ယနေ့အထိ အင်္ဂလန်မြေပေါ်တွင် တစ်ရာသီတည်း၌ လိဂ်ဖလားနှင့် အဓိကဖလားပြိုင်ပွဲကြီး နှစ်ရပ်လုံးကို သိမ်းပိုက်နိုင်ခဲ့သော အသင်းဟူ၍ မပေါ်ပေါက်ဖူးသေးချေ။
ရှင်းရှင်းပြောရလျှင် အင်္ဂလန်၌ ပြည်တွင်းဖလားသုံးလုံးကို တစ်ပြိုင်တည်း ဆွတ်ခူးနိုင်ခဲ့ဖူးသည့် သမိုင်းကြောင်း မရှိသေးပေ။
ယခုမူ မန်ချက်စတာယူနိုက်တက်အသင်းသည် ထိုသမိုင်းသစ်ကို ရေးထိုးနိုင်ရန် ပြိုင်ပွဲတစ်ရပ်သာ လိုပါတော့သည်။ ထိုပြိုင်ပွဲကား... အက်ဖ်အေဖလားပင်…။
ဝင်ဘလေကွင်းကြီးအတွင်း၌...
အနီနှင့် အပြာ အရောင်နှစ်မျိုးက ကွင်းကြီးကို အုပ်စုနှစ်စုအဖြစ် ရှင်းလင်းပြတ်သားစွာ ပိုင်းခြားထားလေသည်။
နွေရာသီလေပြေနှင့်အတူ အသင်းနှစ်သင်း၏ အလံများက တလူလူ လွင့်ဝဲနေကြ၏။
မန်ချက်စတာယူနိုက်တက် ပရိသတ်များက ဝင်ဘလေကွင်းကြီးကို သူတို့၏ ကံကောင်းစေသော နေရာတစ်ခု အဖြစ် အမြဲခံယူထားကြပြီး ယင်းကွင်းကြီးကို ဂုဏ်ပြုဖွဲ့ဆိုထားသည့် တေးသီချင်း တစ်ပုဒ်ပင် ရှိသေးသည်။
ရင်းနှီးနေသော တေးသွားကို ကြားလိုက်ရချိန်တွင် ချူဖုန်း၏ မျက်နှာပေါ်၌ အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ရုတ်တရက် ပေါ်လွင်လာသည်။
သူ အင်္ဂလန်သို့ စတင်ရောက်ရှိစဥ်က ဖခင်ဖြစ်သူနှင့်အတူ လန်ဒန်မြို့ကို လှည့်လည်ကြည့်ရှုခဲ့ဖူးရာ သူ ပထမဆုံး မြင်တွေ့ခဲ့ရသည့် အားကစားကွင်းကြီးမှာ ဤဝင်ဘလေကွင်းကြီးပင် ဖြစ်သည်။
မီတာတစ်ရာခန့် မြင့်မားသည့် ဝင်ဘလေကွင်း၏ မုခ်ဦးဖြူဖြူက သူ၏ မှတ်ဉာဏ်ထဲတွင် ထာဝရ စွဲထင်နေခဲ့လေပြီ။
'နှစ်တွေ တော်တော်ကြာသွားပြီပဲ... ငါကိုယ်တိုင်လည်း ဝင်ဘလေမှာ ကစားနေရပြီ ဆိုတော့ တော်တော်လေးတော့ ရင်ခုန်စရာ ကောင်းသား...'
သွေးပူလေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးနောက် ချူဖုန်းက ပရိသတ်များရှိရာ ပွဲကြည့်စင်ဘက်သို့ လက်လှမ်းပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် မန်ယူပရိသတ်များထံမှ အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့၏။
ထို့နောက် မကြာမီ အသင်းနှစ်သင်းလုံးမှ ကစားသမားများ အဝတ်လဲခန်းများဆီသို့ အသီးသီး ပြန်ဝင်သွားကြသည်။
"မန်စီးတီး... မန်စီးတီး... ပြီးတော့လည်း မန်စီးတီးပဲဗျာ။ ဒီရာသီထဲမှာ ငါတို့ မန်စီးတီးနဲ့ ဘယ်နှစ်ပွဲတောင် ကန်ခဲ့ရပြီလဲ..."
မက်ဂွိုင်းယားက အဝတ်လဲခန်းထဲရှိ ဘီဒိုကို မှီကာ သူ၏ ခေါင်းကြီးကို စည်းချက်ကျကျ ရမ်းရင်း ညည်းညူလိုက်သည်။
"တကယ်တော့ သိပ်မများပါဘူး။ လိဂ်ပွဲ နှစ်ပွဲရယ်၊ လိဂ်ဖလားပွဲ တစ်ပွဲရယ်၊ အက်ဖ်အေဖလားပွဲ တစ်ပွဲရယ်... ပြီးတော့ ဇွန်လဆန်းမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲရယ်ဆိုတော့... စုစုပေါင်းမှ ငါးပွဲလောက်ပဲ ရှိတာပါ..."
ရက်ရှ်ဖို့ဒ်က ဝင်ဖြေလိုက်သည်။
“ငါးပွဲတောင် နည်းသေးလို့လား”
ဒီဂီယာက သူ၏ လက်အိတ်ကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။
'သူတို့နေရာမှာသာ ဝင်ကြည့်လိုက်... ငါသာ မန်စီးတီး ကစားသမားတစ်ယောက်ဆိုရင် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ မန်ယူကို ဆက်တိုက် ရှုံးနေရတာနဲ့တင် ဒေါသထွက်ပြီး ပေါက်ကွဲထွက်ချင်နေလောက်ပြီ...'
"အဲဒါကြောင့်ပဲ မန်စီးတီးက ငါတို့ကို နိုင်ချင်တဲ့ စိတ်ဆန္ဒတွေ ပိုပြီး ပြင်းပြနေတာပေါ့..."
ချူဖုန်းက အသင်းဖော်များ၏ စကားဝိုင်းကို ဝင်ဖြတ်လိုက်သည်။
"မန်စီးတီးနဲ့ ကန်ခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် သူတို့ရဲ့ ခြေစွမ်းက တစ်ပွဲထက်တစ်ပွဲ ပိုပို ကောင်းလာတယ်။ လိဂ်ဖလား ဗိုလ်လုပွဲမှာဆိုရင် ငါတို့ကို ပင်နယ်တီ အထိတောင် ရောက်အောင် တွန်းပို့နိုင်ခဲ့တာပဲ..."
"ဒါကြောင့် ဘယ်သူမှ ပေါ့ပေါ့ဆဆ မနေကြဖို့ လိုတယ်နော်..."
အဆင့်မြင့် ပြိုင်ပွဲများတွင် အသေးအဖွဲ ကိစ္စလေးများကအစ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ပေးနိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာက အဓိက သော့ချက်ပင် ဖြစ်သည်။
“ပြီးတော့ ဒါက ငါ အသင်းခေါင်းဆောင် အနေနဲ့ ပထမဆုံး ကစားရတဲ့ ပွဲလေ... မန်ယူအတွက်လည်း အင်္ဂလန်မြေပေါ်မှာ ပထမဆုံး ပြည်တွင်းဖလား သုံးလုံးစလုံး သိမ်းပိုက်နိုင်မယ့် အခွင့်အရေးပဲ... ငါတို့ နိုင်မှကို ဖြစ်မယ်... ရှုံးလို့ လုံးဝ မဖြစ်ဘူး...” ချူဖုန်းက အော်ဟစ်ပြီး အသင်းသားများကို သတိပေးလိုက်သည်။
မော်ရင်ညိုက နည်းဗျူဟာပြ ဘုတ်ပြားကို ခေါက်ကာ ထောက်ခံသည့် လေသံဖြင့် ဆိုလာသည်။
"မင်းတို့တွေ မန်စီးတီးနဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့အတွက် မန်စီးတီး ဘယ်လောက် အင်အားကြီးလဲဆိုတာ နားလည်ထားသင့်တယ်။ ဒါပေမဲ့ ကိုယ့်စွမ်းရည်ကိုတော့ သံသယ မဝင်ကြနဲ့။ မန်စီးတီးနဲ့ လီဗာပူးကိုတောင် ကျော်ဖြတ်ပြီး လိဂ်ဖလား ရယူနိုင်ခဲ့တယ် ဆိုကတည်းက ငါတို့က သူတို့ထက် သာတယ်ဆိုတာ သက်သေပြပြီးသားပဲ..."
"ဒီပွဲမှာ မန်စီးတီး သုံးလာနိုင်တဲ့ နည်းဗျူဟာက လိဂ်ပွဲတုန်းကလိုပဲ ဖြစ်ဖို့ များတယ်။ ဘယ်ညာ တောင်ပံနှစ်ဖက်ကနေ ထိုးဖောက်ပြီး ပင်နယ်တီ ဧရိယာထဲကို ဘောလုံး ပေးပို့ဖို့ အခွင့်အရေး ရှာကြလိမ့်မယ်..."
"မန်စီးတီး တိုက်စစ်ကစားသမားတွေက အားလုံး အရှိန်အဟုန် ကောင်းကြတယ်။ သူတို့အတွက် နေရာလွတ် နည်းနည်းလေး ရသွားတာနဲ့ အသက်အန္တရာယ် ပေးနိုင်တဲ့အထိ ခြိမ်းခြောက်လာနိုင်တယ်..."
"..."
မော်ရင်ညိုက ခံစစ် နည်းဗျူဟာများကို အကျဉ်းချုံး ပြန်လည် ရှင်းပြပြီးနောက် တိုက်စစ်ပိုင်းသို့ အကြောင်းအရာ ပြောင်းလိုက်သည်။
"ဒါပေမဲ့ မန်စီးတီးမှာ အရင်ကလိုပဲ ပြဿနာဟောင်းကြီး တစ်ခု ရှိနေတုန်းပဲ။ အဲဒါက ဘာလဲဆိုတော့ သူတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား တစ်ယောက်တည်းက ခံစစ်ပိုင်းမှာ တော်တော်လေး အားနည်းတယ်။ အဲဒီတော့ သူတို့ တိုက်စစ်ကနေ ခံစစ်ကို ကူးပြောင်းတဲ့ အချိန်မှာ ဟာကွက်တွေ ဖြစ်လာလိမ့်မယ်။ အဲဒါကို ငါတို့ အမိအရ ဆုပ်ကိုင်နိုင်ရမယ်..."
"ဒါ့အပြင် သူတို့ တိုက်စစ်ဆင်တဲ့အခါ ကွင်းလယ်ခံစစ် ကစားသမားတွေကို ဖိအားပေးလိုက်ရင် တခြား ကစားသမားတွေကပါ ကူညီဖို့ ရောက်လာရတော့ မန်စီးတီး အသင်းလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ အားအင် ကုန်ခမ်းမှုကို ပိုပြီး မြန်ဆန်သွားစေလိမ့်မယ်..."
ထိုအချိန်တွင် တစ်ဖက် အဝတ်လဲခန်းထဲ၌...
အားလုံး၏ အာရုံက ဂွါဒီယိုလာထံ၌ စူးစိုက်နေကြသည်။
သူက လေးနက်သော လေသံဖြင့် "ဒီနေ့ ငါတို့ သုံးမယ့် ဗျူဟာက မျက်ကွယ်နေရာတွေကို အသုံးချပြီး ထောင့်ဖြတ်ပေးပို့မှုတွေကနေ ဂိုးသွင်းဖို့ပဲ..." ဟု ဆိုလိုက်သည်။
"မန်ယူ နောက်တန်းက လှုပ်ရှားမှု နှေးကွေးတယ်။ ပြီးတော့ သူတို့ ကွင်းလယ်ခံစစ်က ကန်တေရဲ့ ကွင်းလယ် လွှမ်းခြုံနိုင်စွမ်းကိုပဲ အားကိုးနေရတာ။ ဒါပေမဲ့ ငါတို့က ဘောလုံးပေးပို့မှုတွေနဲ့ မန်ယူရဲ့ ကစားကွက်ကို ဆွဲဆန့်ပစ်လို့ ရတယ်..."
ဂွါဒီယိုလာက ဒီဘရိုင်းကို လှမ်းကြည့်လိုက်သည်။
"ငါတို့ ညာဘက်မှာ ဘောလုံးရပြီဆိုရင် မန်ယူအသင်း တစ်သင်းလုံးကို အဲဒီဘက်ကို ရောက်လာအောင် ဆွဲခေါ်လို့ရတယ်။ အဲဒီအချိန်ကျရင် ငါတို့ တိုက်စစ်မှူးတွေက မန်ယူနဲ့ ပြောင်းပြန်ဦးတည်ချက်ကို ရွှေ့ပြီး ရှောင်လွှဲလို့မရတဲ့ မျက်ကွယ်နေရာ တစ်ခု ဖန်တီးရမယ်..."
"အဲဒီအချိန်မှာ ပင်နယ်တီ ဧရိယာထဲကို ထောင့်ဖြတ် ဘောလုံး ပေးပို့လိုက်ရင် ဘောလုံးလက်ခံမယ့် တိုက်စစ်မှူး အတွက် နေရာလွတ်တစ်ခု ရသွားပြီး ပင်နယ်တီ ဧရိယာထဲကို ပိုပြီး ကောင်းကောင်း ထိုးဖောက် ဝင်ရောက်နိုင်လိမ့်မယ်..."
ဂွါဒီယိုလာ၏ စကားများကို နားထောင်ရင်း မန်စီးတီး ကစားသမားများ၏ စိုးရိမ်ပူပန်မှုများက တော်တော်လေး လျော့ကျသွားလေသည်။
မန်စီးတီးတို့ မန်ယူကို ရှုံးခဲ့သည်မှာ မှန်သော်လည်း သူတို့ ရပ်တန့်မနေခဲ့ကြပေ။ ယင်းအစား သူတို့၏ ကိုယ်ပိုင် နည်းစနစ်များကို ဆက်လက် စွဲကိုင်ရင်း နည်းဗျူဟာ အသေးစိတ်များကို အဆက်မပြတ် ပြုပြင်ပြောင်းလဲခဲ့ကြသည်။
ဂွါဒီယိုလာသည် ဒေါသထွက်ခဲလှသော်လည်း သူ၏ အလွန် တည်ငြိမ်သော အမူအရာက မန်စီးတီး ကစားသမားများထံ ယုံကြည်မှုများ သွတ်သွင်းပေးနိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ချူဖုန်းကတော့ ထိုသို့ မခံစားရပေ။ အနာဂတ် ယောက္ခမလောင်းဖြစ်သူမှာ ကွင်းတွင်းကွင်းပြင် နှစ်နေရာလုံး၌ ရင်ဆိုင်ရ ခက်ခဲလှသည်ဟုသာ သူ ခံစားရလေသည်။
ပြီးခဲ့သည့် ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲကို ကြည့်ရန် ချူဖုန်းက မာရီယာကို ခေါ်သွားခဲ့ဖူးသည်။
ရလဒ်အနေဖြင့် ဂွါဒီယိုလာက မော်ရင်ညိုထံသို့ သွားတိုင်ခဲ့လေသည်။ ဒါက အသက် ၄၉ နှစ်အရွယ် လူကြီးတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။
"ငါတို့က ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရပြီးပြီ ဆိုတော့ ကျန်တဲ့ ပြိုင်ပွဲ နှစ်ခုက ဒီရာသီအတွက် ငါတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ..."
"ငါ သိပ်အများကြီး ပြောစရာ မလိုပါဘူး။ မင်းတို့ အားလုံး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်..."
"ဘောလုံးလောကမှာ ချန်ပီယံဆိုတာ အရာရာပဲ။ နှစ်တိုင်း ဒုတိယရနေတဲ့ အသင်းကလွဲရင် ဒုတိယရတဲ့ အသင်းကို ဘယ်သူမှ ဂရုမစိုက်ကြဘူး..."
"ငါကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ 'ဒုတိယအမြဲရတဲ့ မန်စီးတီး' ဆိုတဲ့ ပုံရိပ်ကြီး ချန်မထားခဲ့ချင်ဘူး..."
—
ဒိုင်လူကြီးအဖွဲ့ ဦးဆောင်မှုဖြင့် ကစားသမားများက ကွင်းထဲသို့ ဝင်ရောက်လာကြသည်။
ဝင်ဘလေကွင်းကြီး တစ်ခုလုံး ပရိသတ်များ၏ အားပေးသံများဖြင့် ဟိန်းထွက်သွားတော့၏။
တောက်ပလွန်းလှသော နေရောင်ခြည်ကြောင့် ချူဖုန်း မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။
'ဒီနေ့ နေရောင်က တော်တော်ပြင်းတာပဲ... အားအင်ကုန်ခမ်းမှုကို သေချာ ထိန်းချုပ်နိုင်မှ ရမယ်...' ဟု သူ တွေးလိုက်မိသည်။
တကယ်တော့ သူက ညဘက် ကစားရသည်ကို ပိုသဘောကျသည်။ နေပူထဲတွင် ကစားရသည်ထက် စာလျှင် ပိုသက်တောင့်သက်သာ ရှိသောကြောင့်ပင်။
'မိုးလေးများ ရွာလိုက်ရင် သိပ်ကောင်းမှာပဲ...'
သို့သော် ပြာလဲ့နေသော ကောင်းကင်ကြီးကို ကြည့်ရင်း မိုးရွာရန် မျှော်လင့်ချက်မှာ လုံးဝ ပျောက်ကွယ်သွားရလေသည်။
"အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ..."
"အခု ကျွန်တော်တို့ ၂၀၁၈-၁၉ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တိုက်ရိုက် ထုတ်လွှင့်နေပါပြီ..."
"မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပွဲစဉ်ပါ..."
ကျန်းကျွင်းနှင့် ဆရာကျန်းလုတို့က အသံလွှင့်ခန်းထဲမှနေ၍ ပရိသတ်များကို နှုတ်ခွန်းဆက်လိုက်ကြသည်။
ယခုအချိန်သည် တရုတ်စံတော်ချိန် ည ၁၀ နာရီခွဲ ရှိနေပြီ ဖြစ်သည်။
ကြည့်ရှုသူ အများဆုံး အချိန် မဟုတ်သော်လည်း ပရိသတ် တော်တော်များများကို ဆွဲဆောင်ထားနိုင်ဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ချူဖုန်း၏ လက်ရှိ ကျော်ကြားမှု အဆင့်ကို ယှဉ်နိုင်သည့် အားကစားသမားမှာ အလွန် ရှားပါးလှသည် မဟုတ်ပါလား။
***