ဂိုး…
"ဒုတိယပိုင်း ၅၄ မိနစ်မှာ မန်ယူတို့ ထပ်မံ ဦးဆောင်သွားပြန်ပါပြီ။ ရှောင်ချူရဲ့ လူစွမ်းကောင်း တစ်ယောက်လို ပေါက်ကွဲအားက မန်စီးတီး ခံစစ်ကို ထိုးဖောက်သွားခဲ့တာပါပဲ”
"ကွင်းထဲမှာ တိုင်းတာထားတဲ့ အမြန်နှုန်း အချက်အလက်ကို ကြည့်လိုက်ရအောင်... တစ်နာရီကို ၃၇.၂၁ ကီလိုမီတာတဲ့ဗျာ..."
"သောက်ရမ်း မိုက်တာပဲဗျာ..."
ကျန်းကျွင်းပင် မနေနိုင်ဘဲ ဆဲဆိုလိုက်မိသည်။
ဤအချက်အလက်က တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။ မီတာ ၁၀၀ ကို ၉.၇ စက္ကန့်နှင့် ညီမျှနေလေသည်။
ဆရာကျန်းလုက မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး အမြန် ရှင်းပြလိုက်သည်။ "ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့... ဒါက ရှောင်ချူရဲ့ အမြင့်ဆုံး အမြန်နှုန်းပါ။ ပျမ်းမျှ အမြန်နှုန်း မဟုတ်ပါဘူး..."
"အဲဒီလိုမှ မဟုတ်ရင် ရှောင်ချူက အပြေးပြိုင်ပွဲတွေ ဝင်ပြိုင်ပြီး အူစိန်ဘော့နဲ့တောင် ယှဉ်ပြိုင်လို့ ရနေပြီပေါ့..."
"အို... ဟုတ်သားပဲ... ဒါပေမဲ့ ရှောင်ချူမှာ အဲဒီ အခွင့်အရေးလည်း မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘော့က အပြေးပြိုင်ပွဲပဲဖြစ်ဖြစ်၊ ဘောလုံးပဲဖြစ်ဖြစ် အားလုံးကနေ အနားယူသွားပြီလေ..."
ဆရာကျန်းလုက ဟာသလေးတစ်ခုပင် ဖောက်လိုက်သေးသည်။
ကင်မရာက စိမ်းလန်းသော ကွင်းပြင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
အသင်းဖော်များ ဝန်းရံနေသည့် ကြားတွင် ချူဖုန်းက သူ့ဒူးကို ဆက်တိုက် ပွတ်သပ်နေသည်။
မက်ဂွိုင်းယားက သွားကျိန်းသလို လုပ်ရင်း "ချူ... မင်းကတော့ သောက်ရူးပဲကွာ။ ငါသာ အဲဒီလို ယိမ်းထိုးလိုက်ရင် ငါ့ရဲ့ အရွတ်တွေ နှစ်ပိုင်းပြတ်သွားလောက်ပြီ..."
"နောက်ဆိုရင် အဲဒါကို တတ်နိုင်သမျှ နည်းနည်းပဲ သုံးပါကွာ။ မင်းက ငယ်သေးတယ်... ခန္ဓာကိုယ်က ဒဏ်ရာတွေ အများကြီး ရနိုင်တယ်..." ဟု မာတစ်က အကြံပေးလိုက်သည်။
ချူဖုန်း ခေါင်းညိတ်လိုက်သည်။
ခေတ်သစ် ဘောလုံးလောကတွင် ရော်နယ်ဒိုနှင့် ဆင်တူသော ဖြစ်ရပ်မျိုး ဘာကြောင့် မပေါ်ပေါက်လာရသနည်း။ ယင်းက သေမင်းတမာန် ချိန်သီး အကွက်ကြောင့်ပင်…။
ယင်းလှုပ်ရှားမှုမှာ ယုတ္တိမတန်လောက်အောင် ခက်ခဲပြီး ကစားသမားအပေါ် ဖိအား အလွန်အမင်း သက်ရောက်စေသောကြောင့် လုပ်နိုင်သူ အလွန် ရှားပါးလှသောကြောင့် ဖြစ်သည်။
တစ်နည်းပြောရလျှင် ချူဖုန်းသည် လှည့်စားမှု တစ်ခု သုံးထားသော လူတစ်ယောက် ဖြစ်နေသဖြင့်သာ ယင်းလှည့်ကွက်ကို လုပ်နိုင်ခြင်း ဖြစ်၏။
မန်ယူအသင်းဘက်မှ စိတ်လှုပ်ရှား ပျော်ရွှင်မှုများနှင့် ယှဉ်လျှင် မန်စီးတီး ကစားသမားများမှာမူ အကူအညီမဲ့နေပုံ ရလေသည်။ ဒီလို လူမျိုးကို သူတို့ ဘယ်လိုများ ခုခံကာကွယ်ရမည်နည်း။
သူတို့ ဦးနှောက်ပွင့်ထွက်မတတ် စဉ်းစားကြသော်လည်း မည်သည့် အကြံဉာဏ်မှ ထွက်မလာခဲ့ပေ။
ဘောလုံးပွဲ တစ်ပွဲသည် မိနစ်ကိုးဆယ်ကျော် ကြာမြင့်လေ့ရှိပြီး အသင်းတစ်သင်း အခွင့်အရေး မည်မျှ ဖန်တီးနိုင်သနည်း ဆိုသည်မှာ သူတို့၏ စုစုပေါင်း အင်အားအပေါ် လုံးဝ မူတည်လေသည်။
ကစားသမား တစ်ဦး အခွင့်အရေး မည်မျှ ဆုပ်ကိုင်နိုင်သနည်း ဆိုသည်မှာမူ သူတို့၏ စွမ်းရည်အပေါ် မူတည်လေသည်။
ချူဖုန်း နေရာတွင်သာ လူကာကူ ဖြစ်နေမည် ဆိုပါက မန်ယူတို့ ၂-၁ ဖြင့် ဦးဆောင်နိုင်ရန် မပြောနှင့်။ ၀-၁ ဖြင့် အရေးမနိမ့်နေသည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။
ယခုအချိန်၌ ဂွါဒီယိုလာ၏ ခံစားချက်မှာလည်း မန်စီးတီး ကစားသမားများနှင့် အတူတူပင် ဖြစ်သည်။
ဒီဂိုး ခွင့်ပြုလိုက်ရတာ ခံစစ် ညံ့လို့လား။
မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် ချူဖုန်းကို တားဆီးချင်ပါက အမြဲတမ်း ခံစစ်ချည်းပဲ ကစားနေ၍ မဖြစ်သောကြောင့်ပင်…။
ကွင်းလယ်ခံစစ်က အရေးကြီးသည်။
သို့သော် ပြဿနာဟောင်းကြီးက ရှိနေဆဲပင်။ ဂန်ဒိုဂန်၏ ခွန်အားက လုံလောက်မှု မရှိချေ။
ရိုဒရီကို သူ ရအောင် ယူမှ ဖြစ်တော့မည်။
ဂွါဒီယိုလာက မည်သည့်တန်ဖိုး ပေးရပါစေ ရိုဒရီကို ခေါ်ယူရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။
တစ်ဖက်ရှိ မော်ရင်ညိုမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
ချူဖုန်း၏ သွင်းဂိုးများကို သူ အကြိမ် တစ်ရာ၊ တစ်ထောင် ကြည့်ရလျှင်ပင် ငြီးငွေ့မည် မဟုတ်ချေ။
တစ်ခါတစ်ရံတွင် သူ၏ ကံကြမ္မာက အတိုင်းအဆမရှိ ကောင်းမွန်လွန်းသည်ဟု သူ တကယ်ကို ခံစားမိလေသည်။ သို့မဟုတ်လျှင် ချူဖုန်းကဲ့သို့သော ကစားသမားမျိုးကို သူ ဘယ်လိုလုပ် ဆုံတွေ့နိုင်မည်နည်း။
"လုခ်ရှောနဲ့ မက်တော်မီနေးကို သွေးပူလေ့ကျင့်ခန်း ဆင်းခိုင်းလိုက်။ ခဏနေရင် ငါတို့ ခံစစ်ကို အားဖြည့်ရမယ်..."
မော်ရင်ညိုက အောင်ပွဲခံနေသော ဖာရီယာကို လှမ်းအော်လိုက်သည်။ မန်ယူတို့ လက်ရှိတွင် ဦးဆောင်နေသော်လည်း ဂွါဒီယိုလာ၌ အရန် အစီအစဉ် ရှိနေသေးသည်ကို မော်ရင်ညို သိထားသည်။
ဤသည်ကား ဆာနေး…။
ဂျာမန် တောင်ပံ ကစားသမားမှာ မယုံနိုင်လောက်အောင် အင်အားကြီးမားပြီး အခွင့်အရေးများကို ဆုပ်ကိုင်နိုင်စွမ်းလည်း ကောင်းမွန်လေသည်။ သူက စတာလင်းလိုမျိုး ပျော်ပျော်ပါးပါး ဘောလုံးကစားနည်းမျိုးကို ကစားသူ မဟုတ်ပေ။
မာရက်ဇ် မရှိသဖြင့် ညာဘက်တောင်ပံတွင် မန်ယူ၏ တိုက်စစ် အရှိန်အဟုန်မှာ လုံလောက်မှု မရှိဘဲ ခံစစ်ပိုင်းတွင်လည်း ဝမ်-ဘစ်ဆာကာကိုသာ အားကိုးနေရသဖြင့် သူတို့ ဖိအားပေး ခံရနိုင်ခြေ အလွန် များပြားလေသည်။
ထင်ထားသည့် အတိုင်းပါပင်…။
ပွဲပြန်စပြီး မကြာမီမှာပင် ဂွါဒီယိုလာက အပြောင်းအလဲများ ပြုလုပ်လိုက်လေသည်။
စတာလင်း၏ နေရာတွင် ဆာနေး ဝင်လာပြီး ဂန်ဒိုဂန်၏ နေရာတွင် ဖာနန်ဒင်ဟို ဝင်ရောက်လာလေသည်။
"မန်စီးတီးတို့ တောင်ပံတွေကနေ တိုက်စစ်ဆင်နေပါတယ်... ဒီဘရိုင်းက ဘယ်ဘက်ခြမ်းကို အဝေးပေးပို့မှု တစ်လုံး လုပ်လိုက်ပြီး ဆာနေးက အရှိန်ကုန် ပြေးထွက်သွားပါပြီ..."
"သူက ဘောလုံးကို ဂိုးပေါက်ရှေ့ကို မြေပြင်အပြေး ဖြတ်တင်ပေးလိုက်ပါတယ်..."
"လှလိုက်တာဗျာ... မက်ဂွိုင်းယားရဲ့ အရေးပါတဲ့ ဖျက်ထုတ်မှုကြောင့်သာ အဂူရို အခွင့်အရေး မရသွားခဲ့တာပါ..."
"မန်ယူ ခံစစ်ပိုင်းက တစ်ရာသီလုံး အတွေ့အကြုံတွေ ယူပြီးတဲ့နောက်မှာ တော်တော်လေး ရင့်ကျက် တည်ငြိမ်လာခဲ့ပါပြီ... အထူးသဖြင့် မက်ဂွိုင်းယားပေါ့..."
ကျန်းကျွင်းက ချီးကျူးစကား ဆိုလိုက်သည်။
ဆရာကျန်းလုကလည်း ခေါင်းညိတ် ထောက်ခံရင်း "ဒီခေါင်းကြီးက ကံကောင်းမယ့် ပုံစံမျိုးဗျ။ ကျွန်တော်တို့ဆီက စကားနဲ့ ပြောရရင် ကံကြမ္မာကောင်းတွေနဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်ပေါ့..." ဟု ဆိုလိုက်သည်။
'ခေါင်းကြီးရင် ကံကြီးတယ်... မိုးရွာရင်တောင် ထီးဆောင်းစရာ မလိုဘူး...' ဆိုသည့် စကားပုံလည်း ရှိသည် မဟုတ်ပါလား…။
မန်ယူတို့သည် မက်ဂွိုင်းယားကို လက်စတာစီးတီးမှ ခေါ်ယူရန်အတွက် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ရပြီး ပေါက်ဈေးထက်ပင် ပိုပေးခဲ့ရသေးသည်။
ကံကောင်းထောက်မစွာဖြင့် ခေါင်းကြီး မက်ဂွိုင်းယားသည် မျှော်လင့်ထားသည့်အတိုင်း ခြေစွမ်း ပြနိုင်ခဲ့ပြီး အသင်းတွင် ပွဲထွက်ခွင့် နေရာတစ်ခုကို တဖြည်းဖြည်း ခိုင်မာစွာ ရယူနိုင်ခဲ့ကာ ဒေးဗစ်လူးဝစ်နှင့် သူ၏ တွဲဖက် ကစားပုံမှာလည်း တော်တော်လေး အချိတ်အဆက် မိလှပေသည်။
တစ်ခါတစ်ရံ သူက ရူးကြောင်ကြောင် လုပ်ရပ်မျိုးတွေ လုပ်တတ်ပြီး သာမန်လူတွေ မမျှော်လင့်ထားတဲ့ အမှားမျိုးတွေ လုပ်တတ်သေးပေမဲ့လည်းပေါ့။
သို့သော် အနည်းဆုံးတော့ သူ၏ တန်ကြေးနှင့် ထိုက်တန်အောင် ကစားပြနိုင်သေးသည်။
"ဟယ်ရီ... မင်း လှည့်တဲ့ အမြန်နှုန်းက တော်တော် တိုးတက်လာတယ်နော်။ ခိုးပြီး ကျင့်နေတာလား..."
ချူဖုန်းက နောက်ပြောင်လိုက်သည်။
ထိုအကြောင်းကို ပြောလိုက်သည်နှင့် မက်ဂွိုင်းယား၏ မျက်နှာက ရှုံ့မဲ့သွားပြီး "ငါ့အဆီတွေ ၂ ကီလိုလောက်တောင် ကျသွားတာကွ... မမြန်ဘဲ နေမလား..." ဟု ညည်းတွားလိုက်သည်။
ခန္ဓာကိုယ်မှ အဆီပိုများကို ချရန်အတွက် သူသည် မကြာသေးမီက နေ့စဉ် သွေးပူ လေ့ကျင့်ခန်းများကို အချိန်ပို လုပ်ဆောင်နေခဲ့ရသည်။ ထို့အပြင် သူ၏ ကိုယ်အလေးချိန် အလွန်အမင်း များပြားနေမှုကြောင့် သူ၏ ဒူးဆစ်များကို ကာကွယ်ရန် အချိန်ကြာမြင့်စွာ ပြေးလွှားခြင်းမျိုးကို မလုပ်ဆောင်နိုင်ပေ။
ရေကူးခြင်း... စက်ဘီးစီးခြင်း...
နေ့တိုင်း သူက မတူညီသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်နေရသည်။
၁၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိသော ယောက်ျားတစ်ယောက် အတွက်တော့ အဆီချရသည့် ကိစ္စမှာ အလွန်အမင်း ပင်ပန်းဆင်းရဲလှပေသည်။
"မင်းလိုမျိုး ခန္ဓာကိုယ် ကျစ်လျစ်နေရင် သိပ်ကောင်းမှာပဲကွာ..."
မက်ဂွိုင်းယားက အနည်းငယ် မနာလိုစွာဖြင့် ပြောလိုက်သည်။
"မင်းကတော့ နောက်နေပြန်ပြီ..."
ချူဖုန်းက လက်ကာပြလိုက်သည်။ "ငါ့မှာ နေ့တိုင်း သတ်မှတ်ထားတဲ့ လမ်းညွှန်တွေ အတိုင်း အတင်း စားနေရတာ... အန်တောင် အန်ထွက်ချင်တယ်..."
မည်မျှပင် ကောင်းမွန်သော အာဟာရပြည့် အစားအစာ ဖြစ်နေပါစေ… အခြေခံ ကုန်ကြမ်းတွေက ဒါတွေပဲမို့ အရသာ ရှိလာမည် မဟုတ်ချေ။
ဥပမာအားဖြင့် ကြက်ရင်အုံသား၊ ပန်းဂေါ်ဖီစိမ်းနှင့် ခေါက်ဆွဲပြုတ်တို့က ဟမ်ဘာဂါနှင့် သိုးသားကင်လောက် မည်ကဲ့သို့ အရသာ ရှိနိုင်မည်နည်း။
ထိုသို့သော မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမျိုးကို ဆယ်နှစ်တိတိ ထိန်းသိမ်းထားနိုင်ခြင်းမှာ ကစားသမား အများစု လုံးဝ မလုပ်နိုင်သည့် အရာပင် ဖြစ်သည်။ လူစားလဲနေစဉ်အတွင်း သူတို့နှစ်ယောက် မိနစ်အနည်းငယ်ခန့် စကားစမြည် ပြောပြီးနောက် ပွဲအပေါ်သို့ အာရုံ ပြန်လည် စူးစိုက်လိုက်ကြသည်။
"ဒုတိယပိုင်း ၆၄ မိနစ်မှာ မော်ရင်ညိုက လူစားလဲမှုတွေ စလုပ်လာပါပြီ... ဟာရဲရား နေရာမှာ မက်တော်မီနေး ဝင်လာပြီး အက်ရှလေယန်း နေရာမှာ လုခ်ရှော ဝင်လာပါတယ်..."
"ကစားဟန် တူညီတဲ့ ကစားသမားချင်း လူစားလဲတာကလည်း မော်ရင်ညိုရဲ့ အကျင့်ပါပဲ။ ဦးဆောင်ဂိုး ရပြီးတာနဲ့ သူက နောက်တန်း ခံစစ်ကို အရင်ဆုံး အားဖြည့်တတ်ပြီး အဲဒီကနေမှ အမြန် တန်ပြန်တိုက်စစ် ဆင်ဖို့ အခွင့်အရေး ရှာလေ့ရှိပါတယ်..."
"ဒါ့အပြင် ရှောင်ချူရဲ့ တိုက်စစ်ပိုင်း ထိရောက်မှုကြောင့် မန်ယူရဲ့ တန်ပြန်တိုက်စစ်က တော်တော်လေးကို ထက်မြက်ပါတယ်။ မန်ယူရဲ့ ဒီလို ရိုးရှင်းတဲ့ ကစားကွက်အောက်မှာ ထိပ်တန်း အသင်းပေါင်းများစွာ အသက်ပျောက်ခဲ့ရပြီးပါပြီ..."
ပွဲချိန် မိနစ် ၃၀ ခန့်သာ ကျန်ရှိတော့ပြီး နေရောင်ခြည်က ပွဲစစချင်းတုန်းကလောက် မပြင်းထန်တော့ပေ။
ချူဖုန်း ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး မည်းမှောင်နေသော တိမ်တိုက်တစ်ခုလောက်သာ ရှိနေလျှင် ကစားရတာ တော်တော်လေး သက်တောင့်သက်သာ ရှိသွားမည်ဟု တွေးလိုက်မိသည်။
***