အသင်းခေါင်းဆောင် လွှဲအပ်ပွဲတွင်ပင် ဖာဂူဆန်သည် ချူဖုန်းထံသို့ ဆုတံဆိပ်တစ်ခု ကမ်းပေးလိုက်သည်။
“ဒါက ငါ မန်ယူကို စတင်ကိုင်တွယ်တုန်းက ပထမဆုံးရခဲ့တဲ့ လိဂ်ဖလားဆုတံဆိပ်ပဲ... မင်း အသင်းကနေ ထွက်ခွာမယ့်နေ့ကျရင် ဒီဆုတံဆိပ်ကို မင်းရဲ့ ဆက်ခံသူဆီ လွှဲပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်”
ချူဖုန်း ရင်ထဲ လှုပ်ခတ်သွားရသည်။ ဆာ အဲလက်စ် ဖာဂူဆန်သည် သူ့ကို အနှီ ဆုတံဆိပ်ဖြင့် အသင်းတွင် အမြဲတမ်း ရှိနေစေရန် ချည်နှောင်လိုက်ခြင်းပင်။
သူက လေးနက်သော လေသံဖြင့် - “ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ် ဆာအဲလက်စ်”ဟုသာ ပြန်လည် ကတိပေးလိုက်ရတော့သည်။
အခမ်းအနားများ ပြီးဆုံးသွားသောအခါ ချူဖုန်းသည် မာရီယာကို ကွင်းထဲသို့ ခေါ်လာခဲ့ပြီး ချန်ပီယံဖလားနှင့် အတူ ဓာတ်ပုံတွဲရိုက်ခဲ့သည်။ မန်စီးတီး နည်းပြ၏ သမီးက မန်ယူ၏ အောင်ပွဲခံပွဲတွင် ပါဝင်နေခြင်းက ပရိသတ်များအတွက်တော့ ကြည်နူးစရာ မြင်ကွင်းတစ်ခုပင်။
မာရက်ဇ်က ကလေးတစ်ယောက်ကို ချီရင်း ချူဖုန်းနားသို့ ရောက်လာကာ - “ဖိုဒန်ကို ကြည့်ဦး... မင်းထက် တစ်နှစ်တောင် ငယ်တာ။ သူ့မှာ ဒုတိယမြောက် ကလေးတောင် ရတော့မယ်။ မင်းလည်း မြန်မြန်လုပ်ဦးမှပေါ့...” ဟု စနောက်လိုက်လေသည်။
ချူဖုန်းမှာတော့ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းသာ ကုတ်နေမိတော့သည်။ ယနေ့ညသည်ကား သူ့အတွက် အိပ်ပျော်နိုင်မည့်ည မဟုတ်ချေ။
အောင်ပွဲခံပွဲကြီး ပြီးဆုံးသွားသော်လည်း ချူဖုန်းမှာတော့ ထိုင်ခုံပေါ်တွင် မှီချလိုက်ရင်း - “ဒီနေ့က ကန်ရတာထက်တောင် ပိုပင်ပန်းသေးတယ်ဗျာ...” ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်မိလေသည်။
【 ဂုဏ်ယူပါသည်။ အသင်းလိုက် မစ်ရှင် အောင်မြင်ပါသည် - ၂၀၁၈-၁၉ ရာသီ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနှင့် ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ 】
【 ဂုဏ်ယူပါသည်။ ကိုယ်ပိုင် မစ်ရှင် အောင်မြင်ပါသည် - ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ 】
【 မစ်ရှင်ဆုလာဘ် - ပလက်တီနမ် သေတ္တာ (၄) လုံး 】
ချူဖုန်းသည် ကုတင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းနေရင်း သူ့ရှေ့၌ ပေါ်လာသော စနစ်၏ စာသားများကို ကြည့်နေမိသည်။
【 ရတနာသေတ္တာ ဖွင့်လှစ်ခြင်း... 】
【 ဘားရတ်၏ "အကွေးအဝိုက် အမြောက်ဆန်သော ကန်ချက်" မော်ဂျူး 】
【 ဘားကမ့်၏ "နူးညံ့သိမ်မွေ့သော ဘောလုံးထိန်းချုပ်မှု" မော်ဂျူး 】
ချူဖုန်း မျက်မှောင်ကြုတ်သွားသည်။ အနှီ မော်ဂျူးများ၏ စွမ်းဆောင်ရည်မှာ သူ့အတွက် သိပ်ပြီး ထူးခြားမှု မရှိတော့ပေ။ သူ၏ လက်ရှိ အခြေခံ အရည်အချင်းများမှာ ရော်နယ်ဒိုနှင့်ပင် ထပ်တူနီးပါး ရှိနေပြီဖြစ်ရာ ဘားရတ်၏ အဝေးကန်ချက်မှာ ရော်နယ်ဒိုထက် ပိုကောင်းပါ့မလားဟု သံသယ ဝင်မိသည်။ ထို့အပြင် သူ့တွင် ဘာတစ်စတူတာ၏ မော်ဂျူး ရှိနှင့်ပြီးသား ဖြစ်သဖြင့် အလားတူ မော်ဂျူးမျိုး ထပ်မလိုတော့ပေ။
ထိုအချိန်တွင် စနစ်၏ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
【 မော်ဂျူး ပေါင်းစပ်ခြင်း စနစ်ကို အသုံးပြုနိုင်ပါပြီ။ အဆင့်တူ မော်ဂျူး (၃) ခုကို ပေးအပ်ပါက ပိုမိုမြင့်မားသော အဆင့်ရှိ မော်ဂျူးတစ်ခုကို ကျပန်း ရရှိပါမည်။ 】
ချူဖုန်းသည် ချက်ချင်းပင် မော်ဂျူးများကို စုပေါင်းလိုက်သည်။ သူသည် အဆင့်တိုးတက်နိုင်သော မော်ဂျူးများကို မသုံးဘဲ တစ်ဦးချင်း ကျွမ်းကျင်မှု မော်ဂျူးများကိုသာ ရွေးချယ်လိုက်၏။ မက်သယူး၏ "ပုခုံးယိမ်း လူလိမ်ခွက်"၊ ရော်ဘင်ဟို၏ "စက်ဘီးစီး လူလိမ်ခွက်" နှင့် ရီဗယ်လီနို၏ "နွားမြီး လူလိမ်ခွက်" တို့ကို ပေါင်းစပ်ထည့်လိုက်သည်။
တောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ မော်ဂျူးအသစ် ထွက်ပေါ်လာ၏။ 【 ပါတို၏ "ရွှေမင်းသားလေး ဘောလုံး အာရုံခံစားမှု" မော်ဂျူး 】
ချူဖုန်းမှာတော့ "သောက်ကျိုးနည်း... ဒါက ရှေ့နောက် ပြောင်းပြန် ဖြစ်ကုန်တာလား..." ဟု ရေရွတ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်တွင် ရော်ဘင်ဟို ၊ ရီဗယ်လီနိုနှင့် မက်သယူးတို့သည် ပါတိုထက် ပိုကောင်းသောကြောင့်ပင်…။
သို့သော် သူ မရပ်တန့်ဘဲ ပလက်တီနမ် အဆင့်ရှိ မော်ဂျူး (၃) ခုကို ထပ်မံ ပေါင်းစပ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အလင်းရောင်က ပို၍ စူးရှလှ၏။
【 ဘယ်ခြေ သွက်လက်မှု မော်ဂျူး 】
【 အသေးစိတ် - ဤသည်မှာ အဆင့်တိုးတက်နိုင်သော မော်ဂျူး ဖြစ်သည်။ လေ့ကျင့်မှုမှတစ်ဆင့် ဘယ်ခြေရှိ အာရုံကြော ဖြန့်ကျက်မှုကို ပြောင်းလဲပေးပြီး အာရုံကြော အရေအတွက်ကိုပါ တိုးပွားစေမည်။ 】
ချက်ချင်းပင် ချူဖုန်းသည် သူ၏ ဘယ်ခြေထောက်မှာ ထုံကျင်သွားသကဲ့သို့ ခံစားရပြီးနောက် ပို၍ သွက်လက်လာသည်ကို သတိပြုမိလိုက်သည်။ မာရာဒိုနာ၏ ဘယ်ခြေသည် သာမန်လူတစ်ယောက်၏ လက်ထက်ပင် ပို၍ အာရုံခံစားမှု ကောင်းသည်ဆိုသော ကောလာဟလကို သူ သတိရသွားသည်။
စနစ်က အခုတော့ လူ့ခန္ဓာကိုယ် တည်ဆောက်ပုံကိုပါ ပြောင်းလဲပေးနေပြီလား။
"ဟဲဟဲ... အခုဆိုရင် ငါက ခြေနှစ်ဖက်လုံး အားသန်တဲ့သူ ဖြစ်သွားပြီပေါ့"
ချူဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်မှ ခုန်ဆင်းကာ စားပွဲပေါ်ရှိ ဆိုဒါဘူးကို ဘယ်ခြေဖြင့် ကန်၍ ကစားနေမိသည်။
နောက်ဆုံး ရတနာသေတ္တာကို သူ ဖွင့်လိုက်ပြန်သည်။
【 ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခြင်းအတွက် ဂန္ထဝင် ရတနာသေတ္တာ ရရှိပါသည် 】
【 ဂုဏ်ယူပါသည်။ နတ်ဘုရားမျက်လုံး မော်ဂျူးကို ရရှိပါသည် 】
【 အသေးစိတ် - ဦးနှောက်၏ အခြေခံ အာရုံကြောစုများကို အားကောင်းစေပြီး မြင်ကွင်းအား ပုံဖော်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ 】
ထိုမော်ဂျူးကို လက်ခံရရှိပြီးနောက် ချူဖုန်းမှာ ရုတ်တရက် ခေါင်းမူးလာကာ ကုတင်ပေါ်သို့ ပစ်လဲပြီး အိပ်မောကျသွားတော့သည်။
---
ညသန်းခေါင်ယံ အချိန်တွင် မန်ယူ၏ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်နိုင်မှု သတင်းက တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားသည်။ မန်ယူသည် ယခုရာသီတွင် ဖလား (၄) လုံး ရရှိထားပြီးဖြစ်ကာ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်တို့ ကျန်ရှိနေသေးသဖြင့် "ဖလား ၆ လုံး ချန်ပီယံ" ဖြစ်မလား ဆိုသည်မှာ စောင့်ကြည့်စရာ ဖြစ်နေချေပြီ။
ချူဖုန်း၏ စွမ်းဆောင်ရည်မှာလည်း ဝါရင့် ကစားသမားများကိုပင် ထိတ်လန့်သွားစေသည်။ များသောအားဖြင့် လူငယ်ကစားသမားများသည် ပထမရာသီတွင် ကောင်းသော်လည်း ဒုတိယရာသီတွင် အားနည်းသွားတတ်ကြသည်။
သို့သော် ချူဖုန်းကတော့ ထိုအယူအဆကို ချိုးဖျက်ပြီး သူ၏ စံချိန်ဟောင်းကိုပင် ကျော်ဖြတ်ပြခဲ့သည်။
ချူဖုန်းနှင့် သက်တူရွယ်တူ လူငယ်ကစားသမားများမှာမူ "သောက်ကျိုးနည်း... ငါတို့တွေကတော့ သူ့ရဲ့ အရိပ်ကိုတောင် မမြင်ရတော့ဘူး" ဟု ဆိုကာ စိတ်ဓာတ်ကျနေကြရသည်။
အမ်ဘာပေသည် သူ၏ အိပ်ခန်းထဲရှိ ရော်နယ်ဒို ပိုစတာကို ဖြုတ်ကာ မိမိပုံကို ပြန်ကပ်လိုက်ပြီး "ငါ ပဲရစ်မှာ နေနေတာ အချိန်ဖြုန်းတာပဲ... ငါ အသင်းပြောင်းမှ ဖြစ်တော့မယ်" ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ချူဖုန်းကတော့ ထိုအကြောင်းများကို မသိဘဲ အိပ်မက်လှလှများ မက်နေလေသည်။ သူ မက်နေသည့် အိပ်မက်ကား... ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ငါးနှစ်ဆက်တိုက် ရရှိနေသည့် အိပ်မက်ပင်။
နောက်တစ်နေ့ မနက်တွင် ချူဖုန်းသည် နိုးနိုးချင်းပင် စနစ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
【 ဘောလုံးလိမ်ခေါက်ခြင်း: ၉၇ 】
【 ပေးပို့ခြင်း: ၈၈ 】
【 ဂိုးကန်သွင်းခြင်း: ၉၅ 】
【 အရှိန်: ၉၄ 】
【 ကြံ့ခိုင်မှု: ၉၁ 】
【 ခံစစ်: ၆၉ 】
"ဝိုး... ငါ့ရဲ့ အချက်အလက် တော်တော်များများက ရော်နယ်ဒိုထက်တောင် သာနေပြီပဲ" သူသည် သူ၏ ပါရမီ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ အချက်အလက် အားလုံးကို ၁၀၀ အပြည့်အထိ မြှင့်တင်လိုက်လျှင် မည်မျှအထိ ကြောက်စရာကောင်းမည်နည်း။
မေလ (၁၄) ရက်နေ့တွင် ချူဖုန်းသည် လန်ဒန်သို့ သွားရောက်ကာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။ သူသည် တစ်နှစ်တာ အကောင်းဆုံးဆု (၄) ခုစလုံးကို အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့၏။ မော်ရင်ညိုသည်လည်း တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့သည်။
မော်ရင်ညိုသည် စင်ပေါ်သို့ တည်ငြိမ်စွာ တက်လှမ်းရင်း - "ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပဲ... ကျွန်တော်ဟာ 'ထူးခြားသူ' တစ်ယောက်ပါ၊ အခုတော့ အဲဒါက အမှန်တရား ဖြစ်သွားပြီလို့ ထင်ပါတယ်" ဟု ဆိုလိုက်သည်။
"ဆရာကြီးရဲ့ နည်းပြဘဝမှာ အကောင်းဆုံး ချန်ပီယံဆုက ဘာလဲ" ဟု မေးမြန်းသောအခါ မော်ရင်ညိုက ပြုံးလျက် - "အကောင်းဆုံး ချန်ပီယံဆုဆိုတာ အမြဲတမ်း 'နောက်ထပ် ရမယ့်ဆု' ပါပဲ" ဟူ၍ ပြန်လည် ဖြေကြားခဲ့လေသည်။
ဆုပေးပွဲအပြီး မန်ချက်စတာမြို့တွင် အောင်ပွဲခံ လှည့်လည်ပွဲကို ကျင်းပခဲ့သည်။ ချူဖုန်းသည် နေကာမျက်မှန် တပ်ကာ လက်တစ်ဖက်တွင် ပရီးမီးယားလိဂ် ချန်ပီယံဖလား၊ နောက်လက်တစ်ဖက်တွင် ရှန်ပိန်ပုလင်းကို ကိုင်ထားသည်။
"ဟေး... ချူ ငါ့ကို ဖလား ခဏပေးဦး။ ငါ ကောင်းကောင်း မကိုင်ရသေးဘူး" မက်ဂွိုင်းယားက ချူဖုန်းလက်ထဲမှ ဖလားကို ယူကာ ပရိသတ်များကို ဝှေ့ယမ်းပြလိုက်သည်။
ဘုန်း…
ရုတ်တရက် ဖလားကြီးသည် ဘတ်စ်ကား လက်ရန်းနှင့် တိုက်မိသွားပြီး မက်ဂွိုင်းယား လက်ထဲမှ ချော်ကျသွားတော့သည်။ "သောက်ကျိုးနည်း... ဖလားရဲ့ အောက်ခြေကြီး ပြုတ်ထွက်သွားပြီ ဒီအတုက အရည်အသွေး သိပ်မကောင်းဘူးပဲ"
မက်ဂွိုင်းယားသည် မျက်ရည်ဝဲလျက် ပြုတ်ကျသွားသော ဖလားကို ပြန်ကောက်လာသည်။
ကလစ်
ချူဖုန်းသည် ထိုမြင်ကွင်းကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်သို့ "မမေ့နိုင်စရာ အမှတ်တရတစ်ခု” ဟု စာသားဖြင့် တင်လိုက်တော့သည်။
"ဟယ်ရီ… မင်းက လိဂ်ဖလားကို စိတ်ကုန်သွားပြီလား" ချူဖုန်းက ရယ်မောရင်း စနောက်လိုက်သည်။ အခြားအသင်းသားများကလည်း - "မင်းက ဆရာကြီးကို အတုခိုးပြီး ပရိသတ်ကို ဖလားကြီး ပေးလိုက်တာလား" ဟု ဝိုင်းဝန်း လှောင်ပြောင်ကြတော့သည်။
မက်ဂွိုင်းယားမှာတော့ ချူဖုန်းကို အားကိုးတကြီး ကြည့်ကာ - "မင်းပြောတော့ ငါ့ကို စိတ်မပူနဲ့ဆို... အခုတော့ အားလုံးက ငါ့ကို ဝိုင်းလှောင်နေကြပြီ" ဟု ညည်းတွားလိုက်သည်။
ထိုအခါ ချူဖုန်းက မက်ဂွိုင်းယား၏ ပုခုံးကို ပုတ်ကာ - "ရပါတယ်ကွာ... နောက်ထပ် ဖလားတွေ အများကြီး ထပ်ရဦးမှာပဲကို" ဟု နှစ်သိမ့်လိုက်ရတော့သည်။
မေလ (၂၂) ရက်နေ့တွင် ၂၀၁၈-၁၉ ရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲကြီး စတင်တော့မည် ဖြစ်သည်။
***