ကျန်းယွီဟယ်ကို အသေးစိတ် ညွှန်ကြားချက်အချို့ ပေးပြီးနောက် လုမင်ဖန်းက သူ၏ လက်ညိုးကို ထပ်မံဆန့်ထုတ်ကာ ကျောက်စိမ်းပြားကို ထိုးလိုက်သည်။ တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းရှိ တောင်ထိပ်တစ်ခုပေါ်ရှိ မသေမျိုးဂူတစ်ခု၏ ကျင့်ကြံခြင်းစင်မြင့်ပေါ်တွင် ရွှေရောင်သရဖူကို ဆောင်းထားပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာရှိသည့် လူငယ်တစ်ဦးသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ရုတ်တရက် လူငယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ လက်ထဲတွင် အမှတ်အသား ကျောက်စိမ်းပြားတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ လူငယ်က လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ပြီးနောက် ကျောက်စိမ်းပြားသို့ မက်ဆေ့ချ်တစ်ခု ပေးပို့လိုက်ကာ မေးလိုက်သည်။ "အကြီးအကဲလုလား" "လီထျန်း.. ငါပါ။ ခုလေးတင် ယွမ်ကျုံးစီရင်စုက နယ်မြေစောင့်တပ်မှူး ကျန်းယွီဟယ် ဆက်သွယ်လာတယ်။ သူ့ရဲ့ ကြေးမုံပျက်သုဉ်းမြို့မှာ နတ်ဆိုးမျိုးနွယ်စုကို တွေ့ရှိထားတယ်လို့ သတင်းပို့တယ်။ မင်း အခုချက်ချင်း အကူအညီပေးဖို့ သွားရမယ်" "ဒါနဲ့ ကြေးမုံပျက်သုဉ်းမြို့မှာ နောက်ထပ် ယဇ်ပလ္လင်တစ်ခုလည်း ရှိနေသေးတယ်။ အဲ့ဒါက နတ်ဆိုးဘုရင်ဂိုဏ်း တည်ဆောက်ထားတဲ့ ထျန်းကန်း နယ်ပယ်ဖြတ်ကျော် မဟာအစီရင်စု ဖြစ်လောက်တယ်။ မင်းက အစီရင်စုကို ဖျက်ဆီးပြီး နတ်ဆိုးဘုရင်ဂိုဏ်းက လမ်းကြောင်းဖွင့်ကာ နတ်ဆိုးမျိုးနွယ်စုကို ခေါ်ဆောင်လာမယ့် အစီအစဉ်ကို တားဆီးရမယ်" "ဟုတ်ကဲ့ပါ" သူ၏ အမှတ်အသား ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် ရွှေရောင်သရဖူနှင့် လူငယ်က မည်သည့်အရာကိုမျှ သိမ်းဆည်းပြင်ဆင်နေခြင်း မရှိတော့ဘဲ လေပေါ်သို့ ချက်ချင်း ပျံတက်သွားကာ ဂိုဏ်းတံခါးအပြင်ဘက်သို့ အလျင်အမြန် ပျံသန်းသွားလေတော့သည်။ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် လုမင်ဖန်းသည် စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ "ကျောက်မင်ယွဲ့ အခု ဘာတွေ လုပ်နေတာလဲ။ သူမက တစ်ခုခုကို ထပ်ကြံစည်နေပြန်ပြီလား" လုမင်ဖန်း ပြောလိုက်သော ကျောက်မင်ယွဲ့က နတ်ဆိုးဘုရင်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။ သူ နတ်ဆိုးဘုရင်ဂိုဏ်းကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ တာအိုသန့်စင်ဂိုဏ်းသည် ပြဿနာပေါင်းစုံဖြင့် ဒုက္ခရောက်ခဲ့ရသည်။ ကျောက်မင်ယွဲ့ကို ဖြေရှင်းရန်အတွက် တာအိုသန့်စင်ဂိုဏ်း၏ အကြီးအကဲများက အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အားလုံးက အဆုံးတွင် ကျရှုံးခဲ့ရသည်။ တခြားနည်းလမ်း တကယ်ကို မရှိခဲ့ပေ။ ကျောက်မင်ယွဲ့က် မည်သည့် နတ်ဘုရားစွမ်းရည်မျိုးကို ကျင့်ကြံထားသည် မသိ သူမက မရေမတွက်နိုင်သော ပုံစံအမျိုးမျိုးသို့ အမှန်တကယ် ပြောင်းလဲနိုင်သည်။ ထိုသူသည် ကိုယ်ပွားအမည်ဖြင့် နေရာအနှံ့အပြားသို့ သွားလာလေ့ရှိသော်လည်း သူ၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို မည်သည့်အခါမျှ ထုတ်ဖော်ပြသခြင်း မရှိပေ။ တာအိုသန့်စင်ဂိုဏ်းအနေဖြင့် နောက်ဆုံးတော့ ကျောက်မင်ယွဲ့၏ နောက်ခံကို ရှာဖွေတွေ့ရှိပြီဟု ထင်မှတ်ရတိုင်း အဆုံးတွင်တော့ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးသည် သူမ၏ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးရုံသက်သက်သာ ဖြစ်သွားကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအချိန်မှစ၍ တာအိုသန့်စင်ဂိုဏ်း၏ အကြီးအကဲများက ပေါ့ပေါ့ဆဆ မလှုပ်ရှားကြတော့ဘဲ သာမန်ကိစ္စရပ်များကို အတွင်းစည်းတပည့်များကသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ကျောက်မင်ယွဲ့၏ အစစ်အမှန်ပုံစံ ပေါ်မလာလျှင်တောင် တာအိုသန့်စင်ဂိုဏ်း၏ အတွင်းစည်းတပည့်များက အခြေအနေကို ကိုင်တွယ်ရန် လုံလောက်ပေသည်။ နတ်ဆိုးဘုရင်ဂိုဏ်း၏ ခေါင်းဆောင် ကျောက်မင်ယွဲ့အကြောင်းကို တွေးမိသောအခါ လုမင်ဖန်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ "နတ်ဆိုးဘုရင်ဂိုဏ်း လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာလဲ။ ထျန်းကန်း နယ်ပယ်ဖြတ်ကျော် မဟာအစီရင်စုက လမ်းကြောင်းကို ဖွင့်နိုင်တယ်ဆိုပေမယ့် သူ့ရဲ့ စွမ်းအားက ကန့်သတ်ချက် ရှိတယ်။ ဖွင့်လိုက်တဲ့ လမ်းကြောင်းမှာ ကန့်သတ်ချက်တွေ အများကြီးရှိပြီး အဆင့်နိမ့် နတ်ဆိုးမျိုးနွယ်စုတွေကိုပဲ ဖြတ်သန်းခွင့်ပြုထားသလို ကြာချိန်ကလည်း အရမ်းတိုတောင်းတယ်။ ဒါက ယွီဖန်ကောင်းကင်ဘုံအတွက် ပြဿနာကြီးကြီးမားမား မဖြစ်စေနိုင်လို့ လုံးဝကို အဓိပ္ပာယ်မရှိဘူး။ ကျောက်မင်ယွဲ့က ငါတို့ကို ဒေါသထွက်အောင် လုပ်ဖို့သက်သက်များ ဒီလောက် ပြဿနာတွေ ရှာနေတာလား" "ထားလိုက်ပါတော့.. လီထျန်းကို အရင်သွားကြည့်ခိုင်းလိုက်တာပေါ့။ သူမရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူမရဲ့ ကိုယ်ပွားကို ဖျက်ဆီးပြီး ထျန်းကန်း နယ်ပယ်ဖြတ်ကျော် မဟာအစီရင်စုကို ဖျက်သိမ်းလိုက်ရင် ရပြီ" လုမင်ဖန်းက အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း ဤစစ်ဆင်ရေးတွင် နတ်ဆိုးဘုရင်ဂိုဏ်း၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို မတွေးတတ်သေးပေ။ သို့သော်လည်း တာအိုသန့်စင်ဂိုဏ်းက အားကောင်းလှသဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ သူ သိပ်ပြီး အလေးအနက် မထားခဲ့ပေ။ နတ်ဆိုးဘုရင်ဂိုဏ်းက ဘာပဲလုပ်ချင်လုပ်ချင် သူတို့က အခြေအနေနှင့် လိုက်လျောညီထွေ တုံ့ပြန်လိုက်ရုံသာဖြစ်သည်။ နတ်ဆိုးဘုရင်ဂိုဏ်းက ပြဿနာရှာမည်ကို သူတို့ မကြောက်ပေ။ ကျန်းယွီဟယ် ဖော်ပြခဲ့သော အနက်ရောင် ယဇ်ပလ္လင်နှင့် ပတ်သက်၍မူ လုမင်ဖန်းက အနည်းငယ်မျှသာ အံ့သြသွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကျော် ကာလတစ်လျှောက်တွင် ထိုသို့သော အဖြစ်အပျက်မျိုး အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။ အစပိုင်းတွင် သူတို့က လမ်းကြောင်းပွင့်လာပါက နတ်ဆိုးမျိုးနွယ်စုများ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်တစ်သိန်းက ကပ်ဘေးကြီး ထပ်မံဖြစ်ပွားမည်ကို တွေးကာ အတော်လေး ကြောက်လန့်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် နတ်ဆိုးဘုရင်ဂိုဏ်း တည်ဆောက်ထားသော အစီရင်စုများတွင် သဘာဝအားနည်းချက် တစ်ခုရှိနေပြီး အစွမ်းထက်သော နတ်ဆိုးမျိုးနွယ်စုများကို မထောက်ပံ့နိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။ ထိုသို့ဆိုလျှင် လုမင်ဖန်း ကိုယ်တိုင် သွားရောက်လုပ်ဆောင်ရန် မရည်ရွယ်တော့ဘဲ အတွင်းစည်း၏ အကြီးအကဲတပည့်ဖြစ်သော လီထျန်းကိုသာ အကူအညီပေးရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ မက်ဆေ့ချ် ပို့ပြီးနောက် ကျန်းယွီဟယ်က သူ၏ အငွေ့အသက်များကို ဖုံးကွယ်ကာ မန္တန်စစ်သည်တော်မှတစ်ဆင့် ကြေးမုံပျက်သုဉ်းမြို့အတွင်းရှိ အခြေအနေများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အချိန်အနည်းငယ် အကြာတွင် ဆဋ္ဌမဦးလေးဟုခေါ်သော လူလတ်ပိုင်းအမျိုးသားသည် ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာသည်။ အဓိကခန်းမဆောင်တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက ဂုဏ်ထူးဆောင် ထိုင်ခုံတွင် ထိုင်နေသည်။ "ဟယ်တောက်ဖန်လား" အဓိကခန်းမဆောင်ထဲရှိ အဘိုးအိုကို မြင်သောအခါ ကျန်းယွီဟယ် အနည်းငယ် အံ့သြသွားခဲ့သည်။ ဤသူမှာ အခြားသူမဟုတ်ဘဲ နှစ်ပေါင်းရာချီ ပျောက်ကွယ်နေခဲ့သော ဟယ်မိသားစု၏ ဘိုးဘေးအရှင်သခင် ဟယ်တောက်ဖန်ပင် ဖြစ်သည်။ ကျန်းယွီဟယ်က နယ်မြေစောင့်တပ်မှူး စံအိမ်တော်၏ မှတ်တမ်းများတွင် ထိုသူ၏ ပုံတူပန်းချီကို မြင်ဖူးခဲ့သည်။ ယခင်က မင်ဖူချန်း၏ မိတ်ဆက်ပြောပြချက်အရ ဟယ်တောက်ဖန်သည် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက နတ်ဘုရားသန္ဓေအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က ဟယ်တောက်ဖန်က သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေပြီး သူ အသက်ရှင်နေသလား သေဆုံးသွားပြီလား ဆိုသည်ကို မင်ဖူချန်း မသိခဲ့ပေ။ ယခုကြည့်ရသည်မှာ ဟယ်တောက်ဖန်က အသက်ရှင်ကျန်းမာနေရုံသာမက သူ၏ ကျင့်ကြံခြင်းကလည်း သိသိသာသာ ထိုးဖောက်ဝင်ရောက်မှုအချို့ ပြုလုပ်နိုင်ခဲ့ပုံရသည်။ သို့မဟုတ်ပါက သူသည် သက်တမ်းကုန်ဆုံးကာ အစောကြီးကတည်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမည်။ လူလတ်ပိုင်းအမျိုးသား ဝင်လာသည်ကို မြင်သောအခါ ဟယ်တောက်ဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ယာကွမ်.. မင်း ရောက်လာပြီပဲ။ သခင်ကြီးဟေးကျောင်က နတ်ဆိုးစစ်တပ်ကြီး ရောက်လာတာကို ကြိုဆိုဖို့ လမ်းကြောင်းဖွင့်ဖို့ ပြင်ဆင်နေပြီ။ နတ်ဆိုးစစ်တပ်ကြီးသာ ဆင်းသက်လာရင် ငါတို့ ဟယ်မိသားစုက အာဏာရလာဖို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပြီး မျိုးနွယ်စုတစ်ခုအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုတောင် ရရှိနိုင်တယ်။ နတ်ဆိုးလောကမှာဆိုရင် ဘယ်သူမဆို အစစ်အမှန် နတ်ဆိုးဘုရင်ကြီး ဖြစ်လာနိုင်တယ်" လူလတ်ပိုင်းအမျိုးသား၏ အမည်မှာ ဟယ်ယာကွမ် ဖြစ်သော်လည်း ကျန်းယွီဟယ် သူ့ကို မသိပေ။ နယ်မြေစောင့်တပ်မှူး စံအိမ်တော်တွင်လည်း သူ့အကြောင်း အချက်အလက် လုံးဝ မရှိခဲ့ပေ။ ဘိုးဘေးအရှင်သခင်က ထိုမျှလောက် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဟယ်ယာကွမ် အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။ နတ်ဆိုးဘုရင်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို ဘိုးဘေးအရှင်သခင်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး သူက ကန့်ကွက်နိုင်စွမ်း မရှိခဲ့ပေ။ ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များကို သူ အမြဲတမ်း စိုးရိမ်နေခဲ့သည်။ “သူတို့ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။ ဟယ်မိသားစုက နတ်ဆိုးဘုရင်ကြီးတွေ ဖြစ်လာနိုင်ပါ့မလား...အကယ်၍ ကိစ္စတွေက အဲ့ဒီလောက် ရိုးရှင်းနေမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်သိန်းက ကျူးကျော်ဝင်ရောက်လာတဲ့ နတ်ဆိုးမျိုးနွယ်စုတွေကို တာအိုသန့်စင်ဂိုဏ်းက ဘာလို့ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာလဲ။ နတ်ဆိုးဘုရင်ဂိုဏ်းက သူတို့ကို အသုံးချနေတာများလား။ ပြီးတော့ အသုံးချပြီးသွားရင် ဟယ်မိသားစုကို လွှင့်ပစ်လိုက်မှာလား...” ထိုအချက်ကို တွေးမိသောအခါ သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဟယ်တောက်ဖန်ကို ပြောလိုက်သည်။ "ဘိုးဘေးအရှင်သခင်... ကျွန်တော်တို့ရဲ့ မျိုးနွယ်စုဝင်တွေကို အရင် ထွက်သွားဖို့ စီစဉ်ထားသင့်လား။ အကယ်၍ ဒါကများ ကျရှုံးသွားရင် မိသားစုအတွက် ထွက်ပေါက်တစ်ခု ချန်ထားနိုင်အောင်လို့ပါ" "ဟမ့်... မင်းက ဘာသိလို့လဲ။ အခုချိန်မှာ ဘယ်ထွက်ပေါက်မှ မရှိတော့ဘူး။ အခု ငါတို့လုပ်နိုင်တာက နတ်ဆိုးဘုရင်ကြီး ဆင်းသက်လာဖို့နဲ့ ငါတို့ မျိုးနွယ်စုတစ်ခုလုံး တိုးတက်ကြီးပွားလာဖို့ကို စောင့်ရုံပဲ" ဟယ်ယာကွမ်၏ စကားများကို ကြားသောအခါ ဟယ်တောက်ဖန် အတော်လေး မကျေမနပ် ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် ဟယ်မိသားစုအတွက် မည်သည့် ထွက်ပေါက်မှ မရှိတော့ပေ။ အခု ငါတို့ အောင်မြင်မှသာ ရမယ် ကျရှုံးလို့ မဖြစ်ဘူး။ အကယ်၍ သူတို့သာ ကျရှုံးပါက ဟယ်မိသားစုတွင် မည်သူမျှ ချမ်းသာရာရမည် မဟုတ်ပေ။ ယွီဖန်ကောင်းကင်ဘုံတစ်ခုလုံးက တာအိုသန့်စင်ဂိုဏ်း၏ နယ်မြေဖြစ်ရာ သူတို့ ဘယ်နေရာမှာ သွားပုန်းနိုင်မည်နည်း။ ခဏအကြာတွင် သူ၏ လေသံက အနည်းငယ် ကြမ်းတမ်းသွားသည်ကို သတိပြုမိသွား၍လားမသိ ဟယ်တောက်ဖန်က ညင်သာစွာ ပြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အခု အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။ နတ်ဆိုးစစ်တပ်ကြီး ဆင်းသက်လာဖို့ကိုပဲ စောင့်နေရုံပဲ" "ဒါနဲ့ အစီအစဉ်တွေက ဘယ်လိုလဲ။ နတ်ဆိုးစစ်တပ်ကြီး ရောက်လာတာနဲ့ ငါတို့ မိသားစုဝင်တွေကို လမ်းပြဖို့ အမြန်စီစဉ်ရမယ်။ ယွမ်ကျုံးမြို့ကို အရင် ထိုးဖောက်ဝင်ရောက်ပြီး ယွမ်ကျုံးမြို့က ရွှေ့ပြောင်းခြင်းအစီရင်စုကို သုံးပြီး ဟယ်ကျိုးမြို့ကို တယ်လီပို့လုပ်ရမယ်။ ပြီးရင် ဟယ်ကျိုး တစ်ခုလုံးကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ရမယ်" "အရာအားလုံး စီစဉ်ပြီးပါပြီ။ မိသားစုဝင်အားလုံးကို မြို့အနှံ့မှာ ဖြန့်ကျက်ထားပြီး နတ်ဆိုးစစ်တပ်ကြီးကို အချိန်မရွေး လမ်းပြပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ" "ကောင်းပြီ" နတ်ဆိုးမျိုးနွယ်စု စစ်တပ်ကြီး ရောက်ရှိလာမည့်အကြောင်း ပြောသောအခါ ဟယ်တောက်ဖန် ထပ်မံ၍ စိတ်လှုပ်ရှားလာပြီး သူတို့နှစ်ဦးသည် အသေးစိတ်အချက်အလက်များကို တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။ ဟယ်တောက်ဖန်သည် နတ်ဆိုးမျိုးနွယ်စု စစ်တပ်ကြီးကို အားကိုး၍ သူ၏ ဟယ်မိသားစုကို ယွီဖန်ကောင်းကင်ဘုံတွင် နံပါတ်တစ် အင်အားစု ဖြစ်လာစေရန်နှင့် တာအိုသန့်စင်ဂိုဏ်းကို အစားထိုးရန်ပင် စဉ်းစားနေခဲ့သည်။ မန္တန်စစ်သည်တော်မှတစ်ဆင့် ဤလူနှစ်ဦး၏ မသိနားမလည်သော စကားများကို ကြားရသောအခါ ကျန်းယွီဟယ်က ခေါင်းခါရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ “တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ဟယ်မိသားစုက ဒီအသုံးမကျတဲ့ကောင်တွေက သူတို့ကိုယ်သူတို့ တာအိုသန့်စင်ဂိုဏ်းကို အစားထိုးနိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား။” ထို့အပြင် နတ်ဆိုးမျိုးနွယ်စုများ ရောက်ရှိလာပါက ယွီဖန်ကောင်းကင်ဘုံ တစ်ခုလုံးကို သူ အုပ်ချုပ်နိုင်မည်ဟု ဟယ်တောက်ဖန်က တစ်စုံတစ်ရာသော ယုံကြည်မှုမျိုး ရှိနေပုံရသည်။ အကယ်၍ ထိုသို့သာဆိုလျှင် နတ်ဆိုးမျိုးနွယ်စုများသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကတည်းက တာအိုသန့်စင်ဂိုဏ်း၏ နှိမ်နင်းခြင်းကို ခံရမည်မဟုတ်ပေ။ “ပြီးတော့ သူ ဒီမှာ စောင့်ကြည့်နေတာတောင် နတ်ဆိုးမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ...” “တကယ်တမ်း အချိန်တန်ရင် သူ အရှေ့ကို ပြေးထွက်သွားပြီး ယဇ်ပလ္လင်ကို သေချာပေါက် ဖျက်ဆီးပစ်မှာပဲ။ သူက ဘယ်အချိန်မှာ လုံခြုံအောင် နေရမလဲဆိုတာကို သိပါတယ်။ ဒါပေမဲ့ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံ့နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါက လိုအပ်သလား မလိုအပ်ဘူးလား ဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ်...” ထို့အပြင် သူက ဂိုဏ်းသို့ မက်ဆေ့ချ် ပို့ထားပြီးဖြစ်ရာ တာအိုသန့်စင်ဂိုဏ်း၏ အကူအညီက မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ စစ်ကူများ ရောက်ရှိလာပါက ဟယ်မိသားစုအတွက် နိဂုံးချုပ်သွားပြီ ဖြစ်သည်။ "မင်းတို့ရဲ့ ချိုမြိန်တဲ့ အိပ်မက်တွေက မကြာခင် အဆုံးသတ်တော့မှာမို့လို့ မင်းတို့ရဲ့ နောက်ဆုံးအချိန်လေးတွေကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ကြပါဦး" ကျန်းယွီဟယ်က လှောင်ပြောင်သရော်သည့် လေသံလေးဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
***