ဆရာကျန်းလု ပြောသလိုပင် ပြိုင်ပွဲက ပို၍ ပြင်းထန်လာလေသည်။
မန်ယူတို့က မန်စီးတီး၏ တိုက်စစ်ကို မခံနိုင်တော့သည့်အလား သူတို့၏ ကစားကွက်ကို နောက်ဆုတ်ကာ တိုက်စစ်နယ်မြေတွင် နေရာလွတ်များ ဖန်တီးလာကြသည်။
၎င်းမှာ ဂန္ထဝင်မြောက် ခံစစ် ပိတ်ကစားပြီး တန်ပြန်တိုက်စစ် ဆင်သည့် ကစားကွက်ပင် ဖြစ်သည်။
မန်စီးတီးတို့က အသာစီး ရနေပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ သူတို့ တော်တော်လေး ဒုက္ခရောက်နေကြရသည်။
မန်ယူ၏ ပွဲထွက် တိုက်စစ်မှူးများဖြစ်သော ချူဖုန်းနှင့် ရက်ရှ်ဖို့ဒ် နှစ်ဦးစလုံးမှာ အမြန်နှုန်း ကောင်းမွန်ကြသည်။
ထို့ကြောင့် မန်ယူတို့က ကိုယ့်ကွင်းဘက်ခြမ်းတွင် ခံစစ် ပိတ်ကစားပြီး ဘောလုံးရသည်နှင့် ကွင်းလယ် သို့မဟုတ် နောက်တန်းတွင် အချိန်ဆွဲမနေဘဲ ရှေ့သို့ အဝေးဘောများ ချက်ချင်း ကန်တင်ပေးကြသည်။
မက်ဂွိုင်းယားနှင့် ဒေးဗစ်လူးဝစ်တို့လို ကစားသမားများက အဝေးဘော ပေးပို့ရာတွင် တော်တော်လေး ကောင်းမွန်ကြသည်။ ထို့နောက် ချူဖုန်းက ဘောလုံး ကျမည့်နေရာနှင့် လမ်းကြောင်းကို တိကျစွာ ခန့်မှန်းပြီး သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် ယုတ္တိမတန်လောက်အောင် ပြင်းထန်သော ပေါက်ကွဲအားကို အသုံးချကာ ဘောလုံးကို ရယူနိုင်ခဲ့သည်။
ထို့အပြင် သူတို့၏ အထူးကောင်းမွန်သော ဘောလုံးထိန်းချုပ်နိုင်စွမ်းနှင့် ခြေနှစ်ဖက်လုံးကို ညီမျှစွာ အသုံးပြုနိုင်သော နည်းစနစ်တို့က ဘောလုံးကို ကိုင်တွယ်ရန် နေရာလွတ်များ ပိုမို ဖန်တီးပေးနိုင်လေသည်။
ချူဖုန်းနှင့် ရက်ရှ်ဖို့ဒ်တို့၏ ဆက်တိုက် တိုက်စစ်ဆင်မှုများအောက်တွင် လာပေါ့တ်နှင့် အော်တာမန်ဒီတို့မှာ အသနားခံရမတတ် ဖြစ်နေကြပြီး ညည်းညူရုံသာ တတ်နိုင်တော့သည်။
ထို့အပြင် ဂန်ဒိုဂန်၏ အားနည်းချက်များက ထပ်မံ ပေါ်လွင်လာပြန်သည်။ သူက ရှေ့သို့ ပေးပို့မည့် လမ်းကြောင်းများကို မပိတ်ဆို့နိုင်သလို နောက်သို့ ပြန်ဆုတ်ကာ ဗဟိုနောက်ခံလူများကိုလည်း မကာကွယ်ပေးနိုင်ပေ။
ဖာနန်ဒင်ဟိုက ဤအပိုင်းတွင် များစွာ ပိုကောင်းသည်မှာ ထင်ရှားသည်။
သို့သော် ဖာနန်ဒင်ဟို၏ အသက်အရွယ်က အကြီးမားဆုံး ပြဿနာ ဖြစ်လာခဲ့သည်။ သူသည် ပြိုင်ဆိုင်မှု ပြင်းထန်သော ပွဲစဉ်များကို မကစားနိုင်တော့သဖြင့် ဂွါဒီယိုလာက ဒုတိယပိုင်းအတွက် သူ့ကို အရန်ခုံတွင်သာ ထားခဲ့ရလေသည်။
ပြီးခဲ့သည့် အကြိမ် အသင်းနှစ်သင်း တွေ့ဆုံခဲ့စဉ်က မန်ယူတို့က ချူဖုန်းကို ကွင်းလယ်ထောက်တိုင် အဖြစ် အသုံးချကာ မန်စီးတီး ခံစစ်ကို အတင်း ဖိအားပေးခဲ့သဖြင့် မန်စီးတီးတို့ ခံစစ်တွင် ပြေးလွှားရင်း မောဟိုက်နေခဲ့ရသည်။
ယနေ့မှာတော့ မန်ယူက မတူညီသော ပုံစံဖြင့် ပွဲကို ချဉ်းကပ်လာခဲ့ပြီး ချူဖုန်းနှင့် ရက်ရှ်ဖို့ဒ်တို့ကို ရှေ့တွင် ထားကာ တန်ပြန်တိုက်စစ်ဖြင့်သာ ဂိုးသွင်းယူဖို့ ကြိုးစားလေသည်။
မန်ယူ၏ ထိရောက်သော တန်ပြန်တိုက်စစ်များကို ရင်ဆိုင်ရာတွင် မန်စီးတီးတို့က သူတို့၏ တိုက်စစ် အရှိန်ကို လျှော့ချပြီး ချူဖုန်းကို အနီးကပ် လူကပ်ကစားခြင်းကိုသာ ပိုမို လုပ်ဆောင်ရသည်။
ထို့ကြောင့် အသင်းနှစ်သင်းလုံးက ပြင်းပြင်းထန်ထန် စတင်ခဲ့ကြသော်လည်း ပွဲလယ်ပိုင်းလောက်တွင်မူ ပို၍ သတိထားလာကြလေသည်။
ကောင်းကင်ယံတွင် နေဝင်သွားပြီးနောက် ၃၃ မိနစ်သို့ ရောက်ရှိလာချိန်တွင် ကွင်းအတွင်းရှိ အခြေအနေက နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့လေပြီ။
တရားခံက ဂန်ဒိုဂန်ပါပင်…။
ပေါ့ဘာနှင့် တစ်ယောက်ချင်း အနေအထားတွင် သူက နောက်ထပ် တစ်ကြိမ် နောက်သို့ ယိုင်သွားပြန်၏။
ချူဖုန်းနှင့် ရက်ရှ်ဖို့ဒ်တို့က ဘေးတိုက် လှုပ်ရှားမှုမှ ဒေါင်လိုက် လှုပ်ရှားမှုသို့ ချက်ချင်း ပြောင်းလဲကာ သူတို့ကို ကပ်ထားသော နောက်ခံလူများကို ခါချလိုက်ကြသည်။
" လှပတဲ့ အဝေးပေးပို့မှု တစ်လုံးပါပဲ..."
"မန်ယူရဲ့ ရုတ်တရက် နည်းဗျူဟာ အပြောင်းအလဲက မန်စီးတီးကို အငိုက်မိသွားစေပြီး နောက်ခံလူတွေက ခံစစ်နေရာ ယူဖို့ အချိန်မရလိုက်ဘူး..."
"ရက်ရှ်ဖို့ဒ်က ဘောလုံးကို တော်တော်လေး ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီး ရှေ့ကို ဆက်တိုက် ကန်တင်လိုက်ပါပြီ..."
ဘောလုံးက အမြောက်ဆံ တစ်လုံးကဲ့သို့ ဘရာဇီး ဂိုးသမား အီဒါဆန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ဘန်း
ရက်ရှ်ဖို့ဒ်၏ ကန်ချက်က ဤမျှ ပြင်းထန်မည်ဟု အီဒါဆန် မထင်မှတ်ထားခဲ့ပေ။
သူက ဘောလုံးကို မဖမ်းနိုင်ဘဲ လွတ်ကျသွားခဲ့သည်။
မန်စီးတီး ပင်နယ်တီ ဧရိယာအတွင်းရှိ လေထုက ချက်ချင်း တင်းမာသွားပြီး အားလုံး၏ အာရုံက လည်ထွက်နေသော ဘောလုံးထံသို့ စူးစိုက်သွားကြသည်။
အော်တာမန်ဒီက အစွမ်းကုန် အမြန်ဆုံး ပြေးဝင်လာသလို အီဒါဆန်ကလည်း ဟန်ချက် ပျက်သွားသည်ကို ဂရုမစိုက်ဘဲ လေးဘက်ထောက်ကာ ဘောလုံးရှိရာသို့ အတင်း လူးလှိမ့်လာသည်။
သို့သော် သူတို့ထဲမှ မည်သူကမျှ တစ်ယောက်သောသူလောက် မမြန်ဆန်ကြချေ။ မန်ယူ နံပါတ် ၇ ကစားသမား၏ ပေါက်ကွဲအားက ဤအခိုက်အတန့်တွင် အထင်းသား ပေါ်လွင်နေလေသည်။
လာပေါ့တ်၏ နောက်မှ ကိုယ်တစ်ခြမ်းစာ နောက်ကျနေရာမှ ကိုယ်တစ်ခြမ်းစာ ကျော်တက်သွားရန် မျက်တောင်တစ်ခတ်စာ အချိန်သာ ယူလိုက်ရသည်။
ဝုန်း...
မန်ယူ ပရိသတ်များ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များနှင့်အတူ သူက ဘောလုံးကို ပိုက်ထဲသို့ အတင်း ကန်သွင်းပစ်လိုက်လေသည်။ ချူဖုန်း ကိုယ်တိုင်လည်း ပိုက်ကွန်နှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားရာ ပိုက်ကွန်၌ အနီရောင် အရာများပင် ထင်ကျန်ရစ်ခဲ့သည်။
သို့သော် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို ခံစားရန် အချိန်မရှိချေ။ သူ မတ်တတ်ရပ်ကာ လက်သီးကို ဝှေ့ယမ်းရင်း ကွင်းဘေးသို့ ပြေးသွားကာ စိတ်အားထက်သန်စွာဖြင့် ခက်ခဲသော လျှောတိုက် အောင်ပွဲခံမှုကို ပြုလုပ်လိုက်သည်။
သို့သော် ခြောက်သွေ့သော ရာသီဥတုကြောင့် မြက်ခင်းပြင်ပေါ်ရှိ အစိုဓာတ်များ အငွေ့ပျံသွားသဖြင့် မြက်ခင်းပြင်က မျှော်လင့်ထားသလို ချောမွတ်မနေပေ။
ချူဖုန်းက သူ ဟန်ချက်ပျက်သွားသည်ကို သိလိုက်ရသောအခါ ချက်ချင်း လက်ထောက်ပြီး ခုန်ထကာ သူ၏ စတိုင်လ်အတိုင်း အောင်ပွဲခံလိုက်သည်။
ကွင်းဘေးရှိ မော်ရင်ညိုမှာ မှင်သက်သွားလေသည်။
'ဂိုးသွင်းတာ မိုက်ရုံတင် မကဘူး... အောင်ပွဲခံတာကလည်း အထင်ကြီးစရာပဲ။ အရင်တုန်းက ငါ့ထက်တောင် သာသေးတယ်...'
'ငါ့တပည့်က အရမ်းကို စွမ်းတာပဲ...'
သို့သော် ချူဖုန်းမှာမူ ချွေးစေးများ ပျံနေခဲ့သည်။ သူက ရော်ဘင်လို အမှားမျိုး ထပ်လုပ်မိပြီး ပရိသတ် သောင်းချီ ရှေ့မှာ အရှက်ကွဲတော့မလို့ပဲ ဟု တွေးလိုက်မိသည်။
ပွဲကြည့်စင်ပေါ်ရှိ မန်ယူ ပရိသတ်များကလည်း ရူးသွပ်စွာ အားပေးနေကြသည်။
"ဒါ ငါတို့ရဲ့ နံပါတ် ၇ ကွ..."
"ခြောက်ကြိမ်မြောက် ချန်ပီယံဆုကြီး လာပြီဟေ့..."
"ဘယ်သူက ပြောလဲ ခံစစ်ကနေ တန်ပြန်တိုက်စစ် ဆင်တာက မစိတ်လှုပ်ရှားရဘူးလို့။ အဲဒါ မင်းတို့က ဘယ်လို ကစားရမလဲ မသိလို့ပါကွ..."
မန်ယူ ပရိသတ်များ၏ အမြင်တွင် နံပါတ် ၇ သည် ဘက်စ်၏ ပါရမီ၊ ရော့ဘ်ဆန်၏ ဘယ်တော့မှ အရှုံးမပေးသည့် စိတ်ဓာတ်နှင့် ကန်တိုနာ၏ ပုန်ကန်တတ်သော စိတ်ဓာတ်တို့ကို ပိုင်ဆိုင်ထားပေ၏။
ယင်းကြောင့် သူတို့ အဘယ်မှာ စိတ်လှုပ်ရှားမနေဘဲ နေနိုင်မည်နည်း။
မော်ရင်ညိုက ချူဖုန်း၏ ခေါင်းကို အားရပါးရ ပွတ်သပ်လိုက်ရင်း "ကောင်းတယ်ကွာ... ပရီးမီးယားလိဂ် တစ်ခုလုံးမှာ ဒီလို အခွင့်အရေးမျိုးကို အရယူနိုင်တဲ့သူ ၃ ယောက်ထက် မပိုဘူး..." ဟု ဆိုလိုက်သည်။
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ သို့သော် သူက အနည်းငယ် ချဲ့ကားပြောလိုက်ခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ ပြင်းထန်သော ပေါက်ကွဲအား တစ်ခုတည်းကပင် တိုက်စစ်မှူး အများအပြား၌ မရှိနိုင်သော အရည်အသွေးမျိုး ဖြစ်သလို ဘောလုံး ပြန်ကန်ထွက်လာမည့် လမ်းကြောင်းကို ခန့်မှန်းရာ၌ ခက်ခဲမှုကလည်း ထိပ်တန်းအဆင့်ပင်…။
ဆာလာနှင့် အမ်ဘာပေတို့လို ကစားသမားများသာ ထိုသို့ လုပ်နိုင်ကောင်း လုပ်နိုင်ပေလိမ့်မည်။
"ကံကောင်းတာလည်း ပါပါတယ်..." ချူဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။
အီဒါဆန်သာ ဘောလုံးကို မလွတ်ကျဘဲ ဘောလုံးက ဘယ်ဘက်သို့ လွင့်မသွားပါက သူ ပြန်ထွက်လာသော ဘောလုံးကို ပိတ်သွင်းနိုင်မည့် အခွင့်အရေး ရမည် မဟုတ်ပေ။
"မင်း တောင့်ခံနိုင်သေးလား..."
မော်ရင်ညိုက သူ့ကို ရေသန့်ဘူး တစ်ဘူး ကမ်းပေးလိုက်သည်။
မန်ယူတို့က ပထမပိုင်းတွင် တန်ပြန်တိုက်စစ် လေးကြိမ် ဆင်ခဲ့ပြီး သူတို့၏ တိုက်စစ် ကစားသမားများက အကြိမ်တိုင်းတွင် အားအင် အကုန်ထုတ်ကာ ပြေးလွှားခဲ့ကြသည်။
ဤသည်က ရုပ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းမှုကို တော်တော်လေး ဖြစ်စေသည်။
ထို့အပြင် ယနေ့ အပူချိန်မှာ ၃၅.၁ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး ဝင်ဘလေကွင်းကြီး၏ အမိုးမှာ တစ်စိတ်တစ်ပိုင်းသာ ဖုံးအုပ်ထားသဖြင့် စိမ်းလန်းသော ကွင်းပြင်တစ်ခုလုံးကို ဖုံးအုပ်ထားရန် မဖြစ်နိုင်ပေ။
"အခုလောလောဆယ်တော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းကျရင်တော့ သေချာပေါက် သက်ရောက်မှု ရှိလာလိမ့်မယ်။ ဘော့စ်... ကြိုပြီး ဖြေရှင်းမယ့် နည်းလမ်း စဉ်းစားထားတာ ပိုကောင်းမယ်..."
ချူဖုန်းက မော်ရင်ညိုထံမှ ရေသန့်ဘူးကို ယူကာ တစ်ငုံ ငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်လိုက်သည်။
သူ့တွင် ကိုယ်ပိုင် စနစ်တစ်ခု ရှိသော်လည်း စက်ရုပ် တစ်ရုပ်တော့ မဟုတ်ပေ။ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်တွင် အောက်ဆီဂျင်မဲ့ လေ့ကျင့်ခန်းများကို အချိန်ကြာမြင့်စွာ မလုပ်ဆောင်နိုင်ပေ။
သူ၏ ဘောလုံး အထိအတွေ့ တိကျမှု ကျဆင်းလာသည်ကိုပင် သူ ခံစားနေရသည်။
မော်ရင်ညိုက ခေါင်းညိတ်လိုက်သည်။ "ငါ ကြိုတင် ပြင်ဆင်ထားပါ့မယ်။ ငါတို့ ခံစစ်ကို အရင် အာရုံစိုက်ပြီး ပထမပိုင်း ပြီးတဲ့အထိ ပွဲကို ဆွဲထားကြမယ်..."
ချူဖုန်းက ရေကို အတင်း သောက်ချင်နေသည့် ဆန္ဒကို မျိုသိပ်ကာ တစ်ငုံသာ သောက်လိုက်ပြီး မော်ရင်ညို၏ ညွှန်ကြားချက်များကို ပြန်လည် ပြောပြရန် ကွင်းထဲသို့ ပြန်ဝင်သွားလေသည်။
ထိုအချိန်တွင် မန်စီးတီး အရန်ခုံတွင်မူ ဂွါဒီယိုလာက အရိပ်ထဲတွင် မတ်တတ်ရပ်နေပြီး သူ၏ မျက်နှာမှာ နေရောင်လောက် မတောက်ပနေချေ။
သူ တော်တော်လေး ဒုက္ခရောက်နေပြီ။
မန်စီးတီးတွင် အရပ်ရှည်သော တိုက်စစ်မှူး မရှိခြင်းကြောင့် နည်းဗျူဟာ တစ်မျိုးတည်းဖြင့်သာ တိုက်စစ်ဆင်နေရသော ပုံစံမျိုးသာ ဖြစ်လာသည်။ မန်ယူ၏ ခံစစ်ကို ခြိမ်းခြောက်ရန် သူတို့သည် ပြင်းထန်သော ကွင်းလယ်တိုက်ပွဲကို အရင် ကျော်ဖြတ်ရမည် ဖြစ်သည်။
သို့သော် မန်ယူအသင်းတွင် ကန်တေ ရှိနေသဖြင့် ထိုသို့ လုပ်ရန် မလွယ်ကူပေ။ ထို့အပြင် ဒီဘရိုင်း မည်မျှပင် တော်နေစေကာမူ သူက ပြိုင်ဘက်ကင်း ပေးပို့မှုမျိုးကို မကြာခဏ လုပ်နိုင်မည် မဟုတ်ချေ။
"တောင်ပံတွေကနေ ဘောလုံးပေးပို့မှု အရေအတွက်ကို လျှော့ချ... ရှေ့ကို မျှောထိုးပေးပို့မှုတွေ ပိုလုပ်... ပြီးတော့ တစ်ဦးချင်း စွမ်းရည်ကို အသုံးချပြီး ထိုးဖောက်တာတွေ ပိုလုပ်ကြ..."
ဂွါဒီယိုလာက အသံဩဩဖြင့် အမိန့်ပေးလိုက်သည်။
ဒေးဗစ်ဆေးလ်ဗားက နားလည်ကြောင်း ပြသသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ကာ သူ၏ အသင်းဖော်များကို နှစ်သိမ့်လိုက်သည်။
"မန်ယူကို အကြိမ်ကြိမ် ရှုံးထားတာကြောင့် မင်းတို့ရဲ့ လက်တွေကို ကြိုးတုပ်ခံမထားကြနဲ့။ ငါတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းပဲ။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြလည်း ရှိတယ်”
"အားလုံးသာ အစွမ်းကုန် ကြိုးစားကစားကြမယ်ဆိုရင် ငါတို့ မန်ယူကို ထပ်ရှုံးစရာ အကြောင်းမရှိဘူး..."
"အားတင်းထားကြဟေ့..."
သန်းတွေ များလာရင် ယားတာ သက်သာသွားတယ် ဆိုတဲ့ စကားပုံအဟောင်း တစ်ခု ရှိပါတယ်။
မန်ယူကို အကြိမ်ကြိမ် ရှုံးနိမ့်ပြီးနောက် သူတို့ သိပ်မစိုးရိမ်ကြတော့ပေ။ နိုင်ခြင်း ၊ ရှုံးခြင်းကို ဂရုမစိုက်တော့သည် မဟုတ်ဘဲ နောက်ကောက်ကျနေခြင်းကို ပို၍ တည်ငြိမ်စွာ ရင်ဆိုင်နိုင်လာပြီး ပွဲအပေါ် သူတို့၏ အာရုံစူးစိုက်မှုကို ပိုမို အားကောင်းလာစေခြင်း ဖြစ်သည်။
လာပေါ့တ်က သူ၏ နဖူးကို ရိုက်ကာ "အဝါကတ် ထိချင်ထိပါစေ... သူ့ကို အကျော်ခံမှာ မဟုတ်ဘူး..." ဟု ဒေါသတကြီး ပြောလိုက်သည်။
သိုးတွေတောင် ဒေါသထွက်တတ်သေးတာပဲ... ဘောလုံးသမားတွေ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။
ချူဖုန်းကို ဘယ်သူမှ မနိုင်ဘူး ဆိုတာ သူ လုံးဝ မယုံကြည်ပေ။
***