ချူဖုန်းသည် စင်မြင့်ထက်တွင် ရပ်နေရင်း သူ၏ ရင်ဘတ်ပေါ်ရှိ ချန်ပီယံဆုတံဆိပ်ကို ငုံ့ကြည့်နေမိသည်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံး နှစ်ရာသီမှာတင် ပရီးမီးယားလိဂ်ဖလား နှစ်လုံး...။
ဤသည်မှာ သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်သော အောင်မြင်မှုပင်။ လက်ရှိ ပရီးမီးယားလိဂ် အခင်းအကျင်းမှာ မန်ယူ၊ မန်စီးတီးနှင့် လီဗာပူးတို့ သုံးပွင့်ဆိုင် အားပြိုင်နေကြခြင်း ဖြစ်ရာ မည်သည့်အသင်းမှ ပြိုင်ဘက်အပေါ် အပြတ်အသတ် အသာစီးရရန် မလွယ်ကူလှပေ။ အမှတ်ပေးဇယား၏ ထိပ်ဆုံးသုံးသင်းကြားရှိ ရမှတ်ကွာဟချက်ကို ကြည့်ရုံဖြင့် ချန်ပီယံလုပွဲမှာ မည်မျှ ပြင်းထန်ခဲ့ကြောင်း သိနိုင်သည်။
‘လိဂ်ပြိုင်ပွဲက တစ်နှစ်ထက် တစ်နှစ် ပိုပြင်းထန်လာတာပဲ... ငါတို့တွေ ပရီးမီးယားလိဂ် သုံးနှစ်ဆက် ချန်ပီယံ ဖြစ်ဖို့ရော အခွင့်အရေး ရှိပါ့မလား...’ ချူဖုန်း တစ်ယောက်တည်း ရေရွတ်နေမိသည်။
“ဂုဏ်ယူပါတယ် ချူ...”
ဂရက်ဒက်ကာ၏ စကားသံကြောင့် ချူဖုန်း၏ အတွေးတို့ ပြတ်တောက်သွားရသည်။ ရှေ့တွင်ရှိသော ချောမောခန့်ညားသည့် လူငယ်လေးကို ကြည့်ရင်း ဒက်ကာ၏ မျက်ဝန်းတို့မှာ အားရကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။
သူသည် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကတည်းက ပရီးမီးယားလိဂ်ကို တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။ တစ်ချိန်က မန်ယူအသင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ခဲ့ဖူးသူ ပီပီ ၁၉၉၉ ခုနှစ် ဖလားသုံးလုံး အောင်မြင်မှုကိုလည်း မျက်မြင်တွေ့ခဲ့ဖူးသည့် ယူနိုက်တက်၏ ဝါရင့်ခေါင်းဆောင်ဟောင်းကြီး တစ်ဦးပင်။
“မန်ယူပရိသတ် တစ်ယောက်အနေနဲ့ အသင်းအတွက် ဒီလို ဂုဏ်ယူစရာ ဆုဖလားတွေ ယူဆောင်လာပေးတဲ့ မင်းကို ကျေးဇူးတင်တယ်ကွာ... ယူနိုက်တက်ကို ဒီထက်မက ဆက်ပြီး ဦးဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”
ချူဖုန်း မန်ယူ ပထမအသင်းသို့ ရောက်လာကတည်းက တရုတ်ပြည်၏ ပရီးမီးယားလိဂ် ကြည့်ရှုနှုန်းမှာ စံချိန်တင်အောင် မြင့်တက်လာခဲ့သည်။ ထို့ကြောင့်ပင် ချူဖုန်းသည် ပရီးမီးယားလိဂ်အတွက် ရွှေဥဥပေးသည့် ငန်းသဖွယ် ဖြစ်နေပြီး လိဂ်၏ မျက်နှာဖုံးသစ် ဖြစ်လာခဲ့ချေပြီ။
မကြာသေးမီက ရီးရဲလ်မက်ဒရစ်အသင်းက ယူရိုသန်း ၂၀၀ ကျော်ဖြင့် ချူဖုန်းကို ခေါ်ယူရန် ချောင်းနေသည့် သတင်းများကြောင့် လိဂ်တာဝန်ရှိသူများမှာလည်း ရတက်မအေးနိုင်ဘဲ ရှိနေကြရသည်။
ချူဖုန်းက အပြုံးဖြင့် ခေါင်းညိတ်နှုတ်ဆက်နေစဉ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရက်ကလပ်ကပါ ရောက်ရှိလာသည်။
“မနှစ်က မင်း ဆုလေးခုတောင် သိမ်းကျုံးယူသွားတာ နှမြောစရာပဲ... ဒီနှစ်တော့ သုံးခုပဲ ရတော့မှာပေါ့” ဟု ကလပ်က နောက်ပြောင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုမှာ တစ်သက်တွင် တစ်ကြိမ်သာ ရခွင့်ရှိသောကြောင့်ပင်။
“ဒါပေမဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၊ ကစားသမားများ ရွေးချယ်တဲ့ အကောင်းဆုံးဆု ၊ သတင်းထောက်များ ရွေးချယ်တဲ့ အကောင်းဆုံးဆုနဲ့ ၂၀၁၈-၁၉ ရွှေဖိနပ်ဆုတွေကတော့ မင်းလက်ထဲ ရောက်နေပါပြီ။ အဲ့ဒီအတွက် ကြိုတင်ပြီး ဂုဏ်ယူပါတယ်ကွာ”
ချူဖုန်း၏ စွမ်းဆောင်ရည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူသည် သူ၏ ဂိုးသွင်းစံချိန်ဟောင်းကိုပင် ပြန်လည် ချိုးဖျက်ခဲ့ပြီး မန်ယူကို လိဂ်ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ကစားသမား အချင်းချင်း မဲပေးရာတွင်လည်း အများစုက ချူဖုန်းကိုသာ တညီတညွတ်တည်း ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ...”
ချူဖုန်း၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ချေပြီ။ အရင်က ချန်ပီယံလိဂ် မဲခွဲပွဲကိုပင် ရုပ်သံမှသာ ငေးကြည့်ခဲ့ရသူမှာ ယခုအခါ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများကပင် ခင်မင် ရင်းနှီးစွာ ဆက်ဆံရသည့် အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤခံစားချက်မှာ တကယ်ပင် မဆိုးလှဟု ဆိုရမည်။
“သောက်ကျိုးနည်း... ငါ သေချာကြည့်ပြီးပြီ... ငါတို့အသင်းမှာ ချူဖုန်းနဲ့ ဒီဂီယာပဲ ဆုရမှာပဲ။ ငါဆိုရင် ရွှေဖိနပ်ဆုစာရင်းရဲ့ ထိပ်ဆုံးသုံးယောက်ထဲတောင် မပါဘူး... သောက်ခွပဲကွာ...”
မာရက်ဇ်က ဖုန်းကို အိတ်ထဲပြန်ထည့်ရင်း မကျေမနပ် ညည်းတွားနေသည်။ မန်ယူ၏ လက်ရှိ နည်းဗျူဟာမှာ ချူဖုန်းကို ဗဟိုပြုထားသဖြင့် အခြားကစားသမားများ၏ ကိန်းဂဏန်းများမှာ သိပ်ပြီး လှပမနေခြင်းပင်။
“ဒါဆိုရင်လည်း နောက်ရာသီကျရင် ငါက မင်းကို ပံ့ပိုးပေးရမလား...” ချူဖုန်းက ခပ်နောက်နောက် ဆိုလိုက်သည်။
“အာ... တော်ပါပြီကွာ။ ငါတို့က ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ တာဝန်ယူတာ အကောင်းဆုံးပဲ။ မင်း ယူနေရတဲ့ ဖိအားတွေကို ငါ မတောင့်ခံနိုင်ဘူး...”
မာရက်ဇ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တော့သည်။
ချူဖုန်းက ဘေးမှ ဒီဂီယာ၏ ပုခုံးကို အားရပါးရ ပုတ်လိုက်ရင်း - “ဒေးဗစ်... မင်းရဲ့ လက်စွမ်းက အခုတလော တကယ် ရှယ်ပဲ။ ဒီနှစ်တော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုက မင်းအတွက်ပဲ ဖြစ်ရမယ်”
ဒီဂီယာကလည်း အလိုက်သင့် ကိုယ်ဟန်ပြရင်း - “Clean sheet ၁၇ ပွဲဆိုတာ ဘာလဲဆိုတာ မင်းသိလား... ဟယ်ရီသာ တစ်ခါတလေ ကြောင်မနေရင် ငါ့စံချိန်က ဒီထက်တောင် ကောင်းဦးမှာ...”
အောင်ပွဲခံနေသည့် မက်ဂွိုင်းယားမှာ ဒီဂီယာ၏ နောက်ပြောင်မှုကို ကြားသောအခါ အပြေး ရောက်လာပြီး - “ပရီးမီးယားလိဂ်မှာ အကောင်းဆုံး နောက်ခံလူဆုသာ ရှိရင် ငါ သေချာပေါက် ရမှာပဲ။ ငါ့ရဲ့ ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ပုံတွေနဲ့ လေကြောင်းတိုက်ပွဲ အောင်မြင်မှုတွေကို ကြည့်ဦးလေ”
“ဗန်ဒိုက်ကတောင် မင်းလောက် မတော်ဘူးပေါ့... ဟုတ်လား...”
ချူဖုန်းက ထေ့လိုက်သောအခါ မက်ဂွိုင်းယားမှာ ဆွံ့အသွားရရှာသည်။ ဗန်ဒိုက်သည် အမှန်တကယ် သန်မာလှသူ ဖြစ်ပြီး ယခုရာသီတွင် ချူဖုန်း တစ်ယောက်တည်းသာ သူ့ကို နှိပ်စက်နိုင်ပေသည်။
ချူဖုန်းသည် အသင်းဖော်များနှင့် စနောက်နေခြင်းကို ရပ်လိုက်ပြီး စင်မြင့်ဘေးသို့ လျှောက်သွားလိုက်သည်။
“ဆရာ... ကျွန်တော်တို့နဲ့အတူ လာပြီး အောင်ပွဲမခံဘူးလား...”
“လူတွေက ငါ့ကို အရေးပါအရာရောက်လွန်းတယ်လို့ ပြောနေကြတာဆိုတော့... ကင်မရာရှေ့မှာ ငါ နည်းနည်း လျှော့နေပေးတာပါ” မော်ရင်ညိုက ခပ်ပြုံးပြုံး ဆိုလိုက်သည်။
သူတို့နှစ်ဦး စကားတပြောပြောဖြင့် စင်မြင့်အောက်သို့ ဆင်းလာစဉ် မော်ရင်ညိုက ရုတ်တရက် သူ၏ ဆုတံဆိပ်ကို ချွတ်လိုက်ကာ ပရိသတ်များရှိရာသို့ အားကုန်လွှဲ၍ ပစ်ပေးလိုက်သည်။ ချူဖုန်း ခဏတာ ကြောင်သွားရ၏။
သူ၏ ဆရာဖြစ်သူသည် ၂၀၀၆ ခုနှစ် ချယ်လ်ဆီးမှာတုန်းကလည်း ဤသို့ပင် ချန်ပီယံဆုတံဆိပ်ကို ပရိသတ်များထံ ပစ်ပေးခဲ့ဖူးသည် မဟုတ်ပါလား။ အကြောင်းမှာ ဆရာကြီးသည် ရပြီးသားအရာများကို သိမ်းဆည်းထားရသည်ကို မနှစ်သက်ခြင်းကြောင့်ပင်။
ချူဖုန်းသည် သူ၏ ဆရာဖြစ်သူ၏ ဖြူဖွေးနေသော ဆံပင်များကို ကြည့်ရင်း သူ၏ လည်ပင်းမှ ဆုတံဆိပ်ကိုပါ ချွတ်လိုက်ကာ ပရိသတ်စင်ပေါ်ရှိ လူငယ်လေးတစ်ဦးထံသို့ လွှဲပစ်ပေးလိုက်တော့သည်။
“ဟင်...”
မော်ရင်ညိုက နားမလည်နိုင်သလို ကြည့်လာသည်။
ချူဖုန်းက အပြုံးဖြင့် - “ကျွန်တော်တို့တွေ ဒီလိုဆုတံဆိပ်တွေကို အကြိမ်ပေါင်းများစွာ ထပ်နိုင်ဦးမှာပဲ မဟုတ်လား...” ဟု မာန်အပြည့်ဖြင့် ဆိုလိုက်သည်။
မော်ရင်ညိုမှာ ခဏတာ ဆွံ့အသွားရပြီးမှ သဘောကျစွာ ရယ်မောလိုက်တော့သည်။ သူ၏ အရိုးထဲက မာန်မာနတို့က ပျောက်ကွယ်သွားခြင်း မရှိဘဲ တပည့်ဖြစ်သူဆီသို့ ကူးစက်သွားခဲ့ချေပြီ။
“ဟုတ်တာပေါ့... ငါတို့တွေ အများကြီး ထပ်နိုင်ဦးမှာပဲ”
---
“နောက်ဆုံး အခမ်းအနားတစ်ခု ကျန်သေးတယ်... အဲဒါက မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ် လွှဲပြောင်းတဲ့ပွဲပဲ”
မော်ရင်ညိုက ချူဖုန်း၏ ပုခုံးကို ပုတ်ကာ - “ဒီနေ့ကစပြီး မင်းက ဒုတိယ အသင်းခေါင်းဆောင် မဟုတ်တော့ဘူး။ ပထမ အသင်းခေါင်းဆောင် ဖြစ်သွားပြီ။ မင်းမှာ တာဝန်တွေ ပိုကြီးလာပြီနော်”
ချူဖုန်း ကွင်းထဲသို့ ကြည့်လိုက်သောအခါ အသင်းဖော်များမှာ လမ်းကြောင်းနှစ်ကြောင်းစီ ခွဲ၍ စီတန်းနေကြသည်ကို တွေ့လိုက်ရသည်။ မန်ယူသမိုင်းတစ်လျှောက်တွင် ရော့ဘ်ဆင်၊ ကိန်း၊ နဗီးလ် တို့ကဲ့သို့ ဂန္ထဝင်မြောက် အသင်းခေါင်းဆောင်များ ရှိခဲ့ဖူးသည်။ သူတို့သည် နည်းဗျူဟာပိုင်းထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအဖြစ် အသင်းကို ဦးဆောင်ခဲ့ကြသူများ ဖြစ်သည်။
ချူဖုန်းသည် အသင်းဖော်များ၏ လက်ခုပ်သံများကြားမှတစ်ဆင့် စင်မြင့်ထက်သို့ တစ်ကျော့ပြန် တက်လှမ်းခဲ့သည်။ အိုးထရက်ဖို့ဒ် ကွင်းကြီးတစ်ခုလုံး ဟိန်းထွက်သွားတော့၏။ ပရိသတ်များမှာ ယူနိုက်တက်ကို အထက်တန်း ပြန်ရောက်အောင် ပို့ပေးနိုင်မည့် ခေါင်းဆောင်တစ်ဦးကို မျှော်လင့်နေခဲ့ကြသည်မှာ ကြာပြီ မဟုတ်ပါလား။
ဝါရင့်ကစားသမား ဗလင်စီယာက ချူဖုန်း၏ ဘယ်ဘက်လက်မောင်တွင် အသင်းခေါင်းဆောင် လက်ပတ်ကို တပ်ဆင်ပေးလိုက်သည်။
“မင်းက ငါ့ထက် ပိုတော်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာပါ ချူ...”
ချူဖုန်းက အသင်းဖော်များကို လှည့်ကြည့်လိုက်သည်။
“လူအများစုက မန်ယူမှာ အရေးကြုံရင် ကယ်တင်ပေးနိုင်မယ့် အသင်းခေါင်းဆောင်မျိုးကို မျှော်လင့်ကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာကတော့... မန်ယူအတွက် တကယ် လိုအပ်တာက ကစားသမားတိုင်းမှာ အသင်းအပေါ် တာဝန်ယူလိုစိတ် ရှိဖို့ပါပဲ။ ရှုံးနိမ့်မှု ဒါမှမဟုတ် သရေကျမှုတိုင်း အတွက် ဝမ်းနည်းတတ်တဲ့ စိတ်ဓာတ်မျိုး ရှိနေရမယ်။ ဘာလို့လဲဆိုတော့ အဲဒီလို လူတွေပဲ အောင်မြင်မှုကို ဘယ်တော့မှ မရောင့်ရဲဘဲ ဆက်ပြီး ကြိုးစားနေမှာမို့လို့ပါပဲ”
ချူဖုန်းသည် တစ်ယောက်တည်း စွမ်းဆောင်ပြတတ်သည့် အသင်းခေါင်းဆောင်မျိုးထက် အသင်းသားအားလုံး တာဝန်ယူတတ်သည့် ယဉ်ကျေးမှုမျိုးကို ပို၍ လိုလားခြင်း ဖြစ်သည်။
ကွင်းဘေးတွင် ရပ်နေသော ဆာ အဲလက်စ် ဖာဂူဆန်က လက်ခုပ်တီးရင်း - “မန်ယူအသင်းခေါင်းဆောင် ဆိုတာ တစ်ကိုယ်တော် မုဆိုး မဟုတ်ဘူးကွ... ဒါပေမဲ့ သူဟာ အသင်းသားအားလုံး တာဝန် သိလာအောင်တော့ အမြဲတမ်း သတိပေးနေရမယ့်သူပဲ” ဟု ဆိုလိုက်သည်။
နဗီးလ်ကလည်း ခေါင်းကို အဆက်မပြတ် ညိတ်ရင်း - “ဟုတ်တယ်... ငါ ဒဏ်ရာရနေတုန်းကလည်း ငါ့အသင်းဖော်တွေက ချယ်လ်ဆီးကို နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပဲ။ သူတို့အားလုံးက တာဝန်ယူခဲ့ကြလို့ပေါ့” ဟု ထောက်ခံလိုက်သည်။
ရွန်းနီကတော့ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဲဒီတုန်းကတော့ ခင်ဗျား ရှိရှိ၊ မရှိရှိ ဘာမှမဖြစ်ပေမဲ့... အခု ချူဖုန်းသာ မရှိရင် မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ကံကောင်းမှ ရမှာဗျ...”
“ဘာကွ...”
နဗီးလ်က မျက်မှောင်ကြုတ်ကာ ကြည့်လာသောအခါ ရွန်းနီမှာ အူကြောင်ကြောင် အပြုံးဖြင့်သာ တုံ့ပြန်လိုက်ရတော့သည်။
***