ရှောင်လုံ သမားတော်ခြံဝင်းသို့ ပြန်ရောက်လာသောအခါ ခြံတံခါးရှေ့တွင် ရပ်စောင့်နေသော သူ့မမကို လှမ်းမြင်လိုက်ရသည်။ သူထွက်သွားတုန်းက အလျင်လိုသွားသဖြင့် သူ့မမကိုပင် မပြောခဲ့မိဘဲ ထွက်သွားမိခဲ့သည့်အတွက် ရှောင်လုံမှာ ခေါင်းကုတ်၍ စပ်ဖြီးဖြီးနှင့် ရယ်ရင်း လျှောက်လာလိုက်သည်။
~~ဟီးဟီး..၊ ကျွန်တော် ပြန်လာပါပြီ မမ~~
နှင်းပန်းက ရှောင်လုံကို အပြုံးဖြင့် လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။ သူမက ရှောင်လုံ၏ တစ်ကိုယ်လုံးကို သေချာတစ်ချက် ကြည့်ခဲ့သည်။ မည်သည့်ထိခိုက်မှုမှ မတွေ့ရသောအခါ သူမ၏ အပြုံးက ပို၍ တောက်ပသွားခဲ့သည်။ သူမက စိုးရိမ်နေခဲ့သော်လည်း စိုးရိမ်နေကြောင်းကို မဖေါ်ပြခဲ့ပေ။ သူမ၏ မောင်လေးက ကလေးလေး မဟုတ်တော့သည်ကို သူမ၏စိတ်ကို သူမ ပြန်အသိပေးနေခဲ့သည်။
~~အဲဒါက ဘာပုံစံလဲ။ စပ်ဖြီးဖြီးနဲ့။ ကလေးလည်း မဟုတ်တော့ဘူး။ မောင်လေးက မမကို မပြောမဆိုနဲ့ ထွက်သွားလိုက်မိလို့ မမ ဆူမှာ စိုးရိမ်နေတာလား~~
~~ဟုတ်ကဲ့ မမ။ အဟီး..~~
~~ဒါဆိုရင် နောက်ဆို မပြောမဆိုနဲ့ မသွားနဲ့နော်။ ဒါပေမဲ့ မောင်လေးက ကလေးမဟုတ်တော့ဘူးလေ။ လူကြီး ဖြစ်နေပြီ။ မောင်လေးမှာလည်း ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်ရမှာတွေ ရှိလိမ့်မယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ရမှာတွေလည်း ရှိလိမ့်မယ်။ မမနဲ့ ဘိုးဘိုးကို မပြောရလို့ဆိုပြီး တွေဝေနေဖို့ မလိုဘူးနော်။ အရွယ်ရောက်လာတဲ့ ယောကျ်ားတစ်ယောက်က ကိုယ်ပိုင်အတွေးနဲ့ ကိုင်ပိုင်ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်လုပ်ကိုင်ရဲဖို့ လိုတယ်။ စဉ်းစားဆင်ခြင်တာက ကောင်းတဲ့ကိစ္စဆိုပေမဲ့ အများကြီးတွေးပြီး တွေဝေတွန့်ဆုတ်နေတာကတော့ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ယောက်ျားတစ်ယောက်က ဆင်ခြင်စဉ်းစားဖို့လည်း လိုသလို လုပ်ရဲကိုင်ရဲလည်း ရှိဖို့လည်း လိုတယ်။ မှားသွားမှာကို မကြောက်နဲ့။ အမှားကနေ သင်ယူမှရတဲ့ အသိဉာဏ်ကို အမှားလုပ်ပြီးမှပဲ နားလည်နိုင်တယ်။ မမှားဘဲနဲ့ နားမလည်နိုင်ဘူး။ စဉ်းစားဆင်ခြင်နေရုံနဲ့ အမှန်ကို မသိနိုင်တဲ့ အခြေနေတွေဆိုတာလည်း ရှိတယ်~~
ရှောင်လုံက သူ့မမ ပြောသမျှကို သေချာ နားထောင်နေခဲ့သည်။
~~ဟုတ်ကဲ့ မမ၊ ကျွန်တော် မှတ်ထားပါ့မယ်~~
~~အင်း..၊ လာ၊ ဘိုးဘိုးတို့လည်း စောင့်နေတယ်။ ဂိုဏ်းချုပ်ကြီးကျောက်ရော အဆင်ပြေရဲ့လား~~
~~အဆင်ပြေတယ် မမ။ သူက ခပ်စောစောကတည်းက ထူးချွန်ဂိုဏ်းသားရွေးချယ်ပွဲကို ပြန်သွားလိုက်ပြီ။ ကျွန်တော်က ကိစ္စလေးတစ်ခုကို စောင့်ကြည့်နေလို့ နည်းနည်း နောက်ကျသွားတာ~~
~~ဂိုဏ်းချုပ်ကြီးကျောက်က ဒီနှစ်တွေမှာ တော်တော်ခက်ခဲနေခဲ့တယ်လေ။ ထူးချွန်ဂိုဏ်းသားရွေးချယ်ပွဲကို အကြီးကဲတွေနဲ့ မထားဘဲ သူကိုယ်တိုင် လာကြည့်နေတာက ဂိုဏ်းသားတွေထဲက ထူးချွန်တဲ့ မျိုးဆက်တွေ ထွက်လာဖို့ မျှော်လင့်နေလို့ ဖြစ်မယ်~~
~~ဂိုဏ်းချုပ်ကြီး ပြောသွားတာက လုချွမ်းဆိုတဲ့တစ်ယောက် ထူးချွန်ဂိုဏ်းသားဖြစ်မယ်ထင်တယ်တဲ့~~
ရှောင်လုံ၏ စကားကြောင့် နှင်းပန်းက အနည်းငယ်စဉ်းစားလိုက်မိသည်။
~~ထူးချွန်ဂိုဏ်းသား ရွေးချယ်ပွဲ မပြီးသေးခင်ကတည်းက ထူးချွန်ဂိုဏ်းသားကို ဘယ်သူဖြစ်မယ်လို့ ဂိုဏ်းချုပ်ကျောက်က ထုတ်ပြောတာဆိုတော့ အဲဒီ လုချွမ်းက တကယ်ထူးချွန်တာဖြစ်မယ်~~
~~ဟုတ်လောက်တယ်နော် မမ~~
နှစ်ယောက်သား ပြောရင်းဆိုရင်းနှင့် သမားတော်ကြီးဟန်၏ သီးသန့်ခြံဝင်းလေးသို့ ရောက်လာခဲ့ကြသည်။ အဆောင်လေးထဲတွင် ရသေ့ကြီးနှင့် သမားတော်ကြီးဟန်တို့ ထိုင်စောင့်နေကြသည်။
“သား ပြန်လာပြီ ဘိုးဘိုး”
ရသေ့ကြီးလည်း ရှောင်လုံကို မြင်သည်နှင့် မျက်လုံးများက တောက်ပသွားသည်။
သမားတော်ကြီးဟန်ကလည်း ရှောင်လုံကို စူးစမ်းသော မျက်လုံးများဖြင့် အကဲခတ်နေသည်။ သို့သော် မည်သို့ပင် အကဲခတ်ပါစေ ရှောင်လုံ၏ ပုံစံက သာမန်အခြေခံအဆင့် သိုင်းသမားလူငယ်လေးတစ်ယောက်နှင့်သာ တူနေခဲ့သည်။ သူ့မိတ်ဆွေကြီး ပြောပြထား၍ ခုနက ရှောင်လုံ ပျောက်သွားခြင်းမှာ သရဲနက်နောက်သို့ လိုက်သွားခြင်းဖြစ်ကြောင်း သိထားခဲ့ပြီး ဖြစ်သည်။
“ကောင်းတယ်။ လာ လာ။ လာထိုင်ကြ”
ရှောင်လုံနှင့် နှင်းပန်းလည်း ရသေ့ကြီးနှင့် သမားတော်ကြီးဟန်ကို အရိုသေပေးပြီး ဝင်ထိုင်လိုက်ကြသည်။
“ကဲ..၊ ပြောပြပါဦး။ အဲဒီသရဲနက် ဘယ်လို ဖြစ်သွားလဲ”
“ထွက်ပြေးသွားတယ် ဘိုးဘိုး..”
ရှောင်လုံက သရဲနက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အဖြစ်ပျက်တချို့ကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။ သူက သရဲနက်ကို ကြာစေ့ပေးလိုက်သည့်ကိစ္စနှင့် ထွက်သွားခွင့်ပြုလိုက်သည့် ကိစ္စကိုတော့ မပြောနေခဲ့တော့ပေ။ သူတောင်းစားဂိုဏ်းချုပ်ကြီးက ဂုဏ်ထူးဆောင်အပြင်အကြီးကဲ အတင်းလုပ်ခိုင်းသွားသည်ကိုလည်း မပြောပြခဲ့ပေ။ ထိုကိစ္စက သူ့အနေထားကို ကာကွယ်ပေးလို၍ သူတောင်းစားဂိုဏ်းချုပ်ကြီးက လုပ်ပေးသွားခြင်းမျှသာဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် အထူးတလည် ပြောပြနေစရာလည်း မရှိပေ။
“ဒီတော့ အဲဒီတောအုပ်နာမည်က အိပ်မက်ဆိုးတောအုပ်လို့ ခေါ်တယ်ပေါ့”
ရသေ့ကြီးက အိပ်မက်ဆိုးတောအုပ်အကြောင်းကို ကြားသောအခါ တီးတိုးရေရွတ်လိုက်ပြီး သမားတော်ကြီးဟန်ကို ကြည့်လိုက်သည်။
ရသေ့ကြီရော သမားတော်ကြီးဟန်ရော အိပ်မက်ဆိုးတောအုပ်ဆိုသည်ကို အလွန်စိတ်ဝင်စားသွားကြသည်။ သူတို့က ထိုတောအုပ်အကြောင်းကို လေ့လာခဲ့ဖူးပြီး ရှာဖွေခဲ့ဖူးသောကြောင့်ပင်။
သမားတော်ကြီးဟန်က အလေးအနက်တွေးတောရင်း စဉ်းစားနေသည်။
“လူလေး ခုနက ပြောလိုက်တာ..၊ သရဲနက်ရဲ့ သိုင်းကွက်နာမည်က ဘာတဲ့။ အိပ်မက်ဆိုးပန်းပွင့်တဲ့လား”
“ဟုတ်ကဲ့ ဘိုးဘိုးဟန်။ တော်တော် ထူးဆန်းတဲ့ တိုက်ကွက်ပါပဲ။ တခြားပုံစံတွေနဲ့ ခုခံတိုက်ခိုက်ဖို့ မလွယ်ကူလောက်ဘူး။ မီးကိုတော့ ကြောက်တယ်။ အရိပ်လို လက်တံတွေက တိုက်ခိုက်ဖျက်ဆီးရင်သာ လေလို အရိပ်လို ဖြစ်နေပေမဲ့ သူ့မှာ ဖမ်းဆီးချုပ်နှောင်နိုင်တဲ့ စွမ်းရည် ရှိနေတယ်။ တော်တော် ထူးဆန်းတယ်။ အဲဒီတိုက်ကွက်ကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ပန်းပွင့်ပုံရိပ်ကြီးက မကောင်းဆိုးဝါးဆန်ပြီး အန္တရာယ်များတဲ့ အငွေ့အသက်တွေ ရှိနေတယ်”
သမားတော်ကြီးဟန်က လေးလေးနက်နက် နားထောင်နေပြီး ခေါင်းခါသည်။
“မကောင်းဆိုးဝါးဆန်ပြီး အန္တရာယ်များတဲ့ အငွေ့အသက်တွေ ရှိတယ်လား။ အဲဒီလိုဆို မဟုတ်သေးဘူး ထင်တယ်”
ရသေ့ကြီးက သူ့မိတ်ဆွေကို ကြည့်လိုက်သည်။
“ခင်ဗျား သိထားတာ တစ်ခုခု ရှိလား”
“ခဏ၊ ကျုပ် တစ်ခုပြမယ်”
သမားတော်ကြီး ဟန်က ထသွားပြီး စာအုပ်စင်မှ စာအုပ်ခပ်ကြီးကြီးတစ်အုပ်ကို ယူလာသည်။
“လူလေးရှောင်လုံ..၊ ဒါကို တစ်ချက်ကြည့်လိုက်”
သမားတော်ကြီးဟန်က စာအုပ်ကို ဖွင့်ပြသည်။
စာအုပ်ထဲတွင် လွန်စွာ ဟောင်းနွမ်းနေသော ဝါကြန့်ကြန့် စာရွက်တစ်ရွက် ညှပ်ထားသည်။ ထိုစာရွက်ပေါ်တွင် ကြာပန်းတစ်ပွင့်၏ ပုံကို ရေးဆွဲထားသည်။ စာရွက်က အလွန်ဟောင်းနွမ်းနေသောကြောင့် ကြာပန်းပုံမှာ ခပ်ဝါးဝါးသာ ပေါ်တော့သည်။ ကြာပန်းပုံဘေးတွင် ‘ရှင်သန်ခြင်းအိပ်မက်’ဟု ရှေးဟောင်းခေတ် စာဖြင့် ရေးထားသည်။
ရသေ့ကြီးက ထိုပန်းပုံကိုကြည့်ပြီး အံ့ဩနေသည်။
“ဒါက ဒဏ္ဍာရီတွေထဲမှာ ပြောကြတဲ့ ပြန်လည်ရှင်သန်ခြင်းကြာပန်းလား”
သမားတော်ကြီးဟန်က ခေါင်းခါသည်။
“မဟုတ်ဘူး။ ဒါက အဲဒီ ဒဏ္ဍာရီလာပန်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီပန်းက ကျုပ်တို့ ဆေးပညာလောကရဲ့ ဒဏ္ဍာရီပန်းပဲ။ သူ့မှာ လူကို အိပ်မက်ထဲ နစ်မျောပျော်ဝင်နေစေနိုင်တဲ့ အာနိသင်နဲ့ ဒဏ်ရာတွေကို ကုသနိုင်တဲ့ အာနိသင်ဆိုပြီး နှစ်မျိုးရှိတယ်တဲ့။ သူ့ရဲ့ အိပ်မက်ထဲ ပျော်ဝင်နေစေနိုင်တဲ့ အာနိသင်က ကျုပ်တို့ အသုံးပြုနေကြတဲ့ ဘယ်အိပ်မွေ့ချနည်းထက်မဆို ကောင်းတယ်တဲ့။ ဘယ်မေ့ဆေးတွေထက်မဆိုလည်း ပိုကောင်းတယ်တဲ့။ လူကို ဘာနောက်ဆက်တွဲဆိုးကျိုးမှ မဖြစ်စေနိုင်ဘူးတဲ့။ ပိုပြီး ထူးခြားတာက သူ့ရဲ့ ပြန်လည်ကုသပေးနိုင်စွမ်းကလည်း နတ်ဆေးလားလို့တောင် ပြောရလောက်အောင် အစွမ်းထက်တယ်တဲ့”
သမားတော်ကြီးဟန်၏ စကားကြောင့် ရသေ့ကြီးမှာ အလွန်အံ့ဩနေခဲ့သည်။ စာရွက်ပေါ်က ပန်းပုံကိုလည်း သေချာ ကြည့်နေခဲ့သည်။ သူသည်လည်း ဆေးပညာကို ထိထိရောက်ရောက် လေ့လာခဲ့သူ ဖြစ်၍ လူနာကို မေ့ဆေးပေးခြင်း အိပ်မွေ့ချခြင်းများ၏ နောက်ဆက်တွဲ ဆိုးကျိုးကို သိထားသည်သာ။ ထိုနည်းစနစ်များက ရာနှုန်းပြည့် အောင်မြင်သော နည်းစနစ်များလည်း မဟုတ်ပေ။ ယခု သမားတော်ကြီးဟန်ပြောသော ကြာပန်းက ပြောသည့်အတိုင်းသာ အမှန်တကယ် အာနိသင် ရှိလျှင် သမားတော်များအတွက် နတ်ဆေးတစ်လက် ဖြစ်လာပေလိမ့်မည်။ လူနာကို အိပ်မက်ထဲ နစ်မျောပျော်ဝင်ကာ အိပ်ပျော်နေစေနိုင်ပြီး ဒဏ်ရာများကိုလည်း ပြန်လည်ကုသနိုင်စွမ်း ရှိသည်ဆိုသည်ကား အမှန်ပင် ဆန်းကြယ်နေခဲ့သည်။
ဒဏ္ဍာရီများထဲတွင် သေသူကို ပြန်ရှင်စေနိုင်သော ‘ပြန်လည်ရှင်သန်ထမြောက်ခြင်းပန်း’၊ လူကို နှစ်ပေါင်းများစွာ အိပ်မောကျနေစေပြီး အသက်နှင့် အရွယ်ကို ရပ်တန့်ထားနိုင်သော ‘အိပ်မောကျပန်း’၊ သေခြင်းနှင့် ရှင်ခြင်းကြားထဲ နစ်မျော၍ အိပ်မက်ထဲ ထာဝရပျော်ဝင်စေနိုင်သော ‘အိပ်မက်ပန်း’တို့လည်း ရှိသည်ဟု ပြောကြသည်။
“လူလေးရှောင်လုံ မြင်ခဲ့တဲ့ သရဲနက်ဆီက ပန်းပုံရိပ်က ဒီပန်းနဲ့ တူလား”
ရှောင်လုံက ချက်ချင်း ခေါင်းခါလိုက်သည်။
“မတူဘူး ဘိုးဘိုးဟန်။ သရဲနက်ဆီက ထွက်လာတဲ့ ပန်းပုံရိပ်ကြီးက ကြာပန်းကြီးတစ်ပွင့်နဲ့ ခပ်ဆင်ဆင် တူပေမဲ့ အရမ်းမကောင်းဆိုးဝါးဆန်ပြီး အန္တရယ်ရှိတယ်လို့ ခံစားရတယ်။ နွယ်လက်တံကြီးတွေလည်း ပါသေးတယ်။ ဒီပုံထဲက ကြာပန်းနဲ့ မတူဘူး”
သမားတော်ကြီးဟန်လည်း ခေါင်းအသာညိတ်သည်။
“သရဲနက် ထုတ်ဖော်တဲ့ အိပ်မက်ဆိုးထဲ ဆွဲချနိုင်တဲ့ တိုက်ကွက်ရယ် သရဲနက်ရဲ့ ထူးထူးခြားခြား ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေက တကယ်ကို ထူးခြားလွန်းနေတယ်။ အဲဒီ အိပ်မက်ဆိုးတောအုပ်က စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ”
သမားတော်ကြီးဟန်က ပြောရင်းနှင့် ရသေ့ကြီးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရသေ့ကြီးကလည်း မုတ်ဆိတ်ကို လက်ဖြင့်သပ်၍ သူ့မိတ်ဆွေ သမားတော်ကြီးဟန်ကို တောက်ပစွာ ပြန်ကြည့်နေခဲ့သည်။
သူတို့နှစ်ယောက်လုံးက အိပ်မက်ဆိုးတောအုပ်ကို အလွန်စိတ်ဝင်စားနေကြသည်။ အရင်တုန်းကလည်း သူတို့ မိတ်ဆွေနှစ်ယောက်က ထိုတောအုပ်အကြောင်းကို ရှာဖွေစုံစမ်းခဲ့ဖူးသည် မဟုတ်ပါလား။
အိပ်မက်ဆိုးတောအုပ်က လူများကို အိပ်မက်ဆိုးထဲ ဆွဲချပိတ်လှောင်၍ ရူးသွပ်စေနိုင်သည်လော။ လူများ မသွားသင့်သော နေရာလော။ ထိုစကားများက သာမန်လူများကိုသာ ကြောက်လန့်စေနိုင်ပေလိမ့်မည်။ သိုင်းလောကသားများအတွက်ကား ပို၍ပင် သွားချင်စေမည့် စကားများ ဖြစ်နေသည်။ အထူးသဖြင့် ရသေ့ကြီးနှင့် သမားတော်ကြီးဟန်တို့လို လူများအတွက် အန္တရာယ်များပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာက ပို၍ သွားချင်စရာ ကောင်းနေသည်။
နှင်းပန်းနှင့် ရှောင်လုံလည်း အဘိုးအိုနှစ်ယောက်၏ စိတ်အားထက်သန်နေမှုကို အံ့ဩကုန်ကြသည်။
“ဘိုးဘိုး..”
ရှောင်လုံက ခေါ်လိုက်သော အခါတွင်မှ ရသေ့ကြီးနှင့် သမားတော်ကြီးဟန်က ပြိုင်တူ ရယ်လိုက်ကြသည်။
“ဟား ဟား ဟား…”
“ကိုင်း..၊ ကောင်းပြီ၊ အချိန်လည်း မစောတော့ဘူး။ သွားနားကြတော့။ မနက်ဖြန် တစ်ရက်တော့ ဘိုးဘိုးတို့ ဒီမှာ ဆက်နေကြသေးတာပေါ့။ မနက်ဖြန်ည လူလေးတို့လည်း ဟိုဝမ်လူငယ်လေး ဖိတ်ခေါ်ထားတာကို သွားကြဦးမှာ မဟုတ်လား”
“ဟုတ်ကဲ့ ဘိုးဘိုး…”
“အိမ်း..၊ ဘိုးဘိုးလည်း လူလေးဟန်ကောင်းရှင်းကို လာခေါ်မယ့်လူကို တစ်ချက် အကဲခတ်ကြည့်ရဦးမယ်။ ပြီးတော့မှ ခရီးဆက်ကြတာပေါ့”
“ဟုတ်ကဲ့ ဘိုးဘိုး။ ဒါဆို မြေးတို့ သွားပါတော့မယ်”
“ကောင်းပါပြီ”
ရှောင်လုံနှင့် နှင်းပန်းက အဘိုးနှစ်ယောက်ကို အရိုသေပေး၍ နှုတ်ဆက်ပြီး ထွက်သွားကြသည်။
လူငယ်နှစ်ယောက် ထွက်သွားသည်နှင့် ရသေ့ကြီးက သမားတော်ကြီးဟန်ကို ကြည့်လိုက်သည်။
“အဲဒီတောအုပ်က ခွန်လွန်တောင်ကြားက ပျက်စီးသွားတဲ့ လင်းမျိုးနွယ်စုရွာနဲ့ ခုနစ်ရက်ခရီးလောက်ဝေးတယ်ဆိုတော့…”
ရသေ့ကြီး၏ စကားမဆုံးခင်မှာပင် သမားတော်ကြီးဟန်က ရုတ်တရက် ပြောလာသည်။
“နေဦး..၊ ပျက်စီးသွားတဲ့ လင်းမျိုးနွယ်စုရွာဆိုတာက ဟိုတုန်းက ကိစ္စထဲ ကြားညပ်ပြီး ပျက်သွားတဲ့ ရွာ မဟုတ်လား။ အဲဒီရွာက ရွာနာမည်လည်း ထင်ရှားမရှိဘူး။ မျိုးနွယ်စုသီးသန့် နေထိုင်ကြတဲ့ ရွာတစ်ရွာလည်း မဟုတ်ပေမဲ့ ရွာသားအများစုကတော့ လင်းမျိုးနွယ်တွေလို့ ပြောကြတယ်”
သမားတော်ကြီးဟန်၏ စကားကို ကြားလျှင် ရသေ့ကြီးမှာ မျက်နှာမကောင်း ဖြစ်သွားသည်။
“အဲဒါက လင်းမျိုးနွယ်စုရွာလား”
သမားတော်ကြီးဟန်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်။ ကျုပ် ဟိုတစ်ခေါက် ခွန်လွန်တောင်ကို ပြန်သွားတော့ တချို့ရွာတွေ မရှိကြတော့ဘူး။ သိုင်းလောကသားတွေနဲ့ နီးနီးနေရင် လင်းမျိုးနွယ်စုရွာလို ဖြစ်မှာ ကြောက်ရတယ်ဆိုပြီး ရွှေ့ပြောင်းသွားကြတယ်တဲ့”
ရသေ့ကြီးက ဘာမှ မပြောဘဲ အပြင်က အမှောင်ထုကို လှမ်းကြည့်နေမိသည်။
အင်ပါယာ စစ်ပွဲများ၊ နိုင်ငံစစ်ပွဲများ၊ ပြည်ထောင်စစ်ပွဲများ နှစ်ပေါင်းရှည်ကြာ ဆင်နွှဲပြီးနောက်တွင် တချို့လူများက မြို့ပြနိုင်ငံလူနေမှုဘဝကို စွန့်ခွာ၍ ဝေးလံခေါင်သီသော တောင်ပေါ်၊ တောင်ကြား၊ လျိုမြောင်များ၊ ပင်လယ်ပြင်က ကျွန်းများပေါ်တွင် ရွှေ့ပြောင်းနေထိုင်ကုန်ကြသည်။ မြို့ပြနိုင်ငံများ တည်ထောင်လိုက်၊ စစ်ပွဲများ ဖြစ်လိုက်၊ ပြန်ပျက်စီးလိုက်နှင့် မဆုံးနိုင်သော စစ်ပွဲများနှင့် အာဏာတည်ဆောက်မှုများ တိုင်းပြည်တည်ဆောက်မှုများအောက်၌ အသက်၊ သွေး၊ ချွေးနှင့် မျက်ရည်များ၊ နာကျင်ဝမ်းနည်းခြင်းများကို မစတေးလိုကြတော့သော တချို့လူများက မြို့ပြနိုင်ငံများနှင့် အဝေးတွင် ပုန်းကွယ်နေထိုင်ကုန်ကြသည်။
အင်ပါယာတစ်ဝှမ်းက အစွန်းအဖျား တောကြိုတောင်ကြား တချို့နေရာများတွင် လင်းမျိုးနွယ်စုရွာနှင့် ရှီခူးရွာကဲ့သို့ ရွာကလေးများ ရှိကြသည်။ ကိုယ့်ရွာ၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီး၍ လျှို့ဝှက်စွာ ရပ်တည်နေထိုင်ကြသည့် ရွာကလေးများ ဖြစ်သည်။
သို့သော်လည်း ကပ်ဘေးနှင့် ကံကြမ္မာဆိုးတို့သည် ရောက်လာလိုလျှင် မည်သည့်နေရာတွင် ပုန်းကွယ်၍ နေပါစေ ရောက်လာတတ်သည်သာ။
ထိုလင်းမျိုးနွယ်စုရွာသည်လည်း လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ခွန်လွန်ဂိုဏ်း၌ ဖြစ်ပွားခဲ့သော ကိစ္စတစ်ကြီးတစ်ခုကြောင့် ပျက်စီးသွားခဲ့သော ရွာကလေးတစ်ရွာ ဖြစ်သည်။
“ဟင်း…”
ရသေ့ကြီးက သက်ပြင်းချသည်။ ထိုအကြောင်းရာကား ရသေ့ကြီး မတွေးချင်သော အကြောင်းရာဖြစ်သည်။
သမားတော်ကြီးဟန်က သူ့မိတ်ဆွေကြီးကို ကြည့်ပြီး စိတ်မသက်သာစွာ ခေါင်းခါသည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားသည်။
“ကြည့်ရတာ အဲဒီ သရဲနက်ကလည်း အဲဒီ ကိစ္စတွေကြားမှာ ကြားညပ်မိပြီး ဖြစ်လာတဲ့ လူတစ်ယောက်ဖြစ်မယ် ထင်တယ်။ သူက သိုင်းလောကသားတွေကို အတော်မုန်းတီးပြီး အညှာတာမဲ့ သတ်ဖြတ်ပစ်တတ်တယ်တဲ့။ ဒါက နာကြည်းမှုနဲ့ ရန်ငြိုးကို ဖက်တွယ်ထားတဲ့ လူတွေရဲ့ အပြုမူပဲ မဟုတ်လား။ တချို့အဖြစ်ဆိုးတွေက တချို့လူတွေကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားစေတတ်တယ် မဟုတ်လား”
“တချို့အဖြစ်ဆိုးတွေက တချို့လူတွေကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားစေတတ်တယ်တဲ့လား”
ရသေ့ကြီးက သမားတော်ကြီးဟန်၏ စကားကို သံယောင်လိုက်ပြီး တီးတိုးရေရွတ်ရင်း ခန့်ညားချောမောသော လူရွယ်လေးတစ်ယောက်နှင့် လွန်စွာလှပသော မိန်းမလှလေးတစ်ယောက်၏ ပုံရိပ်က ခေါင်းထဲ ပေါ်လာခဲ့သည်။ အဖြစ်ဆိုးတစ်ခုကြောင့် ထိုလူရွယ်လေးက သေဆုံးခဲ့ရပြီး မိန်းမလှလေးက အဆိပ်များနှင့်ပြည့်နေသော မကောင်းဆိုးဝါးတစ်ယောက် ဖြစ်သွားခဲ့သည်။ ထိုနှစ်ယောက်မှာ သူ၏ ဂိုဏ်းတူညီနှင့် အဆိပ်ကဝေတို့ပင် မဟုတ်ပါလား။
“ဟုတ်ပါတယ်လေ…”
ထို့နောက် အဘိုးအိုနှစ်ယောက်မှာ အတွေးကိုယ်စီနှင့် တိတ်ဆိတ်သွားကြပြီး စကားဆက်မပြောဖြစ်ကြတော့ပေ။
ထိုအချိန်တွင် နှင်းပန်းနှင့် ရှောင်လုံက သူတို့ အခန်းသို့ ရောက်နေကြပြီ ဖြစ်သည်။
~~ဘာဖြစ်လို့လဲ မောင်လေး~~
အခန်းထဲသို့ ဝင်လိုက်စဉ်မှာပင် နှင်းပန်းက ရှောင်လုံ၏ မျက်နှာ အပြောင်းအလဲဖြစ်သွားသည်ကို သတိထားမိပြီး မေးသည်။
~~မမ၊ တချို့ အဖြစ်အပျက်တွေက လူကို ပြောင်းလဲသွားစေနိုင်လား~~
~~အင်း…၊ ပြောင်းလဲသွားစေနိုင်တာပေါ့။ မွေးဖွားလာကြတဲ့ ကလေးတွေအားလုံးက ရိုးသားဖြူစင်ပြီး ဘာမှ မသိနားမလည်ကြဘူးလေ။ ဒါပေမယ့် ကြီးလာကြတဲ့အခါ အားလုံးက ပြောင်းလဲသွားကြတယ် မဟုတ်လား။ တချို့တွေက ရိုးသားကြတယ်။ တချို့တွေက မရိုးသားကြတော့ဘူး။ တချို့တွေက အေးချမ်းကြတယ်။ တချို့တွေက ပူလောင်ကြတယ်။ တချို့တွေက လူကောင်းသူကောင်း ဖြစ်လာကြတယ်။ တချို့တွေက ဆိုးသွမ်းသောင်းကြမ်းလာကြတယ်။ တချို့က လူသားဆန်ဆန် ရှင်သန်ကြသည်။ တချို့က မကောင်းဆိုးဝါး ဆန်သွားကြတယ်။ အခု အင်ပါယာတစ်ဝှမ်းမှာ ပေါ်ပေါက်နေတဲ့ သူခိုးဓားပြတွေဆိုတာ ကောင်းကင်ပေါ်က ဆင်းလာကြတာ မဟုတ်ဘူးလေ။ သာမန်လူတွေကနေ ဖြစ်လာကြတာတွေပဲ မဟုတ်ဘူးလား။ ဧကရာဇ်အပြောင်းအလဲနဲ့ အင်ပါယာကြီး ဆုတ်ယုတ်ပျက်စီးလာတဲ့ အဖြစ်အပျက်ကြောင့် တချို့လူတွေက သူခိုးဓားပြအဖြစ် ပြောင်းလဲသွားကြတယ်။ တချို့က အင်ပါယာကိုတောင် ပုန်ကန်ကုန်ကြတယ်လေ~~
ရှောင်လုံလည်း ဘာကြောင့်မှန်းမသိဘဲ စိတ်ထဲ လေးလံသွားသည်။
~~ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လို အဖြစ်အပျက်ကြောင့်ပဲ ဖြစ်ဖြစ် နှလုံးသားနဲ့ စိတ်ဝိညာဉ်က မပြောင်းလဲသွားဘဲ ခိုင်ကြည်နေတာမျိုးရော မဖြစ်နိုင်ဘူးလား မမ~~
နှင်းပန်းက ရှောင်လုံကို စိုက်ကြည့်ကာ လေးလေးနက်နက် ပြောသည်။
~~သိပ်ဖြစ်နိုင်တာပေါ့။ ဘာအကြောင်းကြောင့်နဲ့မှ ကိုယ့်နှလုံးသားနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို အပျက်စီးမခံတဲ့ လူတွေလည်း ရှိတာပေါ့~~
ရှောင်လုံ၏ လေးလံနေသော စိတ်များ ပေါ့ပါးသွားပြီး မျက်လုံးများ ပြန်တောက်ပလာသည်။ သူက နှင်းပန်းကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
~~ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအဖြစ်အပျက်ကြောင့်ပဲဖြစ်ဖြစ် ဘိုးဘိုး၊ မမနဲ့ ရှောင်တုံးတို့ကို ကျွန်တော် ကာကွယ်မယ်။ ကျွန်တော်ချစ်တဲ့ လူတွေကို ကျွန်တော် ကာကွယ်မယ်။ အဲဒါက ဘာအကြောင်းကြောင့်မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး~~
နှင်းပန်းမှာ ရှောင်လုံ၏ လေးနက်တည်ငြိမ်နေသော မျက်လုံးများနှင့် မာန်အပြည့်ဖြင့် ပြောလာသော စကားများကြောင့် ကြက်သီးတဖြန်းဖြန်း ထလာခဲ့သည်။ သူမ၏ ရင်ထဲတွင်လည်း လှိုက်ကနဲ သိမ့်ကနဲ ဖြစ်သွားသည်။
နှင်းပန်းကလည်း ရှောင်လုံကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
~~အင်း..၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မောင်လေးက မမရဲ့ မောင်လေးပဲ။ မောင်လေးက မမရဲ့ ကလေးပဲ။ အဲဒါက ဘာအကြောင်းကြောင့်မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး~~
တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော ရှောင်လုံနှင့် နှင်းပန်းတို့၏ မျက်လုံးများက ကြယ်များလို တဖျတ်ဖျတ်နှင့် တောက်ပနေခဲ့သည်။
ခိုင်ကြည်သော နှလုံးသားနှင့် သန့်ရှင်းသော စိတ်ဝိညာဉ်က သူတို့နှစ်ယောက်လုံးတွင် ဖြစ်ပေါ်လာခဲ့သည်။
ထိုအခါ ရှောင်လုံ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲက စိတ်ဝိညာဉ်ပုံရိပ်လေးမှ သန့်စင်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ် ပို၍ သန့်စင်လာသည်ကို ခံစားမိနေသည်။
နှင်းပန်း၏ အရှိန်အဝါကလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။ သူမ၏ နှလုံးသားက အလွန်ရှင်းလင်းကြည်လင်လာသည်ကို ခံစားနေရသည်။
~~မမ~~
~~မောင်လေး~~
ရှောင်လုံနှင့် နှင်းပန်းက တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်တည်း ခေါ်လိုက်မိကြသည်။ သူတို့က တစ်ယောက်၏ တိုးတက်ပြောင်းလဲလာမှုကို တစ်ယောက်က ခံစားမိနေကြသည်။
ထိုအခြေနေမျိုးက သိုင်းပညာကို လေ့ကျင့်ဆင်ခြင်ရန် အကောင်းဆုံးဖြစ်၍ နှစ်ယောက်လုံးက ထိုအခွင့်ရေးကို မဖြုန်းတီးကြပေ။ သူတို့က တစ်ယောက်လက်ကိုတစ်ယောက် အလိုလျောက် ဆုပ်ကိုင်မိသွားကြသည်။ ထို့နောက် နှစ်ယောက်လုံးက အခန်းအဝင်မှာပင် ပြိုင်တူ ထိုင်ချလိုက်ကြပြီး မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
အတွင်းအားပေါင်းစည်းခြင်း။
အသိပေး ပြောဆိုနေခြင်း မရှိဘဲပင်လျှင် ရှောင်လုံ၏ သန့်စင်သော အတွင်းအားများက နှင်းပန်းထံသို့ စီးဝင်သွားသည်။
နှင်းပန်းကလည်း ကြိုမပြောထားသည့်တိုင် သူမထံသို့ စီးဝင်လာသော အတွင်းအားများကို အလိုက်သင့် ခံယူကာ သူမ၏ သွေးကြောများထဲ လှည့်ပတ်စီးဆင်းစေပြီး အတွင်းအားဆုံမှတ်၌ စုစည်းစေလိုက်သည်။
ထို့နောက် နှစ်ယောက်သားမှာ အတွင်းအားပေါင်းစည်းခြင်းကို အတူတကွ လေ့ကျင့်ရင်း ကိုယ်သိမြင်နားလည်ထားသော သိုင်းပညာများကို ဆင်ခြင်နေလိုက်ကြတော့သည်။
နှင်းပန်းက ထိုက်ဟူရေအိုင်ကြီးဘေးတွင် သူမ ဝိုးတဝါးဖမ်းဆုပ်မိခဲ့သော ရွက်ကြွေကို ဖမ်းဆီးခြင်း လက်ဟန်ကို ပြန်၍ ဆင်ခြင်လိုက်သည်။
ထိုအခါ သူမ၏ စိတ်အာရုံထဲတွင် လေတိုက်၍ လွင့်မျောနေသော ရွက်ကြွေများကို မြင်လားသည်။ ထိုက်ဟူရေအိုင်ဘေးက မြင်ကွင်းနှင့် ဆင်တူသော မြင်ကွင်းတစ်ခုကို မြင်လာသည်။ ထိုမြင်ကွင်းထဲတွင် လေပြေများ တိုက်ခတ်နေပြီး ရွက်ကြွေများက လေထဲတွင် လွင့်မျောနေသည်။ ထိုအာရုံမြင်ကွင်းက အလွန်ရှင်းလင်းနေခဲ့သည်။ အစစ်မှန်နေရာတစ်ခုသို့ ရောက်နေသလို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ သို့သော် အာရုံမြင်ကွင်းတစ်ခုမှန်းလည်း ရှင်းရှင်းလင်းလင်း သိနေသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ လေတိုက်နေသော်လည်း လေ၏ အထိအတွေ့ကို မခံစားရပေ။ လေပြေ၏ အေးမြမှုကိုလည်း မခံစားရပေ။ လေတိုက်သံကိုလည်း မကြားရပေ။ လေပြေ၏ ရနံ့ကိုလည်း မရပေ။ အာရုံမြင်ကွင်းတစ်ခုမျှသာ ဖြစ်နေသည်။ တခြား အသံ၊ အနံ့၊ အထိတွေ့အာရုံခံစားမှုများ မရှိနေခဲ့ပေ။
ထိုနေရာ၌ သူမက သူတောင်းစားအသွင်ဖြင့်လည်း မရှိနေပေ။ သူမက သူမ ဝတ်ဆင်နေကျ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက လေထဲက ရော်ရွက်များကို သူမ နားလည်ထားသော သိုင်းအသိဉာဏ်ဖြင့် လိုက်ဖမ်းနေသည်။
သို့သော် မဖမ်းနိုင်ခဲ့ပေ။ အထိတွေ့ မရှိသော အာရုံပုံရိပ်မျှသာဖြစ်၍ ရော်ရွက်ဝါများက သူမ၏ လက်ကို ဖြတ်သန်းကာ လွင့်မျောသွားကြသည်။ သူမက မည်မျှပင် ကြိုးစား၍ လိုက်ဖမ်းနေပါစေ ကြွေလွင့်နေသော ရော်ရွက်ထောင်သောင်းကို တစ်ရွက်မျှပင် မဖမ်းနိုင် ဖြစ်နေခဲ့သည်။
ရော်ရွက်ဝါများကို လှည့်ပတ်ဖမ်းနေရင်းက သူမက တစ်စုံတစ်ရာကို မြင်လိုက်ရသည်။
ကလေးလေးတစ်ယောက်။ မြေပြင်က ရော်ရွက်များကြားတွင် ရပ်နေသော ကလေးလေးတစ်ယောက်။
ထိုနေရာ၌ သူမနှင့် ကြွေလွင့်နေသော ရော်ရွက်ဝါများအပြင် ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲနှင့် အလွန်ချစ်စရာကောင်းသော ကလေးလေးတစ်ယောက်လည်း ရှိနေခဲ့သည်။ ထိုကလေးလေးက သူမလေ့ကျင့်နေသည်ကို အလွန်စိတ်ဝင်စားသော မျက်လုံးများဖြင့် လိုက်ကြည့်နေခဲ့ပြီး သူ၏ လက်ကလေးကိုလည်း ဟိုသည်ဝှေ့ယမ်းလှုပ်ရှားနေခဲ့သည်။
‘မောင်လေး..’
ထိုကလေးလေးကို ကြည့်ပြီး နှင်းပန်း၏ နှလုံးသားက အလိုလို ခံစားမိပြီး တီတိုးခေါ်လိုက်သည်။
ထိုကလေးလေးက ချစ်စဖွယ်ရယ်ပြနေခဲ့သည်။
သူမ၏ စိတ်နှလုံးက ပို၍ နူးညံ့သိမ်မွေ့သွားခဲ့သည်။ သူမ၏ နှလုံးသားထဲမှ အေးမြကြည်လင်သော ခံစားချက်များက ပိုအားကောင်းလာခဲ့သည်။ ထိုအခါ အာရုံပုံရိပ်အဖြစ်မျှသာ မြင်နေရသော လေထဲက ရော်ရွက်ဝါများကို ထိကိုင်နိုင်သလို ခံစားလာရသည်။ လေပြေ၏ တိုးဝှေ့တိုက်ခတ်မှုကိုလည်း ခံစားမိလာသည်။ ထိုအာရုံပုံရိပ်မြင်ကွင်းလေးက အစစ်မှန်နှင့် ပို၍ တူလာသည်။
‘ဖတ်…’
ရော်ရွက်ဝါတစ်ရွက်ကို သူမ ဖမ်းမိသွားခဲ့သည်။ ထို့နောက် တစ်ရွက်ပြီးတစ်ရွက် သူမ ဖမ်းမိခဲ့သည်။
နှင်းပန်းက သူမ၏ သိုင်းနှလုံးသားအသိ ပွင့်လာပြီး အာရုံပုံရိပ်ထဲတွင် လေ့ကျင့်နေသလို ရှောင်လုံကလည်း သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထဲက စိတ်ဝိညာဉ်ပုံရိပ်လေးကို အသုံးပြု၍ လေ့ကျင့်နေသည်။ လေ့ကျင့်နေသည် ဆိုသော်လည်း သိုင်းကွက်သိုင်းဟန်များကို လှုပ်ရှားလေ့ကျင့်နေခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထဲက အမှောင်ထုထဲတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
အမှောင်ဥပဒေသခန္ဓာကျင့်စဉ်ကို လေ့ကျင့်ရင်း အမှောင်ဥပဒေသကို ဆင်ခြင်နေခြင်း ဖြစ်သည်။
‘ငါက အမှောင်ထုနဲ့ တစ်သားတည်းပေါင်းစပ်နိုင်ပေမဲ့ ငါကိုယ်တိုင် ဘာလို့ အမှောင်ထု မဖြစ်နိုင်ရတာလဲ’
အမှောင်ဥပဒေသခန္ဓာကျင့်စဉ်၏ အမှောင်ထုဖြစ်ခြင်းကို နားလည်အောင် ဆင်ခြင်နေခဲ့သည်။
သန်းခေါင်းယံကောင်းကင်၌ကား တိမ်ကင်းစင်လျက် ကိုးလပိုင်း ကိုးရက်ည၏ ငွေလမင်းက တိတ်ဆိတ်ငြိမ်သက်စွာ သာလို့နေလေ၏။
အခန်း(၃၁၂) ပြီး
***