"အသင်းနှစ်သင်းလုံးရဲ့ ပွဲထွက် လူစာရင်းကို ကြည့်ရအောင်ပါ..."
"အနီရောင် ဝတ်စုံနဲ့က မန်ချက်စတာယူနိုက်တက်ပါ။ မော်ရင်ညိုက အပြောင်းအလဲ သိပ်မလုပ်ထားပါဘူး။ ၄-၃-၁-၂ ကစားကွက်ကိုပဲ သုံးထားပါတယ်။ ဂိုးသမားက..."
"မာရက်ဇ်ကတော့ တစ်နေ့က လေ့ကျင့်ရေးမှာ ကြွက်သား စုတ်ပြဲသွားတဲ့အတွက် ဒီနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို လွဲချော်သွားတာ ကံဆိုးတာပါပဲ။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ မကြာသေးခင်က ခြေစွမ်းပြနေပြီး သုံးပွဲဆက်တိုက် လူစားဝင် ကစားကာ ဂိုးတွေ သွင်းယူထားနိုင်ပါတယ်..."
"ချူဖုန်း လက်မောင်းမှာ အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားတာကို တွေ့ရပါတယ်။ ဒါက မန်ယူရဲ့ ပထမ အသင်းခေါင်းဆောင် အနေနဲ့ သူ ပထမဆုံး ကစားရတဲ့ ပွဲဖြစ်ပြီး သူ့အတွက် တော်တော်လေး အရေးကြီးတဲ့ ပွဲလို့ ထင်ပါတယ်..."
"ဒါက ကောင်းမွန်တဲ့ အစပျိုးမှု တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်..."
"မန်စီးတီးရဲ့ ပွဲထွက် လူစာရင်းကိုလည်း ကြည့်ရအောင်။ ဂွါဒီယိုလာက ၄-၃-၃ ကစားကွက်ကိုပဲ သုံးထားပြီး ဂိုးသမားက..."
"ဒီကစားကွက်က ပွဲကစားနေရင်းနဲ့ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ အထူးသဖြင့် ဘာနာဒို ဆေးလ်ဗားနဲ့ စတာလင်းတို့ရဲ့ အလှည့်ကျ တိုက်စစ်ဆင်မှုတွေက အဂူရိုအတွက် ထောက်ပံ့မှုတွေ ပေးနိုင်ရုံသာမက သူတို့နောက်က တောင်ပံ ကစားသမား နှစ်ယောက်အတွက်လည်း နေရာလွတ်နဲ့ အချိန် လုံလုံလောက်လောက် ဖန်တီးပေးနိုင်ပါတယ်..."
"မန်စီးတီးက ဒီနည်းဗျူဟာကို သုံးပြီး ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဘရိုက်တန်ကို အနိုင်ယူခဲ့တာပါ..."
"ဆရာကျန်း... ဒီည ဘယ်သူ နိုင်မယ်လို့ ထင်လဲဗျ..." ဟု ကျန်းကျွင်းက မေးလိုက်သည်။
ဆရာကျန်းလုက ခေတ္တမျှ စဉ်းစားပြီးနောက် "မာရက်ဇ် မပါတာက မန်ယူအတွက် တော်တော်လေး နစ်နာတယ်။ ရှောင်ချူနဲ့ သူ့ရဲ့ တွဲဖက် ကစားပုံက နည်းစနစ်ပိုင်း အရ တော်တော်လေး သေသပ်တယ်။ မန်စီးတီး ခံစစ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်..."
"ရက်ရှ်ဖို့ဒ်ကတော့ အမြန်နှုန်းကိုပဲ ပိုအားကိုးပြီး မာရက်ဇ်လောက် နည်းစနစ်ပိုင်း မကျွမ်းကျင်ဘူးလေ..."
"ပြီးတော့ သူတို့ မန်စီးတီး နောက်တန်းကို ဖိအား အလုံအလောက် မပေးနိုင်ဘူး ဆိုရင်တော့..."
ဆရာကျန်းလုက စကားကို ဆုံးအောင် မပြောသော်လည်း သူဆိုလိုသည့် အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။
မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုကို ဆက်တိုက် အသုံးချပြီး မန်ယူကို သူတို့၏ စည်းချက်ထဲ ဆွဲသွင်းသွားမည် ဖြစ်ကာ အခွင့်အရေး ရသည်နှင့် အပြတ်အသတ် တိုက်ခိုက်သွားလိမ့်မည်။ ထို့ကြောင့် မန်ယူအသင်း အနိုင်ရရန် အခွင့်အရေးမှာ အလွန် နည်းပါးလှပေသည်။
ကျန်းကျွင်းက စတူဒီယို အနောက်ဘက်ရှိ ချူဖုန်း၏ ကြော်ငြာဘုတ်ကို လက်ညှိုးထိုးပြကာ "ကျွန်တော်ကတော့ မန်ယူနဲ့ ရှောင်ချူကိုပဲ အားပေးတယ်ဗျာ..." ဟု ဆိုလိုက်သည်။
“အင်္ဂလန်မြေပေါ်မှာ ပထမဆုံး ပြည်တွင်းဖလား သုံးလုံးစလုံး သိမ်းပိုက်နိုင်မယ့် အသင်းကို ဒီည မြင်တွေ့ရမလား ဆိုတာ ဆက်လက် စောင့်ကြည့်ကြပါစို့”
စိမ်းလန်းနေသော ဘောလုံးကွင်းကြီးပေါ်တွင်...
အသင်းနှစ်သင်းလုံးမှ ကစားသမားများ နေရာယူပြီးသည်နှင့် ဒိုင်လူကြီးက ပွဲစတင်ကြောင်း ခရာမှုတ်လိုက်လေသည်။
တီ…
အသင်းနှစ်သင်း၏ ကစားကွက်များ ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားပြီး အစကတည်းက အပြန်အလှန် အကဲစမ်းခြင်း မရှိဘဲ အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့သည်။
သူတို့သည် ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည်မို့ တစ်ဖက်နှင့်တစ်ဖက် အချင်းချင်း ကောင်းကောင်း သိနေကြသည် မဟုတ်ပါလား…။
ကွင်းလယ်က အသင်းနှစ်သင်းလုံးအတွက် စစ်မြေပြင် ဖြစ်လာပြီး မည်သူကမျှ အလျှော့မပေးလိုသဖြင့် ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများက ပွဲ၏ အဓိက အခန်းကဏ္ဍ ဖြစ်လာလေသည်။
ဘောလုံးက လာပေါ့တ်ထံသို့ ရောက်သွား၏။
စပိန်လူမျိုး နောက်ခံလူမှာ မကြာသေးမီက ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ သူက ရောဂါဆန်းတစ်ခု စွဲကပ်နေပုံရပြီး ချူဖုန်းကို မြင်လိုက်သည်နှင့် ရင်တွေ တဒိန်းဒိန်း ခုန်လာတတ်လေသည်။
အခြားတော့ လျှောက်မတွေးကြနှင့်။ ဒါက ဆွဲဆောင်မှုကြောင့် မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့် သက်သက်သာ ဖြစ်သည်။
တစ်ရာသီလုံး လူတစ်ယောက်တည်းကိုပဲ အကြိမ်ကြိမ် ရှုံးနိမ့်နေရသည်ဟု စိတ်ကူးကြည့်လိုက်ပါ။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ဘယ်လိုလုပ် ကောင်းနိုင်တော့မည်နည်း။ အနည်းငယ် ချဲ့ကားပြောရလျှင် ၎င်းမှာ PTSDနှင့် အနည်းငယ် ဆင်တူနေပေသည်။
ချူဖုန်း အနီးသို့ မရောက်လာမီပင် လာပေါ့တ်က ဘောလုံးကို ဘေးရှိ ကိုင်လီ ဝေါ်ကာထံသို့ အမြန် လှမ်းပေးလိုက်သည်။
'အနည်းဆုံး ဆယ်မီတာလောက် ကွာသေးတာကို... အဲဒီလောက်ကြီး ကြောက်နေဖို့ လိုလို့လား...' ဟု ချူဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
သူက လီဗာပူးနှင့် ပွဲတုန်းကလို ဘောလုံးကို ကြားဖြတ်လုယူကာ တိုက်ရိုက် ကန်သွင်းရန် စီစဉ်ထားသော်လည်း လာပေါ့တ်က သူ့ကို အခွင့်အရေး လုံးဝ မပေးခဲ့ပေ။
ထို့နောက်...
မန်စီးတီးတို့က ဘောလုံးပိုင်ဆိုင်မှုကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားရင်း တောင်ပံများမှတစ်ဆင့် ဖြည်းဖြည်းချင်း တက်လာကြသည်။
မန်ယူတို့က ရုပ်ပိုင်းဆိုင်ရာ ကစားပုံကို အရှိန်မြှင့်ကာ အချိန်မီ ခံစစ်အကူအညီများ ပေးခဲ့သော်လည်း ဘောလုံးကို လုယူနိုင်ခြင်း မရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ မန်စီးတီး၏ ဘောလုံးပေးပို့မှုနှင့် ပိုင်ဆိုင်မှု ကစားကွက်ကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်မည် ဆိုပါက သူတို့သည် ပရီးမီးယားလိဂ်တွင် ဒုတိယနေရာ ရရှိမည် မဟုတ်သလို ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ဂိုးသွင်းစံချိန်ကိုလည်း ချိုးဖျက်နိုင်မည် မဟုတ်ချေ။
ဘောလုံးက ကွင်းထဲတွင် ဇစ်ဇက်မျဉ်းများ ဆွဲကာ ရွေ့လျားနေသည်။
ယင်းတို့ကို ဆက်ကြည့်လိုက်မည် ဆိုပါက ဘောလုံး၏ အနှစ်သာရဖြစ်သော ဂျီသြမေတြီ ပုံစံများကို သင် တွေ့ရှိရမည် ဖြစ်သည်။
အမှတ် ၂၂ ခုဖြင့် ဖွဲ့စည်းထားသော ဂရပ်ဖစ်ပုံစံမှာ အဆက်မပြတ် ပြောင်းလဲနေလေသည်။
အသင်းနှစ်သင်းလုံး၏ ရည်ရွယ်ချက်မှာ ပွဲအတွင်းမှ ဟာကွက်များကို အသုံးချပြီး ထိုနေရာများဆီသို့ ဘောလုံးပေးပို့နိုင်ရန်ပင် ဖြစ်သည်။
မသိလိုက်မသိဘာနှင့်ပင် ၁၂ မိနစ် ကုန်လွန်သွားခဲ့လေပြီ။
ဒီဘရိုင်း ဘောလုံး ပြန်ရသွားပြီး ရက်ရှ်ဖို့ဒ်ကို လိမ်ခေါက် ကျော်ဖြတ်ကာ ကြည့်ပင်မကြည့်ဘဲ သူ၏ ညာခြေဖြင့် အဝေးဘော တစ်လုံး ကန်တင်လိုက်သည်။
ယုံကြည်နိုင်လောက်စရာ မရှိအောင် ကွေးညွတ်သွားသော လမ်းကြောင်းဖြင့် ဘောလုံးက ဘယ်ဘက်တောင်ပံမှ အရှိန်ကုန် ပြေးတက်လာသော စတာလင်းထံသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ကွင်းဘေးတွင် ထိုင်နေသော ဂွါဒီယိုလာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
ဒါက သူ လိုချင်နေသည့် အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
သို့သော် ဘောလုံးလောကတွင် ထိုသို့ လုပ်နိုင်သူ အလွန် နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ကစားသမားများအပေါ် အလွန် မြင့်မားသော တောင်းဆိုမှုများ ရှိနေသောကြောင့် ဖြစ်သည်။
ထူးချွန်သော အမြင်၊ တိကျသော ဘောလုံးပေးပို့မှုနှင့် ဘောလုံး ထိန်းချုပ်နိုင်စွမ်း။
ယင်းစွမ်းရည်များအနက် တစ်ခုခု လိုအပ်နေလျှင်ပင် လက်ခံနိုင်စရာ မရှိသော်လည်း ကံကောင်း ထောက်မစွာဖြင့် သူ၏ လက်အောက်တွင် ပါရမီရှင် တစ်ဦး ရှိနေလေသည်။ ၎င်းမှာ ဒီဘရိုင်းပင်…။
ကွင်းလယ်မှ နေ၍ ထောင့်ဖြတ်ပေးပို့မှု တစ်ခု။
ဒီဘရိုင်းက အပေါ်စီးမှ ကြည့်နေသော ပရိသတ်များပင် သတိမထားမိသည့် ဟာကွက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"ဝိုး... နည်းနည်း ချဲ့ကားပြောရရင် စင်တီမီတာ အဆင့်ထိ တိကျတဲ့ ပေးပို့မှုပဲ။ ဒီလို အဝေး ထောင့်ဖြတ်ပေးပို့မှုက ကွေးတောင် ကွေးသွားသေးတယ်ဗျာ..."
"ဒီဘရိုင်းရဲ့ ခြေစွမ်းက တစ်နေ့ထက်တစ်နေ့ ပိုကြောက်စရာ ကောင်းလာတာပဲ..."
"မကြာသေးခင်က ဘောလုံးလောကမှာ ပြောစမှတ် တွင်နေတဲ့ စကားတစ်ခွန်း ရှိတယ်ဗျ... ဒီဘရိုင်းဆီကနေ ဘောလုံး လက်ခံရတာ သက်တောင့်သက်သာ မရှိဘူးလို့ ခံစားရရင် အဲဒီဘောလုံးက မင်းဆီကို ပေးတာ မဟုတ်ဘူးတဲ့လေ..."
စတာလင်းက ဘောလုံးကို လွယ်လွယ်ကူကူ လက်ခံရရှိလိုက်ပြီး လုံးဝ ချိန်ဆနေရန်ပင် မလိုပေ။
ကံမကောင်းစွာဖြင့် သူက ချိန်ဆနေချိန် အနည်းငယ် ကြာသွားသဖြင့် ဝမ်-ဘစ်ဆာကာက ဘေးမှနေ၍ အမီလိုက်လာနိုင်ခဲ့ရာ သူက ဂိုးပေါက်ကို ချိန်ရွယ်ပြီး ကန်သွင်းရန်သာ ကြိုးစားနိုင်တော့သည်။
ဘောလုံးက ဘယ်ဘက် အောက်ထောင့်ဆီသို့ တိုက်ရိုက် ဦးတည်သွားသော်လည်း ဒီဂီယာက ခြေထောက်တစ်ဖက်ဖြင့် ကာကွယ်လိုက်လေသည်။
စတာလင်း ဒေါသတကြီးဖြင့် သူ၏ ခေါင်းကို ကိုင်လိုက်မိသည်။
သူ၏ နေရာယူမှုက ကမ္ဘာ့အဆင့်မီသော်လည်း သူ၏ ဂိုးသွင်းစွမ်းရည်ကတော့ ရပ်ကွက်အဆင့်လောက်သာ ရှိလေသည်။
အနှီ စကားမှာ အနည်းငယ် ချဲ့ကားထားသော်လည်း စတာလင်း၏ ဝိသေသလက္ခဏာများကိုတော့ ထင်ဟပ်နေပေသည်။
ဒီဘရိုင်းမှာ ပြောစရာ စကားပင် မရှိတော့ချေ။ စတာလင်း နေရာတွင် ချူဖုန်းသာ ဆိုပါက ရလဒ်မှာ လုံးဝ ကွာခြားသွားမည်မှာ သေချာသည်။
တိုက်စစ်နယ်မြေထဲရှိ ချူဖုန်းမှာ သက်ပြင်းချလိုက်မိသည်။ သူတို့က အခက်အခဲတွေကို ထပ်ပြီး ရင်ဆိုင်ရတော့မယ်လို့ ထင်ခဲ့သော်ငြား ဒီဘရိုင်းရဲ့ ပေးပို့မှုကို သတိရသွားသည်။
တကယ်တော့ သူကလည်း အဲဒါကို ကြိုပြီး မြင်ခဲ့တာပင်…။ ယင်းက သူ အသစ် ရရှိထားသော နတ်ဘုရားမျက်လုံး မော်ဂျူး၏ အစွမ်းပင်…။
'ငါကိုယ်တိုင်ရော အဲဒီလိုမျိုး ပေးပို့မှု လုပ်နိုင်မလား...'
ချူဖုန်းက သူ့မှာ အဲဒီလို လုပ်နိုင်စွမ်း ရှိတယ်လို့ ခံစားရသည်။ ပထမဆုံး အနေဖြင့် သူသည် ဘောလုံးကို ကောင်းစွာ ခံစားသိရှိနိုင်ပြီး အလွန် တိကျသော ပေးပို့မှုများကို လုပ်ဆောင်နိုင်သည်။ ထိုအရာများကို ကောင်းမွန် ကျယ်ပြန့်သော အမြင်အာရုံနှင့် ပေါင်းစပ်လိုက်လျှင်...
"မားကပ်စ်... ခဏနေကျရင် မန်စီးတီး ဗဟိုနောက်ခံလူနဲ့ ဘေးအစွန် နောက်ခံလူ ကြားက ဟာကွက်ထဲကို ပြေးဝင်သွားလိုက်..."
ချူဖုန်းက ရက်ရှ်ဖို့ဒ်ထံ သွားကာ ပါးစပ်ကို ကွယ်ပြီး တိုးတိုးလေး ညွှန်ကြားလိုက်သည်။
ရက်ရှ်ဖို့ဒ်က မန်စီးတီး၏ ကျစ်လစ်သော ခံစစ်ကို ကြည့်လိုက်သည်။
သူ နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်၏။
ချူဖုန်းနှင့် အတူ တွဲကစားလာသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ရာ သူက တန်ဖိုးရှိသော သင်ခန်းစာ တစ်ခုကို ရရှိထားပြီး ဖြစ်သည်။ မေးခွန်းတွေ အများကြီး မေးနေစရာ မလို။ ချူဖုန်း စကားတွေမှာ အကြောင်းပြချက် တစ်ခုခု ရှိရမည် ဆိုတာပင်။
ပွဲဆက်လက် ကစားသည်။
မန်စီးတီးတို့ အင်အားပြပြီးနောက် မန်ယူတို့ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြသည်။
မာတစ်၏ တောင်ပံမှနေ၍ ထောင့်ဖြတ်ပေးပို့မှုက ခံစစ်ဗဟိုချက်ထဲရှိ ပေါ့ဘာထံသို့ ရောက်ရှိသွားပြီး ဂန်ဒိုဂန်က နှောင့်ယှက်ရန် အမြန် ဝင်လာသည်။
သို့သော် ပြင်းထန်သော ဒဏ်ရာရရှိပြီးနောက်ပိုင်း ဂျာမန်လူမျိုး ကစားသမား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အရင်ကထက် များစွာ ဆိုးရွားလာခဲ့လေပြီ။ ပေါ့ဘာက သူ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို အသုံးချကာ ဂန်ဒိုဂန်ကို အတင်း တွန်းဖယ်ပြီး လှည့်ထွက်လိုက်ကာ မန်စီးတီး ပင်နယ်တီ ဧရိယာထဲသို့ အဝေးဘော တစ်လုံး ကန်တင်လိုက်သည်။
ပေးပို့မှုက မြန်ဆန်လွန်းသဖြင့် နောက်ခံလူများ တုံ့ပြန်ရန် အခက်တွေ့သွားရသည်။
ချူဖုန်းက ခေါင်းနောက်တွင် မျက်လုံး ပါနေသည့်အလား ရုတ်တရက် အရှိန်တင်လိုက်ပြီး လာပေါ့တ်ကို ခါချကာ သူ့ရှေ့ရှိ ဘောလုံးကို ထိန်းချုပ်ရန် ဘယ်ခြေကို မြှောက်လိုက်သည်။ လာပေါ့တ်က အစွမ်းကုန် ကြိုးစားသော်လည်း ချူဖုန်း၏ အရိပ်ကိုပင် မထိနိုင်ခဲ့ချေ။
"ဘောလုံး ထိန်းတာက နည်းနည်း ကြာသွားတော့ အမြန် ခြေဖျားနဲ့ ထိုးကန်ဖို့ပဲ ကြိုးစားလို့ ရတော့တယ်..."
"အိုး... ပစ်မှတ်ကို မထိသွားဘူးဗျ။ ဒီလို တိုတိုနဲ့ မြန်တဲ့ ပေးပို့မှုတွေကို ဖမ်းဖို့က တော်တော်လေး ခက်ခဲသေးတာကိုး..."
ကျန်းကျွင်းက နှမြောတသစွာဖြင့် ပြောလိုက်သည်။
ဆရာကျန်းလုကလည်း "ရှောင်ချူက ဘောလုံးကို ထိန်းပြီး ခြေဖျားနဲ့ ထိုးကန်နိုင်ခဲ့တာကကို တော်တော်လေး အံ့သြစရာ ကောင်းနေပါပြီ..." ဟု ဝင်ပြောလိုက်သည်။
"ပေါ့ဘာရဲ့ ပေးပို့မှုက ကောင်းပါတယ်။ ဒါပေမဲ့ အပေါ်နည်းနည်း မြင့်သွားတာ ဒါမှမဟုတ် ဝေးသွားတာ ဆိုရင် အီဒါဆန်က အလွယ်တကူ ဖမ်းယူနိုင်လိမ့်မယ်..."
"မိနစ် ၂၀ လောက် ကစားသွားတဲ့ ပုံစံကို ကြည့်ရရင် အသင်းနှစ်သင်းလုံးက တိုက်စစ်ဆင်ချင်တဲ့ ဆန္ဒ တော်တော်လေး ပြင်းပြနေကြတယ်။ နောက်တစ်မိနစ်လောက်မှာ ဂိုးဝင်သွားနိုင်တယ်..."
***