သမားတော်ကြီးဟန်၏ သီးသန့်ခြံဝင်းလေးထဲတွင် သမားတော်ကြီးဟန်၊ ရသေ့ကြီးနှင့် ဟန်ကောင်းရှင်းတို့က တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့အားလုံးက ဟိတ်ဟန်ကြီးလှသော ဝမ်ယောက်ရှီး၏ မျက်နှာကိုသာ ကြည့်နေကြသည်။ မည်သူမျှ စကားမဆိုကြပေ။
ဝမ်ယောက်ရှီးက သမားတော်ကြီးဟန်တို့ကို အာရုံမစိုက်ဘဲ သူ့လက်ထဲက ကျောက်စိမ်းသေတ္တာထဲက ကြာပန်းကိုသာ အာရုံစိုက်၍ စစ်ဆေးနေခဲ့သည်။
စိတ်ဝိညာဉ်ကြာပန်း။ မျိုးစေ့ပွားပြီးနောက် ကြာပန်းက ညိုးခြောက်သွားခဲ့သည်။ ထို့ကြောင့် သမားတော်ကြီးဟန်က ခူးပြီး မပျက်စီးသွားအောင် ကျောက်စိမ်းသေတ္တာဖြင့် ထည့်သိမ်းထားခဲ့ခြင်း ဖြစ်သည်။
အသက်ဓာတ်ကင်းမဲ့နေသော ကြာပန်းခြောက်တစ်ပွင့်ထက် မပိုသော်လည်း ဝမ်ယောက်ရှီးက အလွန်စိတ်ဝင်စားနေခဲ့သည်။ သူ့မျက်လုံးများက စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှုတို့ကြောင့် အရောင်များပင် တောက်ပနေခဲ့သည်။
“ဒါက တကယ် စိတ်ဝိညာဉ်ကြာပန်း အစစ်ပဲ။ ဒါက မျိုးတုန်းသွားကုန်ပြီလို့ သတ်မှတ်ထားတဲ့ မျိုးစိတ်တစ်ခုလေ။ အံ့ဩစရာပဲ။ ဒါကို အပြင်မှာ တကယ်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါကို ရှေးဟောင်းဆေးကျမ်းတွေထဲမှာပဲ တွေ့ရတော့တာ”
ဝမ်ယောက်ရှီးက တတွတ်တွတ်ပြောနေခဲ့သည်။ သူ့အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ပင် တုန်ခါနေခဲ့သည်။
ဝမ်ယောက်ရှီး၏ စကားကြောင့် သမားတော်ကြီးဟန်နှင့် ရသေ့ကြီးတို့မှာလည်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူတို့၏ ကြာပန်းက ရှားပါးသော စိတ်ဝိညာဉ်ကြာပန်း ဖြစ်နေ၍ မဟုတ်ပေ။ ထိုစိတ်ဝိညာဉ်ကြာပန်းကို ရှေးဟောင်းဆေးကျမ်းများတွင်သာ တွေ့ရတော့သည်ဆိုသော စကားကြောင့် စိတ်လှုပ်သွားရခြင်း ဖြစ်သည်။
သမားတော်ကြီးဟန်မှာ ထိုကြာပန်းကို စိတ်ဝိညာဉ်ကြာပန်းဟု သ်ိရအောင် နှစ်ပေါင်းများစွာ အချိန်ပေး၍ စာဟောင်းပေဟောင်းများထဲ ရှာဖွေခဲ့ရသည်။ မတူကွဲပြားသော နာမည်အခေါ်ဝေါ် တချို့သိခဲ့ရုံကလွဲ၍ မည်သည့်ရှေးဟောင်းဆေးကျမ်းမျိုးကိုမှ မတွေ့ခဲ့ရပေ။ ထိုဝမ်ယောက်ရှီးကတော့ တစ်ခုထက်မကသော ရှေးဟောင်းဆေးကျမ်းများကို ထိတွေ့ဖူးပြီး စိတ်ဝိညာဉ်ကြာပန်းလို မျိုးတုန်းပျောက်ကွယ်သွားသည့် မျိုးစိတ်ကိုပင် ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
အဓိပ္ပါယ်က ဝမ်ယောက်ရှီး လေ့လာသင်ယူနေသော ဆေးပညာရပ်ဝန်းက မည်မျှအထိ နက်ရှိုင်းသည်ကို ဖေါ်ပြနေခြင်းပင် ဖြစ်သည်။
ဆေးဘုရင်ဂိုဏ်း။ သို့မဟုတ် ဆေးဘုရင်လမ်းကြောင်း။ ၎င်းကား မည်မျှအထိ နက်ရှိုင်း၍ မည်မျှအထိ မတ်စောက်ပါသနည်း။
ဝမ်ယောက်ရှီးက ကျောက်စိမ်းသေတ္တာကို ညင်သာစွာ ပြန်ပိတ်ပြီး စားပွဲပေါ် အသာပြန်ချထားလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပုလင်းကို ယူကြည့်သည်။ နူးညံ့သန့်ရှင်းသော ပိုးပဝါလေးတစ်ထည်ကို လက်ဖဝါးပေါ် အရင်ဖြန့်ခင်းပြီးမှ ကျောက်စိမ်းပုလင်းထဲက စိတ်ဝိညာဉ်ကြာစေ့ကို ပဝါပေါ်သို့ လောင်းချသည်။ လက်ဗလာဖြင့်ပင် မထိမကိုင်ခဲ့ပေ။ သူက အလွန်ဂရုစိုက်နေခဲ့သည်။ စိတ်ဝိညာဉ်ကြာစေ့ဖြစ်၍ စိုက်ပျိုးနည်းကို သိလျှင် ပြန်လည်စိုက်ပျိုးနိုင်မည် မဟုတ်ပါလား။
သို့မဟုတ် ဆေးလုံးဖန်တီးနိုင်သော အသုံးဝင်မှုအရပင်လျှင် စိတ်ဝိညာဉ်ကြာစေ့က ရှာမှရှားသော ဆေးအမယ်တစ်ခု ဖြစ်နေသည်လေ။ ထိခိုက်ပျက်စီးသွားစေ၍ မရပါ။
ဆေးဘုရင်ဂိုဏ်း၏ ဆေးခန်းမလို နေရာတွင်ပင် စိတ်ဝိညာဉ်ကြာစေ့ကို သိမ်းဆည်းထားနိုင်ခြင်း မရှိပေ။ တချို့ဆေးဘုရင်အိုကြီးများ၏ ဆေးဘဏ်တိုက်ထဲတွင်တော့ ရှိကောင်းရှိနိုင်သည်။
“တကယ်ကို အသက်ဓာတ်တွေ ပြည့်နေတာပဲ။ ဒါက မျိုးပွားထားတာ မကြာသေးတဲ့ မျိုးစေ့ပဲ။ နှစ်ပေါင်းရာချီ သိမ်းထားတဲ့ မျိုးစေ့ မဟုတ်ဘူး။ လတ်ဆတ်နေလိုက်တာ”
ဝမ်ယောက်ရှီး၏ လက်များ မသိမသာ တုန်နေသည်။
မျိုးပွားထားသည်မှာ မကြာသေးသော မျိုးစေ့။
၎င်းမှာ မည်သည့်အဓိပ္ပါယ်နည်း။ ထိုစိတ်ဝိညာဉ်ကြာစေ့မှာ မကြာသေးခင်ကမှ မျိုးစေ့ပွားထားသည်ဟူသော အဓိပ္ပါယ်ပင်။
ဝမ်ယောက်ရှီး ထင်ထားသည်က စိတ်ဝိညာဉ်ကြာပန်းနှင့် စိတ်ဝိညာဉ်ကြာစေ့ကို ရှေးဟောင်းနယ်မြေတစ်ခုမှ ရှာဖွေတွေ့ရှိထားသည်ဟုသာ ထင်ထားခဲ့သည်လေ။ ယခုတော့ ထိုသို့ မဟုတ်နေပါ။
ဝမ်ယောက်ရှီးက ကျောက်စိမ်းသေတ္တာကို ပြန်ယူကြည့်ပြန်သည်။
“ဟုတ်သားပဲ။ ဟုတ်သားပဲ။ ဒီစိတ်ဝိညာဉ်ကြာပန်းမျိုးစိတ်က မျိုးစေ့ပွားပြီးရင် ခြောက်သွေးညိုးနွမ်းပြီး ပျက်စီးသွားတယ်လို့ ဖော်ပြထားတာပဲ။ ခူးပြီး ကျောက်စိမ်းသေတ္တာထဲ ထည့်မထားရင် ပျက်စီးသွားတယ်လို့ ဖော်ပြထားတာပဲ။ ဒီကြာပန်းကလည်း နှစ်ရာချီသိမ်းထားတဲ့ ကြာပန်းမဟုတ်နေဘူး။ မျိုးပွားထားတာ မကြာသေးတဲ့ ကြာပန်းပဲ”
ဝမ်ယောက်ရှီးက သမားတော်ကြီးဟန်ကို ကြည့်လာသည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားလွန်းမှုကြောင့် လှုပ်ခါနေသည်။ လေးစားမှုများနှင့်လည်း ပြည့်နေသည်။
“သမားတော်ကြီး…”
သမားတော်ကြီးလော။ ခုနက သူ့လက်အောက်ငယ်သားလို ပြောဆိုပြီး လူကိုပင် သေချာမကြည့်ခဲ့သည် မဟုတ်လော။ အခုတော့ သမားတော်ကြီးဟု တလေးတစား ခေါ်နေသည်။
“သမားတော်ကြီး…၊ ဒီကြာပန်းကို ဘယ်ရှေးဟောင်းနယ်မြေက ရှာတွေ့တာလဲဆိုတာ ပြောပြလို့ရလား”
စိတ်ဝိညာဉ်ကြာပန်း ပေါက်နေသော ရှေးဟောင်းနယ်မြေက လုံးဝသာမန်နေရာ မဟုတ်နိုင်ပေ။ သေချာပေါက် တခြားစိတ်ဝိညာဉ်ဆေးပင်တွေလည်း ရှိနေနိုင်သည်။ ထိုကဲ့သို့သော နေရာမျိုးကို ရှာတွေ့နိုင်စွမ်းရှိသူက အမှန်ပင် လေးစားလောက်ပေသည်။ ထို့ကြောင့် ဝမ်ယောက်ရှီးက သမားတော်ကြီးဟန်ကို အလွန်လေးစားသွားခဲ့ရသည်။ အကယ်၍ ထိုရှေးဟောင်းနယ်မြေသတင်းကိုသာ သူသိရလျှင် ဂိုဏ်းကို ပြန်တင်ပြနိုင်လျှင် နောက်ထပ်ဆုလာဘ်တွေလည်း ထပ်ရဦးမည်မှာ သေချာသည်။
ရှေးဟောင်းနယ်မြေ ရှာဖွေရေးခရီးစဉ်။
ဝမ်ယောက်ရှီးမှာ တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သမားတော်ကြီးဟန်မှာတော့ မည်သို့ပြောရမှန်းမသိ ဖြစ်နေ၏။ စိတ်ဝိညာဉ်ကြာပန်းကို သူက ရှာတွေ့ထားခဲ့သည်မှ မဟုတ်ဘဲလေ။ သူကိုယ်တိုင် စိုက်ထားသည်လေ။
“အဲဒါက တော်တော်လေး ပျက်စီးပျောက်ကွယ်နေတဲ့ ရှေးဟောင်းနယ်မြေတစ်ခုပါ။ ကျုပ် ကံကောင်းလို့ စိတ်ဝိညာဉ်ကြာစေ့လေးတစ်စေ့ ရခဲ့တာပါ”
ဝမ်ယောက်ရှီးက မျက်ခုံးတွန့်သွားသည်။
“စိတ်ဝိညာဉ်ကြာပန်းကို ရှာတွေ့ခဲ့တာ မဟုတ်ဘူးလား”
“မဟုတ်ပါဘူး။ စိတ်ဝိညာဉ်ကြာစေ့ကို ရှာတွေ့ခဲ့တာပါ။ အဲဒါကလည်း ကြာခဲ့ပါပြီ။ နှစ်ပေါင်းနှစ်ဆယ်လောက်တောင် ရှိတော့မယ်”
ဝမ်ယောက်ရှီး၏ မျက်လုံးများ ကလည်ကလည် ဖြစ်သွားသည်။ ထို့နောက် တဖျတ်နှင့် တောက်ပလာသည်မှာ မီးရှူးမီးပန်းများ ထွက်လာတော့မလားဟုပင် ထင်ရသည်။
“ဒါ…ဒါဆို…၊ မဟုတ်မှလွဲရော…၊ ဒီစိတ်ဝိညာဉ်ကြာပန်းက…”
ကျောက်စိမ်းသေတ္တာကို ကိုင်ထားသော ဝမ်ယောက်ရှီး၏ လက်က တုန်လာသည်။ သမားတော်ကြီးဟန်ကို မမြင်ဖူးသလို အံ့ဩစွာ ကြည့်နေခဲ့သည်။
“ဒီစိတ်ဝိညာဉ်ကြာပန်းကလား။ ကျုပ်ရလာခဲ့တဲ့ စိတ်ဝိညာဉ်ကြာစေ့ကို စိုက်ထားခဲ့ တာ ဒီကြာပန်းလေး ပွင့်လာတယ်လေ”
သမားတော်ကြီးဟန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ဒီကြာပန်းလေး ပွင့်လာတယ်တဲ့လား။
သမားတော်ကြီးဟန် ပြောနေသည့် ပုံစံက ဟင်းသီးဟင်းရွက် မျိုးစေ့ကို သွားရင်းလာရင်း ကြဲထားလိုက်ရာက သီးလာပွင့်လာသည်ဟု ပြောနေသလိုပင်။ ဂေါ်ဖီထုပ်စိုက်ရသည်ထက်ပင် လွယ်နေသယောင် ပြောနေခဲ့သည်။ အလွန်သာမန်ဆန်ပြီး အလွန်ပေါ့ပါးသော ပုံစံမျိုး ဖြစ်နေသည်။
ရသေ့ကြီးက သူ့မိတ်ဆွေကြီးကို ကြည့်ပြီး အသာပြုံးလိုက်မိသည်။ အလွန်ရိုးရှင်းသော သူ့မိတ်ဆွေကြီးက ထိုဟိတ်ဟန်ကြီးသော လူရွယ်လေးကို အခွင့်ရေးရတုန်း မည်သို့ သွန်သင်ရမည်ကို ကောင်းစွာ သိနေသည် မဟုတ်ပါလား။
ဝမ်ယောက်ရှီးက သမားတော်ကြီးဟန်ကို အလွန်လေးစားစွာ ကြည့်နေခဲ့သည်။
“ဆရာကြီး…”
သမားတော်ကြီးပင် မဟုတ်တော့။ ဆရာကြီး ဖြစ်သွားလေပြီ။
မဖြစ်ဘဲ ခံနိုင်ရိုးလား။ ဤသို့သော စိတ်ဝိညာဉ်ကြာစေ့ကို ရှင်သန်အောင် စိုက်ပျိုးနိုင်သူက ဆေးဘုရင်ဂိုဏ်းတွင်ပင် မရှိပေ။ စိတ်ဝိညာဉ်ကြာစေ့ကို ရဖူးထားသော ဆေးဘုရင်အိုကြီးများက သူတို့၏ ကြာစေ့ကို ရှားပါးအဖိုးတန်ဆေးအမယ်တစ်ခုအနေဖြင့်သာ ကျစ်အောင်ဆုပ်၍ သိမ်းထားကြသည်။ မည်သူမှ စမ်းသပ်စိုက်ပျိုးခြင်း မရှိပေ။ စမ်းသပ်စိုက်ပျိုးလိုက်၍ ပျက်စီးသွားမည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ်ကြာစေ့တစ်စေ့ ပြန်ရဖို့က မဖြစ်နိုင်လောက်အောင် ခက်ခဲသောကြောင့်လည်း ဖြစ်သည်။
ထိုဆေးဘုရင်အိုကြီးများ၏ အတွေးကလည်း မမှားပေ။ သူတို့က စိတ်ဝိညာဉ်ကြာစေ့၏ ဆေးဖက်ဝင်အကျိုးအာနိသင်ကို သိထားကြပြီး ဆေးလုံးဖန်တီးနိုင်သည့်နည်းလမ်းကိုလည်း သိထားကြသူများဖြစ်၍ စိတ်ဝိညာဉ်ကြာစေ့က သူတို့လက်ထဲတွင် သေချာရေရာသော အဖိုးတန်ရတနာတစ်ခု ဖြစ်ပြီးနေခဲ့ပြီ ဖြစ်သည်။
သမားတော်ကြီးဟန်အတွက်ကား ထိုသို့မဟုတ်ပေ။ စိတ်ဝိညာဉ်ကြာစေ့ကို ရထားသော်လည်း တန်ဖိုးရှိအောင် မသုံးတတ်ခဲ့ပေ။ စိတ်ဝိညာဉ်ကြာစေ့ဖြင့်လည်း ဆေးလုံးမဖန်တီးတတ်ပေ။ ထို့ကြောင့် လက်ထဲကိုင်ထားရုံသာ တတ်နိုင်သည်။ ထို့ကြောင့် သူလုပ်နိုင်သည်က စမ်းသပ်စိုက်ပျိုးရန်သာ ရှိတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့ဘဝ၏ အချိန်များစွာကို ရင်းနှီးမြှုပ်နှံခဲ့ရကျိုးနပ်ခဲ့သည်ဟု ပြောရပေမည်။ ကြာစေ့က အပင်ပေါက်ပြီး စိတ်ဝိညာဉ်ကြာပန်း ပွင့်လာခဲ့သည်။ စိတ်ဝိညာဉ်ကြာပန်းခြောက်တစ်ပွင့်နှင့် စိတ်ဝိညာဉ်ကြာစေ့ သုံးစေ့ ထပ်ရလိုက်သည်။ ကြီးမားသော အကျိုးမြတ်ပင် ဖြစ်သည်။
စိတ်ဝိညာဉ်ကြာစေ့ကို သမားတော်ကြီးဟန်နှင့် ရသေ့ကြီးတို့ တစ်စေ့စီ စားလိုက်သည်ကို ဝမ်ယောက်ရှီးသာ သိခဲ့လျှင် ယခုကဲ့ လေးစားနိုင်ဦးမည် မထင်ပေ။ အကြီးမားဆုံး ဖြုန်းတီးသူများဟုပင် မြင်သွားပေလိမ့်မည်။
ဝမ်ယောက်ရှီးက သမားတော်ကြီးဟန်ကို ထပ်ခေါ်ပြီး တစ်ခုခု ပြောချင်သော မျက်လုံးမျိုးဖြင့် ကြည့်နေခဲ့သည်။ သို့သော် သူက မပြောဝံ့ဘဲ စိုးရွံ့နေခဲ့သည်။ ခုနက သမားတော်ကြီးဟန်ကို ‘လမ်းပြ’ဟု ဟိတ်ဟန်အပြည့်ဖြင့် ပြောခဲ့သူမှာ သူ မဟုတ်တော့သကဲ့သို့ပင်။
သမားတော်ကြီးဟန်က ထိုလူရွယ်လေး ပြောချင်နေသော စကားကို သိပါ၏။
“အိမ်း…၊ စိတ်ဝိညာဉ်ကြာပန်း စိုက်ပျိုးတာက ရိုးရှင်းပါတယ်”
ရိုးရှင်းပါတယ်တဲ့လား။ အမှန်တကယ်သာ ရိုးရှင်းနေလျှင် ဘယ်ဆေးဘုရင်က မစိုက်ပျိုးဘဲ နေပါမည်နည်း။ မရိုးရှင်း၍သာ မည်သည့်ဆေးဘုရင်ကမှ မစိုက်ရဲကြခြင်း ဖြစ်သည်။ မည်သူက မစိုက်ပျိုးချင်ဘဲ ရှိမည်နည်း။ စိုက်ပျိုးချင်သည်နှင့် စိုက်ပျိုးခြင်းကြားတွင် ကြီးမားသော စမ်းသပ်လေ့လာမှုများ ရှိနေ၍ မည်သည့်ဆေးဘုရင်မှ စမ်းမစိုက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ ကြာစေ့လေး ပျက်စီးသွားမှာကို စိုးရိမ်ကြသည်။
“ဒီဆရာလေးက စိတ်ဝိညာဉ်ကြာပန်းစိုက်နည်းကို သိချင်နေတာလား”
ဝမ်ယောက်ရှီးက ထိုင်နေရာမှာ ကပျာကယာထ၍ သမားတော်ကြီးဟန်ကို လေးစားသမှုဖြင့် နှုတ်ခွန်းဆက်စကား ပြောသည်။
“ကျွန်တော် ဝမ်ယောက်ရှီးပါ ဆရာကြီး…။ ဆေးဘုရင်ဂိုဏ်းက အကြီးတန်းသမားတော်လေးတစ်ယောက်ပါ”
ဤဝမ်ယောက်ရှီးကား ဟိတ်ဟန်ကြီးသည်မှာ မှန်သော်လည်း လေးစားသင့်သူကို လေးစားရကောင်းမှန်းတော့ သိသည်သာ။
“ထိုင်ပြီး ပြောပါ သမားတော်လေး…”
သမားတော်ကြီးဝမ်က တည်ငြိမ်စွာပြုံး၍ ဝမ်ယောက်ရှီးကို ထိုင်ခိုင်းသည်။
ဝမ်ယောက်ရှီးလည်း မူလနေရာတွင် ပြန်ထိုင်သည်။ ခုနကလိုတော့ ဟိတ်နှင့်ဟန်နှင့် မဟုတ်ပေ။ လေးစားသမှုဖြင့် ရိုကျိုးစွာ ထိုင်ခဲ့သည်။
“ဒီအဘိုးကြီးလည်း အချိန်တွေ ပိုနေတာနဲ့ အဲဒီ ကြာစေ့ကို နှစ်ပေါင်းနှစ်ဆယ်လောက် အချိန်ပေးခဲ့မိတယ်။ ကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ ကြာစေ့လေးက အပင်ပေါက်လာခဲ့တယ်”
နှစ်ပေါင်းနှစ်ဆယ် အချိန်ပေးခဲ့သည်တဲ့လား။
ဝမ်ယောက်ရှီးမှာ လေးစားလို့ မဆုံးအောင် ရှိတော့သည်။
“သမားတော်လေးက စိတ်ဝိညာဉ်ကြာစေ့ စိုက်ပျိုးနည်းကို စိတ်ဝင်စားနေတာဆိုတော့ ဒီအဘိုးကြီး မှတ်စုလေးတွေ ရေးထားတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါက မှတ်စုတိုလေးတွေ ဟိုတစ်စဒီတစ်စ ရေးထားတာဆိုတော့ သမားတော်လေး ဖတ်လို့ သဘောမပေါက်မှာ စိုးရိမ်မိတယ်။ ဒီမှာပါ…”
သမားတော်ကြီးဟန်က သူပြင်ဆင်ထားသော မှတ်စုစာအုပ်ကို သမားတော်လေး ဝမ်ယောက်ရှီးအား ပေးသည်။
ဝမ်ယောက်ရှီးမှာ အလွန်ယူကြည့်ချင်သော်လည်း မယူရဲပါ။ ၎င်းမှတ်စုမှာ သမားတော်ကြီးဟန်၏ နှစ်ပေါင်းနှစ်ဆယ်လောက် ကြိုးစားအားထုတ်လာသော အရေးကြီး အချက်အလက်များ မဟုတ်ပါလား။ သူ့အနေဖြင့် သည်အတိုင်း ယူမကြည့်နိုင်ပေ။ တန်ဖိုးကြီးလွန်းနေသည်။
“အားမနာပါနဲ့ သမားတော်လေး။ ဒါက သမားတော်လေးအတွက် ဒီအဘိုးကြီး ကြိုပြီး ပြင်ဆင်ထားတာပါ။ စိတ်ရှင်းရှင်းနဲ့ ယူကြည့်ပါ”
“ကျွန်တော့်အတွက် ပြင်ဆင်ထားတာလား…”
“ဟားဟား…၊ သေချာတာပေါ့။ ဒီကြာပန်းကို ဒီအဘိုးကြီး စိုက်ထားတယ်ဆိုတာ သိရင် သမားတော်လေးက စိုက်နည်းကို သိချင်မှာပဲလေ။ ဟုတ်တယ်မလား။ ဒီအဘိုးကြီးဆိုရင်လည်း သေချာပေါက် သိချင်မှာပဲ။ မသိရရင် အိပ်လို့ပျော်မှာ မဟုတ်ဘူး”
သမားတော်ကြီးဟန်က ရယ်ရယ်မောမော ပြောလာသောအခါ ဝမ်ယောက်ရှီးလည်း စိတ်ရှင်းသွားသည်။
“ဒါဆိုရင် ကျွန်တော် အားမနာတော့ဘူး”
“ဟားဟား…၊ အားမနာပါနဲ့ အားမနာပါနဲ့”
သမားတော်ကြီးဟန်က မှတ်စုစာအုပ်ကို ပေးလိုက်သည်။
ဝမ်ယောက်ရှီးလည်း မှတ်စုစာအုပ်ကို ယူပြီး ချက်ချင်းလေ့လာတော့သည်။
“ဒါက…”
သမားတော်ကြီးက မှတ်စုအတိုအထွာများဟုသာ ဆိုသော်လည်း မှတ်သားထားသည်များ အလွန်အသေးစိတ်ကျသည်။ ကြာစေ့လေးမှ စ၍ အစို့အညောင့် စထွက်ခြင်း၊ အပင်ပေါက်ခြင်း၊ အမြစ်တွယ်ခြင်း၊ အရွက်ထွက်ခြင်း၊ ပန်းပွင့်ခြင်း စသည့်အဆင့်လိုက် အဆင့်လိုက် ပုံများနှင့်တကွ အမှတ်သား လုပ်ထားသည်။ ကြာပင်လေး၏ အပြောင်းအလဲ လက္ခဏာများနှင့် အခြေနေအလိုက် စမ်းသပ်ပြုစုခဲ့သည့် နည်းလမ်းများစွာကိုလည်း ရေးမှတ်ထားသည်။
ရတနာ။ ဤမှတ်စုသည်လည်း ရတနာပင်။ မှတ်စုထဲက များစွာသော စမ်းသပ်ပျိုးထောင်နည်းများ ပါဝင်နေသည့်အတွက် မည်သည့်နည်းက ကောင်းသည်မှန်သည်ဟု ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲသော်လည်း အချိန်တစ်ခုယူ၍ လေ့လာလိုက်လျှင် အဖြေကောင်းတစ်ခုကို ရှာထုတ်နိုင်မည် ဖြစ်သည်။ မှတ်စုတစ်အုပ်လုံးကို ရှင်းလင်းစွာ နားမလည်လိုက်သော်လည်း အကြမ်းဖျင်းမျှတော့ နားလည်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး…၊ ဒီမှတ်စုက စိတ်ဝိညာဉ်ကြာစေ့ကို စိုက်ပျိုးနည်းဆိုပေမဲ့ တခြားအဖိုးတန် ဆေးပင်တွေ စိုက်ပျိုးဖို့အတွက်လည်း အများကြီး အထောက်ကူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဆေးပညာလောကနဲ့ ဆေးဥယျာဉ်လောကအတွက် အဖိုးတန်တဲ့ မှတ်စုတစ်ခုလို့ ပြောနိုင်ပါတယ်။ ဆရာကြီးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဉာဏ်ပညာကို ကျွန်တော်ဝမ်ယောက်ရှီး လေးစားပါတယ်”
ဝမ်ယောက်ရှီးက တကယ်ကို လေးလေးစားစားနှင့် ပြောဆိုနေခဲ့သည်။
သမားတော်ကြီးဟန်က အသာပြုံးရင်း သူ့မိတ်ဆွေကြီးကို ‘ဘယ်လိုမြင်လဲ’ဟူသော မေးခွန်းထုတ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ရသေ့ကြီးကလည်း ပြုံး၍ အသာခေါင်းညိတ်ပြသည်။ လက်ခံစရာရှိသည်။ လူရွယ်တစ်ယောက်ဖြစ်သည့်အပြင် အရည်ချင်းလည်း ရှိသူဖြစ်၍ ဟိတ်ဟန်ကြီးသည်က သာမန်ပင်။ အပြစ်တစ်ခု မဟုတ်ပေ။ အသားလွတ် စိတ်ကြီးဝင်နေခြင်း မဟုတ်ပေ။ လေးစားသင့်သူကို လေးစားရကောင်းမှန်းသိပြီး တစ်ခြားလူ၏ ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ပညာကို လေးစားတန်ဖိုးထားရကောင်းမှန်း သိနေသည်။ သို့ဖြစ်၍ အသိမှတ်ပြုရန် ထိုက်တန်ပေသည်။ ထိုသို့သော လူရွယ်မျိုး ရှိနေသော နေရာကလည်း သိပ်ဆိုးရွားနေမည်တော့ မဟုတ်ပေ။ ထို့ကြောင့် ရသေ့ကြီးက ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်သည်။ လူလေးဟန်ကောင်းရှင်းအတွက် သွားသင့်သော နေရာကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
သမားတော်ကြီးဟန်လည်း သူ့မိတ်ဆွေကြီး၏ အသိမှတ်ပြုမှုကို ရလိုက်သည့်အတွက် ကျေနပ်သွားရသည်။
သမားတော်ကြီးဟန်က
“ဒီမှတ်စုထဲ တချို့အချက်လေးတွေက နည်းနည်းတော့ ရှုပ်ထွေးနေတယ်။ အရေးကြီးတဲ့ တချို့အချက်လေးတွေကိုလည်း မမှတ်ထားမိတာတွေ ရှိတယ်။ ဒါပေမဲ့ သမားတော်လေး မရှင်းတာရှိရင် ကျုပ်မြေးလေးကို မေးလိုက်လို့ ရပါတယ်။ ဒီအဘိုးကြီး စိတ်ဝိညာဉ်ကြာပန်းကို စိုက်တဲ့ အချိန်တစ်လျှောက်လုံးမှာ လူလေးကလည်း အနားမှာ အမြဲရှိနေတယ်လေ”
သမားတော်ကြီးက ပြုံးပြုံးလေးနှင့် ပြောရင်း ဟန်ကောင်းရှင်းကို လှမ်းကြည့်လိုက်သည်။
သမားတော်ကြီးဟန်၏ မြေးလေးလား။
ဝမ်ယောက်ရှီး၏ အကြည့်ကလည်း ဟန်ကောင်းရှင်းထံသို့ ရောက်သွားသည်။
“ဒီညီလေးက…”
‘ညီလေးလား။ ကောင်လေးမဟုတ်တော့ဘူးလား’
ဟန်ကောင်းရှင်းလည်း တစ်ချက်တွေးလိုက်ပြီး ကျိတ်၍ သက်ပြင်းချလိုက်ရသည်။
“ကျွန်တော် ဟန်ကောင်းရှင်းပါ ဆရာလေး”
ဝမ်ယောက်ရှီး လက်ကာ၍ ခေါင်းခါသည်။
“ဆရာလေးတွေ ဘာတွေ မခေါ်နေနဲ့တော့လေ။ ဒီညီလေးရဲ့ အရည်ချင်းနဲ့ဆိုရင် ဂိုဏ်းကို ဝင်ဖို့က ဘာမှ ခက်ခဲနေမှာ မဟုတ်ဘူး။ ဂိုဏ်းတူအစ်ကိုလို့သာခေါ်ပါ။ ဟားဟား…”
ဟန်ကောင်းရှင်းက ရုတ်တရက်ကြီး ခေါ်ရမည်ဖြစ်၍ အနည်းငယ် နှုတ်လေးသွားရသည်။
သမားတော်ကြီးဟန်ကတော့ ကျေနပ်စွာ ပြုံးနေခဲ့သည်။
ဝမ်ယောက်ရှီးက ထပ်ပြောသည်။
“ညီလေးဟန်က အစ်ကို လျှောက်ပြောနေတယ်လို့ ထင်တာလား။ ညီလေးဟန်ဆီက ရတဲ့ ဆေးနံ့တွေကို အကဲဖြတ်ရုံနဲ့ ညီလေးဟန်ရဲ့ ဆေးပညာအဆင့်အတန်းကို အစ်ကိုက ခန့်မှန်းလို့ ရပါတယ်။ ဂိုဏ်းက တပည့်ခေါ်တယ်ဆိုတာ စာတွေ့ လက်တွေ့ စစ်ဆေးမှုအဆင့်တွေ ရှိတယ်ဆိုပေမဲ့ အဲဒါမတိုင်ခင် အစ်ကိုတို့လို တပည့်သစ်ခေါ်တဲ့ တာဝန်ခံတပည့်ကြီးတွေရဲ့ မျက်လုံးထဲ အရင်ဝင်ဖို့ လိုသေးတယ်။ အစ်ကိုတို့ မျက်လုံးထဲတောင် မဝင်ရင် အဲဒီ စစ်ဆေးတဲ့အဆင့်တွေကို ဝင်ဖြေရင်လည်း ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစ်ကိုပြောနေတာက လျှောက်ပြောနေတာ တစ်ခွန်းမှ မပါဘူး ညီလေး”
“ဒါဆို စစ်ဆေးမှုတွေက ဘာတွေများလဲ ဂိုဏ်းတူအစ်ကို…”
ဟန်ကောင်းရှင်းလည်း ဂိုဏ်းတူအစ်ကိုဟုပင် ခေါ်လိုက်တော့သည်။
သမားတော်ကြီးဟန်နှင့် ရသေ့ကြီးတို့က ပြုံး၍သာ ကြည့်နေလိုက်ကြသည်။ လူလေးဟန်ကောင်းရှင်းကား ထိုလမ်းကြောင်းပေါ်သို့ ခြေလှမ်းလိုက်လေပြီ။ မည်မျှ ဝေးဝေးအထိ လျှောက်နိုင်မည်ကိုကား ဟန်ကောင်းရှင်း၏ ကြိုးစားအားထုတ်မှုနှင့် အရည်ချင်းများတွင်သာ မူတည်ပေတော့မည်။ သူတို့လို အဘိုးကြီးများကတော့ နောက်က ပံ့ပိုးကူညီပေးရင်း တဖြည်းဖြည်း ဝေးသွားသော လူငယ်တို့၏ ကျောပြင်ကို ကြည့်ရင်းသာ ကျေနပ်ဝမ်းသာနေရပေတော့မည်။ ဝေးဝေးသွားနိုင်လေ ပို၍ ဝမ်းသာလေပင်။ ဆက်မလျှောက်နိုင်တော့၍ နောက်လှည့်ကာ ပြန်လာခဲ့လျှင်လည်း ထိုလူအိုကြီးများက နွေးထွေးစွာ ကြိုဆိုနေကြမည်သာ။
အဝေးဆုံးထိ သွားနိုင်သည်ကား ကောင်း၏။ အမြင့်ဆုံးထိ တက်နိုင်သည်ကလည်း ကောင်း၏။ အိမ်ပြန်လာနိုင်သည်ကလည်း ကောင်းသည့်ကိစ္စပင် မဟုတ်ပါလား။
ဝမ်ယောက်ရှီးက စစ်ဆေးမှုပုံစံကို ပြောပြသည်။
“စစ်ဆေးတဲ့ ပုံစံက ပထမအဆင့်အနေနဲ့ ဆေးပညာအခြေခံဗဟုသုတတွေကို နှုတ်ဖြေနဲ့ ရေးဖြေဆိုပြီး နှစ်ပိုင်းခွဲစစ်ဆေးလိမ့်မယ်။ လုံလောက်တဲ့ အခြေခံတွေ ပါလာတဲ့ တပည့်မျိုးကိုပဲ ဂိုဏ်းက လက်ခံပေးတယ်။ ဂိုဏ်းက အခြေခံတွေကို သင်မပေးနေတော့ဘူး။ အဲဒီ ပထမအဆင့်မှာ ဆေးပညာအခြေခံကို စစ်ဆေးတဲ့အခါ ဒီအပြင်ဆေးလောကမှာလိုတော့ မရိုးရှင်းဘူးပေါ့။ ဆေးပင်နာမည်တွေ၊ ဆေးနာမည်တွေ၊ ရောဂါနာမည်တွေကို ဘယ်လောက်သိလဲဆိုတာလောက်ကိုပဲ မေးနေမှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက် ဆေးနာမည်တွေ၊ ထူးခြားချက်တွေ၊ မှားတတ်တဲ့ အချက်တွေကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးလိမ့်မယ်”
“ဟုတ်ကဲ့ ဂိုဏ်းတူအစ်ကို…”
သမားတော်ကြီးဟန်နှင့် ရသေ့ကြီးကလည်း နားထောင်ကာ ခေါင်းတညိတ်ညိတ်နှင့် မှတ်သားနေကြသည်။ သဘောလည်း ကျနေကြသည်။ ဆေးဘုရင်ဂိုဏ်း၏ တပည့်ဖြစ်ဖို့က တကယ်ပင် မလွယ်ကူပုံရသည်။
ဝမ်ယောက်ရှီးက ဆက်ပြောသည်။
“ပထမအဆက်ကို ဖြတ်ကျော်နိုင်ရင်တော့ ဒုတိယအဆင့်စစ်ဆေးမှုကို ဆက်ဖြေရတယ်။ အဲဒီ ဒုတိယအဆင့်က ပထမအဆင့်ကို အောင်မြင်ခဲ့တဲ့အတွက် ဆုလာဘ်ဆိုလည်း ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ဆေးဘုရင်ဂိုဏ်းရဲ့ အပြင်ကျမ်းစာတိုက်ထဲ ဝင်ခွင့်ရမှာ ဖြစ်လို့ပါပဲ။ အပြင်ကျမ်းစာတိုက်ဆိုလို့ အထင်တော့ သေးလို့ မရဘူးနော်။ ဒီအပြင်ဆေးလောကမှာ ရှာမတွေ့နိုင်တဲ့ ဆေးကျမ်းတွေ ကုထုံးတွေ အများကြီး ရှိနေလို့ပဲ”
ဝမ်ယောက်ရှီးက ပြောရင်း ဟန်ကောင်းရှင်းကို အကဲခတ်သည်။
တည်ငြိမ်ပါသည်ဆိုသော ဟန်ကောင်းရှင်းမှာ ဆေးဘုရင်ဂိုဏ်း၏ အပြင်ကျမ်းစာတိုက်အကြောင်းကို စိတ်ဝင်စားနေတော့သည်။
“အပြင်ကျမ်းစာတိုက်ထဲဝင်ပြီး ကိုယ်သဘောကျတဲ့ ဆေးကျမ်း၊ ကုထုံးကျမ်း၊ ရောဂါလက္ခဏာကျမ်း စတဲ့ ဘယ်ကျမ်းမဆို တစ်ခုရွေးပြီး တစ်လလေ့လာလို့ရတယ်။ ပြီးရင် ကိုယ်လေ့လာထားတဲ့ ဆေးကျမ်းကို ဘယ်လောက်မှတ်မိလဲ၊ ဘယ်လောက် နားလည်လဲဆိုတာကို ပြန်စစ်ဆေးလိမ့်မယ်။ ဒီစစ်ဆေးမှုက ဆေးဘုရင်ဂိုဏ်းဝင်ဖြစ်လာမယ့် တပည့်တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အရည်ချင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို စစ်ဆေးတာဆိုလည်း ဟုတ်တယ်။ ဒီဒုတိယအဆင့် ဖြေဆိုမှုမှတ်တမ်းက ရှေ့လျှောက် ဆေးပညာလေ့လာသင်ယူမှုအတွက်လည်း အရေးပါသွားတယ်။ အဲဒါက ဘာပြောချင်တာလဲဆိုတော့ ကျမ်းစာကို ရွေးတဲ့အခါ ကိုယ်က ဘယ်ဘက်မှာ စိတ်အားထက်သန်လဲဆိုတာရယ် ဘယ်ဘက်မှာ လုပ်နိုင်စွမ်းရှိတာလဲဆိုတာကို တစ်ခါတည်း ဆုံးဖြတ်ပြီး ရွေးချယ်ဖို့လိုတယ်။ တစ်ခုတော့ သတိထားစရာ ရှိတယ်။ ခုနက ပြောခဲ့သလိုပဲ ကျမ်းစာတိုက်ထဲမှာက အပြင်လောကမှာ ရှာမတွေ့နိုင်တဲ့ အဖိုးတန်ဆေးကျမ်းတွေ အများကြီး ရှိနေတော့ ဘယ်ကျမ်းကို ရွေးရမှန်းမသိ ဖြစ်နေတတ်တယ်။ ကျမ်းအားလုံးက လေ့လာချင်စရာ ကောင်းနေလိမ့်မယ်”
ဟန်ကောင်းရှင်းမှာ ကျိတ်၍ တံတွေးမြိုချနေရသည်။ ဆေးကျမ်းပေါင်းများစွာနှင့် ပြည့်နေသော ကျမ်းစာတိုက်ကြီးကို စိတ်ကူးထဲ မြင်ယောင်ကြည့်နေမိသည်။
သမားတော်ကြီးဟန်နှင့် ရသေ့ကြီးတို့မှာ အားပဲ အားကျရမလိုလို သိမ်ပဲငယ်ရတော့မလိုလိုနှင့် လက်ချောင်းများကို ကွေးချည်ဆန့်ချည်နှင့် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည်လည်း ဆေးပညာကို အရူးအမူးလေ့လာခဲ့ကြသူများ ဖြစ်၍ ဝမ်ယောက်ရှီးပြောသမျှတိုင်းကို သူတို့က စိတ်လှုပ်ရှားနေရသည်။
အပြင်ဆေးလောက၌ ရှာမတွေ့နိုင်သော ဆေးကျမ်းများစွာဟူသောစကားက သူတို့စိတ်ထဲ ထပိခါထပ်ခါ ကြားယောင်နေတော့သည်။
ဟန်ကောင်းရှင်းလည်း သိချင်စိတ်များ ပြင်းပြလာကာ နောက်ထပ်စစ်ဆေးမှုကို မေးကြည့်လိုက်သည်။
“တတိယအဆင့်စစ်ဆေးမှုကရော ဂိုဏ်းတူအစ်ကို”
“တတိယအဆင့် စစ်ဆေးမှုကတော့ ဆုံးဖြတ်ချက်ကို စစ်ဆေးတဲ့ စစ်ဆေးမှုပဲ”
ဟန်ကောင်းရှင်းက နားမလည် ဖြစ်သွားသည်။
“ဆုံးဖြတ်ချက်ကို စစ်ဆေးတယ်ဆိုတာက ဘယ်လို စစ်ဆေးမှုမျိုးလဲ ဂိုဏ်းတူအစ်ကို”
ဝမ်ယောက်ရှီးက ဟန်ကောင်း၏ အမေးကို ချက်ချင်း အဖြေမပေးသေးဘဲ ဟန်ကောင်းရှင်းကိုသာ သေသေချာချာ အကဲခတ်ကြည့်နေခဲ့သည်။
အခန်း(၃၁၄)ပြီး
***