ်ပေးလိုက်ရာ...
မန်ယူပရိသတ်တို့၏ ရင်ခုန်သံများ မြန်ဆန်လာချိန်တွင် ချူဖုန်းက ဘောလုံးကို ဆွဲယူကာ ရှေ့က ခံစစ်မှူးနှစ်ဦးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ သူက ဘယ်ခြေဖြင့် ဘောလုံးကို ပုတ်ကာ ဟန်ပြလှည့်စားလိုက်ပြီး ညာခြေဖမိုးဖြင့် ကာဒစ်ဖ် နောက်ခံလူ ရိုင်ယန်၏ ခြေထောက်ကြားမှ ဘောလုံးကို တိုးထွက်သွားလေသည်။
"လှပလိုက်တဲ့ V-shaped လူလိမ်ခေါက်ကွက်ဗျာ"
"ချူဖုန်းက တောင်ပံကနေ အဆက်မပြတ် ထိုးဖောက်နေပြီ... ဒါဟာ ပြိုင်ဘက်အတွက်တော့ ကြောက်စရာကောင်းတဲ့ ဖျက်ဆီးမှုပဲ"
နဗီးလ်က အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ ချူဖုန်းသည် ပင်နယ်တီဧရိယာထဲသို့ တိုးဝင်သွားပြီး ဘောလုံးဖြတ်ပေးမည့်ဟန် ပြင်လိုက်ရာ ကာဒစ်ဖ်ဂိုးသမားမှာ ချူဖုန်း၏ အပေးကို ကြောက်ပြီး တစ်ဖက်သို့ ယိုင်သွားတော့သည်။ ထိုအချိန်တွင်မှ ချူဖုန်းက ဂိုးတိုင်နားက ဟာကွက်လေးထဲသို့ အပိုင် ကန်သွင်းလိုက်တော့၏။
ဘုန်း
၁ - ၀
ပွဲစပြီး ၁ မိနစ် ၄၆ စက္ကန့်မှာတင် မန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိသွားချေပြီ။ ချူဖုန်းသည် နွေရာသီ၏ အပူရှိန်အောက်တွင် လေထဲသို့ မြင့်မားစွာ ခုန်တက်ကာ သူ၏ အမြဲတမ်း အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံလိုက်တော့သည်။
"ဟေး ဟေး ဟေး"
ပရိသတ်တို့၏ ဟိန်းဟောက်သံကြီးက ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ချူဖုန်း၏ ဤဂိုးကြောင့် ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်မှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ မြင့်တက်သွားရပြန်သည်။
"အံမခန်း စွမ်းဆောင်ရည်ပဲဗျာ။ ချူဖုန်းက မန်ယူအတွက် အိပ်မက်ဆန်တဲ့ အစပြုမှုကို ဖော်ဆောင်ပေးလိုက်ပြီ" ဟု နဗီးလ်က ဆိုကာ ရွန်းနီဘက်သို့ လှည့်၍ - "မင်းရဲ့ ကလပ်ဂိုးသွင်းစံချိန်ကို ချူဖုန်း ချိုးဖျက်ဖို့ ဘယ်လောက်ကြာမယ် ထင်လဲ" ဟူ၍ မေးလိုက်သည်။
ရွန်းနီမှာတော့ ဆွံ့အသွားရ၏။ သူ၏ ၂၅၃ ဂိုး စံချိန်ကို ချိုးဖျက်ရန်မှာ မက်ဆီ၏ အဆင့်အတန်းမျိုးနှင့်ပင် သုံးရာသီခန့် ကစားရမည် ဖြစ်သော်လည်း ချူဖုန်း၏ တိုးတက်မှုနှုန်းအရ ဆိုလျှင် ၄ ရာသီခန့်ဆိုလျှင် ကျော်တက်သွားနိုင်သည် မဟုတ်ပါလား။
သူက ၁၃ နှစ်ကြာအောင် တည်ဆောက်ခဲ့ရသည့် စံချိန်ကို တရုတ်ကောင်လေးက မျက်စိတစ်မှိတ် အတွင်း ကျော်ဖြတ်တော့မည်ဟု တွေးမိသောအခါ ရွန်းနီမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရရှာသည်။
***