အခွင့်အရေးကို လွဲချော်ခဲ့ရသဖြင့် ရက်ရှ်ဖို့ဒ်က မပျော်မရွှင်ဖြင့် ဆံပင်ကို ပွတ်သပ်လိုက်သည်။ "ချူ... ငါ့အမှားပါကွာ။ ငါ ကြိုမပြေးထားမိလို့။ အဲဒီလိုမှ မဟုတ်ရင် ငါ ချိန်ဆဖို့ အချိန်ရပြီး ရွေးချယ်စရာတွေ ပိုများမှာ..."
တကယ်တမ်းတွင် ချူဖုန်းက ဂိုးပေါက်ကို ကျောပေးထားပြီး အမြင် မရှိဘဲ ဤမျှ အရည်အသွေး မြင့်မားသော ပေးပို့မှုမျိုး လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ရပါတယ်ကွာ... ဒုတိယပိုင်းမှာ အခွင့်အရေး ရနိုင်ပါသေးတယ်..."
ချူဖုန်းက အလွန် နားလည်ပေးတတ်သူ ဖြစ်သည်။
တကယ်တော့ သူ၏ ပေးပို့မှုတွင် အားနည်းချက်များ ရှိနေသေးသည်။ ဘောလုံး ကျမည့်နေရာကို ထိန်းချုပ်မှုက သိပ်မကောင်းလှချေ။
'ငါ့မှာသာ ဒီဘရိုင်းရဲ့ ခြေစွမ်းမျိုး ရှိရင် သိပ်ကောင်းမှာပဲ...'
ချူဖုန်းက ဒီဘရိုင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး "ဒီဘရိုင်းက တကယ် တော်တာပဲ..." ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
ဒီဘရိုင်းက တော်တော်လေး အကင်းပါးသည်။ ချူဖုန်း၏ အကြည့်ကို သတိပြုမိပြီးနောက် သူက ရင်းနှီးစွာ ခေါင်းညိတ်ပြလိုက်သည်။
ချူဖုန်းက အနေရခက်စွာဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး နောက်တစ်ခါ သူများ အတင်းကို ကွယ်ရာမှာ မပြောတော့ဘူးလို့ စိတ်ထဲကနေ ဆုံးဖြတ်လိုက်လေသည်။
……………..
"ဒုတိယပိုင်းမှာ ဂရုစိုက်ရမယ့် အချက်အချို့ကတော့ တောင်ပံတွေက ခံစစ်အင်အားနဲ့ နေရာယူဖို့ နောက်ဆုတ်တဲ့ အပိုင်းပဲ..."
"မန်စီးတီး ကစားသမားတွေ အားလုံးက မြန်ကြသလို တစ်ဦးချင်း စွမ်းရည်လည်း မြင့်ကြတယ်။ ဒါကြောင့် တစ်ယောက်တည်း ခံစစ်ကစားတာထက် အချင်းချင်း ကူညီပေးရမယ်။ ကွင်းလယ်ခံစစ် သုံးယောက် သုံးထားရတဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ ကြားဖြတ်လုယူနိုင်တဲ့ ဧရိယာကို ဆွဲဆန့်ဖို့ပဲ”
"ပြီးတော့ ပွဲချိန် မိနစ် ၇၀ ရောက်တာနဲ့ မန်စီးတီးက အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲတွေ သေချာပေါက် လုပ်လာလိမ့်မယ်။ မင်းတို့က ကြိုတင် သတိထားနေရမယ်။ ရုတ်တရက် ဂိုးပေးလိုက်ရတာမျိုး အဖြစ်မခံနဲ့"
"တိုက်စစ်နဲ့ ပတ်သက်လို့တော့ အများကြီး ပြောစရာ မရှိပါဘူး။ လေ့ကျင့်ရေးဆင်းတုန်းက သုံးခဲ့တဲ့ နည်းဗျူဟာအတိုင်းပဲ ကစားကြ”
မော်ရင်ညိုက နည်းဗျူဟာအကြောင်း အသေးစိတ် မပြောခဲ့ပေ။
အကြောင်းမှာ နောက်ဆုံး၌ ဘောလုံးဆိုသည်က ကစားသမားတွေ ကစားရသော အားကစားတစ်ခု ဖြစ်နေလို့ပင်။
ဘောလုံးပွဲ တစ်ပွဲ၏ အခြေအနေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်ပြီး ကစားသမားများ ကိုယ်တိုင်သာ ချက်ချင်း တုံ့ပြန် ဖြေရှင်းနိုင်စွမ်း ရှိကြသည်။ နည်းပြချုပ် အနေဖြင့်မူ ကြိုတင် ကာကွယ်မှုဆိုင်ရာ အပြောင်းအလဲများကိုသာ ပြုလုပ်ပေးနိုင်လေသည်။
မန်ယူ ကစားသမားများ ယင်းကို လုပ်နိုင်မည်ဟု မော်ရင်ညို ယုံကြည်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ အတူတူ လက်တွဲလာခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်ရာ အခြားသူများနှင့် မယှဉ်သာသော နားလည်မှု အဆင့်တစ်ခုအထိ ရောက်ရှိနေပြီ မဟုတ်ပါလား…။
ဒါ့အပြင် အသင်းထဲမှာ ချူဖုန်း ရှိနေတယ် မဟုတ်လား။
လက်ရှိ ဘောလုံးလောကတွင် သူ့တပည့်ဖြစ်သူ၏ နည်းဗျူဟာပိုင်းဆိုင်ရာ တွေးခေါ်နိုင်စွမ်းမှာ အခြားသူများနှင့် ကွဲပြားသော အဆင့်အတန်း တစ်ခုတွင် ရှိနေသည်ဟု မော်ရင်ညိုက အမြဲတမ်း ယုံကြည်ထားလေသည်။
ဤအချက်က ချူဖုန်း၏ ပေါက်ကွဲအား ပြင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသေးသည်။
နောက်ဆုံးတွင် မော်ရင်ညိုက မန်ယူ ကစားသမားများကို ကြည့်ကာ "နောက်ထပ် မိနစ် လေးဆယ့်ငါးမိနစ် အကြာမှာတော့ ငါတို့ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဆိုပြီး ဆုပေးစင်မြင့်ပေါ်မှာ ရပ်ကာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
"အင်္ဂလန်ရဲ့ ပထမဆုံး ပြည်တွင်းဖလား သုံးလုံးစလုံး သိမ်းပိုက်နိုင်တဲ့ အသင်းဟေ့..."
"ဆက်ကြိုးစားကြ ကလေးတို့..."
သူတို့၏ အသုံးအဆောင်များကို သေချာစွာ ပြင်ဆင်ပြီးနောက် မန်ယူ ကစားသမားများက ချူဖုန်း၏ နောက်မှလိုက်ကာ အဝတ်လဲခန်းထဲမှ ထွက်လာခဲ့ကြသည်။ အသင်းနှစ်သင်းလုံးမှ ကစားသမားများ ကစားသမား ဥမင်လှိုဏ်ခေါင်းထဲတွင် ပြန်လည် ဆုံတွေ့ကြပြန်သည်။
ဂွါဒီယိုလာက သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေသော ချူဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သမီးဖြစ်သူ မျက်စိစူးရှလှသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ သို့သော် အနှီ ကောင်လေးကို သူ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန်ကား ခက်ခဲလှပေသည်။
တစ်ခါတစ်ရံ ညဉ့်နက်ပိုင်းများတွင် သူ မနေနိုင်ဘဲ စိတ်ကူးယဉ်မိတတ်သည်။
'ချူဖုန်းသာ မန်စီးတီး လူငယ်အကယ်ဒမီကနေ ထွက်လာခဲ့ရင်... ငါ ရောက်ရောက်ချင်းပဲ သူ့ရဲ့ ပါရမီကို ရှာဖွေတွေ့ရှိပြီး ငါ့တောင်ပံအောက်မှာ ထားကာ အစွမ်းကုန် ပြုစုပျိုးထောင်ပေးခဲ့မှာ... ပြီးရင် ချူဖုန်းက ငါ့သမီးနဲ့ လက်ထပ်မယ်...'
အဲဒီလို ဇာတ်လမ်းမျိုးသာဆိုရင် ဘယ်လောက်တောင် လှပလိုက်မလဲ။
ကံမကောင်းစွာဖြင့် လက်တွေ့ဘဝက စိတ်ကူးယဉ်တာနှင့် တခြားစီပင်။ ချူဖုန်းက မန်ယူ လူငယ်အကယ်ဒမီထွက် ကစားသမား တစ်ယောက် ဖြစ်နေလေသည်။
တခြားအသင်း၏ ကြယ်ပွင့် ကစားသမား တစ်ဦးကို ကြောင်တောင်နှိုက်ရန်မှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ချေ။ ထို့အပြင် နောင်တစ်ချိန်တွင် ချူဖုန်းက အသစ်သစ် ပြောင်းရွှေ့ခဲ့မည် ဆိုလျှင်ပင် မန်စီးတီးကို ရွေးချယ်နိုင်ခြေ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
မန်ယူနှင့် မန်စီးတီးတို့မှာ သေခန်းပြတ် ရန်သူကြီးများ မဟုတ်ကြသော်လည်း သူတို့၏ ဆက်ဆံရေးက ကောင်းမွန်လှသည် မဟုတ်ပေ။ ကလပ်အသင်း နှစ်ခုကြား ရာစုနှစ်နှင့်ချီသော ပြိုင်ဆိုင်မှုများက သူတို့၏ ရန်ဘက်ဖြစ်မှုကို သက်သေပြနေလေသည်။
ဂွာဒီယိုလာက သက်ပြင်းတစ်ချက် ချလိုက်ရင်း... 'ငါ့ရဲ့ အိမ်မက်ထဲက ကြယ်ပွင့်လေးက ဘယ်မှာပါလိမ့်...'
အနာဂတ် ယောက္ခမလောင်း၏ သောကများကို ချူဖုန်း မသိရှိခဲ့ခြင်းသာ ဖြစ်သည်။ သိသာ သိခဲ့လျှင် နောက်နှစ်အနည်းငယ် အကြာ၌ ဟာလန်း ရောက်လာလိမ့်မည်ဟု ဂွါဒီယိုလာကို သူ ပြောပြမိမည်မှာ သေချာသည်။
ဝင်ဘလေကွင်းကြီးက ထပ်မံ ဆူညံလာပြန်သည်။
တောက်ပသော နေရောင်အောက်တွင် အသင်းနှစ်သင်း၏ အလံများက တလူလူ လွင့်ဝဲနေကြရာ ကွင်းကြီးထဲရှိ အခြေအနေကို ပို၍ ပြင်းထန်လာစေသည်။
ချူဖုန်းက အခုလေးတင် လဲဝတ်လာသော ဂျာစီအင်္ကျီသန့်သန့်လေးမှာ ခြေလှမ်း အနည်းငယ် ပြေးလိုက်ရုံဖြင့် တစ်ဖန် ပြန်ရွှဲသွားခဲ့လေပြီ။ ယင်းမှာ သူ အားနည်းပြီး ချွေးအထွက်များလွန်း၍ မဟုတ်ပေ။
အပူချိန်က အလွန် မြင့်မားလွန်းနေပြီး အားအင်ကုန်ခမ်းမှုကလည်း အလွန် ကြီးမားနေသောကြောင့်သာ ဖြစ်သည်။
တီ…
ဒိုင်လူကြီး၏ ဝီစီသံနှင့်အတူ ဒုတိယပိုင်း စတင်ပြီ ဖြစ်ကာ အသင်းနှစ်သင်း နေရာပြောင်း ကစားကြသည်။
မန်စီးတီး၏ ကစားကွက်က ကွင်းလယ်စက်ဝိုင်းတွင် နေရာယူထားပြီး အတင်း ဖိအားပေးခြင်းလည်း မရှိသလို အလျှော့ပေးခြင်းလည်း မရှိဘဲ မန်ယူတို့ ပထမဆုံး အကွက်ရွှေ့လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ဒါက ပုံမှန် ထောင်ချောက်တစ်ခုပင်။
ထို့အပြင် တောင်ပံများတွင် လူအင်အား သိပ်မထားတော့ဘဲ ဗဟိုချက်တွင် ခံစစ်ကစားသမား အမြောက်အမြားကို ချထားလေသည်။
အပေါ်စီးမှ ကြည့်လိုက်မည် ဆိုပါက မန်စီးတီး၏ ခံစစ်ကြောင်းမှာ ပင်နယ်တီ ဧရိယာ မျဉ်းလောက်ပင် မရှည်လျားဘဲ ခံစစ်ကစားသမား အချို့က ပင်နယ်တီ ဧရိယာ အစွန်းနားတွင် စုပြုံနေကြသည်ကို တွေ့ရမည် ဖြစ်သည်။
"ဂွါဒီယိုလာက ကမ္ဘာ့အဆင့်မီ နည်းပြဆိုတဲ့ နာမည်နဲ့ တကယ် တန်တာပဲ။ အက်ရှလေယန်းက ခံနိုင်ရည် အားနည်းသလို ဝမ်-ဘစ်ဆာကာကလည်း တိုက်စစ်ပိုင်းမှာ အားနည်းတာကြောင့် မန်ယူက တောင်ပံကနေ ထိုးဖောက်တာ ရှားတယ်ဆိုတာကို သူ ရှာဖွေတွေ့ရှိသွားတယ်..."
"မန်ယူက ဝမ်-ဘစ်ဆာကာကို ရှေ့တက်ခိုင်းဖို့ ရွေးချယ်လိုက်တယ်။ သူက ဘောလုံးကို ဂိုးစည်းအထိ အလွယ်တကူ လိမ်ခေါက်သွားပြီ..."
"သူ ဖြတ်တင်ဘောပဲ ပေးရတော့မလား..."
မှန်ပါသည်။
ဝမ်-ဘစ်ဆာကာ၏ တိုက်စစ်ဆင်သည့် ပုံစံမှာ အလွန် ကန့်သတ်ချက် ရှိလှသည်။ ယင်းမှာ မန်ယူတို့ တောင်ပံများမှနေ၍ တိုက်စစ်မဆင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် ပင်နယ်တီ ဧရိယာ အတွင်းရှိ ချူဖုန်းမှာ 1v3 အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လာပေါ့တ်၊ အော်တာမန်ဒီနှင့် ကိုင်လီ ဝေါ်ကာတို့က ချူဖုန်းကို ဝန်းရံထားကြသည်။
ဤအခြေအနေမျိုးတွင် ဘယ်သူက ဘောလုံးကို ရနိုင်မည်နည်း။
မာရာဒိုနာသာ ဆိုလျှင်တော့ ရနိုင်ပေမည်။ ဘုရားသခင်၏ လက်ကို အသုံးပြုခွင့် ရှိမည်ဆိုလျှင်ပေါ့။
ချူဖုန်း၏ ခုန်ပေါက်နိုင်စွမ်းကို ဖိနှိပ်ထားကြသလို လေထဲတွင်လည်း သူ့ကို နှောင့်ယှက်ခဲ့ကြသဖြင့် သူ ဘောလုံးကိုပင် မထိလိုက်ရချေ။
ဘောလုံးက ကွင်းပြင်သို့ တိုက်ရိုက် ထွက်သွားလေသည်။
ဝမ်-ဘစ်ဆာကာက သူ၏ ကျစ်ဆံမြီးများကို စိတ်ပျက်လက်ပျက် ဆွဲပေါက်လိုက်မိသည်။ တကယ်တော့ သူသည် ချူဖုန်း၏ လူလိမ်ခေါက် ကျော်ဖြတ်သည့် စွမ်းရည်များကို အလွန် အထင်ကြီးလေးစားပြီး အချိန်အတော်ကြာကတည်းက သူ့ဘာသာသူ အမြဲ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အရာများက ပါရမီ ပါမှသာ ရနိုင်လေသည်။ ပါရမီက တကယ်ကို အရေးကြီးလှသည်။
ဝမ်-ဘစ်ဆာကာက သူ၏ ပါရမီ အားလုံးကို ခံစစ်ပိုင်းတွင်သာ အာရုံစိုက်ထားပုံရသည်။
Opta ၏ စာရင်းဇယားများအရ သူ၏ တစ်ဦးချင်း ခံစစ် အောင်မြင်မှုနှုန်းမှာ ၈၄.၆ ရာခိုင်နှုန်း ရှိပြီး ဥရောပရှိ ကစားသမားများ အားလုံးထဲတွင် အမြင့်ဆုံး ဖြစ်သည်။ အာနိုးလ်သာ လှံတစ်လက် ဖြစ်မည်ဆိုလျှင် ဝမ်-ဘစ်ဆာကာမှာ ဒိုင်းလွှားတစ်ခုပင် ဖြစ်သည်။
နှစ်ခုစလုံး လိုချင်သည် ဆိုပါက အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မန်ယူအတွက်တော့ ဝမ်-ဘစ်ဆာကာကို ဝယ်ယူနိုင်ခဲ့သည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။
"တောင်ပံတွေကနေ အတင်း မထိုးဖောက်နဲ့... ရစ်သမ်ကို ထိန်းထားပြီး မန်စီးတီးရဲ့ ခံစစ် နှလုံးသည်းပွတ် နေရာကိုပဲ ဆက်ပြီး ဝိုင်းထားကြ..."
ချူဖုန်းက သူ၏ အသင်းဖော်များကို လက်လှမ်းပြလိုက်သည်။
မန်စီးတီးက ပါးနပ်စွာ အပြောင်းအလဲ လုပ်ခဲ့သည်။ ဗဟိုချက်နေရာ၌ အဓိက ကစားရင်း မန်ယူအသင်း၏ ခံစစ်အစွန် ကစားသမားများကို ရှေ့သို့ တက်လာစေရန် မြှူဆွယ်သည့် အနေဖြင့် တောင်ပံများတွင် နေရာလွတ်များကို တမင် ဖန်တီးပေးထားခဲ့သည်။
မန်ယူ ကစားသမားများက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ တစ်ခါတစ်ရံ ကွင်းထဲတွင် နေရာလွတ်ကို မြင်လိုက်သည်နှင့် ပြေးဝင်သွားချင်စိတ် ပေါ်လာတတ်သည်။ ယင်းမှာ ဘောလုံးသမားများတွင် အလိုအလျောက် ပေါ်လာသော ဗီဇတစ်ခုပင် ဖြစ်သည်။
မန်စီးတီးက ထိုဗီဇကို ထောင်ချောက် တစ်ခု အဖြစ် အသုံးချနေခြင်းပင်…။
***