ဝမ်ကော်ဖုန်း ဝင်လာသည်ကို မြင်သောအခါ ကျန်းယွီဟယ်က နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ "လာပါ.. လာပါ.. ထိုင်ပြီး လက်ဖက်ရည် တစ်ခွက်လောက် သောက်ပါဦး။ ဒီက လက်ဖက်ရည်က တော်တော်လေး ကောင်းတယ်။ စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေတဲ့အပြင် ကျင့်ကြံခြင်းအတွက်လည်း အကျိုးကျေးဇူး အတိုင်းအတာတစ်ခုအထိ ရှိတယ်ဗျ" စကားပြောပြီးနောက် ကျန်းယွီဟယ်က လက်ဖက်ရည်ခွက်ကို ယူကာ ဝမ်ကော်ဖုန်းအတွက် ငဲ့ပေးလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ကမ္ဘာဂြိုဟ် မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ ဝမ်ကော်ဖုန်းကို ပထမဆုံးအကြိမ် အပြင်တွင် မြင်လိုက်ရချိန်၌ ကျန်းယွီဟယ် အနည်းငယ် အံ့သြသွားခဲ့သည်။ အရင်က ဝမ်ကော်ဖုန်း၏ ဓာတ်ပုံများကိုသာ သူ မြင်ဖူးခဲ့ပြီး မသေမျိုးကျင့်ကြံသူကို အပြင်တွင် တစ်ခါမှ မဆုံဖူးခဲ့ပေ။ အချက်အလက်များအရ ခန့်မှန်းရလျှင် ဝမ်ကော်ဖုန်းသည် ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ယွီဖန်ကောင်းကင်ဘုံ ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ကျော်သာ ရှိသေးသည်။ အကယ်၍ ယွီဖန်ကောင်းကင်ဘုံသို့ နေ့စဉ်မပျက်မကွက် ဝင်ရောက်ခဲ့မည်ဆိုလျှင်တောင် ကျင့်ကြံခဲ့သည်မှာ ရာစုနှစ်တစ်ခုသာ ရှိဦးမည်ဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင်း ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းက ဤအမြန်နှုန်းသည် အလွန်မြန်ဆန်သည်ဟု ဆိုရမည်။ တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းတပည့် အများစု၏ ကျင့်ကြံနှုန်းကပင် ဤမျှလောက် မမြန်ဆန်လှပေ။ သတိပြုရမည့်အချက်မှာ ကမ္ဘာဂြိုဟ်မှ ကစားသမားများသည် ယွီဖန်ကောင်းကင်ဘုံသို့ ဝင်ရောက်လာချိန်တွင် မည်သည့် အခြေခံအုတ်မြစ်မှ မရှိခဲ့ကြပေ။ သူတို့တွင် ကျင့်ကြံခြင်းကျင့်စဉ်များ မရှိ၊ နတ်ဘုရားစွမ်းရည်များ မရှိသလို မှော်ပစ္စည်း၊ မှော်ရတနာများလည်း မရှိကြပေ။ ဘာမှမရှိရာမှ စတင်ရခြင်း၏ အခက်အခဲများကို ကျန်းယွီဟယ်က နက်နက်နဲနဲ နားလည်ထားသည်။ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်ခြင်းနှင့် သားရဲများထံမှ ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် အသုံးမဝင်သော ပစ္စည်းလေးများ တစ်ခါတစ်ရံ ရရှိတတ်ခြင်းမှလွဲ၍ ယွီဖန်ကောင်းကင်ဘုံမှ ဒေသခံများအပေါ် သူတို့တွင် မည်သည့် အားသာချက်မျှ မရှိပေ။ တိတိကျကျပြောရလျှင် ကစားသမားများသည် အလွန်နိမ့်ကျသော အနေအထားမှ စတင်ရသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်က ပို၍ ခက်ခဲလှသည်။ စိုးရိမ်ပူပန်စရာမလိုဘဲ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်သော ဒေသခံ အင်အားစုများနှင့် မတူဘဲ ကစားသမားများသည် အရင်းအမြစ်များကို စုဆောင်းရန်အတွက် အချိန်များစွာ ပေးရသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝမ်ကော်ဖုန်းက နှစ်တစ်ရာအတွင်း ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ အမှန်တကယ် ကျင့်ကြံနိုင်ခဲ့ခြင်းက သူ့ကို အလွန် အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း ဝမ်ကော်ဖုန်း၏ နဝမအဆင့် ဝိညာဉ်ကြော ပါရမီကို တွေးမိသောအခါ ကျန်းယွီဟယ် အနည်းငယ် သက်သာရာရသွားသည်။ နဝမအဆင့် ဝိညာဉ်ကြောဆိုသည်မှာ ယွီဖန်ကောင်းကင်ဘုံ တစ်ခုလုံးတွင် ထိပ်တန်းအဆင့် ကျင့်ကြံခြင်း ပါရမီတစ်ခု အမှန်ပင်ဖြစ်သည်။ တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းတပည့်များပင်လျှင် နဝမအဆင့် ဝိညာဉ်ကြော ရှိချင်မှ ရှိကြမည်ဖြစ်သည်။ သူတို့နှစ်ဦး ထိုင်ပြီးနောက် ဝမ်ကော်ဖုန်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို ချကာ ကျန်းယွီဟယ်ကို ကြည့်လိုက်ပြီး မျက်လုံးများတွင် သံသယအရိပ်အယောင် အနည်းငယ်ဖြင့် မေးလိုက်သည်။ "ညီလေး.. မင်းကို ဘယ်လိုခေါ်ရမလဲ။ မင်းကရော ကစားသမားတစ်ယောက်ပဲလား" "ဟုတ်ပါတယ် ကျွန်တော်က ကျန်းယွီဟယ်ပါ" ကျန်းယွီဟယ်က ခေါင်းညိတ်ပြလိုက်သည်။ "ကျန်းယွီဟယ်..." ဝမ်ကော်ဖုန်းက တိတ်တဆိတ် ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သော်လည်း အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ ဘာကိုမှ မမှတ်မိနိုင်ခဲ့ပေ။ "မင်းက တော်တော်လေးကို ပုန်းကွယ်နေတာပဲ။ မင်းနာမည်ကို အရင်က ငါ တစ်ခါမှ မကြားဖူးဘူး" ကျန်းယွီဟယ်ကလည်း ကမ္ဘာဂြိုဟ် ကစားသမားတစ်ဦးဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝမ်ကော်ဖုန်းမှာ တော်တော်လေး သဘောကျသွားသည်။ ကျန်းယွီဟယ် ပြသထားသော အခြေတည်အဆင့် အလယ်အလတ်အဆင့် ကျင့်ကြံမှုမှာ ကစားသမားများအကြား ထိပ်တန်းအဆင့်ဟု မဆိုနိုင်သော်လည်း သာမန်တော့ သေချာပေါက် မဟုတ်ပေ။ သူက ယွီဖန်ကောင်းကင်ဘုံတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ နေထိုင်ပြီး ကျင့်ကြံနေခဲ့ကာ အခြားကစားသမားများက သူတည်ရှိနေမှန်းကိုပင် မသိကြပေ။ ကမ္ဘာဂြိုဟ်ပေါ်တွင် ထိုကဲ့သို့သော လူငယ်မျိုးက ရှားပါးလှသည်။ ယနေ့ခေတ် ကမ္ဘာဂြိုဟ်ပေါ်ရှိ လူငယ်အများစုက မောက်မာပြီး ဗိုလ်ကျတတ်ကြသည်။ ကျင့်ကြံခြင်းတွင် အောင်မြင်မှုရပြီးနောက် နေရာတကာတွင် လိုက်လံမကြွားဝါကြလျှင်တောင်မှ သူတို့တည်ရှိနေကြောင်းကိုတော့ အများသိအောင် ကြိုးစားလေ့ရှိကြသည်။ ကျန်းယွီဟယ်ကဲ့သို့ လူမျိုးကို သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ "ကျွန်တော်က တိတ်တဆိတ်နေရတာကို သဘောကျတယ်။ ပွဲဆူတဲ့အထဲ ပါဝင်ဖို့လည်း စိတ်ဝင်စားဘူးဗျ" ကျန်းယွီဟယ်က လက်ဖက်ရည် တစ်ငုံသောက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ဝမ်ကော်ဖုန်းက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေ လူများတွင် ကွဲပြားသော ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုး ရှိတတ်ကြသည်။ သူက အနည်းငယ် သိချင်ရုံသာဖြစ်ပြီး ယင်းအပေါ် ဆက်လက် အာရုံစိုက်မနေတော့ပေ။ ယနေ့ ယွမ်ကျုံးမြို့အထိ သူ ရောက်လာရခြင်းမှာ အရေးကြီးသော ကိစ္စရပ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ထိုအချက်ကို တွေးမိသောအခါ ဝမ်ကော်ဖုန်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ အသံကိုနှိမ့်၍ မေးလိုက်သည်။ "မင်း ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်မှာ အလုပ်လုပ်တယ်ဆိုတာ တကယ်ပဲလား။ ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်" "နယ်မြေစောင့်တပ်မှူး စံအိမ်တော်မှာ ကျွန်တော် အလုပ်လုပ်တာ အမှန်ပင် ဖြစ်ပါတယ်" ဝမ်ကော်ဖုန်းတွင် သံသယအချို့ ရှိနေသည်ကို မြင်သောအခါ ကျန်းယွီဟယ်က ပြတ်သားသော အဖြေတစ်ခုကို ပေးလိုက်သည်။ သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ ယွမ်ကျုံးစီရင်စု၏ နယ်မြေစောင့်တပ်မှူး တစ်ယောက်အနေဖြင့် သူက နယ်မြေစောင့်တပ်မှူး စံအိမ်တော်တွင် အလုပ်လုပ်နေသည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ထိုစကားမှာ လိမ်ညာမှု တစ်စက်လေးမျှပင် မပါဝင်ဘဲ အမှန်ကန်ဆုံး အရာတစ်ခုသာ ဖြစ်သည်။ ကျန်းယွီဟယ်က အတည်ပြုချက်ကို ကြားပြီးနောက် ဝမ်ကော်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ကျန်းယွီဟယ်နှင့် အဆက်အသွယ် ရထားသရွေ့ ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်နှင့် အဆက်အသွယ်ရရန် အခွင့်အရေး ရှိမည်ဟု သူ တွေးလိုက်သည်။ သူ ပိုင်ဆိုင်ထားသော သတင်းအချက်အလက်များဖြင့် နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ သူ ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေမည်။ ထိုအချက်ကို တွေးမိသောအခါ ဝမ်ကော်ဖုန်းက သူ၏ အတွေးများကို သေချာစွာ စုစည်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မင်း လိုအပ်နေတဲ့ သတင်းအချက်အလက် ငါ့ဆီမှာ ရှိတယ်။ ဒါပေမဲ့ ငါ တောင်းဆိုမယ့် စည်းကမ်းချက်တွေက တော်တော်လေး မြင့်တယ်။ ဒီကိစ္စကို မင်း ဆုံးဖြတ်နိုင်ပါ့မလားလို့ ငါ သံသယဖြစ်မိတယ်။ နယ်မြေစောင့်တပ်မှူး စံအိမ်တော်က တာဝန်ရှိသူတစ်ယောက်ယောက်နဲ့ ငါ့ကို မိတ်ဆက်ပေးလို့ ရနိုင်မလား" ဝမ်ကော်ဖုန်း၏ စကားများကြောင့် ကျန်းယွီဟယ် အံ့သြမသွားခဲ့ပေ။ မည်သို့ပင်ဆိုစေ ယခုအချိန်အထိ သူ ပြသထားသော ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။ ဝမ်ကော်ဖုန်း၏ အမြင်တွင် ထိုကဲ့သို့သော ကျင့်ကြံမှုရှိသူတစ်ဦးက နယ်မြေစောင့်တပ်မှူး စံအိမ်တော်တွင် အဆင့်နိမ့် အလုပ်သမားတစ်ယောက်သာ ဖြစ်နိုင်ပေသည်။ နတ်ဆိုးဘုရင်ဂိုဏ်းကဲ့သို့သော အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့် သဘာဝကျကျပင် သူ့လိုလူနှင့် အလွယ်တကူ ဆွေးနွေးနိုင်မည့် အရာမျိုး မဟုတ်ပေ။ နယ်မြေစောင့်တပ်မှူး စံအိမ်တော်မှ သြဇာလွှမ်းမိုးမှုရှိသူ တစ်ဦးဦးနှင့်သာ ဆွေးနွေးရမည့် ကိစ္စဖြစ်သည်။ သို့သော်လည်း ကျန်းယွီဟယ်က ဂရုမစိုက်ကာ ယွမ်ကျုံးစီရင်စု တစ်ခုလုံးတွင် သူ့ထက် သြဇာအာဏာ ပိုကြီးမားသူလည်း မရှိတော့ပေ။ သူက တည်ငြိမ်သော လေသံဖြင့် ရိုးရှင်းစွာပင် ပြောလိုက်သည်။ "အို... ခင်ဗျားရဲ့ တောင်းဆိုချက်တွေက ဘာများလဲ။ ကျွန်တော့်ကို ပြောပြလို့ ရမလား။ ထပ်ပြောပါရစေ... သတင်းအချက်အလက်သာ ခိုင်လုံမယ်ဆိုရင် ခင်ဗျား ကြိုက်တဲ့ စည်းကမ်းချက်ကို တောင်းဆိုနိုင်ပါတယ်" ဝမ်ကော်ဖုန်းက ကျန်းယွီဟယ်၏ မျက်နှာအမူအရာကို ကြည့်ကာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက မူလကတည်းက ကျန်းယွီဟယ်ကို ကျော်ဖြတ်ကာ ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ တိုက်ရိုက် အဆက်အသွယ်လုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ အနည်းငယ် ခက်ခဲသွားပုံရသည်။ ပထမအချက်အနေဖြင့် သူက နယ်မြေစောင့်တပ်မှူး စံအိမ်တော်ရှိ အခြားဘယ်သူ့ကိုမှ မသိပေ။ ဒုတိယအချက်မှာ သူ၏ သတင်းအချက်အလက်များသည် သူ၏ ကိုယ်ပိုင် မှန်းဆချက်များအပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားပြီး မည်သည့် လက်တွေ့ကျသော အထောက်အထားမျှ မရှိပေ။ အကယ်၍ သူသာ ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ သွားပြီး နေရာတစ်ခုခုသည် နတ်ဆိုးဘုရင်ဂိုဏ်း၏ လျှို့ဝှက်စခန်းတစ်ခုဟု သံသယရှိကြောင်း သွားရောက်ပြောဆိုပါက အရူးတစ်ယောက်အဖြစ် သတ်မှတ်ကာ ကန်ထုတ်ခံရရန်သာ ရှိပေသည်။ "ဒါက နည်းနည်းတော့ ခက်ခဲသွားပြီ" ခဏတာ စဉ်းစားပြီးနောက် ဝမ်ကော်ဖုန်းက ပြောလိုက်သည်။ "ငါ တာအိုသန့်စင်ဂိုဏ်းကို ဝင်ချင်တယ်။ ဒါမှမဟုတ် အဲ့ဒါက မဖြစ်နိုင်ဘူးဆိုရင် ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်ကို ဝင်ခွင့်ရရင်လည်း ရပါတယ်" ဝမ်ကော်ဖုန်းက ဖြစ်နိုင်ခြေ ရှိမရှိကို ဂရုမစိုက်ဘဲ အလွန်မြင့်မားသော မျှော်လင့်ချက်များကို သတ်မှတ်ကာ အခြေအမြစ်မရှိသော တောင်းဆိုမှုများကို ပြုလုပ်လိုက်သည်။ “ကျန်းယွီဟယ်က ကြိုက်ရာ တောင်းဆိုနိုင်သည်ဟု ခုလေးတင် ပြောခဲ့တယ်မဟုတ်ဘူးလား…ယခု သူ တောင်းဆိုလိုက်ပြီဖြစ်ရာ မင်း ဖြေရှင်းပေးနိုင်မလား” အကယ်၍ မဖြေရှင်းနိုင်ဘူးဆိုလျှင်တော့ နယ်မြေစောင့်တပ်မှူး စံအိမ်တော်မှ တာဝန်ရှိသူတစ်ဦးဦးနှင့် သူ့ကို တွေ့ခွင့်ပေးလိုက်တာ အကောင်းဆုံးပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် စည်းကမ်းချက်များကို သူ အလေးအနက် ဆွေးနွေးနိုင်ပြီး တစ်စုံတစ်ယောက်ကသာ သူ့ကို မိတ်ဆက်ပေးပါက အရိုက်ခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။ ဝမ်ကော်ဖုန်း၏ မူလရည်ရွယ်ချက်မှာ ကျန်းယွီဟယ်ကို ကျော်ဖြတ်ကာ နယ်မြေစောင့်တပ်မှူး စံအိမ်တော်နှင့် တိုက်ရိုက် အဆက်အသွယ် လုပ်ရန်ဖြစ်သည်။ သူက မကောင်းသည့် ရည်ရွယ်ချက် ရှိနေခြင်း မဟုတ်ပေ။ ကျန်းယွီဟယ်၏ အဆင့်အတန်းက နိမ့်ကျလွန်းသည်ဟု သူ ခံစားရပြီး ကျန်းယွီဟယ်နှင့် ဆွေးနွေး၍မရသော ကိစ္စရပ်အချို့ ရှိနေသောကြောင့်သာ ဖြစ်သည်။ ဝမ်ကော်ဖုန်း ကမ်းလှမ်းလာသော စည်းကမ်းချက်များကို ကြားရသောအခါ ကျန်းယွီဟယ် အနည်းငယ် အံ့သြသွားခဲ့သည်။ ဝမ်ကော်ဖုန်းအနေဖြင့် ကျင့်ကြံခြင်းကျင့်စဉ် သို့မဟုတ် မှော်ရတနာ တစ်ခုခုကို တောင်းဆိုလိမ့်မည်ဟု အစပိုင်းတွင် သူ ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအရင်းအမြစ်များကို အဓိက ဒေသခံအင်အားစုများက အခြေခံအားဖြင့် ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ကစားသမားများသည် ထိုအရာများကို ရရှိရန်အတွက် မြင့်မားသော တန်ဖိုးတစ်ခုကို မကြာခဏ ပေးချေရလေ့ရှိသည်။ သို့သော်လည်း သေချာစွာ ထပ်မံတွေးတောကြည့်လိုက်သောအခါ ဝမ်ကော်ဖုန်း ယခုလေးတင် တောင်းဆိုလိုက်သော စည်းကမ်းချက်များက ပို၍ပင် ပါးနပ်လိမ္မာလွန်းလှသည်ဟု ကျန်းယွီဟယ် ခံစားလိုက်ရသည်။ အကယ်၍ တစ်စုံတစ်ယောက်က တာအိုသန့်စင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ပါက သို့မဟုတ် နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ ဝင်ရောက်နိုင်ရုံဖြင့် ကျင့်ကြံခြင်းကျင့်စဉ်များနှင့် မှော်ရတနာများ လိုအပ်နေဦးမည်လား။ သေချာသည်ကတော့ ဤသည်က အလွန် ကြီးမားသော တောင်းဆိုချက်တစ်ခုသာ ဖြစ်သည်။ ဝမ်ကော်ဖုန်းက မြင့်မားသော မျှော်လင့်ချက်များကို သတ်မှတ်လိုက်ရုံသာဖြစ်ပြီး အလေးအနက်ထားစရာ မလိုပေ။ ကျန်းယွီဟယ်က စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်ရင်း အတွေးနက်နေခဲ့သည်။ ဝမ်ကော်ဖုန်း၏ တာအိုသန့်စင်ဂိုဏ်းသို့ ဝင်ရောက်လိုသော ဆန္ဒကတော့ သဘာဝကျကျပင် မဖြစ်နိုင်ပေ။ အတွင်းစည်းတပည့် တစ်ယောက်အနေဖြင့် ကျန်းယွီဟယ်တွင် အခြားသူများကို ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ထောက်ခံပေးနိုင်သော အခွင့်အရေး ရှိသည်ဆိုသော်လည်း မည်သူ့ကိုမဆို အလွယ်တကူ ထောက်ခံပေးနိုင်ခြင်းတော့ မဟုတ်ပေ။ ထောက်ခံခံရမည့်သူသည် သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဝိညာဉ်ကြော ပါရမီစွမ်းရည် နောက်ခံအဆင့်အတန်းနှင့် ကျင့်ကြံခဲ့သည့် အချိန်ကာလတို့သည် အလွန်အမင်း မရှည်ကြာသင့်ပေ။ တာအိုသန့်စင်ဂိုဏ်းက ကျင့်ကြံရန် အချိန်ကြာလွန်းသူများကို သိသိသာသာပင် လက်ခံမည်မဟုတ်ပေ။ အကြောင်းရင်းကတော့ ရိုးရှင်းလှသည်။ ထိုသူများကို ယဉ်ပါးအောင် ဆုံးမ၍ မရသောကြောင့် ဖြစ်သည်။ ခဏတာ စဉ်းစားပြီးနောက် ကျန်းယွီဟယ်က လေးနက်စွာ ပြောလိုက်သည်။ "တာအိုသန့်စင်ဂိုဏ်းကို ဝင်ဖို့ကတော့ လက်ရှိမှာ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ခင်ဗျားက ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်ကို ဝင်ချင်တယ်ဆိုရင်တော့ လုံးဝ အဆင်ပြေပါတယ်" လက်ရှိအချိန်တွင် ဝမ်ကော်ဖုန်းကို တာအိုသန့်စင်ဂိုဏ်းသို့ ခေါ်ဆောင်ရန် သူ မတတ်နိုင်သေးသော်လည်း သူသာ ဝိညာဉ်သန့်ေစင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီး တာအိုသန့်စင်ဂိုဏ်း၏ အကြီးအကဲ ဖြစ်လာပါက မည်သည့် ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။ အကြီးအကဲများသည် လူများကို တာအိုသန့်စင်ဂိုဏ်းသို့ ခေါ်ဆောင်လာနိုင်သည်။ သို့သော် ဂိုဏ်း၏ တပည့်အဖြစ်တော့ မဟုတ်ပေ။ အကြီးအကဲ၏ ကိုယ်ပိုင်အစေခံအဖြစ်သာ ဖြစ်သည်။ တာအိုသန့်စင်ဂိုဏ်းက အကြီးအကဲများ၏ ကိုယ်ပိုင်အစေခံများနှင့် ပတ်သက်၍ အခြားမည်သည့် သတ်မှတ်ချက်မျှ မထားရှိပေ။ မကောင်းသည့် ရည်ရွယ်ချက် မရှိသူ မည်သူ့ကိုမဆို ကြိုဆိုသည်။ နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်၍မူ ထိုအရာက လုံးဝ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်တွင် လူအင်အား လိုအပ်နေပြီး အကူအညီတချို့ ရှာဖွေနေခြင်းဖြစ်သည်။ ယခင်ကတော့ ကျန်းယွီဟယ်တွင် ကစားသမားများကို နယ်မြေစောင့်တပ်မှူး စံအိမ်တော်သို့ ခေါ်ယူရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ၏ အမြင်တွင် ကစားသမားများသည် တစ်ယောက်တည်း အထီးကျန်စွာ မနေနိုင်ဘဲ ပြဿနာရှာရသည်ကို နှစ်သက်သူများ ဖြစ်ကြသည်။ အကယ်၍ အခြေအနေများ အမှန်တကယ် လက်လွတ်စင်ပယ် ဖြစ်သွားပါက သူကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးရမည်ဖြစ်သည်။ ဤလူများ၏ ရှုပ်ယှက်ခတ်မှုများကို လိုက်လံ ရှင်းလင်းပေးနေရန် သူ့တွင် အချိန်မရှိပေ။ သို့သော်လည်း ဝမ်ကော်ဖုန်းကို မြင်ပြီးနောက် ကျန်းယွီဟယ် စိတ်ပြောင်းသွားခဲ့သည်။ ဝမ်ကော်ဖုန်းက ပြဿနာရှာတတ်သူများနှင့် မတူဘဲ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရပုံပေါ်သောကြောင့်သာ မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ ယနေ့ သူ ကြုံတွေ့ခဲ့ရသော လက်ရှစ်ဖက် ရေသတ္တဝါကြီးက သူ့ကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေခဲ့သောကြောင့် ဖြစ်သည်။ ယွီဖန်ကောင်းကင်ဘုံတွင် ကစားသမားများအနေဖြင့် အရင်းအမြစ်များ ရရှိနိုင်ပြီး အတော်အသင့် ကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်ဟု ကျန်းယွီဟယ် မူလက ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့် ကစားသမားများ၏ ကျင့်ကြံနှုန်းက ကမ္ဘာဂြိုဟ်ပေါ်ရှိ သားရဲနတ်ဆိုးများ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းထက် သေချာပေါက် များစွာ ပိုမြန်နေမည် ဖြစ်သည်။ ရလဒ်အနေဖြင့် ကစားသမားများ မဖြေရှင်းနိုင်သော ဧရာမ ပင်လယ်သားရဲနတ်ဆိုးကြီးတစ်ကောင် ယနေ့ ပေါ်လာခဲ့သည်။ ပထမအကြိမ် ရှိခဲ့ပြီးပြီဖြစ်ရာ ဒုတိယအကြိမ်လည်း ဖြစ်လာနိုင်ခြေ ရှိပေသည်။ ကျန်းယွီဟယ်က ကမ္ဘာဂြိုဟ်ပေါ်တွင် လှုပ်ရှားလေ့ သိပ်မရှိသော်လည်း ကမ္ဘာဂြိုဟ်၏ တည်ငြိမ်ရေးကို သူ ဂရုမစိုက်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ စိတ်ခံစားချက်များကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် ကျင့်ကြံသူများက ကံကြမ္မာဆက်နွယ်မှုကို အလေးထား ပြောဆိုကြသည်။ သူက ကမ္ဘာဂြိုဟ်ပေါ်တွင် မွေးဖွားခဲ့ပြီး ယွီဖန်ကောင်းကင်ဘုံတွင် တာအိုကို ကျင့်ကြံခဲ့သည်။ သူက ကမ္ဘာဂြိုဟ်ရော ယွီဖန်ကောင်းကင်ဘုံနှင့်ပါ နက်ရှိုင်းသော ကံကြမ္မာဆက်နွယ်မှုတစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။ သာမန်လူများ နားလည်အောင် ပြောရလျှင် သူက ကမ္ဘာဂြိုဟ်နှင့် ယွီဖန်ကောင်းကင်ဘုံတို့ကို အကြွေးတင်နေခြင်း ဖြစ်သည်။ သူ၏ စွမ်းအားကန့်သတ်ချက်အတွင်း ဤကမ္ဘာနှစ်ခုအနက် တစ်ခုခုတွင် ဖြစ်ပေါ်လာသော မည်သည့် မငြိမ်သက်မှုကိုမဆို အကောင်းဆုံး နှိမ်နင်းပေးရန် သူ့တွင် တာဝန်ရှိသည်။ ထိုအရာက သူ၏ တာဝန်လည်း ဖြစ်ပေသည်။ အခြားသူများက ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ခံစားခဲ့ရပြီး သူကိုယ်တိုင် ဝင်ပါရန် မလိုအပ်သောကြောင့် ကျန်းယွီဟယ်က ကမ္ဘာဂြိုဟ်ပေါ်တွင် အရင်က တစ်ကြိမ်မျှ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုကြည့်ရသည်မှာ ကမ္ဘာဂြိုဟ်မှ ကစားသမားများ၏ အင်အားက အနည်းငယ်တော့ လိုအပ်နေသေးပုံရသည်။ "ကစားသမားတွေရဲ့ အင်အားကို သင့်တော်သလို မြှင့်တင်ပေးသင့်တယ် ထင်တယ်" ကျန်းယွီဟယ် စိတ်ထဲမှ တွေးလိုက်သည်။ သူ မသေမျိုးလောကသို့ ပျံသန်းတက်ရောက်သွားပြီးသည့်တိုင်အောင် ကမ္ဘာဂြိုဟ်ပေါ်တွင် မငြိမ်သက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အင်အားများ တိုးတက်လာသော ကစားသမားများအနေဖြင့် ပိုမို ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကျန်းယွီဟယ်က သူ့ကို ယွမ်ကျုံး နယ်မြေစောင့်တပ်မှူး စံအိမ်တော်တွင် ရာထူးတစ်ခု ပေးနိုင်သည်ဟု ကြားလိုက်ရသောအခါ ဝမ်ကော်ဖုန်း မှင်တက်အံ့သြသွားခဲ့သည်။ သူက မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းက ငါ့ကို နယ်မြေစောင့်တပ်မှူး စံအိမ်တော်ထဲ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်တယ်ပေါ့။ ညီလေး... မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်" "ကျွန်တော်နဲ့ လိုက်ခဲ့" စကားအပိုပြောမနေတော့ဘဲ ကျန်းယွီဟယ်က စကားပြောပြီးသည်နှင့် သူ၏ အင်္ကျီလက်စများကို ပင့်တင်ကာ ဝမ်ကော်ဖုန်းနှင့်အတူ နယ်မြေစောင့်တပ်မှူး စံအိမ်တော်ဆီသို့ ချက်ချင်းဆိုသလို ပျံသန်းသွားလေတော့သည်။
***