ပွဲက အမြန် ပြန်စတင်လေသည်။
ဂွါဒီယိုလာ၏ ညွှန်ကြားချက်များအတိုင်း မန်စီးတီးတို့က ခံစစ်များကို ထိုးဖောက်ရန် တစ်ဦးချင်း စွမ်းရည်များကို စတင် အသုံးပြုလာကြသည်။ ရုပ်သံဖမ်းစက်တွင် ကိုင်လီ ဝေါ်ကာက အက်ရှလေယန်းကို ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို မြင်တွေ့ရသည်။
ကံမကောင်းစွာဖြင့် အက်ရှ်လေယန်းသည် ကစားသမားဘဝ၏ နေဝင်ချိန်သို့ ရောက်နေလေသည်။ ထို့ကြောင့် သူက ဝေါ်ကာနှင့် ပြိုင်ပြေးရန် ကြိုးစားခဲ့သော်ငြား ဝေါ်ကာ၏ ကျောပြင်ကိုသာ မြင်ခဲ့ရလေသည်။
ဟာရဲရားက အကူအညီပေးရန် နောက်ဆုတ်လာသော်လည်း ကိုင်လီ ဝေါ်ကာက ဘောလုံးကို အလယ်သို့ ပေးပို့လိုက်သည်။
ဘာနာဒို ဆေးလ်ဗား…
သူသည် စွယ်စုံသုံးနိုင်သော ဘောလုံးကိုင်တွယ်မှု ပုံစံကြောင့် မကြာသေးမီက ပွဲထွက်ခွင့် နေရာတစ်ခုကို အခိုင်အမာ ရရှိထားသူ ဖြစ်သည်။
ဘာနာဒို ဆေးလ်ဗားသည် တောင်ပံများမှ ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ဖြတ်တင်ဘောများ ပေးပို့ရန် အတွက် ကိုယ်အလေးချိန် ပြောင်းလဲမှုကို အသုံးပြုနိုင်ရုံသာမက ဘေးတိုက် လူလိမ်ခေါက်နေစဉ် အတွင်း အားနည်းသောဘက်ရှိ အသင်းဖော်များနှင့် ချိတ်ဆက်ရန် ပေးပို့မှုများကိုလည်း အသုံးပြုနိုင်သလို အလယ်ပိုင်းတွင် အမြန် ထိုးဖောက်နေစဉ် မျှောထိုး ပေးပို့မှုများကိုလည်း ပြုလုပ်နိုင်လေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဘာနာဒိုဆေးလ်ဗားသည် ဂီယာတစ်ခုကဲ့သို့ ဖြစ်ပြီး မန်စီးတီးတို့၏ ကစားကွက် စည်းချက်ကို လျင်မြန်စွာ ပြောင်းလဲနိုင်စေသည်။
ကန်တေ၏ အနှောင့်အယှက်ပေးမှုကို ရင်ဆိုင်ရာတွင် ဘာနာဒိုဆေးလ်ဗားက ညာဘက်သို့ အရင် ရွှေ့ပြီးနောက် ဘယ်ဘက်သို့ ဖြတ်ဝင်ကာ နေရာလွတ် အနည်းငယ် ဖန်တီးလိုက်သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ကန်တေ ချက်ချင်း မြေပြင်ပေါ်သို့ လှဲချကာ ဖျက်ထုတ်လိုက်လေသည်။ သူသည် မလွှဲမရှောင်သာသော အခြေအနေမျိုး မရောက်မချင်း လျှောထိုး ဖျက်ထုတ်ခြင်းကို လုပ်လေ့ မရှိပေ။
မာလ်ဒီနီက တစ်ခါက "ငါ လျှောထိုး ဖျက်ထုတ်ရပြီ ဆိုကတည်းက ငါ အမှားတစ်ခုခု လုပ်မိသွားပြီလို့ အဓိပ္ပာယ်ရတယ်..." ဟု ပြောခဲ့ဖူးသည်။
သို့သော် ကန်တေ၏ ခြေတိုလေးများက ပစ်မှတ်ဆီသို့ မရောက်သွားချေ။
ဝှစ်…
ဘောလုံးက ခွဲစိတ်ဓား တစ်လက်ကဲ့သို့ မန်ယူ၏ ပင်နယ်တီ ဧရိယာထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
ဒေးဗစ်လူးဝစ်ရော မက်ဂွိုင်းယားပါ ဘောလုံးကို ကြားဖြတ် မလုယူနိုင်ခဲ့ဘဲ သူတို့ ဘေးမှ အရှိန်ဖြင့် ဖြတ်သန်းသွားသည်ကို အကူအညီမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်တော့သည်။
သို့သော် ကစားသမား နှစ်ဦးစလုံးက ဒိုင်လူကြီးကို လူကျွံဘော ဖြစ်ကြောင်း ပြသရန် တစ်ပြိုင်နက် လက်မြှောက်လိုက်ကြသည်။
သို့သော် ဘာနာဒိုဆေးလ်ဗား ဘောလုံး ပေးပို့လိုက်ချိန်တွင် အဂူရိုက လှုပ်ရှားမှု မစတင်သေးပေ။ သူက မြားတစ်စင်းလို မထွက်သွားမီ တစ်ခဏမျှ တမင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
ကေ-ပုံစံ အနေအထား ယူထားပြီးဖြစ်သော ဒီဂီယာကို ရင်ဆိုင်ရာတွင် အဂူရိုက ဘောလုံးကို ဂိုး၏ ညာဘက် အပေါ်ထောင့်ဆီသို့ ကျွမ်းကျင်စွာ ပိတ်သွင်းလိုက်လေသည်။ မန်ယူ ဂိုးသွင်းပြီး ရှစ်မိနစ်အကြာတွင် မန်စီးတီးက နံပါတ် ၁၀ အဂူရို၏ သွင်းဂိုးဖြင့် ချေပဂိုး ပြန်လည် ရရှိသွားလေပြီ။
ဝင်ဘလေကွင်းကြီးအတွင်းရှိ အားပေးသံများက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
မန်စီးတီး ပရိသတ်များက ပွဲကြည့်စင်ပေါ်တွင် ခုန်ပေါက် ကခုန်နေကြရာ အပြာရောင် ပင်လယ်ပြင်ကြီးအလား ထင်မှတ်ရလေသည်။
"ဘင်ဖီကာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဘာနာဒို ဆေးလ်ဗားဟာ လွန်ခဲ့တဲ့ လေးနှစ်က မိုနာကို အသင်းကို ရောက်ရှိလာခဲ့ပြီး လီဂူး-၁ မှာ လူငယ်မုန်တိုင်း တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်..."
"အဲဒီအချိန်က သူ့ရဲ့ အသင်းဖော်တွေကတော့ အမ်ဘာပေ၊ လီမာနဲ့ ဖာဘင်ဟိုတို့ ဖြစ်ကြပါတယ်။ သူတို့က မိုနာကို အသင်းကို ပီအက်စ်ဂျီကို အနိုင်ယူပြီး လီဂူး-၁ ချန်ပီယံဆုကြီး ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့ကြပါတယ်..."
လွန်ခဲ့သော နှစ်နှစ်က ဘာနာဒိုဆေးလ်ဗားသည် ယူရို သန်း ၅၀ ဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ပြီး ဂွါဒီယိုလာ လက်အောက်တွင် အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။
"သူက ဒီနေ့ ထပ်ပြီး ခြေစွမ်းပြသွားပြီး ကန်တေရဲ့ ခံစစ်ကို ထိုးဖောက်သွားခဲ့ပါပြီ..."
မန်စီးတီး ကစားသမားများ သူတို့၏ ဂိုးကို အောင်ပွဲခံနေချိန်တွင် မန်ယူ ကစားသမားများက သူတို့၏ ခြေစွမ်းကို လေးလေးနက်နက် ပြန်လည် သုံးသပ်နေကြသည်။ သူတို့သည် သရေကျသွားရုံဖြင့် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားတတ်သည့် လူစားမျိုး မဟုတ်ကြပေ။
"ငါတို့ တောင်ပံတွေမှာ ခံစစ်ကို အားဖြည့်ဖို့ လိုတယ်။ ဟာရဲရား... မင်း တောင်ပံတွေကို ပိုပြီး ရွှေ့ပေးရမယ်။ ပြီးတော့ ပေါ့ဘာ... မင်းက ပိုပြေးပြီး ပေးပို့မှု လမ်းကြောင်း တချို့ကို ကြိုပိတ်ပေးရမယ်..."
မာတစ်က သူ၏ အသင်းဖော်များ၏ ပြဿနာများကို ထောက်ပြလိုက်ရာ အားလုံးက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ချူဖုန်းက ကန်တေမှာ အောက်သို့ ငုံ့ကြည့်နေပြီး အကျော်ခံလိုက်ရသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေပုံရသည်ကို သတိပြုမိသွားသည်။ သူက သွားကာ ကန်တေ၏ ပခုံးကို ပုတ်လိုက်ပြီး "မန်စီးတီးရဲ့ နံပါတ် ၂၀ က တော်တော်လေး စွမ်းတယ်... သူ့ကို ပေါ်တူဂီ မက်ဆီ လို့တောင် နာမည်ပြောင် ပေးထားကြတာ။ ပြီးတော့ နောက်ခံလူတွေက သဘာဝအရကို အားနည်းချက် ရှိတယ်။ ၁၀၀% အောင်မြင်အောင် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ နောက်တစ်ခေါက်ကျရင် ကောင်းကောင်း ကစားလိုက်..."
ကန်တေက စကားမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ချူဖုန်း နားလည်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အဝတ်အစား မချွတ်ဘဲ ရေချိုးတတ်သူ တစ်ယောက်ကို စိတ်ခံစားမှု ပါသည့် စကားများ ပြောခိုင်းရန်မှာ မန်စီးတီးကို ဂိုးပြတ် အနိုင်ယူရန်ထက်ပင် ပိုမို ခက်ခဲပေလိမ့်မည်။
ဆိုလိုရင်းကို သိသွားလျှင် ရပါပြီ။
ထို့အပြင် ကန်တေသည် ပွဲပေါင်းများစွာ ကစားခဲ့ဖူးသော ဝါရင့် ကစားသမား တစ်ဦး ဖြစ်ပြီး မိမိကိုယ်ကို ပြန်လည် ထိန်းညှိနိုင်စွမ်း ကောင်းကောင်း ရှိမည်ဟု သူ ခံစားရသည်။ မဟုတ်လျှင် လက်စတာစီးတီး အံ့ဖွယ် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာမည် မဟုတ်ပေ။
ကန်တေက ဘာနာဒိုဆေးလ်ဗားကို သူ၏ မျက်လုံးသေးသေးလေးများဖြင့် စူးစိုက်ကြည့်နေပြီး သူ၏ အမူအရာမှာ အလွန် လေးနက်လာလေသည်။
"ပထမပိုင်း ပြီးဖို့ ၅ မိနစ်ပဲ လိုတော့တယ်။ ဒါကြောင့် သတိမလွတ်စေနဲ့။ မန်စီးတီးက သေချာပေါက် အခွင့်အရေး ယူပြီး ဆက်တိုက်စစ်ဆင်လိမ့်မယ်..."
ချူဖုန်းက အသင်းဖော်များကို လှမ်းအော်လိုက်သည်။ "ပထမပိုင်း ပြီးတဲ့အထိ ခံစစ်ကို သေချာ ထိန်းထားကြ..."
တီ…
ခရာသံနှင့်အတူ ပွဲပြန်စတင်လေသည်။
မန်စီးတီးတို့က သူတို့၏ လှည့်ကွက်ဟောင်းကို ထပ်သုံးလိုကြပြီး ညာဘက်တောင်ပံမှ အမြန် တန်ပြန်တိုက်စစ် ဆင်လာကာ ကိုင်လီ ဝေါ်ကာက အရှိန်ကုန် ပြေးတက်လာသည်။
သို့သော် အက်ရှ်လေယန်းက ထိုလှည့်ကွက်ကို ထပ်မခံတော့ပေ။ သူက ရှေ့ဆက်မည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သဖြင့် ကိုင်လီ ဝေါ်ကာက အရှိန်လျှော့ကာ အတွင်းသို့ ဖြတ်ဝင်လာရတော့သည်။
ဝေါ်ကာ၏ အမြန်နှုန်းမှာ ငြင်းစရာ မရှိသော်လည်း သူ၏ ဘောလုံး ထိန်းချုပ်မှုမှာ အလွန် ညံ့လှသည်။ ထို့ကြောင့် ဟာရဲရားက အခွင့်အရေးကို ဆုပ်ကိုင်ကာ ဘောလုံးကို လုယူသွားနိုင်ခဲ့သည်။
"မန်ယူ တန်ပြန်တိုက်စစ်ဟေ့..."
ကျန်းကျွင်းက စားပွဲကို ရိုက်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ ထိုသို့ လုပ်မှသာ ပိုမို ရှင်းလင်းစွာ မြင်ရမည်ဟု သူ ထင်နေပုံရသည်။
ကွင်းထဲရှိ မန်ယူ ပရိသတ်များကလည်း ထိုနည်းတူ ခံစားနေရသည်။
ဟာရဲရားက နောက်တန်းတွင် ဘောလုံးကို ကိုင်မထားပေ။ သူက ဘောလုံးကို ပေါ့ဘာထံသို့ ပေးပို့ရန် ပြင်လိုက်ချိန်တွင် သူ၏ ဘေး၌ ခံစစ် ကစားသမား နှစ်ဦး ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
ဒေးဗစ်ဆေးလ်ဗားနှင့် ဂန်ဒိုဂန်။
မန်စီးတီးတို့က ပေါ့ဘာသည် မန်ယူ တိုက်စစ်၏ ထောက်တိုင် ဖြစ်ကြောင်းနှင့် ဂန်ဒိုဂန် တစ်ဦးတည်းက ပေါ့ဘာကို အနီးကပ် လူကပ်ကစားရန် မစွမ်းဆောင်နိုင်ကြောင်း သိထားသဖြင့် ဒေးဗစ်ဆေးလ်ဗားကိုပါ ခေါ်ယူကာ သူ့ကို အနီးကပ် လူကပ်ကစားရန် အကူအညီ ပေးခဲ့ခြင်း ဖြစ်သည်။
"ငါ့ဆီ ပေး..."
ဟာရဲရားက ချူဖုန်း၏ အသံကို မကြားလိုက်သော်လည်း အနီရောင် အရိပ်ကိုတော့ မြင်လိုက်ရသည်။
နောက်တစ်စက္ကန့်တွင်...
ဘောလုံးက အမြန် လိမ့်လာလေသည်။
"သူ့ကို လှည့်ခွင့် မပေးနဲ့... အနီးကပ် ကပ်ထားစမ်း..."
လာပေါ့တ်က ပြတ်သားစွာ အော်ပြောလိုက်သည်။
အော်တာမန်ဒီက မဆိုင်းမတွပင် ခုန်ထွက်ကာ ချူဖုန်းဆီသို့ ပြေးဝင်လာသည်။ ချူဖုန်းက အသင်းဖော်၏ သတိပေးသံကို နားထောင်နေစဉ် သူ၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းမှာ စောစောက ရက်ရှ်ဖို့ဒ်၏ နေရာယူမှုပင် ဖြစ်သည်။
'အခုဆို မားကပ်စ်လည်း သတ်မှတ်ထားတဲ့ ဧရိယာထဲကို ရောက်လောက်ပြီ...'
ထိုသို့ တွေးလိုက်ပြီး ချူဖုန်းက ဘောလုံးဆီသို့ ခြေလှမ်းလိုက်ကာ ထူးဆန်းသော ကိုယ်ဟန် အနေအထားကို ယူလိုက်ပြီး ညာခြေဖြင့် ဘောလုံးကို ပြင်းထန်စွာ ထိုးကန်လိုက်လေသည်။
ဒီဘရိုင်းက အလိုအလျောက် သူ၏ ကိုယ်ပိုင် နောက်တန်းဘက်သို့ လှမ်းကြည့်လိုက်ရာ ရက်ရှ်ဖို့ဒ်က လာပေါ့တ်ကို ကျော်တက်သွားသည်ကို မြင်လိုက်ရသည်။
သို့သော် သူက သတိပေးစကား တစ်ခွန်းမှပင် မဟနိုင်ခဲ့ချေ။
ဘောလုံးက နေရောင်အောက်ရှိ သက်တံ တစ်တန်းကဲ့သို့ ပင်နယ်တီ ဧရိယာ၏ ညာဘက်ခြမ်းသို့ တိကျစွာ ကျဆင်းလာသည်။
" ဂိုးပေါက်ကို ကျောပေးပြီး ပေးပို့လိုက်တာလား..."
"သောက်ရမ်း မိုက်တာပဲဗျာ..."
ကျန်းကျွင်းက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ အပြည့် ရှိနေသည်။
အီဒါဆန်ကလည်း ကျယ်ပြန့်သော အမြင်အာရုံ ရှိပြီး ကွင်းနောက်ဘက်တွင် ရှိနေသဖြင့် ချူဖုန်း၏ ရည်ရွယ်ချက်ကို ဒီဘရိုင်းထက် ပိုမြန်စွာ သတိပြုမိသွားသည်။ ထို့ကြောင့် သူက ဂိုးပေါက်ကို စွန့်ခွာကာ အပြင်သို့ ထွက်လာရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေသည်။
ရက်ရှ်ဖို့ဒ်က ဘောလုံးကို ဒူးဖြင့် ထိန်းလိုက်ပြီး ချိန်ဆရန် အချိန်မရတော့သည်ကို သဘော ပေါက်သွားသဖြင့် ဂိုးသမား အပေါ်မှ ကျော်ကာ ဘောလုံးကို အလျင်စလို ပင့်တင်လိုက်ရသည်။
အကြံအစည်က ကောင်းသော်လည်း ရလဒ်ကတော့ ဆိုးရွားသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရက်ရှ်ဖို့ဒ်သည် သူ၏ ပင့်ကန်ချက် အရှိန်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့သဖြင့် ဘောလုံးက အပေါ်သို့ ပျံတက်နေစဉ် ခုန်ထကာ အီဒါဆန်၏ ဖမ်းယူခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။
ဒိုင်လူကြီးက မန်စီးတီးကို တိုက်စစ်ဆင်ရန် အခွင့်အရေး ထပ်မပေးတော့ဘဲ ပထမပိုင်း ပြီးဆုံးကြောင်း ဝီစီမှုတ်လိုက်လေသည်။
***