ပွဲဆက်လက် ကစားသည်။
မန်ယူက တောင်ပံများမှနေ၍ တိုက်စစ်မဆင်သော်လည်း မန်စီးတီးကတော့ လုံးဝ ဆန့်ကျင်ဘက်ပင်။
ဒီဘရိုင်းက အဝေးပေးပို့မှု တစ်လုံး ထပ်လုပ်လိုက်ပြန်သည်။ ဇင်ချန်ကိုက ဘောလုံးကို ထိန်းပြီး ရှေ့သို့ အမြန် ဆွဲပြေးလာသည်။ သူက ပေါ့ဘာကို ကျွမ်းကျင်စွာ ကျော်ဖြတ်ပြီး ဒေးဗစ်ဆေးလ်ဗားနှင့် ဝမ်း-တူး ကစားလိုက်သည်။
ယူကရိန်း လူငယ်လေးက ဘောလုံးဉာဏ် အလွန် ကောင်းမွန်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ကွင်းလယ်လူ အဖြစ် ကစားခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ဂွါဒီယိုလာက သူ့ကို နောက်ခံလူ အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ မန်စီးတီး အသင်းတွင်း၌ ကစားသမားများက နည်းစနစ် အပိုင်နိုင်ဆုံး ကစားသမားကို မဲပေးရွေးချယ်သည့် စာရင်းဇယား တစ်ခု ရှိပြီး ဇင်ချန်ကိုက နောက်ဆုံးတွင် မဲအများဆုံး ရရှိခဲ့လေသည်။
ညာဘက်ရှိ ကိုင်လီ ဝေါ်ကာက အမြန်နှုန်းကို အသုံးပြုပြီး ဘယ်ဘက်ရှိ ဇင်ချန်ကိုက နည်းစနစ်ကို အသုံးပြုလေသည်။ ထို့ကြောင့် မန်စီးတီး၏ ဘယ်ညာ တောင်ပံနှစ်ဖက်လုံးက ကြီးမားသော ခြိမ်းခြောက်မှုများကို ဖန်တီးပေးနိုင်လေသည်။
စတာလင်းက ရှေ့သို့ ပြေးတက်သွားကာ ဝမ်-ဘစ်ဆာကာကို ဆွဲခေါ်သွားသဖြင့် မာတစ်က ဇင်ချန်ကိုကို ပြတ်ပြတ်သားသား ဝင်တိုက်လိုက်ရာ ဇင်ချန်ကို၏ ဘောလုံး ဆွဲပြေးမှု အနည်းငယ် ဟန်ချက် ပျက်သွားလေသည်။
မာတစ်သည် မန်ယူ၏ ကွင်းလယ်ဗဟိုချက်ပင်…။
သူ၏ စွမ်းရည်နှင့် ပတ်သက်ပြီး ပြောရလျှင် မော်ရင်ညိုက သွားလေရာတိုင်း သူ့ကို ခေါ်သွားတယ် ဆိုတဲ့ အချက်ကတင် အဖြေတစ်ခု ပေးနေပြီ ဖြစ်သည်။
ဇင်ချန်ကို မြေပြင်ပေါ်သို့ လဲကျသွားပြီး ဘောလုံးကို ဒေးဗစ်ဆေးလ်ဗားထံသို့ ထိုးပေးလိုက်ရုံသာ တတ်နိုင်တော့သည်။
အပြာရောင်တို့၏ မှော်ဆရာကြီးမှာ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်ကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ယခင်ကလို မဟုတ်တော့ပေ။ သူက လူတွေကို လိမ်ခေါက် ကျော်ဖြတ်ခြင်း မပြုတော့ဘဲ ဘောလုံးကို အလယ်သို့ ပေးပို့လိုက်သည်။
ဒီဘရိုင်းက ဘောလုံးကို ရင်ဆိုင်ရင်း သူ၏ ဘယ်ခြေကို ဝှေ့ယမ်းလိုက်သည်။
ဘာနာဒိုဆေးလ်ဗားက ကွင်းထဲသို့ အမြန် ပြေးဆင်းလာသည်ကို သူ မြင်လိုက်ရပြီး ဘောလုံးကို ပင်နယ်တီ ဧရိယာထဲသို့ ပို့ပေးနိုင်ပါက မန်စီးတီးတို့ ရွှေရောင် အခွင့်အရေး တစ်ခု ရရှိမည်မှာ သေချာသည်။
သို့သော် ကန်တေကလည်း ယင်းကို မြင်သွားခဲ့သည်။
ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေလွှမ်းမိုးထားပြီး ကျန်သည့် ၃၀ ရာခိုင်နှုန်းကို သူက လွှမ်းခြုံထားသည်ဆိုသော လူ... ယခု အခိုက်အတန့်တွင် သူသည် လက်ရှိ ကမ္ဘာ့နံပါတ်တစ် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်ကြောင်း ကမ္ဘာကို သက်သေပြလိုက်လေပြီ။
ဘုန်း…
ကန်တေက ကြိုတင်သိမြင်နေသည့် ဟန်ပန်ဖြင့် ခြေထောက်ကို ဆန့်ထုတ်ကာ ဒီဘရိုင်း၏ ပေးပို့မှုကို ပိတ်ဆို့လိုက်လေသည်။
ထို့နောက် အရှိန်ဖြင့် ရှေ့သို့ ဘောလုံးကို ဆွဲပြေးသွားတော့သည်။
"လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကတင် ကန်တေက ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကို အကျော်ခံလိုက်ရပေမဲ့ အခုတော့ သူ့ရဲ့ ခိုင်မာတဲ့ ခံစစ်နဲ့ အမှားကို ပြန်လည် ချေဖျက်လိုက်ပါပြီ..."
"သရဲနီတို့ လာပြီဟေ့..."
ကျန်းကျွင်း၏ အားပါသော အသံကြီးက မန်ယူ၏ တန်ပြန်တိုက်စစ်အတွက် အချက်ပေးသံကြီး တစ်ခုအလား ထွက်ပေါ်လာသည်။
မန်ယူ ပရိသတ်များ၏ အားပေးသံများ ကြားထဲတွင်...
ကန်တေက ကွင်းလယ်ကို ဖြတ်ကာ ဘောလုံးကို အမြန် ဆွဲပြေးလာသည်။ သူ၏ ခြေထောက် တိုတိုလေးများက ဒီဘရိုင်းပင် လိုက်မမီနိုင်အောင် အမြန်နှုန်းများ ပေါက်ကွဲထွက်နေလေသည်။
ထို့အပြင် ဒီဘရိုင်းက အလယ်ဗဟိုသို့ ဝင်ရောက်သွားခဲ့သဖြင့် ဘယ်ဘက်တောင်ပံတွင် ဟာကွက်ကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
အက်ရှလေယန်းနှင့် ဟာရဲရား နှစ်ဦးစလုံးက ရှေ့သို့ အမြန် ပြေးတက်လာကြသည်။
မန်ယူ၏ အစွမ်းကုန် တိုက်စစ်ဆင်မည့် ဟန်ပန်ကို ကြည့်ရလျှင် သူတို့သည် တန်ပြန်တိုက်စစ်ကို ဆက်လက် အသက်သွင်းပြီး ဤအခွင့်အရေးကို အသုံးချကာ ဂိုးသွင်းယူလိုသည်မှာ သေချာနေပေသည်။
မန်စီးတီးတို့ သူတို့၏ ဗဟိုခံစစ်ကို ဆက်ပြီး ကျစ်လျစ်အောင် မလုပ်နိုင်တော့ပေ။
ကိုင်လီ ဝေါ်ကာက အက်ရှလေယန်း နောက်သို့ အပြေးလိုက်သွားရာ အနီးနားတွင် အမီလိုက်နိုင်သူဆို၍ ဂန်ဒိုဂန် တစ်ဦးသာ ကျန်ရှိတော့သည်။
ကန်တေက ဘောလုံးကို ကိုင်မထားဘဲ ပေါ့ဘာထံသို့ ချက်ချင်း ပေးလိုက်သည်။
သူတို့နှစ်ဦးသည် အမျိုးသားအသင်းတွင် အချိန်ကြာမြင့်စွာ အသင်းဖော်များ ဖြစ်ခဲ့ကြပြီး သူတို့၏ နားလည်မှုမှာ အတိုင်းအဆ မရှိအောင် ကောင်းမွန်လှရာ သူတို့၏ ဘောလုံး ပေးပို့မှုနှင့် လှုပ်ရှားမှုများတွင် ယင်းကို ထင်ရှားစွာ မြင်တွေ့ရပေသည်။
ပေါ့ဘာက နောက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ချူဖုန်းနှင့် ရက်ရှ်ဖို့ဒ်တို့က ထပ်ဆင့် တိုက်စစ် လမ်းကြောင်းများ ပြောင်းလဲကာ သူ ဘောလုံး ပေးပို့မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
သို့သော် လာပေါ့တ်နှင့် အော်တာမန်ဒီတို့က သူ့ကို အနီးကပ် ခုခံနေသည်ကိုလည်း ပေါ့ဘာ သတိပြုမိလိုက်သည်။
ထို့ကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ အရှိန်ကို ထိန်းချုပ်ရန်ပင်။
ယခင်က ပီယာလိုနှင့် အတူ တွဲကစားခဲ့ဖူးသဖြင့် အခြေအနေကို ပေါ့ဘာ၏ အကဲဖြတ်မှုမှာ အတော်လေး တိကျလှပေသည်။
ဂန်ဒိုဂန်က ပေါ့ဘာ၏ ကျောပြင်ဖြင့် တွန်းတိုက်ခံရမည်ကို စိုးရိမ်သဖြင့် ပေါ့ဘာနှင့် အကွာအဝေး တစ်ခု ယူထားကာ သူ လှည့်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ဖိအားပေးရန် ပြင်ထားသည်။
ပေါ့ဘာက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ခြေခွင်အပြင်ဘက်ဖြင့် ထောင့်ဖြတ် ပေးပို့မှု တစ်ခု လုပ်လိုက်သည်။
"အန်ဂိုလို"
သူ့နာမည် ခေါ်သံကို ကြားလိုက်ရသဖြင့် ကန်တေ ဘောလုံးကို ပြန်လည် လက်ခံရရှိသွားသည်။
တစ်ချိန်တည်းမှာပင်...
လာပေါ့တ်၏ အာရုံစိုက်မှုက တစ်ခဏမျှ အလွဲခံလိုက်ရပြီး ချူဖုန်းက သူ၏ အင်အား အားလုံးကို ထုတ်သုံးကာ ရှေ့သို့ အတင်း ပြေးတက်သွားလေသည်။
ကန်တေက ဘောလုံးကို မထိန်းတော့ဘဲ တိုက်ရိုက် ပင့်ကန်လိုက်သည်။
ဖြောင်း
ဘောလုံးနှင့် ခြေထောက် ရိုက်ခတ်သွားသော ပြတ်သားကြည်လင်သည့် အသံမှာ ပွဲစတင်ကြောင်း ဖောက်လိုက်သော သေနတ်သံ တစ်ချက်အလားပင် ထင်ရသည်။
ဝှစ်
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်းက လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ပြေးထွက်သွားလေပြီ။
ကင်မရာက အနည်းငယ် မှုန်ဝါးဝါး မြင်ကွင်းမှတစ်ဆင့် အမြန် ရွေ့လျားသွားသော သူ့နောက်သို့ အပြေးအလွှား လိုက်ရလေသည်။ ဘောလုံးဖိနပ်ရှိ သံမှိုများက မြက်ခင်းပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး မြေစာတုံးလေးများ လွင့်စင်လာကာ ကြောက်မက်ဖွယ် ကောင်းလှသော ပေါက်ကွဲအားကို ပြသနေလေသည်။
မန်ယူ၏ နံပါတ် ၇ ကစားသမားက လျှပ်စီးတန်း တစ်ခုအလား မယုံနိုင်စရာ စည်းချက်များဖြင့် အရှိန်ကုန် ပြေးလွှားနေသည်။
“မြန်လိုက်တာ...”
ချူဖုန်းက သူ့ကို ကြီးမားလှသော အင်အားတစ်ရပ်က ရှေ့သို့ တွန်းပို့နေသကဲ့သို့ ခံစားနေရပြီး သူ၏ နှလုံးခုန်သံများကိုပင် အဝေး၌ ချန်ထားရစ်ခဲ့ပုံရသည်။
လူရောက်လာချိန်တွင် ဘောလုံးလည်း ရောက်လာသည်။
ကန်တေ၏ မျှောထိုးပေးပို့မှုက တိကျလွန်းလှရာ ချူဖုန်း အနေဖြင့် အရှိန်လျှော့ပြီး စောင့်ဆိုင်းနေရန်ပင် မလိုအပ်ချေ။
ဝိုး...
ကွင်းကြီး တစ်ခုလုံး အံ့ဩထိတ်လန့်သံများ၊ အော်ဟစ်သံများ ပေါက်ကွဲထွက်လာပြီး မန်ယူ ပရိသတ်များက လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ အောင်ပွဲခံရန် ပြင်နေကြချိန်တွင် မန်စီးတီး ပရိသတ်များကမူ သူတို့၏ ခေါင်းကို ကိုင်ထားကြလေသည်။
ယှဉ်ကြည့်စရာ မလိုဘဲ အားနည်းချက်က ပေါ်လွင်နေပေသည်။
နောက်ဆုံးထွက်ရှိထားသော FIFA 2020 တွင် ချူဖုန်း၏ အမြန်နှုန်း အဆင့်သတ်မှတ်ချက်မှာ ၉၄ မှတ် ဖြစ်သည်။
လာပေါ့တ်ကရော… ၆၃ မှတ်သာ။
လာပေါ့တ်က ယင်းအတွက် တွစ်တာတွင်ပင် မကျေမနပ် ရေးသားခဲ့သေးသော်လည်း ယခုမူ ထိုသတ်မှတ်ချက်က မှန်ကန်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားခဲ့လေပြီ။
ရှေ့မှ အရှိန်ဖြင့် ပြေးနေသော ချူဖုန်းကို သူ လှမ်းကြည့်လိုက်သည်။ သူ့ကိုယ်သူ လယ်ထွန်စက် အစုတ်ကြီး တစ်စီးလို ခံစားနေရပြီး ချူဖုန်းကတော့ V16 တာဘိုအင်ဂျင်တပ် ပြိုင်ကား တစ်စီး ဖြစ်နေလေသည်။
သူ့ကိုယ်သူ မီးရှို့ပြီး ပြေးရင်တောင်မှ ချူဖုန်းကို အမီလိုက်နိုင်မည် မဟုတ်ချေ။
"ဝှစ်... ဝှစ်... ဝှစ်..."
လာပေါ့တ် အသက်ရှူရန်ပင် အချိန်မရလိုက်ခင်မှာပဲ ချူဖုန်းက သူတို့ကြားရှိ အကွာအဝေးကို ပိုမို၍ ကြီးမားအောင် လုပ်လိုက်သည်။
ယခုဆိုလျှင် လာပေါ့တ်သည် နည်းဗျူဟာအရ ဖောင်းဘော လုပ်ရန် အခွင့်အရေးပင် မရတော့ချေ။
ချူဖုန်းက အရှိန်အပြည့်ဖြင့် ပြေးလွှားနေစဉ် သူ၏ အမြင်အာရုံ စွမ်းရည်များ ပိုမို တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ဥပမာ- အီဒါဆန်၏ ပျံဝဲကာကွယ်မည့် လှုပ်ရှားမှုကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်နေသည်။
ခြေတစ်လှမ်း ရှေ့တိုးသည်။ ဘေးသို့ ရွှေ့သည်။ နောက်တစ်လှမ်း ရှေ့တိုးသည်။ ဘေးသို့ ထပ်ရွှေ့သည်...
ချူဖုန်းက အရှိန်မလျှော့ဘဲ မျက်စိတစ်မှိတ်အတွင်း ယိမ်းထိုးနေသော လှုပ်ရှားမှု သုံးခုကို ဆက်တိုက် လုပ်ဆောင်လိုက်ရာ ယင်းတို့မှာ မြန်ဆန်လွန်းပြီး ပြိုင်ဘက် ဂိုးသမားကို ဖိအားကြီးကြီး ပေးလိုက်၏။
အီဒါဆန်သည် ကမ္ဘာ့အဆင့်မီ ဂိုးသမား ဆိုသည့် ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်လှသည်။ ပထမ အကြိမ်တွင် သူ မယိမ်းယိုင်သွားခဲ့သလို ဒုတိယ အကြိမ်တွင်လည်း ဟန်ချက်ကို ထိန်းထားနိုင်ခဲ့ပြီး တတိယ အကြိမ်မြောက်မှသာ ဘေးသို့ လဲကျသွားခဲ့ခြင်း ဖြစ်သည်။
အီဒါဆန် ရုတ်တရက် အရာတစ်ခုကို သတိရသွားသည်။
ဘောလုံးအသိုင်းအဝိုင်းမှ လူများက ချူဖုန်း၏ လှုပ်ရှားမှုများကို "သေမင်းတမန် ချိန်သီး" ဟု နာမည်ပြောင် ပေးထားကြလေသည်။
သာမန်လူများ မဆိုထားဘိ...။ သာမန် အားကစားသမားများ အတွက်ပင် အရှိန်အဟုန်ဖြင့် ရွေ့လျားနေစဉ် အတွင်း ဤမျှ ကြီးမားသော ချိန်သီးကဲ့သို့ ယိမ်းထိုးမှုများကို လုပ်ဆောင်ခြင်းက ပေါင်ကြွက်သားများ စုတ်ပြဲနိုင်ခြေကို များစွာ မြင့်တက်စေပြီး ဒူးဆစ် အရွတ်များ ပြတ်တောက်နိုင်ခြေလည်း ရှိလေသည်။
ချူဖုန်းက ဒါကို ဘယ်လိုလုပ်နိုင်တာလဲ။
'သောက်ကျိုးနည်း... မိစ္ဆာကောင်ကြီးပဲ...'
အီဒါဆန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ထို့နောက် ဘယ်ဘက်မှနေ၍ ထိုးဖောက်သွားသော ချူဖုန်းကို အကူအညီမဲ့စွာ လှည့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
တကယ်တော့ ချူဖုန်းလည်း သိပ်အခြေအနေ ကောင်းလှသည် မဟုတ်ပေ။ သူ့ဒူးဆီမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး ခုနကတင် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သေးသည်။
သူ့တွင် ဒဏ်ရာနှင့် ရောဂါဘယ ကာကွယ်ရေး မော်ဂျူး ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်လျှင် သူ ဤစွမ်းရည်ကို မကြာခဏ အသုံးပြုရဲမည် မဟုတ်ပေ။
"ရှေ့ကို ပြေးတက်သွားတယ်... ချိန်သီးလို ယိမ်းထိုးသွားတယ်... ပြီးတော့ လွတ်နေတဲ့ ပိုက်ထဲကို အသာလေး သွင်းယူသွားပါပြီဗျာ..."
***