ဟန်ကျိုးမြို့၏ နံနက်ခင်းကား ယမန်နေ့ရက်များအတိုင်း သက်ဝင်လှုပ်ရှားနေ၏။
မတူသည်ကား လမ်းပေါ်တွင် သွားရင်းလာရင်းဖြစ်စေ၊ တစ်နေရာရာတွင် ထိုင်ရင်းရပ်ရင်းဖြစ်စေ၊ အလုပ်ကို လုပ်ရင်းကိုင်ရင်းဖြစ်စေ၊ စားရင်းသောက်ရင်းဖြစ်စေ လူချင်းဆုံမိကြသော နေရာတိုင်း၌ အလုပ်ကိုင်အကြောင်း စီးပွားရေးအကြောင်းထက် မနေ့က လွတ်မြောက်သွားသော အပြစ်သားများအကြောင်းကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံနှင့် ပြောဆိုနေကြသည်။
မပြောရဲမဆိုရဲသူများက ထိုစကားဝိုင်း၌ ဝင်မပါကြသော်လည်း မလှမ်းမကမ်းမှ နားစွင့်နေကြသည်။
ပုန်ကန်သူများ လွတ်မြောက်သွားခြင်း။
ထိုအကြောင်းရာက ဟန်ကျိုးမြို့သားအားလုံးကို အစိုးရိမ်ပိုသွားစေသည်။ အင်ပါယာအရေး ပို၍ ရှုပ်ထွေးလာမည်ကို လူတိုင်းက စိုးရိမ်နေကြသည်။ ယခုထက်သာ အခြေနေထပ်ဆိုးလျှင် အင်ပါယာကြီး တစ်ဖန်ပျက်စီးပြီး မွန်ဂိုမြင်းတပ်ကြီးများ အင်ပါယာထဲ နောက်တစ်ကြိမ်ဝင်လာမှာ စိုးရိမ်နေကြသည်။
စာတတ်ပေတတ်တချို့နှင့် သမိုင်းကြောင်းအဖြစ်အပျက်များကို မှတ်သားနားလည်ထားသူ တချို့ကလည်း စုန့်အင်ပါယာကြီး ပျက်စီးပြီး မွန်ဂိုလက်အောက် ကျရောက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်ပြောကာ စိတ်ပူပန်နေကြသည်။
အင်ပါယာနန်းတွင်းရေး လှုပ်ခါရှုပ်ထွေးပြီး ပုန်ကန်ထကြွမှုများ ဖြစ်လာလျှင် အင်ပါယာ ချိန်ခွင်လျှာ မညီမမျှဖြစ်ကာ အလွန်ချည့်နဲ့သွားနိုင်သည်။ ထိုသို့ ဖြစ်လာလျှင် ဧကရာဇ်အပြောင်းလဲ ဖြစ်လျှင် ဖြစ်။ မဖြစ်လျှင် မင်းဆက်အပြောင်းလဲ ဖြစ်သွားတတ်သည်။ သို့မဟုတ်လျှင် အင်ပါယာအပြင်က အင်အားကြီးသူများက ဝင်ရောက်လာပြီး သိမ်းပိုက်အုပ်ချုပ်သွားတတ်သည်ဟု ရှေ့မီနောက်မီ လူကြီးများကလည်း ပြောလာကြသည်။
လမ်းကြမ်းလျှင် လှည်းဆောင့်မည်။ ထို့အပြင် နွားလည်း ခြေခေါက်နိုင်ပြီး လှည်းလည်း ဝင်ရိုးကျိုးကာ တိမ်းမှောက်နိုင်သည်။
(တရုတ်စကားပုံ။ ။ လမ်းကြမ်းလျှင် မြင်းလှုပ်မည်)
ထို့ကြောင့် လူတိုင်းလိုလိုက လက်ရှိဖြစ်ပျက်နေသော ထိုကိစ္စကြီးကို စိုးရိမ်စိတ်ဖြင့် ပြောဆိုဆွေးနွေးနေကြသည်။
ဟန်ကျိုးမြို့ နောက်တောင်ပိုင်း ရှီရေကန်အနီး၌ ရာချီသော သိုင်းလောကသားများ စုရုံးရောက်ရှိလာကြသည်။ ယနေ့ည လထွက်ချိန်တွင် ရှီရေကန် လရိပ်ကျွန်း၌ သိုင်းလောက လူငယ်မျိုးဆက်များကြား သိုင်းပညာအသိမြင်ဖလှယ်ပွဲ ကျင်းပမည်ဟု သတင်းတစ်ခု ပြန့်လာသောကြောင့် ရောက်လာကြခြင်း ဖြစ်သည်။
ယခုမှ မနက်ခင်းသာ ရှိသေးသော်လည်း သိုင်းလောကသားများက အလျိုအလျို ရောက်လာကြသည်။ ဟန်ကျိုးသို့ ရောက်ရှိနေကြသော သိုင်းလောကသားများ ရှီရေကန်၌ စုဆုံမိသွားကြသည်။
သူတို့က သူတောင်းစားဂိုဏ်း၏ ထူးချွန်ဂိုဏ်းသားရွေးချယ်ပွဲကို စိတ်ဝင်စား၍ ရောက်လာကြသော်လည်း ထိုပွဲက သူတောင်းစားဂိုဏ်း၏ ဂိုဏ်းတွင်းသီးသန့် ကျင်းပသော ပွဲဖြစ်နေ၍ သိုင်းလောကသားများ မပါဝင်နိုင်ခဲ့ကြပေ။ ဟန်ကျိုးမြို့အနှံ့က တည်းခိုခန်းများတွင် တည်းခိုကြရင်း သတင်းကို နားစွင့်နေရုံသာ တတ်နိုင်ခဲ့သည်။
သို့သော် ညက ရှီရေကန်၌ သိုင်းလောကလူငယ်မျိုးဆက်များကြား သိုင်းပညာအသိမြင်ဖလှယ် ကျင်းပမည်ဟု သိလိုက်ရသောအခါ မနက်ရောက်သည်နှင့် သိုင်းလောကသား အားလုံးလိုလို ရှီရေကန်သို့ ရောက်လာကြတော့သည်။
နောက်ထပ်အကြောင်းတစ်ခုကလည်း ညတုန်းက ဖြစ်သွားခဲ့သေး၍ ဖြစ်သည်။
သရဲနက်နှင့် သူတောင်းစားဂိုဏ်းချုပ်တို့ တိုက်ခိုက်ခဲ့ကြသည့် ကိစ္စကြီးပင်။ ထို့ကြောင့် ထိုသတင်းကို ကြားနာရန် စုဝေးလာကြခြင်းလည်း ဖြစ်သည်။
ယခု ရှီရေကန်သို့ ရောက်လာကြသော သိုင်းလောကသားများအကြားတွင် သရဲနက်နှင့် သူတောင်းစားဂိုဏ်းချုပ်တို့၏ တိုက်ပွဲအကြောင်းကို ပြောဆိုနေကြသည်။ အကျဉ်းသား လွတ်မြောက်မှုအကြောင်းကို မပြောကြပါ။
သိုင်းလောကသားတို့မည်သည်ကား အစဉ်မပြတ် ပြောင်းလဲနေတတ်သော ဧကရာဇ်ပလ္လင်အရေး အင်ပါယာနန်းတွင်းရေးထက် သိုင်းလောကအရေးကိုသာ ပိုစိတ်ဝင်စားတတ်ကြသည် မဟုတ်ပါလား။
တစ်ဆက်တည်း သရဲနက်ကို သူတောင်းစားဂိုဏ်း၏ ဂုဏ်ထူးဆောင်အပြင်အကြီးကဲက အနိုင်ယူလိုက်သည့် သတင်းကိုလည်း စိတ်ဝင်တစား ပြောကြသည်။
ညက တွေ့ခဲ့ကြုံခဲ့သူများက ပြော၍ မသိခဲ့ မကြားခဲ့သူများကလည်း စိတ်ဝင်တစား နားထောင်ကြသည်။
ထို့နောက် သရဲနက် ထပ်မံ၍ ထွက်ပြေးလွတ်မြောက်သွားသည့် အကြောင်းကိုလည်း မချိတင်ကဲ ပြောကြပြန်သည်။
ထိုအခါ နားထောင်သူများကလည်း အားမလိုအားမရ ဖြစ်ကုန်ကြသည်။
သရဲနက် လွတ်မြောက်သွားသည်က ဂုဏ်ထူးဆောင်အပြင်အကြီးက မတားဆီးနိုင်၍ လွတ်မြောက်သွားခြင်း မဟုတ်ဘဲ ဆိုးယုတ်ကောက်ကျစ်သော သရဲနက်က အလစ်အငိုက်ဖမ်း၍ ထွက်ပြေးသွားခြင်း ဖြစ်သည့်အတွက် သရဲနက်၏ လွတ်မြောက်ခြင်းကို သိုင်းသမားများက ကြိတ်မနိုင်ခဲမရနှင့် တောက်တစ်ခတ်ခတ် ဖြစ်နေကြသည်။
သိုင်းလောကသားများက လိုက်ရှာကြသော်လည်း ရှာမတွေ့ခဲ့သည့်အပေါ် ပို၍ အားမလိုအားမရ ဖြစ်နေကြသည်။
“အခွင့်ရေးကြီးတစ်ခုကို ဆုံးရှုံးလိုက်ရတာပဲ။ ဒီတစ်ကြိမ်က သရဲနက်ကို တစ်ခါတည်း အမြစ်ကနေ ဖြတ်လိုက်ရမယ့် အခွင့်ရေးကြီးပဲ”
“ဟုတ်တယ်။ အဲဒီ သိုင်းသမားတွေက အစကတည်းက သရဲနက် ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေမှာ ပိတ်ဆို့ထားသင့်တာ။ အခုတော့ အဝေးက ချောင်းပဲကြည့်နေကြရတယ်လို့ကွာ။ ငါသာ ရှိနေရင် အဲဒီသရဲနက် ဒီမနက် နေထွက်တာကို မြင်ရမှာ မဟုတ်ဘူး။ အခုတော့ …”
“ဒါနဲ့ သူတောင်းစားဂိုဏ်းက ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှာ အားအနည်းဆုံး ဖြစ်သွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလို သန်မာတဲ့အကြီးကဲတစ်ယောက် ပေါ်ထွက်လာရတာလဲ”
“ဒီသိုင်းရောင်းရင်းက ဟိုသတင်းတွေ မကြားမိဘူးလား။ ပီကင်းကနေ ဟန်ကျိုးကို လာတဲ့ သူတောင်းစားဂိုဏ်းသား တစ်ရာကျော်ကို လမ်းတစ်လျှောက်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြတယ် ဆိုတာလေ”
“ဘယ်သူတွေ တိုက်ခိုက်ခဲ့ကြတာလဲ”
“သိုင်းရောင်းရင်းက ဘယ်ချောင်မှာ သွားအိပ်နေလို့ အဲဒါလေးတောင် မသိရတာလဲ။ နဂါးစိမ်းဂိုဏ်းက ပင်လယ်ပြင်ထွက်ပေါက်ရပြီး တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်လုံး ဖြန့်ကျက်လှုပ်ရှားနိုင်နေပြီလေ။ ပီကင်းကနေ ဟန်ကျိုးကို လာတဲ့ သူတောင်းစားဂိုဏ်းသားတွေကို လမ်းတစ်လျှောက် ဖြတ်တိုက်ဖို့က သူတို့အတွက် ပေါက်စီထဲက အဆာကို ဖေါက်စားရတာထက်တောင် လွယ်နေလိမ့်ဦးမယ်”
“ဒါဆို အဲဒီ သူတောင်းစားဂိုဏ်းသားတစ်ရာကျော် အကုန်လုံး အသတ်ခံလိုက်ရလား”
“ဟားဟား..၊ ဘယ်သူ ထင်ထားမှာလဲ။ ပေါက်စီက အပေါ်ယံပဲ အေးပြီး အထဲမှာ တော်တော်ပူနေလိမ့်မယ်လို့ပေါ့”
“ဒါဆို နဂါးစိမ်းဂိုဏ်းတော့ ပါးစပ်အပူလောင်ပြီပဲ။ ဒါက မဝါးနိုင်တာထက် ပိုကိုက်မိတာပဲ။ မဟုတ်ဘူး အဲဒီထက်တောင် ပိုဆိုးသွားနိုင်တယ်”
“ဟားဟား…၊ သေချာတာပေါ့။ သူတောင်းစားဂိုဏ်းသားတွေက ဟန်ကျိုးကို ကောင်းမွန်မွန် ရောက်လာကြတယ်ဆိုကတည်းက လမ်းမှာ ဖြတ်တိုက်ခဲ့ကြတဲ့လူတွေ မကောင်းမွန်နိုင်လောက်တော့ဘူးဆိုတာ မစဉ်းစားဘဲနဲ့တောင် အဖြေက ထွက်နေပြီးသားပဲလေ”
“ခင်ဗျား ပြောတော့မှ ကျုပ် အဲဒီကိစ္စနှစ်ခုကို ချိတ်ဆက်မိသွားတယ်”
“ဘာများလဲ”
“ဟန်ကျိုးက လာတဲ့ သူတောင်းစားဂိုဏ်းသားတွေက အနှောက်အယှက်အားလုံးကို ကျော်ဖြတ်လာနိုင်တာရယ်။ ညက သရဲနက်ကို ဂုဏ်ထူးဆောင်အပြင်အကြီးကဲက အနိုင်ယူလိုက်တယ်ဆိုတာရယ်လေ။ အဲဒီကိစ္စနှစ်ခုက ဆက်စပ်နေနိုင်တယ် မဟုတ်လား”
“ဟုတ်သားပဲ။ ဆက်စပ်နေနိုင်တာ မဟုတ်ဘူး။ ဆက်ကို ဆက်စပ်နေလိမ့်မယ်။ ကျုပ်ကို တစ်ယောက်လောက် ပြောပြပါဦး။ ညတုန်းက အဲဒီဂုဏ်ထူးဆောင်အကြီးကဲရဲ့ သိုင်းအဆင့်က ဘယ်လောက်ရှိနိုင်လဲ”
ဆွေးနွေးပြောဆိုနေကြသော သိုင်းလောကသားများအားလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သိချင်နေကြသည်။
သို့သော် မည်သူမှ ထုတ်ပြောသူ မရှိပေ။
“တစ်ယောက်မှ မပြောနိုင်ကြဘူးလား”
ထိုစဉ် သိုင်းသမားတစ်ယောက်က ပြောလာသည်။
“အဲဒီတုန်းက ကျုပ်တို့ ပုန်းနေတဲ့ နေရာက တိုက်ခိုက်နေကြတဲ့ နေရာနဲ့ နည်းနည်း လှမ်းနေတယ်။ သူတောင်းစားဂိုဏ်းချုပ်ကြီးနဲ့ သရဲနက်ရဲ့ တိုက်ပွဲကတောင် သာမန်အခြေနေမဟုတ်ဘူး။ သရဲနက်ဆီက ထွက်လာတဲ့ အခိုးငွေ့ကြီးတွေက ပေတစ်ရာနှစ်ရာလောက်အထိ လွင့်ပျံထွက်နေတာ။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲနယ်ပယ်ကလည်း တော်တော်ကျယ်တယ်။ ကျုပ်တို့ အဝေးကနေ ပုန်းကြည့်နေရုံပဲ တတ်နိုင်တယ်။ ဘယ်သူမှ အနားမကပ်ရဲကြဘူး။ တိုက်ပွဲ အပြင်းထန်ဆုံးအခြေနေမှာ အဲဒီအကြီးကဲက ရောက်လာတာပဲ။ သူ ရောက်လာတာကလည်း ရုတ်တရက်ဆန်လွန်းတယ်။ ရုတ်တရက်ဆိုသလို ရောက်လာတာ။ ရောက်လာပြီး ဘာမှ မကြာလိုက်ဘူး။ လေထဲ ပျံသန်းနေတဲ့ မီးတန်းကြီးတွေကို လှမ်းမြင်လိုက်ရတယ်။ သရဲနက်ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံတွေ ဆက်တိုက်ကြားလိုက်ရတာပြီးတဲ့နောက် တိုက်ပွဲက ပြီးသွားတယ်။ အဲဒီအကြီးကဲ စပြီးတိုက်ခိုက်လိုက်တာနဲ့ တိုက်ပွဲပြီးသွားတာက ဘာမှ သိပ်မကြာလိုက်ဘူး။ အရမ်းမြန်တယ်။ သရဲနက်က အဲဒီအကြီးကဲရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်နေဘူး။ သူတောင်းစားဂိုဏ်းချုပ်ကြီးနဲ့တုန်းက သူတစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနယ် တိုက်ခိုက်နေခဲ့ကြတာ။ အဲဒီအကြီဲးကဲကတော့ သရဲနက်ကို တစ်ဖက်သတ် ရိုက်နှက်လိုက်သလိုမျိုးကြီးပဲ။ ဘာမှတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး”
ထိုသိုင်းသမားက သူမြင်ခဲ့သမျှကို အကုန်ပြောပြပြီး အားလုံးကို ကြည့်လိုက်သည်။
“သိုင်းရောင်းရင်း စကားကလည်း ရှည်သာရှည်တာ ရေရေရာရာ ပြောလိုက်နိုင်တာ တစ်ခုမှတောင် မရှိပါလား။ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးဆိုတာနဲ့ အဆုံးသတ်သွားရတယ်လို့။ မဟုတ်သေးပါဘူး။ ဒီလောက် သိုင်းသမားတွေ အများကြီး ရှိနေရဲ့သားနဲ့ ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကို လွတ်သွားတာက မဟုတ်သေးပါဘူး”
“အေးလေ။ လူပုံက ဘယ်လို၊ အသက်ရွယ်က ဘယ်လောက်၊ နာမည်က ဘယ်သူ ဆိုတာ မသိလိုက်ရင် ထားပါ။ ဘယ်လို တိုက်ကွက်တွေ သုံးသွားတယ်ဆိုတာလောက်တာ့ သိလိုက်ရင် တစ်ခုခု ခန့်မှန်းလို့ ရနိုင်သေးတယ်”
“အဲဒီအကြီးကဲ သုံးသွားတဲ့ တိုက်ကွက်တွေက ကျုပ်တို့မျက်လုံးနဲ့ မြင်နိုင်မှတ်နိုင်တဲ့ အဆင့်မျိုး အဟုတ်လို့ပေါ့ဗျာ။ သူတောင်းစားဂိုဏ်းချုပ်ကြီးရဲ့ တေလေခြေသိုင်းနဲ့ ဝါးစိမ်းတုတ်သိုင်းကိုတောင် ကျုပ်တို့က ရိပ်ကနဲရိပ်ကနဲပဲ မြင်းကြရတာ။ အဲဒီအကြီးကဲရဲ့ သိုင်းကွက်တွေကို ကျုပ်တို့ ဘယ်မြင်နိုင်မှာတုန်း။ ခင်ဗျားတို့ဆိုရင်လည်း မြင်နိုင်မှာ မဟုတ်ဘူး”
“အဲဒီလောက်တောင် မြန်တယ်လား”
“အဲဒီလောက်ကို မြန်တယ်။ ကျုပ်တစ်သက်မှာ အဲဒီလောက် မြန်တဲ့ လှုပ်ရှားမှုမျိုး ပထမဆုံး မြင်ဖူးတာပဲ။ ကျုပ်က အထွတ်ထိပ်အဆင့်တွေကြားက တိုက်ပွဲကို မမြင်ခဲ့ဖူးတဲ့လူ မဟုတ်ပါဘူး။ ဒါတောင် အဲဒီ အကြီးအကဲရဲ့ လှုပ်ရှားမှုကို တစ်ခုမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။ ပြီးတော့ အဲဒီ တိုက်ပွဲကနေ ထွက်လာတဲ့ တိုက်ပွဲအရှိအဝါနဲ့ မကောင်းဆိုးဝါးအငွေ့အသက်က ချောင်းကြည့်ဖို့တောင် မလွယ်အောင် ကြမ်းတမ်းပြီး ကြောက်စရာကောင်းတယ်။ သိပ်ကို အန္တရာယ်များတဲ့ ခံစားချက်ကြီး ရနေခဲ့တာ။ ကျုပ်ပြောတာ မယုံရင် ကျန်တဲ့လူတွေကို မေးကြည့်။ တချို့သိုင်းရောင်းရင်းတွေဆိုရင် ချောင်းတောင် မချောင်းကြည့်ရဲကြဘူး။ ဒီလောက်ဆိုရင် အဲဒီ တိုက်ပွဲက ဘယ်လောက်ပြင်းထန်ပြီး ကြောက်စရာကောင်းလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းကြည့်လို့ ရသွားလိမ့်မယ်”
တချို့သိုင်းသမားများက ရှက်ရွံ့ဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။
“ဒါဆိုရင် သိုင်းရောင်းရင်းက အဲဒီအကြီးကဲကို သူတောင်းစားဂိုဏ်းချုပ်ကြီးနဲ့ သရဲနက်တို့ရဲ့ အဆင့်တူမှာ မဟုတ်ဘူးလို့ ပြောချင်တာလား”
“ကျုပ်မှ မဟုတ်ပါဘူး။ အဲဒီနေရာကို ရောက်ခဲ့တဲ့ လူတိုင်း အဲဒီလိုပဲ ပြောလိမ့်မယ်။ အဲဒီအကြီးကဲက သိုင်းအထွတ်ထိပ်အဆင့်မှာ မဟုတ်တော့ဘူး”
လူတိုင်း၏ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်လာသည်။ သိုင်းအထွတ်ထိပ်အဆင့်ကို အမြင့်ဆုံးဟု သတ်မှတ်ထားကြသော အချိန်အခါတွင် အခုလို သိုင်းအထွတ်ထိပ်အဆင့်ကို အလွယ်တကူ အနိုင်ယူသွားနိုင်သော အဆင့်အတန်းမျိုး ပေါ်ထွက်လာခြင်းက သိုင်းလောကရေပြင်ထဲ ပစ်ချလိုက်သော ခဲတစ်လုံးကဲ့သို့ ရေပြင်တစ်ခုလုံးကို လှိုင်းထသွားစေသည်။ သိုင်းသမားတိုင်း၏ စိတ်ကို တုန်ခါလှုပ်ခတ်သွားစေသည်။
“အထွတ်ထိပ်ကို ကျော်လွန်တဲ့ အဆင့်။ အဲဒါ အထွတ်ထိပ်ပညာရှင်တွေ ရောက်ချင်နေကြတဲ့ အထွတ်ထိပ်ကိုကျော်လွန်တဲ့ အဆင့်ပဲ။ မဖြစ်ဘူး။ အိမ်တော်ကို သတင်းပို့ရမယ်။ ဒါက ကိစ္စကြီးတစ်ခုပဲ။ လုံးဝ ကိစ္စကြီးပဲ”
ထိုသိုင်းသမားက ပြောပြောဆိုဆိုနှင့် ထိုနေရာမှ ထွက်သွားသည်။ တခြားသိုင်းလောကသားများလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ထွက်သွားကြသည်။
သိပ်မကြာလိုက်ပါ။ ဟိုမှသည်မှ ပျံတက်သွားကြသော စာပို့ခိုများကို မြင်လိုက်ကြရသည်။
“အင်ပါယာကြီးက တစ်ခုခုတော့ ကြီးကြီးမားမား ပြောင်းလဲတော့မယ်ထင်တယ်။ အဲဒါကို ကျုပ်စိတ်က အလိုလို ခံစားနေရတယ်။ အားလုံးလည်း ကြားကြမှာပါ။ အကျဉ်းသားတွေ လွတ်မြောက်သွားတဲ့ ကိစ္စကိုပေါ့။ အဲဒါကို ကျုပ်တို့ စိတ်မဝင်စားရင်တောင့် အဲဒီကိစ္စက ကျုပ်တို့ သိုင်းလောကကို သက်ရောက်လာနိုင်တယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
အင်ပါယာနန်းတွင်းရေးနှင့် အင်ပါယာအုပ်ချုပ်ရေးကို သူတို့က စိတ်မဝင်စားသည့်တိုင် ထိုကြောင်းရာ၏ သက်ရောက်နိုင်မှုကိုတော့ သူတို့ အားလုံး နားလည်ထားကြသည်။ ခေတ်အပြောင်းလဲနှင့် အင်ပါယာစစ်ပွဲများကြားတွင် သိုင်းလောကသူရဲကောင်းများစွာနှင့် သိုင်းပညာအခြေခံအုတ်မြစ်များစွာ ပျောက်ကွယ်သွားခဲ့လှပြီ မဟုတ်ပါလား။
အင်ပါယာစစ်ပွဲများကို ကိုယ်က စိတ်မဝင်စားလျှင်ပင် အင်ပါယာစစ်ပွဲများက ကိုယ့်ကို စိတ်ဝင်စားလာမည် ဖြစ်သည်။
မည်သို့ပင် သိုင်းလောကသားအဖြစ် ခံယူလျှောက်လှမ်းနေသည်ဆိုစေ မိသားစုနှင့် မိတ်ဆွေအသိုက်အဝန်းများ စစ်မီးအတွင်း ကျရောက်လာချိန်မျိုးတွင် သိုင်းလောကသားများသည်လည်း အင်ပါယာစစ်ပွဲအတွင်း ဝင်ရောက်မိလျက်သား ဖြစ်သွားကြရသည်သာ။ ရှေးသိုင်းသူရဲကောင်းတို့သည်လည်း အင်ပါယာအရေးနှင့် အာဏာလောကစစ်ပွဲများကို စိတ်မဝင်စားကြသော်လည်း အခြေနေတစ်ခုအထိ ရောက်လာသောအခါ ဝင်ပါလိုက်ကြရသည်။
အပြစ်မဲ့သော လူ့အသက်ပေါင်းများစွာ၊ မြို့ရွာများစွာ ပျက်စီးသွားသည်ကို မည်သို့ လက်ပိုက်၍ ကြည့်နေနိုင်ပါမည်နည်း။
ထို့အပြင်လည်း သိုင်းလောကသားများသည်လည်း ထမင်းတော့ စားကြသည်သာ။ စစ်မီးများ တောက်လောင်လာသောအခါ လူတိုင်းသည် ဆင်းရဲမွဲတေကြရသည်။ အထူးသဖြင့် အလုပ်ကိုင် ငွေကြေးနှင့် စားဝတ်နေရေးကို အလေးနက်မထားတတ်သော ခြေသလုံးအိမ်တိုင် နေထိုင်ကျင်လည်နေတတ်ကြသော သိုင်းလောကသားများက စားဝတ်နေရေးအတွက် အရင်ဆုံး ခက်ခဲဆင်းရဲကြသည်။ ထိုအခါ သူခိုးဓားပြ လုပ်မည်လား။ သို့တည်းမဟုတ် စစ်သည်အဖြစ် အမှုထမ်းမည်လား။ မဖြစ်မနေ ရွေးချယ်ကြရတော့သည်။
*စားဖို့ရန် ဆန်မရှိသောအခါ ဓားကိုကိုင်၍ စစ်ပွဲသို့ သွားခဲ့ရသည်*ဟူသော ရှေးသိုင်းသူရဲကောင်းတို့ ပြောခဲ့ကြသော ထိုစကားက အလကားသက်သက်တော့ မဟုတ်ပေ။
အင်ပါယာ၏ အမြဲတမ်းစစ်သည်များ၊ စစ်ပွဲရှိလျှင် စစ်သည် စစ်ပွဲမရှိလျှင် လယ်သမားဟူသော စစ်သည်များနှင့် စစ်သည်တော် မိသားစုများ၏ စစ်အင်အားမျှဖြင့် မလုံလောက်သောအခါ အမျိုးသားတိုင်း စစ်ရေးအတွက် တာဝန်ရှိသည်ဟူသော အမိန့်စာများ ထွက်ပေါ်လာပေမည်။ စစ်မှုမထမ်းလိုသော ချမ်းသာကြွယ်ဝသူများက အခကြေးငွေပေး၍ ကြေးစားစစ်သည်များ ခေါ်ယူငှားရမ်းလာကြပေမည်။
စားဖို့ ဆန်မရှိသော သိုင်းလောကသားများနှင့် ဆင်းရဲမွဲတေနေသူများမှာ အလိုလို စစ်သည်ဖြစ်သွားကြပေလိမ့်မည်။
ထို့ကြောင့် မည်သို့ပင် အင်ပါယာအရေး စိတ်မဝင်စားဟု ဆိုစေ ကင်းလွတ်၍တော့ နေနိုင်စွမ်း မရှိကြပေ။
“ဟင်း…”
သိုင်းသမားများအားလုံး သက်ပြင်းချမိကြသည်။ သူတို့၏ စိတ်ကို ဖိနှိပ်ထားခံရသလို ပင်ပန်းကုန်ကြသည်။
ရာချီသော သိုင်းသမားများ ရှိနေသော်လည်း မည်သူမှ စကားမဆိုကြတော့ပေ။ လေးလံသော စိတ်ကိုယ်စီဖြင့် နှုတ်ဆိတ်သွားခဲ့ကြသည်။
ထိုအချိန်၌
သမားတော်ခြံဝင်းတွင်လည်း လူတိုင်း တိတ်ဆိတ်နေကြသည်။ ခြံဝင်းအလုပ်သမားများသည်ပင် သူတို့အလုပ်ကို လုပ်နေကြသော်လည်း အသံမထွက်စေဘဲ စကားမပြောကြဘဲ လုပ်နေကြသည်။
သမားတော်လေးဟန်၊ ကျန်းရှီနှင့် ဖန်းချင်းတို့က ရှောင်လုံ၏ အဆောင်နား မလှမ်းမကမ်းမှ အခြေနေကို လှမ်းကြည့်နေကြသည်။ သူတို့က ရှောင်လုံ၏ အဆောင်နားသို့ သွားခွင့် မရကြပေ။ ရှောင်လုံ၏ အဆောင်ရှေ့တွင်တော့ ရသေ့ကြီးနှင့် သမားတော်ကြီးဟန်တို့ ရှိနေကြသည်။
သမားတော်ကြီးဟန်က ကောင်းကင်ပေါ်က မြင့်တက်လာသော နေမင်းကို မော့ကြည့်သည်။
~~အချိန်တောင် မစောတော့ဘူး။ ဒီကလေးတွေ အခုထိထွက်မလာကြသေးဘူး။ ချက်ချင်း ထွက်မလာနိုင်မှာတောင် စိုးရိမ်ရတယ်~~
သမားတော်ကြီးဟန်က အခန်းထဲမှ တည်ငြိမ်သိမ်မွေ့နေသော အသက်ရှူသံကို နားစွင့်ပြီး ပြောသည်။ ထိုအသက်ရှူသံက သိုင်းအာရုံဝင်စားမှုအခြေနေမျိုး ရောက်နေသည့် အသက်ရှူသံမျိုး ဖြစ်နေသည်။
ရသေ့ကြီးကလည်း အသာအယာ ခေါင်းညိတ်သည်။
‘မြေးလေးနှင်းပန်းကပါ သူ့မောင်နဲ့အတူ လေ့ကျင့်နေခဲ့တာက ထူးဆန်းတယ်။ လူလေးကသာ အခြေနေအချိန်ခါ မကြည့်တတ်ဘဲ တဇွတ်ထိုးလေ့ကျင့်တတ်တာပါ။ အခုတော့ နှင်းပန်းကပါ အတူလိုက်လေ့ကျင့်နေတယ်။ ဒီကလေးတွေ ဘာကိုများ ရုတ်တရက်နားလည်သွားလို့ လေ့ကျင့်နေကြတာလဲ မသိဘူး’
ရသေ့ကြီးက သူ့မြေးနှစ်ယောက်၏ ထူးခြားသော သိုင်းပါရမီကို နားလည်ထားသည့်အလျောက် အသိဉာဏ်တစ်ခုခု ရရှိခဲ့ကြ၍သာ ထိုသို့ လေ့ကျင့်နေကြခြင်း ဖြစ်မည်ဟု တွေးနေခဲ့သည်။
~~သိပ်မကြာခင် ထွက်လာကြဖို့ မျှော်လင့်ရတာပဲ~~
ရသေ့ကြီးက အမှန်တကယ်ကို ထိုသို့ မျှော်လင့်နေခဲ့သည်။ မဟုတ်လျှင် သူ၏ တဇွတ်ထိုးလုပ်တတ်လွန်းသော မြေးလေးက သုံးလေးရက် မထတမ်း လေ့ကျင့်ခဲ့လျှင် ဖြစ်ပေါလာမည့် နောက်ဆက်တွဲကလည်း ကြီးမားသွားနိုင်သည်။ ထို့ကြောင့် သိပ်မကြာခင် ထွက်လာခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုစဉ် အလုပ်သမားတစ်ယောက်က ခပ်သုတ်သုတ် ရောက်လာသည်။ သူက သမားတော်လေး ဟန်ကောင်းရှင်းနားသို့သွားကာ တီးတိုးပြောပြီး ပြန်ထွက်သွားသည်။
“ရောက်လာပြီလား”
သမားတော်လေးဟန်ကောင်းရှင်း၏ မျက်နှာက လေးနက်သွားသည်။ သူက သူ့အဘိုးကို လှမ်းကြည့်ပြီး အသာခေါင်းညိတ်ပြသည်။ ထို့နောက် သူက ထိုနေရာမှ ခပ်သွက်သွက် ထွက်သွားသည်။
သမားတော်ကြီးဟန်ကလည်း အခြေနေကို နားလည်သွားပြီး ရသေ့ကြီးကို လှမ်းပြောသည်။
~~ရောက်လာပြီ~~
ရသေ့ကြီး၏ မျက်နှာက လေးနက်သွားသည်။ မျက်ခုံးဖြူဖြူများပင် တစ်ချက်တွန့်ကွေးသွားသည်။ လက်ရှိအခြေနေက သူ့မြေးနှစ်ယောက်ကို ထားခဲ့ပြီး ထွက်သွားဖို့ ခက်နေသည်။ သို့သော်လည်း လူလေးဟန်ကောင်းရှင်းကိစ္စကလည်း လက်လွှတ်ထား၍ မရပေ။ ထို့ကြောင့် ရသေ့ကြီးက ကျန်းရှီနှင့် ဖန်းချင်းကို လှမ်းကြည့်ကာ ခေါင်းဆတ်ပြပြီး ခေါ်လိုက်သည်။
ကျန်းရှီနှင့် ဖန်းချင်းလည်း ချက်ချင်း လာလိုက်ကြသည်။
ရသေ့ကြီးက လေသံကို နိမ့်၍ အလေးအနက်ပြောသည်။
“ကောင်လေးတွေ..၊ မင်းတို့နှစ်ယောက် ဒီနေရာကနေ စောင့်နေကြ။ ဘယ်မှ မသွားလိုက်ကြနဲ့။ ဘယ်သူလာလာ အလာမခံနဲ့။ တစ်ခုခု ထူးခြားရင် ချက်ချင်း ငါတို့ကို လာပြော။ ကြားလား”
ကျန်းရှီနှင့် ဖန်းချင်းလည်း လေးနက်သွားကြပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
သူတို့က ကျန်းနှင့်ဖန်း မဟုတ်ပါလော။ ကျန်းမျိုးရိုးနှင့် ဖန်းမျိုးရိုးက အရည်ချင်းသာ ပြိုင်စံရှားအောင် မကောင်းလျှင် ရှိမည်။ ကတိသစ္စာ တည်မြဲမှုနှင့် တာဝန်ဝတ္တရား ကျေပွန်မှုတွင်ကား ပြိုင်စံရှားကြသည်။
နှစ်ယောက်လုံးက သူတို့၏ ဆောင်ဓားများကို လက်ထဲကိုင်ထားလိုက်ကြပြီး ရှောင်လုံ၏ အဆောင်ရှေ့တွင် ရပ်နေလိုက်ကြသည်။ သူတို့၏ ပုံစံက သူတို့အလောင်းကို ကျော်ဖြတ်နိုင်မှသာ ရှောင်လုံ၏ အခန်းသို့ ဝင်ခွင့်ရမည်ဟူသော မျက်နှာမျိုးနှင့် ဖြစ်သည်။
ရသေ့ကြီးလည်း လူငယ်နှစ်ယောက်၏ မျက်နှာထားကို ကြည့်ပြီး ခေါင်းအသာညိတ်မိသည်။ စိတ်ထဲကလည်း အသိမှတ်ပြုမိသည်။
‘ဦးလေးဖန်းလိုပဲ ဒီကလေးတွေကလည်း ရှောင်အိမ်နဲ့ ကံကြမ္မာတွေ ချိတ်ဆက်နေခဲ့ပြီ’
~~ဒီကလေးတွေ မဆိုးဘူး~~
သမားတော်ကြီးဟန်ကလည်း ကျန်းရှီနှင့် ဖန်းချင်းကို ကြည့်၍ ချီးမွမ်းသည်။
~~ဟုတ်တယ်။ တကယ်မဆိုးတဲ့ လူငယ်လေးတွေပါပဲ။ ကဲ…၊ ရောက်လာတဲ့လူကို ကျုပ်တို့ သွားတွေ့လိုက်ကြစို့~~
ရသေ့ကြီးနှင့် သမားတော်ကြီးဟန်လည်း ထိုနေရာမှ ခပ်သုတ်သုတ် ထွက်သွားကြသည်။
ကျန်းရှီနှင့် ဖန်းချင်းကတော့ ဆောင်ဓားကိုယ်စီနှင့် မားမားမတ်မတ် ရပ်နေခဲ့ကြသည်။ သူတို့၏ စိတ်ထဲတွင်လည်း ကျေနပ်နေကြသည်။ ကျိန့်အမတ်ကြီး၏ လက်အောက်၌ တံခါးစောင့် ဖြစ်ခဲ့ကြစဉ်ကထက် ယခုက ပို၍ စိတ်ကျေနပ်နေကြသည်။ အလုပ်သဘော တာဝန်နှင့် ဝတ္တရားသက်သက် မဟုတ်ဘဲ ချစ်ခင်လေးစားရသူများအတွက် ယခုလို တာဝန်ယူရသည်ကို သူတို့က ကျေနပ်နေကြခြင်း ဖြစ်သည်။
သမားတော်ခြံဝင်း၏ ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် သန့်ရပ်ကြည်လင်သော လူရွယ်တစ်ယောက် ရောက်နေခဲ့သည်။ သူ၏ အသက်က သုံးဆယ်ဝန်းကျင်သာ ရှိသေးသော်လည်း အထွတ်ထိပ်အဆင့်တစ်ယောက်၏ အတွင်းအားအရှိန်ဝါမျိုး ရှိနေသည်။ ထို့အပြင် ထိုလူရွယ်၏ အတွင်းအားအရှိန်ဝါက မြင်နေကျ တွေ့နေကျ သိုင်းအထွတ်ထိပ်များ၏ အတွင်းအားအရှိန်ဝါထက် ပို၍ သိမ်မွေ့ပြီး ပို၍လည်း သန့်စင်နေသည်။
ဝမ်ယောက်ရှီး…။
ဟုတ်သည်။ ထိုလူရွယ်မှာ အပြင်သိုင်းလောကသို့ တာဝန်နှင့် ရောက်လာခဲ့သော အတွင်းသိုင်းလောက ဆေးဘုရင်ဂိုဏ်းမှ သမားတော်လေး ဝမ်ယောက်ရှီး ဖြစ်သည်။
ဝမ်ယောက်ရှီးက သူ၏ ပထမတာဝန်ဖြစ်သော ရှေးဟောင်းနစ်မြုပ်ပြာသာဒ်သို့သွားကာ ဉာဏ်အလင်းပွင့်အဆင့်ဖြတ်ကျော်ဆေးလုံးကို လေ့လာခဲ့သည်။ ထို့နောက် ဒုတိယတာဝန်ဖြစ်သော ဟန်ကောင်းရှင်းကို အကဲခတ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုဟန်ကောင်းရှင်းက အဆက်သွယ်များမှတစ်ဆင့် ဂိုဏ်းသို့ ဝင်ခွင့်ရအောင် ကြိုးစားခဲ့သူဖြစ်၍ သူက သိပ်တော့ စိတ်မဝင်စားလှပါ။ သို့သော် ဂိုဏ်းက ချပေးလိုက်သော တာဝန်ဖြစ်နေ၍ ဟန်ကျိုးသို့ ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။ သူစိတ်ဝင်စားနေသည့် အရာကလည်း ရှိနေသောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ်ကြာပန်းနှင့် စိတ်ဝိညာဉ်ကြာစေ့။
ထိုအရာနှစ်ခုက သူ ဟန်ကျိုးသို့ ရောက်လာရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ ဉာဏ်အလင်းပွင့်အဆင့်ဖြတ်ကျော်ဆေးကို လေ့လာခဲ့ရသော်လည်း မြင်သာမြင်ရပြီး မကြင်ခဲ့ရပေ။ လေ့လာပြီးနောက် နစ်မြုပ်ရှေးဟောင်းပြာသာဒ်သို့ ပြန်ပေးခဲ့ရသည်။
ဤဟန်ကျိုးမှ စိတ်ဝိညာဉ်ကြာပန်းနှင့် စိတ်ဝိညာဉ်ကြာစေ့ကတော့ မတူပေ။ လေ့လာခွင့်လည်း ရမည့်အပြင် တာဝန်ကျေပွန်မှုအတွက် ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ကြာပန်း သို့မဟုတ် စိတ်ဝိညာဉ်ကြာစေ့ကို သူရပေလိမ့်မည်။
ဝမ်ယောက်ရှီး တွေးနေစဉ်မှာပင် ခြံဝင်းတံခါးပွင့်သွားပြီး ဟန်ကောင်းရှင်း ထွက်လာသည်။
ဝမ်ယောက်ရှီးက ပြောလိုက်သည်။
“ဒါက ဘယ်လို သမားတော်ခြံဝင်းလဲ။ တံခါးပိတ်ထားတာက လူနာတွေရဲ့ အသက်ထက် ငွေကို ပိုဂရုစိုက်တယ်ဆိုတဲ့ သဘောလား”
ရုတ်တရက်ဖြစ်၍ သမားတော်လေးဟန်ကောင်းရှင်းလည်း မည်သို့ပြောရမှန်းမသိ ဖြစ်သွားရသည်။
‘ဒီလူက ဟန်ကျိုးကို အခုမှ ရောက်လာတာထင်တယ်။ ဒီမှာ ဖြစ်ပျက်သွားတာတွေကို ဘာမှ မသိထားတဲ့ပုံပဲ’
ဟန်ကောင်းရှင်းက ထိုသို့ တွေးမိပြီ ရှင်းပြရန် ပြင်သည်။
“တံခါးပိတ်ထားရတာက ကိစ္စတချို့ ဖြစ်သွားခဲ့လို့ပါ။ ဒီက ဆရာလေး…”
“ကောင်လေး..၊ ငါ့ပုံစံက မင်းရှင်းပြတာတွေကို နားထောင်ဖို့ လာတဲ့လူနဲ့ တူနေလို့လား”
“ဒါက…”
ဟန်ကောင်းမှာ သူနှင့် အသက်မတိမ်းမယိမ်းသာ ရှိသော ထိုလူက သူ့ကို ကောင်လေးဟု အထက်စီးဆန်စွာ ပြောနေသဖြင့် အံ့ဩသွားရသည်။ ထိုမျှ အထက်စီးဆန်သော လူမျိုးကို မမြင်ဖူးသောကြောင့်ပင်။
ထိုစဉ်…
“ဟားဟား…၊ မြေးလေးက ဧည့်သည်တော်ကို အထဲမဖိတ်ခေါ်ဘဲ ခြံတံခါးဝမှာ စကားပြောနေတာကိုး။ မယဉ်ကျေးလိုက်တာ။ ကြွပါကြွပါ။ ဆရာလေး ကြွလာတာကို ကျုပ်တို့ရဲ့ ခြံဝင်းလေးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဆရာလေးအတွက် ပစ္စည်းတွေလည်း အားလုံးအဆင်သင့် ပြင်ဆင်ထားပါတယ်။ အထဲကိုကြွပြီး ကြည့်ပေးပါဦး”
စကားသံနှင့်အတူ သမားတော်ကြီး ဟန်ကောင်းရှင်းနှင့် ရသေ့ကြီးတို့ ရောက်လာကြသည်။
ထိုတော့မှ ဝမ်ယောက်ရှီး၏ မျက်နှာက အနည်းငယ် ပြေလျှော့သွားသည်။ သို့တိုင် ဟိတ်ဟန်က ကြီးတုန်းပင်။
“လမ်းပြ”
“ဒီဘက်ကို ကြွပါ ဆရာလေး”
သမားတော်ကြီးဟန်က ဖော်ရွေစွာ ပြုံးပြပြီး ရှေ့မှ ကိုယ်တိုင် လမ်းပြကာ ဖိတ်ခေါ်သည်။
ဝမ်ယောက်ရှီးက အင်္ကျီလက်ကို အသာဝှေ့ယမ်းကာ လက်နောက်ပစ်ပြီး လိုက်ပါသွားသည်။
ထိုအခြေနေကို ကြည့်ပြီး ရသေ့ကြီး၏ စိတ်ထဲ တွေးလိုက်မိသည်။
‘ဘယ်လောက်တောင် ဟိတ်ဟန်ကြီးတဲ့ လူငယ်လဲလို့။ အတွင်းသိုင်းလောကထဲက လူငယ်တွေက ဒီလိုပဲ ဟိတ်ဟန်ကြီးကြတာလား’
ရသေ့ကြီး တွေးလည်း တွေးချင်စရာပင်။ ရသေ့ကြီးတွေ့ခဲ့သော ခြင်္သေ့နှင့် လူရွယ်ရော၊ ဤလူရွယ်ရောက အလွန်အမင်း ဟိတ်ဟန်ကြီးကြသည်။ အတော်လေးတည်ငြိမ်ပါသည်ဆိုသော ဓားကျေးရွာမှ လူရွယ်လေးသည်ပင် သိမ်မွေ့တည်ငြိမ်သော ဟိတ်ဟန်တစ်ခု ရှိနေခဲ့သည်။
‘အိမ်း..၊ အတွင်းသိုင်းလောက။ လူလေးတို့ တစ်နေ့နေ့ ခြေချကြမှာဆိုတော့ သိနိုင်သမျှ လေ့လာထားတာက မမှားဘူး။ မဟုတ်ရင် တိမ်တွေပဲထူပြီး မိုးမရွာတဲ့ နေရာဖြစ်နေမှာ စိုးရိမ်ရတယ်’
ရသေ့ကြီးလည်း အတွေးများနှင့်အတူ နောက်က လိုက်သွားခဲ့သည်။
သမားတော်လေး ဟန်ကောင်းရှင်းကလည်း တည်ငြိမ်သော သူ့ဟန်ပန်အတိုင်း လိုက်ပါလာခဲ့သည်။
အခန်း(၃၁၃)ပြီး
***