ရှောင်လုံက အဝေးက ချောင်းမြောင်းကြည့်နေသူများကို တစ်ချက်လှမ်းကြည့်ပြီး မှောင်ရိပ်ထဲသို့ ဝင်ရောက်ကာ ကိုယ်ယောင်ဖျောက်လိုက်သည်။
ထိုအခါမှသာ အဝေးမှ ချောင်းကြည့်နေကြသော သိုင်းလောကသားများလည်း လှုပ်ရှားရဲတော့သည်။ သူတောင်းစားဂိုဏ်းချုပ်ကြီးပင် အနိုင်မယူနိုင်ခဲ့သော သရဲနက်ကို အပြတ်အသတ် အနိုင်ယူလိုက်သော သူတောင်းစားဂိုဏ်း၏ အပြင်အကြီးအကဲဆိုသူကို သူတို့က အလွန်ထိတ်လန့်နေကြသည့်အတွက် မလှုပ်ရှားရဲကြခြင်းဖြစ်သည်။
“ထွက်သွားပြီလား”
“ထွက်သွားပြီ”
ဟိုမှသည်မှ ပုန်းကွယ်နေကြသော သိုင်းသမားများ အလျိုအလျို ထွက်လာကြသည်။
“တွေ့လိုက်ကြလား။ အဲဒီလူက သရဲနက်ကို အနိုင်ယူလိုက်တယ်”
“တွေ့လိုက်တယ်လေ။ ဒါပေမဲ့ ငါ့မျက်လုံးကိုတောင် မယုံနိုင်သေးဘူး။ အဲတာက အံ့သြစရာပဲ၊ အံ့ဩစရာပဲ။ သူတောင်းစားဂိုဏ်းမှာ ဒီလို အကြီးအကဲတစ်ယောက် ရှိဦးမယ်လို မထင်ထားခဲ့ဘူး။ သိုင်းလောကရဲ့အထွတ်ထိပ်ဂိုဏ်းကြီးလို့ မပြောရဘူး။ သူတို့မှာ ဒီလို ဝှက်ဖဲမျိုးတောင် ရှိတယ်။ အဲဒီသရဲနက်ကို မြင်ကြတယ် မဟုတ်လား။ လုံးဝတောင် ပြန်မတိုက်နိုင်ခဲ့ဘူး”
“အဲဒီ မကောင်းဆိုးဝါးကောင်က ထွက်ပြေးသွားတာ”
“ငါတို့ ဘာလုပ်ကြမလဲ”
“ဘာလုပ်ရမှာလဲ။ လိုက်ရှာကြရမှာပေါ့။ မကောင်းဆိုးဝါးကောင်ကို အရှင်ထားလို့ မရဘူး”
“ဟုတ်တယ်။ လိုက်ရှာရမယ်။ အဲဒီလောက် ဒဏ်ရာတွေ ရသွားတာ ခပ်ဝေးဝေး ပြေးနိုင်မှာ မဟုတ်ဘူး။ တစ်နေရာရာမှာ ပုန်းနေလိမ့်မယ်။ လိုက်ရှာကြ”
“အဲဒီ မကောင်းဆိုးဝါးကောင်ရဲ့အသက်ကို ငါ့လက်နဲ့ နုတ်ယူမယ်”
ထိုသိုင်းသမားများမှာ ကြုံးဝါးပြောဆိုရင်း တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ရောက်လာကြပြီး ခြေရာလက်ရာ သဲလွန်စများကို ကြည့်ကာ သရဲနက်ကို လိုက်ရှာကြတော့သည်။
ထိုအချိန်တွင် သရဲနက်မှာ အသက်ရှူသံနှင့် နှလုံးခုန်နှုန်းကိုပါ ထိန်းချုပ်ထားပြီး ငြိမ်သက်နေလိုက်သည်။ အံကြိတ်၍ စိတ်ထဲကလည်း ကြိမ်းဝါးနေမိသည်။
‘နေနှင့်ကြဦးပေါ့ကွာ။ သေသင့်တဲ့ သိုင်းလောကသားတွေ။ သေသင့်တယ်၊ သေသင့်တယ်။ ငါ့အရိုးတွေ ပြန်ဆက်သွားတာနဲ့ မင်းတို့ရဲ့ ခွေးအသက်တွေကို ငါ ဖျက်ဆီးပစ်မယ်’
သရဲနက်၏ ခန္ဓာကိုယ်ပေါ်က အပြင်ဒဏ်ရာများ သက်သာနေပြီ ဖြစ်သည်။ အလျဉ်းမကောင်းသေးသော်လည်း မီးလောင်၍ အက်ကွဲနေခဲ့သော အရေပြားနှင့် အသားများပေါ်တွင် နက်မှောင်ပျစ်ခဲနေသော သွေးချိုးများ ဖုံးနေသည်။ ဒဏ်ရာကြီးသော နေရာများတွင် သွေးချိုးများအပြင် သွေးအမျှင်များပါ ရောထွေးနေသည်။ တစ်ကိုယ်လုံး ထိုသွေးပျစ်ခဲများဖြင့် ဖုံးနေသဖြင့် သစ်ရုပ်တစ်ရုပ်ကို သစ်စေးဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေခဲ့သည်။
‘အရိုးတွေ ပြန်ဆက်စမ်း၊ အရိုးတွေ ပြန်ဆက်စမ်း’
သရဲနက်က စိတ်ထဲက ကြုံးဝါးပြီး အရိုးများ အမြန်ပြန်ဆက်အောင် တွန်းအားပေးသည်။
ကျိုးကြေသွားသော အရိုးများက ပုံစံတကျ နေသားတကျ ဖြစ်အောင် တလှုပ်လှုပ်နှင့် ရွေ့လျားချိတ်ဆက်နေကြသည်။ ပခုံးရိုး၊ လက်ဖျံရိုး၊ လက်မောင်းရိုး၊ ခြေသလုံးရိုး၊ နံရိုး၊ တစ်ကိုယ်လုံးက အရိုးများ ကျိုးကြေကုန်သဖြင့် အရိုးများ ပြန်ဆက်ရန် ရွေ့နေကြသည်က တော်ရုံနာကျင်မှုတော့ မဟုတ်ပေ။
သရဲနက် ထိုနာကျင်မှုကို အံကြိတ်၍ တောင့်ခံထားပြီး ရူးသွပ်နေသော မကောင်းဆိုးဝါးတစ်ကောင်လို မဖြစ်သွားအောင် သူ့ကိုယ်သူ ထိန်းထားသည်။ သူ၏ သတ်ဖြတ်ချင်စိတ်ကို အတင်းမြိုချထားသည်။
‘နေနှင့်ကြဦး၊ ခဏပဲ နေနှင့်ကြဦး။ ပြီးတော့မှ မင်းတို့ရဲ့ အသက်တွေကို ငါယူမယ်။ ငါ နာကျင်ခံစားရတာထက် အဆတစ်ရာ ပြန်နာကျင်ခံစားရအောင် လုပ်မယ်’
သိုင်းသမားများကလည်း အမှောင်ထဲတွင် နေရာအနှံ့ လိုက်ရှာနေကြသည်။ တချို့က မီးတုတ်များထွန်း၍ လိုက်ရှာနေကြသည်။
“တွေ့ကြလားဟေ့”
“မတွေ့သေးဘူး”
“တွေ့ရင် လက်မနှေးနဲ့။ တစ်ခါတည်း သတ်ပစ်”
“စိတ်ချ။ အဲဒီကောင်းဆိုးဝါးကောင်လက်ထဲမှာ သေသွားတဲ့ ငါ့ရောင်းရင်းတွေအတွက် ငါ့လက်နဲ့ကို သတ်မှာ”
“တစ်ချက်တည်း အသေမသတ်နဲ့။ အဲဒါ ညှာတာရာ ရောက်သွားလိမ့်မယ်။ သေပါရစေလို့ တောင်းပန်လာတဲ့အထိ နှိပ်စက်ပြီးမှ သတ်”
သိုင်းသမားများကလည်း သတ်ဖြတ်လိုသော မျက်လုံးများဖြင့် လိုက်ရှာနေကြသည်။ တချို့က သစ်ပင်ကြီးအောက်သို့ပင် ရောက်လာကြပြီး လှည့်ပတ်ရှာဖွေကြသည်။
သို့သော်လည်း အပုန်းကောင်းသော သရဲနက်ကို မတွေ့ကြပေ။
ထိုသို့ လိုက်ရှာနေကြသော သိုင်းလောကသားများကိုလည်းကောင်း မလှုပ်မယှက် ငြိမ်သက်စွာ ပုန်းကွယ်၍ ဒဏ်ရာကုနေသော သရဲနက်ကိုလည်းကောင်း လူတိုင်း၏ လှုပ်ရှားမှုနှင့် တည်ရှိမှုကို စောင့်ကြည့်နေသော လူတစ်ယောက် ရှိနေသည်။
ထိုလူကား သရဲနက်ပုန်းခိုနေသော သစ်ပင်ကြီး၏ ထိပ်ဖျားတွင် ငှက်နီတစ်ကောင်နှင့်အတူ ရပ်နားနေသော ကြေးမျက်နှာဖုံးနှင့် ရှောင်လုံပင် ဖြစ်လေ၏။
ရှောင်လုံက သိုင်းလောကသားများကို စိတ်မဝင်စားပေ။ သရဲနက်ကိုသာ စိတ်ဝင်စားနေသည်။ သူ၏ စိတ်ဝိညာဉ်အာရုံခံမှုဖြင့် သရဲနက်၏ ဒဏ်ရာပြန်ကောင်းလာမှုကို ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့်ပင်။
‘အဲဒီလူက ဘယ်လို လူလဲ။ လူခန္ဓာကိုယ်အသွေးအသား မဟုတ်ဘူးလား။ သူ့ခန္ဓာကိုယ် အရိုးတွေ သွေးသားတွေ ပြောင်းလဲနေတာက ဘာလို့ သစ်ပင်တစ်ပင်နဲ့ တူနေတာလဲ။ သူ့သွေးတွေကလည်း သွေးနဲ့ မတူနေဘူး။ သစ်စေးတွေနဲ့ တူနေတယ်။ အပေါ်ယံ အရေးပြားဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ ပုံစံက သစ်ပင်တစ်ပင် ဒဏ်ရာရလို့ မှည့်သားတက်ပြီး သစ်ခေါက်တွေ အသစ်ပြန်ထွက်လာနေသလိုပဲ။ အရိုးတွေ ပြန်ဆက်နေတာက ပိုပြီးတော့တောင် ထူးဆန်းသေးတယ်။ အဲဒီ ပျစ်ခဲနေတဲ့ သွေးနက်တွေက တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဒါက လူတစ်ယောက်ရဲ့ သွေးနဲ့ ဘယ်လိုမှ မတူနေဘူး။ ဒီလောကကြီးမှာ မကောင်းဆိုးဝါးက တကယ်ပဲ ရှိနေတာလား’
ရှောင်လုံက မကောင်းဆိုးဝါးဟူသော စကားလုံးကို စဉ်းစားနေမိသည်။ သရဲနက်ကို ဆိုးဝါးရက်စက်လှသောကြောင့် မကောင်းဆိုးဝါးဟု ခေါ်သည်ဟုသာ ထင်နေခဲ့သည်။ ယခု မြင်ရသလောက် သရဲနက်က သာမန်လူသားတစ်ယောက်၏ သွေးသားခန္ဓာကိုယ်မျိုး မဟုတ်နေခဲ့ပေ။
‘ဟင်…’
ရှောင်လုံတစ်ယောက် သရဲနက်ကို အာရုံခံ၍ ကြည့်နေစဉ်မှာပင် အံ့ဩသွားသည်။ သရဲနက်၏ ခန္ဓာကိုယ်ပေါ်က သွေးချိုးတချို့ ကွာကျလာသည်။ သေးငယ်သော တချို့ဒဏ်ရာများပေါ်က သွေးချိုးများ ဖြစ်သည်။
ထိုအရာက အံ့ဩစရာ မဟုတ်ပေ။ အံ့ဩစရာက သွေးချိုးကွာကျသွားပြီးနောက် သရဲနက်၏ ဒဏ်ရာက အမာရွတ်သာကျန်ပြီး လုံးဝအကောင်းပကတိ ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။
‘ဒီလောက်တောင် အကောင်းမြန်တာလား’
ရှောင်လုံကိုယ်တိုင်လည်း အရိပ်မဲ့ကျွန်းပေါ်က ကန့်သတ်နယ်မြေများထဲတွင် လေ့ကျင့်ခဲ့စဉ်က ဒဏ်ရာများ ချက်ချင်းပြန်ကောင်းစေသော ထူးဆန်းသည့် ဆေးပင်များ စားခဲ့ရဖူးသည်။ သူ ရခဲ့သော ဒဏ်ရာများက သရဲနက်ရသော ဒဏ်ရာများလောက်တော့ မပြင်းထန်ပေ။
ယခု သရဲနက်က အပေါ်ယံဒဏ်ရာမျှ မဟုတ်ပေ။ တစ်ကိုယ်လုံးက မီးလောင်ဒဏ်ရာများနှင့် ရိုက်ချက်ကြောင့် ကြွက်သားများ ကြေကာ အကြောများ ပြတ်လုမတတ်ဖြစ်နေသော ဒဏ်ရာများ ဖြစ်သည်။ အရိုးများ ကျိုးကြေနေသော အတွင်းဒဏ်ရာများ ဖြစ်သည်။ သို့သော် မည်သည့်ဆေးမှ မစားမသောက်ဘဲ ပြန်ကောင်းလာနေခဲ့သည်။ ထိုအရာက အမှန်ပင် အံ့ဩဖို့ကောင်းနေသည်။
ရှောင်လုံက သရဲနက်ကို စိတ်ဝိညာဉ်အာရုံဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၍ သရဲနက် မည်သည့်ဆေးဝါး မည်သည့်ဆေးပင်မှ မစားခဲ့သည်ကို သိနေသည်။
စောင့်ကြည့်နေစဉ် ခဏမှာပင် ဒဏ်ရာများပေါ်မှ နောက်ထပ်နောက်ထပ် သွေးချိုးများ ခြောက်သွေ့ကာ ကွာကျလာကြသည်။
‘ဒီလူ…’
ရှောင်လုံ အံ့ဩနေစဉ်မှာပင် သရဲနက်ကိုယ်ပေါ်မှ သွေးချိုးများအားလုံး ကွာကျသွားခဲ့သည်။ မီးလောင်ထားသော ဒဏ်ရာများပင် ပြန်ကောင်းသွားခဲ့သည်။
‘တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီပုံအတိုင်းဆိုရင် အရိုးတွေ ပြန်ဆက်သွားဖို့ကလည်း အချိန်သိပ်ကြာမှာ မဟုတ်ဘူး’
ရှောင်လုံက တွေးရင်း လှည့်ပတ်ရှာနေကြသော သိုင်းသမားများကို ကြည့်လိုက်သည်။
‘ဒီလူတွေက သရဲနက်ကို တော်တော် သတ်ချင်နေကြတာပဲ။ ဒါပေမဲ့ သရဲနက် ပြန်ကောင်းလာရင် အသတ်ခံရမယ့်လူတွေက သူတို့ ဖြစ်နေမှာတော့ စိုးရိမ်ရတယ်’
ရှောင်လုံက ဆက်၍ စောင့်ကြည့်နေရင်း သူ့ပခုံးပေါ် နားနေသော ငှက်နီ၏ ခေါင်းကို ပွတ်ပေးသည်။ အလည်လွန်တတ်သော သူငယ်ချင်းလေးက လျှောက်မသွားသေးဘဲ သူ့နားမှာ နေပေးနေသည်။
“သူငယ်ချင်း…၊ ဒီက ကိစ္စတွေ ပြီးရင် မင်းနဲ့ ဆရာတို့ နောက်ဆုံး လမ်းခွဲခဲ့တဲ့နေရာကို ငါလိုက်ကြည့်ပေးမယ်။ လောလောဆယ် ငါနားမှာပဲနေနော်။ ငါက အားနည်းသေးပေမဲ့ သိုင်းလောကကြီးထဲ လျှောက်သွားပြီး အတွေ့ကြုံယူလို့တော့ ရနေပါပြီ။ ငါနဲ့ လျှောက်သွားပြီး ဆရာတို့ကို ရှာကြတာပေါ့”
ငှက်နီက ရှောင်လုံပြောသော စကားကို ခေါင်းကလေး အသာစောင်းငဲ့ကာ နားထောင်နေခဲ့သည်။ ထို့နောက် ခေါင်းညိတ်ပြကာ သူ့ဦးခေါင်းဖြင့် ရှောင်လုံ၏ ပါးကို တိုးဝှေ့ကာ ပွတ်နေခဲ့သည်။
ရှောင်လုံက သူငယ်ချင်း၏ ချစ်စရာကောင်းသော ထိုအပြုမူကို အလွန်သဘောကျသည်။
“ဒါနဲ့ ငါတို့ ဘာလုပ်ရင် ကောင်းမလဲ။ အဲဒီ သိုင်းသမားတွေက ဒီအတိုင်း ဆက်ရှာနေကြရင် အသတ်ခံရတော့မှာ။ အဲဒီလူက ထူးဆန်းတယ်။ သူ့ရဲ့ ပြန်ကောင်နိုင်စွမ်းက အရမ်းထူးဆန်းတယ်။ သူက တကယ်ပဲ လူမဟုတ်ဘူးလား။ တကယ်ပဲ မကောင်းဆိုးဝါးတစ်ကောင်လား”
ငှက်နီကလည်း သရဲနက်ကို မြင်နေပုံရသည်။ သူက ငုံ့ကြည့်ပြီး ခေါင်းခါပြနေသည်။
“သူက လူတစ်ယောက်မဟုတ်ဘူးလား”
ငှက်နီက ခေါင်းခါပြသည်။
“သူက တကယ်ပဲ မကောင်းဆိုးဝါးတစ်ကောင်ကိုး”
ငှက်နီက ထပ်ခေါင်းခါပြသည်။
“ဟင်…၊ မကောင်းဆိုးဝါးလည်း မဟုတ်ဘူးလား။ သူငယ်ချင်း…၊ မင်းက ဘာပြောချင်တာလဲ။ သူက လူလည်း မဟုတ်ဘူး။ မကောင်းဆိုးဝါးလည်း မဟုတ်ဘူးဆိုတော့ သူက ဘာကြီးလဲ”
ငှက်နီက ရှောင်လုံအနား ပိုတိုးကပ်ပြီး ခေါင်းကလေးနှင့်ပွတ်လိုက် ကိုယ်လုံးလေးနှင့် ပွတ်လိုက် လုပ်နေခဲ့သည်။ ထို့နောက် ရှောင်လုံ၏ ပါးကို နှုတ်သီးဖြင့် အသာထိုးဆိတ်ပြနေပြန်သည်။
ရှောင်လုံလည်း ငှက်နီ၏ ထိုအပြုအမူကို နားမလည် ဖြစ်သွားသည်။ သူ့သူငယ်ချင်းထံမှ ထိုအပြုမူမျိုး မမြင်ဖူးသောကြောင့်ပင်။ ဆက်သွယ်အမှုပုံစံအသစ်တစ်ခု ဖြစ်နေခဲ့သည်။
ရှောင်လုံက ခဏစဉ်းစားပြီး မေးကြည့်လိုက်သည်။
“သူက လူလည်း မဟုတ်ဘူး၊ မကောင်းဆိုးဝါးလည်း မဟုတ်ဘူးဆိုတော့ ငါ့လို သရဲတစ္ဆေတစ်ယောက်လို့ ပြောချင်တာလား”
ငှက်နီက ရှောင်လုံမျက်နှာနားက ပြန်ခွာသွားပြီး ခေါင်းထောင်ကာ ပြူးကြည့်နေခဲ့သည်။ ဒီလောက် ပြောပြနေတာကို နားမလည်ဘူးလားဟူသော အကြည့်မျိုး ဖြစ်သည်။
“… …”
“အဟီး…၊ နေဦး၊ ငါ နည်းနည်း စဉ်းစားလိုက်ဦးမယ်။ သူက ငါ့လို သရဲတစ္ဆေလည်း မဟုတ်ဘူးဆိုတော့ ဘာဖြစ်မလဲ”
ငှက်နီက ရှောင်လုံကို စိုက်ကြည့်ပြီး ပါးကို နှုတ်သီးဖြင့် လှမ်းလှမ်း ထိုးပြနေသည်။
“သူငယ်ချင်း…၊ မင်းက ငါ့ကိုပဲ ညွှန်ပြနေတယ်။ သူက ငါ့လို သရဲတစ္ဆေလည်း မဟုတ်ဘူးဆိုတော့ ဘာကြီးလဲ။ သူက စကားလည်း ပြောနေတာပဲလေ။ စကားမပြောတဲ့ သရဲတစ္ဆေလည်း မဟုတ်ပါဘူး”
ငှက်နီက ခေါင်းကို ဘယ်ညာခါပြီး ရှောင်လုံကို ခေါင်းကလေးစောင်းကာ ပြူးကြည့်နေခဲ့သည်။ ထိုနောက် ထပ်မပြောတော့ဘဲ ရှောင်လုံ၏ ခေါင်းပေါ် ခုန်တက်ကာ ခေါင်းကို နှုတ်သီးဖြင့် အသာထိုးဆိတ်နေတော့သည်။
ငတုံး…၊ ငတုံး…၊ တုံးဦး…ဟု ပြောနေသလိုပင်။
ရှောင်လုံလည်း ငှက်နီ၏ အဆုံးမကို ခံနေရသဖြင့် ကူရာကယ်ရာမဲ့နေတော့သည်။ ရှောင်လုံက သူဉာဏ်မီသလောက် လျှောက်ခန့်မှန်း၍ ထပ်ပြောကြည့်သည်။
“ဒါဆို သူက သစ်ပင်လား”
“ဒေါက်…”
ငှက်နီက ခေါင်းကို ခပ်နာနာ ထိုးဆိတ်ချသည်။ မဟုတ်ဘူးဟု ပြောနေချင်းပင်။
“ဒါဆို သူက ကျောက်တုံးလား”
“ဒေါက်ဒေါက်…”
“အာ့…၊ မဟုတ်ပြန်ဘူးလား။ နေဦး ခုနက သူ တိုက်ခိုက်တုန်းက ပန်းပွင့်ပုံရိပ်ကြီးနဲ့ အရိပ်လက်တံကြီးတွေ ထွက်လာတယ်။ ဒါဆို သူက ပန်းကြီးတစ်ပွင့်လား”
ငှက်နီက ထပ်မထိုးဆိတ်တော့ပေ။ ရှောင်လုံပြောသည်များက မှန်သွားသောကြောင့်တော့ မဟုတ်ပေ။ မဟုတ်ကဟုတ်ကများ ဆက်ပြီး လျှောက်ပြောနေသောကြောင့် ဖြစ်သည်။ ပြောလေလေ ဝေးလေလေ ဖြစ်နေသောကြောင့် ထပ်မပြောလိုတော့ခြင်း ဖြစ်သည်။
ထိုစဉ်
“~~သခင်…၊ သူပြောနေတာက သခင်နဲ့တူတူပဲလို့ ပြောနေတာပါ~~”
ကြွက်ရုပ်လေးက စိတ်ဝိညာဉ်မှ ဆက်သွယ်၍ ပြောပြလာသည်။
“~~သူက ငါနဲ့ တူတူပဲဆိုရင် သရဲတစ္ဆေပဲ မဟုတ်ဘူးလား~~”
ကြွက်ရုပ်လေးလည်း ထပ်မဆက်သွယ်တော့ပေ။ သူ့သခင်၏ ဉာဏ်ရည်ကို အံ့ဩဆွံ့အလျက် တိတ်ဆိတ်သွားခဲ့သည်။
ရှောင်လုံကလည်း ထပ်မမေးတော့ဘဲ ကြွက်ရုပ်လေးပြောပြသော ‘သရဲနက်က ငါနဲ့ တူတူပဲ’ဆိုသည့် စကားကိုသာ တွေးနေမိတော့သည်။
‘သူက ငါနဲ့ တူတူပဲတဲ့လား’
ရှောင်လုံ၏ စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။ နားမလည်နိုင်သော ရှုပ်ထွေးသော စိတ်တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
သရဲနက်ကို စိတ်ဝိညာဉ်အာရုံဖြင့် ပြန်ကြည့်လိုက်သည်။
‘သူ ပြန်ကောင်းလာတော့မယ်’
ဟုတ်သည်။ သရဲနက်၏ ကျိုးကြေနေသော အရိုးများ ပုံစံတကျ နေသားတကျ ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
လိုက်ရှာနေကြသော သိုင်းသမားများက ရိုးရိုးရှာမတွေ့သောအခါ မြေကြီးကိုလည်းကောင်း သစ်ပင်များကိုလည်းကောင်း ခြုံပုတ်များကိုလည်း ဓားလှံလက်နက်များဖြင့် လျှောက်ထိုးခုတ်ကာ ရှာနေကြသည်။
“အဲဒီ မကောင်းဆိုးဝါးကောင် ဝေးဝေးမပြေးနိုင်ဘူး။ ဒီအနီးနားမှာပဲ ပုန်းနေမှာ သေချာတယ်။ ရှာကြ။ တွေ့အောင် ရှာကြ”
“ဟုတ်တယ်။ အရင်တုန်းကလည်း အဲဒီမကောင်းဆိုးဝါးကောင်က ဒီလိုပဲ အပုန်းကောင်းလို့ လွတ်သွားတာ။ ဒီတစ်ခါတော့ လုံးဝ မလွတ်စေနဲ့။ တွေ့တာနဲ့ တစ်ခါတည်း သတ်ကြ”
ရှောင်လုံက ထိုမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချမိသည်။
‘ကြည့်ရတာ သရဲနက်နဲ့ ဒီသိုင်းသမားတွေကြားမှာ မပြေနိုင်တဲ့ ရန်ငြိုးတွေ ရှိနေခဲ့တာထင်တယ်’
ထိုအချိန်တွင် သရဲနက်၏ အရိုးများ ပြန်ဆက်သွားပြီး အရိုးကျိုးဒဏ်ရာတစ်ဝက်လောက်အထိ ပြန်ကောင်းသွားသည်။ အကုန်လုံး ပြန်ကောင်းဖို့ သိပ်မကြာလောက်တော့ပေ။ ထို့ကြောင့် သရဲနက်ကလည်း ထိုသိုင်းလောကသားများကို ထသတ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
‘မင်းတို့ကပဲ ငါ့ကို သတ်နိုင်မလား၊ ငါကပဲ မင်းတို့ကို သတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။ ဟင်းဟင်းဟင်း…။ အရေအတွက်နဲ့မှ လုပ်ရဲတဲ့ အမှိုက်တွေ…’
ထိုအခြေနေကို ကြည့်ပြီး ရှောင်လုံမှာ ခေါင်းခါမိသည်။
‘အဲဒီသရဲနက်ရဲ့ ဒီလို ပြန်ကောင်းမှုမျိုးနဲ့ဆိုရင် အသေသာ မသတ်နိုင်လို့ကတော့ ထွက်ပြေးလွတ်မြောက်လိုက် ခံစားခဲ့ရတာတွေအတွက် ပြန်ကလဲ့စားချေလိုက်နဲ့ အဆုံးသတ်တော့မှာ မဟုတ်ဘူး’
ရှောင်လုံက လျှို့ဝှက်အသံ အကြီးကဲတစ်ယောက်၏ အသံမျိုး ပြောင်း၍ အသံနိမ့်လှိုင်းသိုင်းပညာနှင့်လည်း ပေါင်းစပ်ကာ ဖိအားတစ်ခုဖြင့် ပြောလိုက်သည်။
~~မင်းက တော်တော်လေး အပုန်းကောင်းသားပဲ။ ဒဏ်ရာပြန်ကောင်းတာလည်း တော်တော်မြန်တယ်~~
ရှောင်လုံ၏ လျှို့ဝှက်အသံကို ကြားလိုက်သည်နှင့် သရဲနက်မှာ ဆတ်ကနဲ တုန်သွားသည်။ အလွန်လည်း ထိတ်လန့်သွားသည်။
‘အဲဒီလူ ရှိနေသေးတာလား’ဟုလည်း စိတ်ထဲတွေးရင် ထကြွနေသော ဒေါသများကို အတင်းပြန်မြိုချထားလိုက်ရသည်။
‘အဲဒီလူက ငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ။ ဟိုအမှိုက်လိုလူတွေကို ငါ ဒေါသထွက်မိလို့ ငါ့ကို ရှာတွေ့သွားတာများလား။ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ဒီပုန်းကွယ်ကိုယ်ယောက်ဖျောက်နည်းကို ဘယ်သူမှ ရှာမတွေ့ဖူးဘူး။ ဒီလူက တကယ်ပဲ ဘယ်သူလဲ။ သူတောင်းစားဂိုဏ်းလို ဆုတ်ယုတ်အားနည်းနေတဲ့ ဂိုဏ်းတစ်ခုမှာ ဒီလို အကြီးကဲ ရှိနေတာလား’
သူတောင်းစားဂိုဏ်းချုပ်က ထိုလူကို ဂုဏ်ထူးဆောင်အပြင်အကြီးကဲဟု ခေါ်လိုက်သည်ကို သရဲနက်လည်း ကြားခဲ့သည်။
‘ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ။ အဲဒီအကြီးကဲ ရှိနေသေးရင် ငါ အဲဒီအမှိုက်ကောင်တွေကို သတ်လို့ရမှာ မဟုတ်ဘူး။ အဲဒီအကြီးကဲ ထွက်သွားတဲ့အထိ ငါ ဆက်ပုန်းနေရင်ကောင်းမလား။ မဖြစ်သေးဘူး။ ငါ ဆက်ပုန်းနေရင် အဲဒီအမှိုက်တွေ ငါ့ကို ရှာတွေ့ချင်တွေ့သွားနိုင်တယ်’
သရဲနက်မှာ အတွေးများနှင့် စိတ်ချောက်ခြားလျက် ရှိ၏။ ထိုအမှိုက်များက သူ့ကို ရှာတွေ့သွားမှာကို သူ မစိုးရိမ်ပေ။ အခွင့်ရေးရတုန်း ထိုအမှိုက်များကို မသတ်ပစ်လိုက်ရမှာကိုသာ သူက စိုးရိမ်နေသည်။ သို့သော်လည်း ထိုအကြီးကဲ၏ ရှေ့တွင်တော့ သူ မလုပ်ရဲပေ။
~~သရဲနက်…၊ မင်းက လူတွေ ပြောကြသလို တကယ်ပဲ မကောင်းဆိုးဝါးလား။ ဒါမှမဟုတ် လူတစ်ယောက်ပဲလား~~
ရှောင်လုံက သူ အသိချင်ဆုံးဖြစ်နေသော ကိစ္စကို မေးကြည့်လိုက်သည်။
သရဲနက်က ချက်ချင်းတော့ ပြန်မဖြေခဲ့ပေ။ ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။
~~ကျွန်တော်က မကောင်းဆိုးဝါးပါ။ ဒီသိုင်းလောကသားတွေကို သတ်ဖြတ်မယ့် မကောင်းဆိုးဝါးပါ~~
သရဲနက်၏ အဖြေကြောင့် ရှောင်လုံမှာ စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။ သရဲနက်က သူ့ကိုယ်သူ လူတစ်ယောက်ပါဟု ပြော၍ အသက်ချမ်းသာရာရအောင် မကြိုးစားသောကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ သရဲနက်က သူ့ကိုယ်သူ မကောင်းဆိုးဝါးပါဟု ပြောနေသော စကားလုံးများထဲတွင် နာကြည်းမုန်းတီးမှုများ ပါဝင်နေသောကြောင့် ဖြစ်သည်။ သူက သိုင်းလောကသားများအပေါ် အလွန် နာကြည်းမုန်းတီးနေပုံရသည်။
~~မင်းက မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ခဲ့ဘူးကိုး။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က…~~
~~ကျွန်တော်က မကောင်းဆိုးဝါးတစ်ကောင်ပါ။ သိုင်းသမားတွေကို သတ်ပစ်မယ့် မကောင်းဆိုးဝါးတစ်ကောင်ပါ~~
သရဲနက်က နာကြည်းခါးသီးစွာဖြင့် သူ့ကိုယ်သူ မကောင်းဆိုးဝါးပါဟု ပြောနေခဲ့သည်။
ရှောင်လုံက သရဲနက်၏ အတွင်းစိတ်ထဲ၌ ကိန်းအောင်းနေသော သိုင်းလောကသားများအပေါ် နာကြည်းမုန်းတီးမှုကို ခံစားမိခဲ့သည်။
~~သရဲနက်…၊ ဒါက မင်းနာမည် မဟုတ်ဘူး။ ဒီအကြီးကဲကို မင်းရဲ့ နာမည် ပြောပြပါလား~~
~~အကြီးကဲ၊ ကျုပ်ကို သတ်ချင်ရင် လာသတ်လိုက်ပါ~~
သရဲနက်က သူ့နာမည်ကို မပြောခဲ့ပေ။
ရှောင်လုံလည်း အတင်းမမေးတော့ဘဲ သက်ပြင်းချလိုက်သည်။
~~ကောင်းပြီလေ။ ဒါဆိုရင် မင်း ဘာဖြစ်လို့ စိတ်ဝိညာဉ်ကြာစေ့ကို လိုချင်တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ငါ့မှာ အဲဒီလို ကြာစေ့တစ်စေ့ ရှိတယ်~~
သရဲနက်က မပြောပြပေ။
~~တကယ်လို့ မင်းပြောပြတာကို ငါ သဘောကျရင် ကြာစေ့ကို မင်း ရနိုင်တယ်။ ဒီလိုကြာစေ့တစ်စေ့ တွေ့ရဖို့က မလွယ်ဘူးဆိုတာ မင်းလည်း သိပါတယ်~~
ရှောင်လုံမှာ စိတ်ဝိညာဉ်ကြာစေ့ကို စားသာစားလိုက်ရသော်လည်း ကြာစေ့အကြောင်း ဘာမှ မသိခဲ့ပေ။ သရဲနက်ကလည်း စိတ်ဝိညာဉ်ကြာစေ့ကို လိုချင်နေခဲ့သဖြင့် တစ်ခုခု သိထားနိုင်သည်ဟု ထင်မိသည်။
~~အကြီးကဲက စိတ်ဝိညာဉ်ကြာစေ့အကြောင်း သိချင်တာဆိုရင်တော့ ကျွန်တော်လည်း ပြောပြနိုင်မှာ မဟုတ်ဘူး~~
သရဲနက်က ဉာဏ်မနည်းပေ။ ရှောင်လုံ၏ မေးခွန်းက မည်သည့်ရည်ရွယ်ချက်ဖြင့် မေးမှန်း ရိပ်မိနေခဲ့သည်။
~~ဟုတ်တယ်။ ငါက ကြာစေ့ကို ရထားပေမဲ့ ရှားပါးအဖိုးတန်တယ်ဆိုတာလောက်ပဲ သိထားတယ်။ ဒါကြောင့် ဒီကြာစေ့က ဘယ်လိုတွေ ထူးခြားချက်ရှိလဲဆိုတာ ငါက သိချင်နေခဲ့တာပါ။ မင်းက မသိဘူးဆိုတော့လည်း ထားလိုက်ပါတော့~~
သရဲနက်က ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် ပြောလာသည်။
~~ကျွန်တော် လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုအကြောင်း ပြောပြရင် ကျွန်တော့်ကို ကြာစေ့ ပေးမှာလား~~
~~မင်းပြောတာက ငါ့အတွက် တစ်ခုခုတော့ အကျိုးရှိနိုင်မယ်ဆိုရင် ငါ ပေးနိုင်ပါတယ်~~
သရဲနက်က ခဏစဉ်းစားပြီး မေးလိုက်သည်။
~~အကြီးကဲ…၊ အိပ်မက်ဆိုးတောအုပ်ဆိုတာ ကြားဖူးလား~~
~~ငါ မကြားဖူးဘူး~~
~~ဒါဆိုရင် ကျွန်တော်ပြောမယ့်စကားက အကြီးကဲအတွက် အကျိုးရှိမှာပါ~~
~~မင်းပြောချင်တာက အိပ်မက်ဆိုးတောအုပ်အကြောင်းက တန်ဖိုးရှိတယ်ပေါ့~~
~~တန်ဖိုးရှိတယ် မရှိဘူးဆိုတာထက် အိပ်မက်ဆိုးတောအုပ်အကြောင်းကို သိုင်းလောကသားတွေ သိချင်ကြတယ်။ စုံစမ်းကြတယ်။ ဒါပေမဲ့ ဘယ်သူမှ တိတိကျကျ မသိကြဘူး~~
ရှောင်လုံလည်း ခဏစဉ်းစားလိုက်ရသည်။ သရဲနက်၏ ပြောပုံအရဆိုရင် အိပ်မက်ဆိုးတောအုပ်က အလွန်လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်မည့်ပုံပင်။ ရှောင်လုံက စဉ်းစားနေရင်းနှင့် သူ့အဘိုးနှင့် သမားတော်ကြီးဟန်တ်ို့ သရဲနက်အကြောင်း ပြောခဲ့စဉ်က သူတို့ စကားထဲတွင် ‘အဲဒီတောအုပ်’ဟု အရိပ်နိမိတ်နှင့် ပြောနေခဲ့သည်ကို ကြားခဲ့ရသည်။
‘ဘိုးဘိုးတို့ ပြောနေတဲ့ အဲဒီတောအုပ်ဆိုတာ သရဲနက်ပြောတဲ့ အိပ်မက်ဆိုးတောအုပ်ပဲ ဖြစ်မယ်ထင်တယ်။ ဘိုးဘိုးတို့ ဟိုအရင်က လိုက်ရှာဖူးပေမဲ့ ရှာမတွေ့ခဲ့ဘူးဆိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု ဖြစ်မှာ သေချာတယ်’
~~ကောင်းပြီလေ၊ မင်းပြောပါ~~
သရဲနက်က မပြောသေးဘဲ ခဏ တိတ်ဆိတ်နေပြန်သည်။ စကားပြောနေကြသော ထိုခဏမှာပင် သူ့အရိုးများက သုံးပုံနှစ်ပုံခန့် ဆက်သွားပြီ ဖြစ်၍ သူ့ကိုယ်သူ ပြန်စစ်ဆေးနေလိုက်သည်။
~~မင်းရဲ့ ဒဏ်ရာတွေ ကောင်းခါနီးပြီဆိုတော့ မင်း ထွက်သွားချင်ရင်လည်း ထွက်သွားပါ။ ငါ မတားပါဘူး~~
အမှန်တကယ်တွင်လည်း သရဲနက်က ထွက်သွားချင်နေပြီ ဖြစ်သည်။ သူ မုန်းတီးသော သိုင်းလောကသားများကို မသတ်ဖြတ်ရဘဲ ငြိမ်နေရသည့်အတွက် သူ့စိတ်က အဆင်ပြေမနေသောကြောင့် ဖြစ်သည်။ သို့သော် ထိုအကြီးကဲထံမှ စိတ်ဝိညာဉ်ကြာစေ့ကိုလည်း လိုချင်နေသည်။
~~အိပ်မက်ဆိုးတောအုပ်ဆိုတာ တောထဲမှာ လူတွေရဲ့ စိတ်ကို အိပ်မက်ဆိုးတစ်ခုထဲ ကျရောက်သွားစေပြီး ရူးသွားစေနိုင်တဲ့ အခိုးငွေ့တွေ ဖုံးအုပ်နေတဲ့ တောအုပ်ကြီးတစ်ခုပါပဲ~~
~~မင်းက အဲဒီတောအုပ်ထဲကို ဝင်မိရင် ရူးသွားနိုင်တယ်လို့ ပြောချင်တာလား။ ဒါဆို ဘာလို့ လူတွေက အိပ်မက်ဆိုးတောအုပ်ကို ရှာနေကြတာလဲ။ ပြီးတော့ မင်းကရော ဘာလို့ မရူးတာလဲ~~
~~ဟုတ်တယ်။ အဲဒီတောအုပ်ထဲကို ဝင်မိရင် ရူးသွားလိမ့်မယ်။ လူတွေ အိပ်မက်ဆိုးတောအုပ်ကို ဘာလို့ ရှာနေလဲဆိုတော့ လျှို့ဝှက်ဆန်းကြယ်လို့။ အိပ်မက်ဆိုးတောအုပ်ရဲ့ အမှန်တရားကို မသိထားကြလို့၊ တောအုပ်ထဲမှာ အဖိုးတန်တာတွေ ရှိနိုင်တယ်လို့ ထင်နေကြလို့ ရှာကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အိပ်မက်ဆိုးတောအုပ်က လူတွေ မသွားသင့်တဲ့ နေရာပါ။ အိပ်မက်ဆိုးတွေ မက်ပြီး ရူးသွားစေနိုင်တဲ့ အခိုးငွေ့တွေနဲ့ ပြည့်နေတဲ့ နေရာပါပဲ။ ဒီလောက်ဆိုရင် စိတ်ဝိညာဉ်ကြာစေ့တစ်စေ့နဲ့ အလဲလှယ်လုပ်လို့ရပြီ မဟုတ်လား~~
သရဲနက်က ရှောင်လုံ၏ အကုန်မဖြေခဲ့ပေ။ အိပ်မက်ဆိုးတောအုပ်အကြောင်းကိုသာ ပြောခဲ့ပြီး သူက ဘာကြောင့် စိတ်ဝိညာဉ်ကြာစေ့ကို လိုချင်သည်ကိုလည်း မပြောခဲ့သလို သူ ဘာကြောင့် မရူးခဲ့သည်ကိုတော့ မပြောပြခဲ့ပေ။ ကြည့်ရသည်မှာ ထိုအကြောင်းအရာများက သူ၏ လျှို့ဝှက်ချက် ဖြစ်နေပုံရသည်။
~~မင်းက ဘာလို့ မရူးခဲ့တာလဲဆိုတာ မပြောချင်ဘူးဆိုတော့ အိပ်မက်ဆိုးတောအုပ်က ဘယ်နေမှာ ရှိတာလဲဆိုတာ ပြောပြရင် ဒီကြာစေ့ကို မင်း ပိုင်ပြီ~~
~~ခွန်လွန်တောင်တန်းလင်းမျိုးနွယ်စု ရွာပျက်လေးရဲ့ အလွန်မှာ ရှိပါတယ်~~
သရဲနက်၏ အဖြေကို ရှောင်လုံလည်း မှတ်ထားလိုက်သည်။ ခွန်လွန်တောင်ကြားက လင်းမျိုးနွယ်စု ရွာပျက်ကို ရှာတွေ့ရင် အိပ်မက်ဆိုးတောအုပ်ကို ရှာတွေ့နိုင်လိမ့်မည်ဟုသာ တေးမှတ်ထားလိုက်သည်။
ခွန်လွန်တောင်တန်းကြီးက မည်မျှအထိ ရှည်လျားကျယ်ပြန့်ပြီး မည်မျှအထိ ရှုပ်ထွေးနက်ရှိုင်းသည်ကိုတော့ သူ ထည့်မတွေးမိခဲ့ပေ။ တောင်တန်းအသွယ်သွယ်တွင် လျှိုမြောင်တောင်ကြားပေါင်း ထောင်ချီရှိ၍ ထိုတောင်ကြားများထဲက ရွာပျက်ကလေးတစ်ရွာကို ရှာရန်မှာ ကောက်ရိုးပုံထဲက အပ်ကို ရှာရသည်ထက်ပင် ခက်ခဲနေမည်ကိုလည်း မတွေးလိုက်မိပေ။
~~ကောင်းပြီ၊ ဒီမှာ မင်းရဲ့ ကြာစေ့~~
ရှောင်လုံက ကြာစေ့ကို သရဲနက်ထံသို့ ပစ်ချပေးလိုက်သည်။
“ဝှစ်…”
သရဲနက်ကလည်း မြန်သည်။ ပုန်းကွယ်နေရာမှ ချက်ချင်း ခုန်ထပြီး စိတ်ဝိညာဉ်ကြာစေ့ကို ဖမ်းယူလိုက်သည်။ သူက သစ်ပင်ပေါ်သို့ ထိတ်လန့်သော မျက်လုံးများဖြင့် မော့ကြည့်ပြီး ထိုနေရာမှာ ပြေးထွက် ပျောက်ကွယ်သွားခဲ့သည်။ သိုင်းလောကသားများကိုပင် လှည့်ကြည့်မသွားခဲ့ပေ။
သရဲနက်ကို လိုက်ရှာနေကြသော သိုင်းသမားများမှာ သရဲနက် ထွက်ပြေးသွားသည်ကို သိပင် မသိလိုက်ကြဘဲ လိုက်ရှာမြဲ လိုက်ရှာနေကြလေ၏။
အခန်း(၃၁၁)ပြီး
***