သူ နိုးလာသည့်အချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်နေပြီဖြစ်သည်။ "ငါ အိပ်လို့ တကယ်ကို ကောင်းတာပဲ" ကျန်းယွီဟယ်က ခုံတန်းလျားပေါ်မှ ထရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ "တစ်ယောက်ယောက်များ စာပြန်ထားလား ကြည့်ရအောင်" ကောင်းကင်ပိုက်ကွန်သို့ သူ လော့ဂ်အင် ဝင်လိုက်သည်။ "အာ.. ဘာတွေ ဖြစ်ကုန်တာလဲ" ကောင်းကင်ပိုက်ကွန်စာမျက်နှာသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ပို့စ်များကိုပင် မစစ်ဆေးရသေးမီ ကောင်းကင်ပိုက်ကွန်၏ ထိပ်ဆုံးတွင် အနီရောင်ဖြင့် ရေးသားထားသော ကြေညာချက်ကြီးတစ်ခုကို ကျန်းယွီဟယ် မြင်လိုက်ရသည်။ [ ပင်လယ်ပြင်ပိတ်ပင်မှု ကြေညာချက် ] ကျန်းယွီဟယ်က ကြေညာချက်ကို နှိပ်၍ ဝင်ကြည့်လိုက်သည်။ [ မကြာသေးမီက အရှေ့တရုတ်ပင်လယ်ပြင်တွင် လက်ရှစ်ဖက်ပါရှိသော ဧရာမ ရေသတ္တဝါ သားရဲနတ်ဆိုးကြီးတစ်ကောင် ပေါ်လာခဲ့သည်။ထိုနတ်ဆိုးက ဖြတ်သန်းသွားလာနေသော သင်္ဘောများနှင့် လူများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ မဟာမိတ်အဖွဲ့က အမဲလိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ရသည်။ ပင်လယ်သားရဲနတ်ဆိုးကို အပြီးတိုင် ရှင်းလင်းပြီး ကမ္ဘာဂြိုဟ်၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ပူးပေါင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ စစ်ဆင်ရေး မပြီးဆုံးမချင်း တာအိုမိတ်ဆွေများအားလုံး သက်ဆိုင်ရာ ပင်လယ်ပြင်နယ်မြေအတွင်းသို့ မသွားရောက်ကြရန် အကြံပြုအပ်ပါသည်။ ] ထိုကြေညာချက်နှင့်အတူ တားမြစ်ထားသော ပင်လယ်ပြင်နယ်မြေကို ရှင်းလင်းစွာ အမှတ်အသားပြုထားသည့် ရေကြောင်းပြမြေပုံတစ်ခုလည်း ပါဝင်သည်။ ကြေညာချက်ကို ဖတ်ပြီးနောက် ကျန်းယွီဟယ်က သူ၏မေးစေ့ကို မသိမသာ ပွတ်သပ်လိုက်သည်။ "ကမ္ဘာဂြိုဟ် မသေမျိုးကျင့်ကြံခြင်း မဟာမိတ်အဖွဲ့က အားနည်းလွန်းတယ်…ရေသတ္တဝါလေး တစ်ကောင်ကိုတောင် မဖြေရှင်းနိုင်လို့ ဗုံးသုံးရမယ်ဆိုတာကတော့ နည်းနည်း လွန်လွန်းနေပြီ" သူ သိထားသလောက်ဆိုလျှင် အမြန်ဆုံး တိုးတက်နေသော ကျင့်ကြံသူပင်လျှင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာဂြိုဟ်ပေါ်တွင် ပေါ်လာသော သားရဲနတ်ဆိုးများမှာ အများအားဖြင့် ပထမအဆင့် သားရဲနတ်ဆိုးများသာ ဖြစ်သည်။ လော့ဂ်အောက် လုပ်ပြီးနောက် ကျန်းယွီဟယ်က ကမ္ဘာဂြိုဟ်၏ အဓိက တောင်တန်းကြီးများဆီသို့ တစ်ခါတစ်ရံ သွားရောက်ကင်းလှည့်လေ့ရှိသော်လည်း အထူးတလည် အားကောင်းလွန်းသည့် သားရဲနတ်ဆိုးများကို မတွေ့ခဲ့ရပေ။ ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့၏ အင်အားနှင့်ဆိုပါက ကမ္ဘာဂြိုဟ်ပေါ်ရှိ သားရဲနတ်ဆိုးများကို ဖြေရှင်းရန်မှာ ပြဿနာမရှိနိုင်ပေ။ သူတို့ မနိုင်နိုင်သော သားရဲနတ်ဆိုးက အဘယ့်ကြောင့် ပေါ်လာရသနည်း။
“တကယ်ပဲ လက်နက်ကြီးတွေ သုံးဖို့ လိုလို့လား…” သို့သော်လည်း ကျင့်ကြံသူများ၏ နတ်ဘုရားသန္ဓေအဆင့်နှင့် ညီမျှသော စတုတ္ထအဆင့် သားရဲနတ်ဆိုးမျိုးနှင့် မတွေ့သရွေ့တော့ ထိုလက်နက်ကြီးများ၏ စွမ်းအားက အမှန်ပင် လုံလောက်မှုရှိပါသည်။ အဆင့်လေးအောက် သားရဲနတ်ဆိုး မှန်သမျှ လက်နက်ကြီးနှင့် ထိပ်တိုက်ထိမှန်ပါက သေချာပေါက် သေဆုံးမည်သာ ဖြစ်သည်။ "ငါ သွားကြည့်လိုက်မယ် အရမ်း မဝေးလောက်ဘူးလို့ မျှော်လင့်တာပဲ" ကျန်းယွီဟယ်က မျက်လုံးများကို မှိတ်ကာ သူ၏ နတ်ဘုရားအာရုံကို အပြည့်အဝ ဖွင့်လှစ်လိုက်ပြီး ပင်လယ်ပြင်ဆီသို့ ဖြန့်ကြက်လိုက်သည်။ "ဪ.. ဒါက တတိယအဆင့် အထွတ်အထိပ် ရေသတ္တဝါ သားရဲနတ်ဆိုးကိုး။ ဒီလူတွေ မဖြေရှင်းနိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး" တတိယအဆင့် အထွတ်အထိပ် သားရဲနတ်ဆိုးက ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်းအဆင့်နှင့် ညီမျှပြီး သမုဒ္ဒရာအလယ်တွင် ရှိနေခြင်းက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းရန် အမှန်ပင် ခက်ခဲလွန်းလှပေသည်။ ကျန်းယွီဟယ်က လက်တစ်ချောင်းကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ ထို့နောက် ဓားအလင်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားကာ မိုင်ထောင်ချီဝေးကွာသော ပင်လယ်ပြင်ထက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွား၏။ ရွှစ်။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော ဓားအလင်းက အောက်သို့ ခုတ်ပိုင်းချလိုက်ရာ ပင်လယ်ပြင်ကြီးမှာ နှစ်ခြမ်းကွဲသွားလေသည်။ ကြောက်မက်ဖွယ် ဓားအလင်းက ပင်လယ်ကြမ်းပြင်တွင်ပင် နက်ရှိုင်းသော မြောင်းကြီးတစ်ခုကို ထွင်းဖောက်သွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ပင်လယ်ပြင်က တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပြီး ထက်ပိုင်းပြတ်နေသော ဧရာမ လက်ရှစ်ဖက် ရေသတ္တဝါကြီး၏ အလောင်းက ပင်လယ်မျက်နှာပြင်ပေါ်သို့ ဖြည်းညင်းစွာ ပေါ်လာသည်။ "ဒီရေသတ္တဝါကို သွားကြည့်ရမယ်…ဘာလို့ ဒီလောက်မြန်မြန် ဆင့်ကဲပြောင်းလဲလာရတာလဲ…တစ်နှစ်ပဲ ရှိသေးတယ် စတုတ္ထအဆင့်ကိုတောင် ရောက်လုနီးပါး ဖြစ်နေပြီ" ကျန်းယွီဟယ်က လေပေါ်သို့ ပျံတက်လိုက်သည်။ သူ၏ ပုံရိပ်က နတ်ဘုရားတစ်ပါး ပျံသန်းနေသကဲ့သို့ ကျက်သရေရှိလှပြီး ပင်လယ်ပြင်ဆီသို့ အလျင်အမြန် ပျံသန်းသွားလေသည်။ အချိန်မကြာမီမှာပင် မိုင်ပေါင်းများစွာ ရှည်လျားသော ဧရာမ ရေသတ္တဝါကြီး၏ အလောင်းကို သူ မြင်လိုက်ရသည်။ ကျန်းယွီဟယ်က ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ ရေသတ္တဝါကြီး၏ ခန္ဓာကိုယ်ထဲမှ ကြည်လင်တောက်ပနေသော ပုလဲတစ်လုံး ထွက်ပေါ်လာသည်။ "ဒါက ဝိညာဉ်ပုလဲ ဖြစ်နေတာကိုး…ဒီရေသတ္တဝါက အဲ့ဒီလောက် မြန်မြန် ဆင့်ကဲပြောင်းလဲလာတာ အံ့သြစရာမရှိတော့ပါဘူး" ဝိညာဉ်ချီပုလဲဟုလည်း လူသိများသော ဝိညာဉ်ပုလဲသည် ဝိညာဉ်ကြောမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန် ရှားပါးသော ကျင့်ကြံခြင်းဆိုင်ရာ ရတနာတစ်ပါး ဖြစ်သည်။ အကယ်၍ ဝိညာဉ်ပုလဲကို ကိုယ်နှင့်မကွာ ဆောင်ထားပါက ဝိညာဉ်ချီများ ခန္ဓာကိုယ်ထဲသို့ အစဉ်အမြဲ စီးဝင်နေသကဲ့သို့ ဖြစ်စေပြီး မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော နှုန်းဖြင့် လှုံ့ဆော်ပေးနိုင်ပေသည်။ ဝိညာဉ်ပုလဲက အဆင့်နိမ့် ကျင့်ကြံသူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိပြီး ကျန်းယွီဟယ်ကဲ့သို့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အသုံးမဝင်ပေ။ ဝိညာဉ်ပုလဲက သူ့အတွက် အသုံးမဝင်လှဘဲ မရှိလည်း ဖြစ်သည့် အရာတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ရေဘဝဲကြီးကတော့ စာအုပ်ထဲမှ ဇာတ်လိုက်တစ်ယောက်လိုပင် အလွန် ကံကောင်းခဲ့သည်။ ဝိညာဉ်စွမ်းအားများ ပြန်လည်နိုးထလာချိန်တွင် ရတနာကြီးတစ်ခုကို ရရှိခဲ့ပြီးနောက် သူ့ကိုယ်သူ အလျင်အမြန် ကျင့်ကြံကာ ကမ္ဘာပေါ်တွင် ရှေ့ပြေးနေခဲ့သည်။ သို့ရာတွင် အမြဲတမ်း ပိုတော်သော သူများ ရှိစမြဲပင်။ ကမ္ဘာဂြိုဟ်ပေါ်တွင်လည်း ကျန်းယွီဟယ်ကဲ့သို့ ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းရည်ရှိသူ တစ်ယောက် ရှိနေခဲ့သည်။ ထိုသို့မဟုတ်ပါက ကမ္ဘာဂြိုဟ်ပေါ်တွင် သားရဲနတ်ဆိုးများ၏ လှိုင်းတံပိုးကြီးတစ်ခု ပေါ်ပေါက်လာနိုင်ပေသည်။ ဝိညာဉ်ပုလဲကို သိမ်းဆည်းပြီးနောက် ကျန်းယွီဟယ်က အိမ်သို့ အမြန် ပြန်လာခဲ့သည်။ ထိုအချိန်တွင် ဝမ်ကျင်းမြို့ရှိ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ ဌာနချုပ်၏ အစည်းအဝေးခန်းမအတွင်းရှိ လေထုကတော့ လေးနက်တည်ငြိမ်နေခဲ့သည်။ ဧရာမ ကမ္ဘာ့မြေပုံကြီးရှေ့တွင် လူတိုင်းက တစ်စုံတစ်ရာကို တိတ်ဆိတ်စွာ ဆွေးနွေးနေကြသည်။ ရုတ်တရက် ခိုင်မာပြတ်သားသော အကြည့်များရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဝင်လာသည်။ သူက မြေပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူတိုင်းကို ပြောလိုက်သည်။ "တာအိုမိတ်ဆွေတို့" "စခန်းက အတည်ပြုပြီးပြီလား…ပစ်မှတ်ကို လော့ခ်ချထားပြီးပြီလား" သပ်ရပ်သော ယူနီဖောင်းဝတ် လူငယ်တစ်ဦးက အလျင်အမြန် မတ်တတ်ရပ်ကာ ပြန်ဖြေလိုက်သည်။ "ဥက္ကဋ္ဌကြီး စခန်းက ခုလေးတင် အကြောင်းပြန်ပါတယ်။ သူတို့ ပစ်မှတ်ကို လော့ခ်ချထားပြီးပြီဖြစ်လို့ ရေသတ္တဝါဆီ ဒုံးကျည်တွေ ပစ်လွှတ်ဖို့ အမိန့်ကိုပဲ စောင့်နေတာပါတဲ့" ထိုစကားကို ကြားပြီးနောက် လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ကျယ်လောင်စွာ ကြေညာလိုက်သည်။ "တာအိုမိတ်ဆွေတို့... ကျွန်တော်တို့ စတင်ထွက်ခွာမယ်။ သားရဲနတ်ဆိုးတွေက အန္တရာယ်ကို အလွန် အာရုံခံနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဒုံးကျည်တွေ ထိပ်တိုက်ထိဖို့ အခွင့်အရေးက နည်းပါးတယ်။ အလွန်ဆုံးဖြစ်လှ ရေသတ္တဝါကို ဒဏ်ရာရရုံပဲ တတ်နိုင်မှာမို့ အဆုံးမှာတော့ ကျွန်တော်တို့ကိုယ်တိုင် ဝင်ပါရဖို့ များတယ်" လူလတ်ပိုင်းအမျိုးသားက စကားပြောပြီးနောက် လူတိုင်းကို အစည်းအဝေးခန်းမထဲမှ ခေါ်ထုတ်သွားလေသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ် နည်းပညာရှင်တစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။ "ခဏနေပါဦး အဲဒါ ဘာကြီးလဲ ကြည့်ကြပါဦး" အဖြူရောင်ဝတ် နည်းပညာရှင်က စခရင်ကို အမြန်ပြောင်းလိုက်ရာ စခရင်ပေါ်ရှိ ကမ္ဘာဂြိုဟ်မြေပုံက ဂြိုဟ်တုဓာတ်ပုံတစ်ပုံအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ လူတိုင်းက ဂြိုဟ်တုဓာတ်ပုံများကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် အံ့သြမှင်တက်စွာ စိုက်ကြည့်နေမိကြသည်။ ဂြိုဟ်တုပုံရိပ်တွင် ထက်ပိုင်းပြတ်နေသော ဧရာမ လက်ရှစ်ဖက် ရေသတ္တဝါကြီးက ပင်လယ်မျက်နှာပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ "ဘာတွေ ဖြစ်သွားတာလဲ။ ရေသတ္တဝါကြီး သေသွားပြီလား" "ဘယ်သူက သူ့ကို သတ်လိုက်တာလဲ" လူတိုင်းက မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ လူလတ်ပိုင်းအမျိုးသားက ဂြိုဟ်တုဓာတ်ပုံများကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် အတန်ကြာသောအခါ အဖြူရောင်ဝတ် နည်းပညာရှင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "တခြား ဂြိုဟ်တုပုံရိပ်တွေရော ရှိသေးလား" "ရှိပါတယ် ရေသတ္တဝါကို ခြေရာခံဖို့အတွက် ကျွန်တော်တို့ ဂြိုဟ်တုအများအပြားကို သုံးခဲ့တာမို့ အဖြစ်အပျက်မတိုင်ခင်နဲ့ နောက်ပိုင်း လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားပါတယ်" နည်းပညာရှင်က စကားပြောပြီးသည်နှင့် ကီးဘုတ်ပေါ်တွင် အလျင်အမြန် ရိုက်နှိပ်လိုက်ရာ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်ပုံဖော်ရန်အတွက် ဂြိုဟ်တုဓာတ်ပုံ အမြောက်အများကို လျင်မြန်စွာ ဆက်စပ်ပေးလိုက်သည်။ ဂြိုဟ်တုဓာတ်ပုံများမှ ပြန်လည်တည်ဆောက်ထားသော ပုံရိပ်များကို မြင်လိုက်ရသောအခါ လူတိုင်း လုံးဝ အံ့သြမှင်တက်သွားကြသည်။ ရွှစ်။ အရှေ့အရပ်မှ ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး ပင်လယ်မျက်နှာပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ခဏအကြာတွင် အခြားပုံရိပ်တစ်ခု ပင်လယ်ပြင်ပေါ်တွင် ပေါ်လာသည်။ ထိုသူက ပင်လယ်ပြင်ပေါ်တွင် ခဏမျှသာ နေခဲ့ပြီး ရေသတ္တဝါဆီမှ တစ်စုံတစ်ခုကို ယူဆောင်သွားပုံရကာ အဝေးသို့ ပျောက်ကွယ်သွားလေသည်။ သို့သော်လည်း ထိုပုံရိပ်က အလွန် မှုန်ဝါးနေပြီး နည်းပညာရှင်များက ဂြိုဟ်တုဓာတ်ပုံများကို မည်မျှပင် ချဲ့ကြည့်စေကာမူ ထိုသူ၏ တိကျသော ရုပ်သွင်ကို သဲကွဲစွာ မမြင်ရပေ။ "ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ" "ငါတို့လည်း မသိဘူး... ယွီဖန်ကောင်းကင်ဘုံမှာ နတ်ဘုရားသန္ဓေအဆင့် ကျင့်ကြံသူကို ငါ မြင်ဖူးတယ်။ သူတို့ လှုပ်ရှားရင်တောင် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ဒီလူလောက် အားမကောင်းလွန်းဘူး" "သူက နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေမလား" "မဖြစ်နိုင်တာ ယွီဖန်ကောင်းကင်ဘုံက ဖွင့်ထားတာ တစ်နှစ်ပဲ ရှိသေးတယ်။ တစ်ယောက်ယောက်က နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်အထိ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ" "ဒါဆို ဘာတွေဖြစ်နေတာလဲ ပြောပြစမ်းပါ…ကမ္ဘာဂြိုဟ်ပေါ်မှာ ရှေးဟောင်း နတ်ဘုရားတွေ တကယ်ပဲ တည်ရှိနေခဲ့တာများလား" "အဓိပ္ပာယ်မရှိတာ။ ဝိညာဉ်စွမ်းအားတွေ ပြန်လည်နိုးထလာကတည်းက လူတိုင်း ကမ္ဘာဂြိုဟ်ရဲ့ နေရာအနှံ့ကို ရှာဖွေခဲ့ကြပေမယ့် ဘယ်နတ်ဘုရားတွေ တည်ရှိခဲ့ဖူးတယ်ဆိုတဲ့ အရိပ်အယောင်မှ လုံးဝ မတွေ့ခဲ့ရဘူး" လူလတ်ပိုင်းအမျိုးသားက လူအုပ်ကြီး၏ ဆွေးနွေးမှုများကို နားထောင်ရင်း သူ့ရှေ့ရှိ ဂြိုဟ်တုဓာတ်ပုံကို ငေးမောကြည့်နေမိသည်။ အတန်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ "နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတောင်မှ အဲ့ဒီလောက် အားမကောင်းလွန်းဘူး။ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လှုပ်ရှားတာကို အရင်က ကျွန်တော် မြင်ဖူးတယ်... ဒါက နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ထက်တောင် ကျော်လွန်နေပြီ။ လုံးဝကို မဖြစ်နိုင်ဘူး" လူအုပ်ကြီးက သူတို့အချင်းချင်း ဆွေးနွေးခဲ့ကြသော်လည်း ကောက်ချက်တစ်ခုကိုတော့ မချနိုင်ခဲ့ကြပေ။ သူတို့က ယွီဖန်ကောင်းကင်ဘုံတွင် နှစ်တစ်ရာကျော် ကြာအောင် နေခဲ့သော်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုကဲ့သို့သော မြင်ကွင်းမျိုး ကမ္ဘာဂြိုဟ်၏ သမုဒ္ဒရာပြင်ထက်တွင် တကယ်တမ်း ဖြစ်ပေါ်လာနိုင်သည်ဟူသောအချက်က အလွန် လက်တွေ့မဆန်သကဲ့သို့ ခံစားရသည်။ "ဒီလူက ဘယ်သူဖြစ်နိုင်မလဲ။ ရှေးဟောင်း နတ်ဘုရားမရှိဘူးဆိုရင် သူက ကစားသမားတစ်ယောက်များ ဖြစ်နေမလား" "လုံးဝ မဖြစ်နိုင်ဘူး ကစားသမားတစ်ယောက်ရဲ့ ကျင့်ကြံနှုန်းက အဲ့ဒီလောက် မမြန်နိုင်ဘူး" ရုတ်တရက် တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီလူက ယွီဖန်ကောင်းကင်ဘုံက အစွမ်းထက်တဲ့ ဒေသခံတစ်ယောက်များ ဖြစ်နေမလားလို့ မင်းတို့ တွေးမိလား" ထိုစကားကြောင့် လူတိုင်း တုန်လှုပ်အံ့သြသွားကြလေတော့သည်။
***