“အင်း…၊ ဆုံးဖြတ်ချက်ကို စစ်ဆေးတယ်ဆိုတာက ဒုတိယအဆင့်မှာတုန်းက တစ်လတာ လေ့လာခဲ့တဲ့ ကျမ်းစာထဲက ပညာတွေကို အသုံးချပြီး လက်တွေ့ လုပ်ဆောင်ရတယ်ဆိုရင်လည်း မှန်တယ်။ ဒါပေမဲ့ တစ်လလောက် လေ့လာတာက ဘာမှ များများစားစား မသိနိုင် မတတ်နိုင်ဘူးလေ။ အခြေခံသဘောတရားလောက်ပဲ သိနိုင်မှာပဲ။ အဲဒီတော့ ဒီတတိယစစ်ဆေးမှုကို ဖြတ်ကျော်ဖို့က တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကိုပဲ အားကိုးရလိမ့်မယ်။ ဒီစစ်ဆေးမှုက တကယ် ခက်ခဲတယ်။ ဒုတိယအဆင့်မှာတုန်းက ကိုယ် ဘယ်အပိုင်းမှာ ထက်သန်လဲ၊ ဘယ်အပိုင်းမှာ လုပ်နိုင်စွမ်းတကယ်ရှိတာလဲဆိုတာကို သေချာနားလည်ခဲ့တဲ့လူတွေအတွက်ကတော့ သိပ်မခက်ခဲဘူး။ ကိုယ့်ကိုယ်ကိုယ် သေချာသိပြီး ဆေးကျမ်းကို ရွေးချယ်လေ့လာခဲ့ရင် ဒီအဆင့်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာ များပါတယ်”
“နားထောင်ရင်းနဲ့တောင် မလွယ်ဘူးလို့ ခံစားရတယ်”
“ဟားဟား…၊ ဒါပေါ့၊ တကယ်လည်း မလွယ်ပါဘူး။ အဲဒီ တတိယအဆင့်ကို အောင်မြင်ရင်တော့ လူနာကို စမ်းသပ်ကုသတဲ့အပိုင်း စတုတ္ထအဆင့်ကို စစ်ဆေးတယ်။ ဒီစစ်ဆေးမှုကလည်း သာမန်ရောဂါကို ကုသရသလို မလွယ်ကူနေဘူး။ ကုသခြင်းအပြင် ကာကွယ်ခြင်းဆိုတာကိုလည်း မေ့မသွားဖို့ အရေးကြီးတယ်။ အဲဒီနှစ်ခုကို တစ်ခါတည်း စစ်ဆေးတဲ့ အဆင့်ပါပဲ။ ပြီးတော့ ဒုတိယအဆင့်မှာ ကိုယ်ရွေးချယ်လေ့လာခဲ့တာတွေ၊ ကိုယ်နားလည်ခဲ့တာတွေ၊ တတိယအဆင့်မှာ အသုံးချခဲ့တဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေက လက်တွေ့ကျကျ လုပ်နိုင်တာတွေ ဟုတ်ရဲ့လား၊ ဘယ်လောက် ထိရောက်အောင် လုပ်နိုင်လဲဆိုတာကိုလည်း တစ်ခါတည်း စစ်ဆေးတယ် ”
“ဒါဆို အဲဒီ ဒုတိယအဆင့်က တော်တော်ကို အရေးကြီးတာပဲ”
“ဟုတ်တယ်။ ဒါကြောင့် ကျမ်းစာတိုက်ထဲ ရောက်ရင် ကျမ်းစာတွေကို အရင်မကြည့်လိုက်နဲ့။ ကိုယ့်ကိုယ့်ကိုယ် ငါ ဘာလဲဆိုတာ အဖြေရအောင် အရင်မေးလိုက်။ ပြီးမှ ကျမ်းစာကို ရွေး။ ဒါက အဆင်ပြေစေလိမ့်မယ်။ မဟုတ်ရင် ကျမ်းစာတွေရဲ့ ဆွဲဆောင်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ အကုန်လုံးကို လေ့လာချင်နေလိမ့်မယ်”
“ဟုတ်ကဲ့ ဂိုဏ်းတူအစ်ကို၊ အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်”
“အင်း…၊ စတုတ္ထအဆင့်ကို အောင်မြင်ရင်တော့ အပြင်ဂိုဏ်းသား ဖြစ်ပါပြီ။ ပဉ္စမအဆင့်စစ်ဆေးမှုကို ဖြေရဖို့က အပြင်ဂိုဏ်းသားအဖြစ် တစ်နှစ်နေပြီး အပြင်ကျမ်းစာတိုက်ကနေ သင်ယူလေ့လာခွင့်ရတယ်။ အပြင်ဂိုဏ်းသားတွေအတွက် ဂိုဏ်းက ဆရာတွေ လာပို့ချတဲ့ သင်ခန်းစာတွေကိုလည်း နားထောင်ပြီး သင်ယူလို့ရတယ်။ တစ်နှစ်ပြည့်ရင်တော့ ပဉ္စမအဆင့် စစ်ဆေးမှုကို ဖြေရတယ်”
“ပဉ္စမအဆင့်က ဘာကို စစ်ဆေးတာလဲ ဂိုဏ်းတူအစ်ကို”
“ဒုတိယအဆင့်ကနေ စပြီး ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ ကိုယ့်လမ်းကြောင်းအတိုင်း တစ်နှစ်တိတိ လေ့လာသင်ယူခဲ့တဲ့ ပညာတွေကို အသုံးချခိုင်းတဲ့ စစ်ဆေးမှုပဲ။ ဆေးနည်းသစ်တစ်ခုခု ဖန်တီးနိုင်မလား၊ ကုထုံးသစ်တစ်ခုခု ရှာတွေ့မလား၊ ဆေးပင်မျိုးစိတ်သစ်တစ်ခုခု စိုက်ပြနိုင်မလား၊ ကိုယ့်လေ့လာသင်ယူမှု၊ ကိုယ်ပိုင်အရည်ချင်းနဲ့ ကိုယ်ပိုင်သိမြင်နားလည်မှုတွေကို ပေါင်းစပ်ပြီးဖြေရတဲ့ စစ်ဆေးမှုပါပဲ။ အောင်မြင်ရင်တော့ ဆေးဘုရင်ဂိုဏ်းက အသိမှတ်ပြုတဲ့ အငယ်တန်းအဆင့် သမားတော်လေးတစ်ယောက် ဖြစ်သွားပါပြီ”
“တကယ် မလွယ်ဘူးပဲ”
အလွန်ပါရမီကြီးပါသည်ဆိုသော ဟန်ကောင်းရှင်းသည်ပင် မလွယ်ကူသည်ကို ခံစားနေရသည်။
“ဒါပေါ့၊ မလွယ်ကူပါဘူး။ ဒုတိယအဆင့်က အရေးကြီးဆုံးပဲ။ ညီလေးဟန်ကသာ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နိုင်တယ်ဆိုတာ သေချာသိသွားရင် ရှေ့လျှောက် ပိုလွယ်သွားလိမ့်မယ်”
ဟန်ကောင်းရှင်းလည်း အတွေးနက်သွားရသည်။ သူ့ကိုယ်သူ အမှန်ပင် ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်နေပုံပင်။ သူ ဘာလုပ်နိုင်ပါသနည်း။ သူ၏ စစ်မှန်သော ပင်ကိုယ်အရည်အချင်းကို ပြန်ရှာဖို့ လိုအပ်နေလေပြီ။ ဆေးဖော်စပ်ခြင်းလား။ ရောဂါကုသခြင်းလား။ ဆေးပင်စိုက်ပျိုးခြင်းလား။
ရသေ့ကြီးနှင့် သမားတော်ကြီးဟန်က ဟန်ကောင်းရှင်း တွေးနေသည်ကို အနှောင့်ယှက်မပေးကြပေ။ ကိုယ်တိုင် နားလည်ဖို့ လိုသည့်အတွက် ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားဖို့သာ အချိန်ပေးထားလိုက်သည်။
ထိုအချိန်တွင်
သမားတော်ကြီးဟန်၏ အဆောင်နံရံတွင် ချိတ်ဆွဲထားသော ယင်ယန်ပန်းချီကားက ရုတ်တရက် လှုပ်ခါသွားသည်။ တစ်ချိန်တည်းမှာပင် တိုက်ခတ်နေသော လေထုကလည်း ရုတ်တရက် ရပ်တန့်သွားသည်။ လေနှင့်အတူ ကြွေလွင့်လာသော ရွက်ကြွေတို့သည်လည်း လေနှင့်အတူ ရပ်တန့်သွားသည်။ ကောင်းကင်ပေါ်တွင် ရွေလျားနေသော တိမ်များလည်း ရပ်သွားသည်။
ထိုအဖြစ်အပျက်က မျက်တောင်တစ်ခတ်စာ၏ အပုံတစ်သန်းပုံတွင်တစ်ပုံ မရှိပေ။ အလွန်လျင်မြန်စွာ ဖြစ်ပျက်ပြီးနောက် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ထိုအဖြစ်အပျက်ကို သမားတော်ကြီးဟန်၊ ရသေ့ကြီးနှင့် ဝမ်ယောက်ရှီးတို့ မသိလိုက်ကြပေ။ အဖြစ်အပျက်က လျင်မြန်လွန်းသောကြောင့် သူတို့ သိနိုင်စွမ်း မရှိခဲ့ကြပေ။ သူတို့အတွက် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်ပျက်နေသည်ဟုသာ ခံစားရသည်။
အထွတ်ထိပ်အဆင့်များပင် မသိနိုင်အောင် နက်နဲသိမ်မွေ့၍ လျင်မြန်သော ဖြစ်ရပ်ကို သိလိုက်သူများလည်း ရှိသည်။ ထိုသူတို့ကား တောနက်၊ တောင်ထွတ်၊ လှိုဏ်ဂူ၊ လျိုမြောင်နှင့် ပင်လယ်ထဲ တသီးတသန့် နေထိုင်ကြသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။
သို့သော် အဖြစ်အပျက်က မြန်လွန်းသောကြောင့် သူတို့သည်လည်း အရာအားလုံး ခဏရပ်သွားသည်ကိုသာ သိခဲ့ကြသည်။ ဘာကြောင့် ရပ်သွားမှန်း မသိခဲ့ကြပေ။
*********
တိမ်ပင်လယ်အကြား တောင်ထွတ်ပေါ်က ဝါးကျောင်းဆောင်မှ ဝတ်စုံဖြူစင်နှင့် လူက မျက်လုံးပွင့်လာပြီး ဝါးကျောင်းဆောင်အပြင်သို့ တစ်ချက်လှမ်းကြည့်သည်။ တိမ်ပင်လယ်ကို ဖြတ်၍ လောကကို သိမြင်နိုင်သော သူ့မျက်လုံးများထဲတွင် တွေဝေသော အရိပ်ယောင်များ ထင်ဟပ်နေသည်။ သူလို ပုဂ္ဂိုလ်မျိုးကိုပင် တွေဝေစေသော ထိုအဖြစ်အပျက်ကား အဘယ်နည်း။
‘ဘာကြောင့် ဒီလို ဖြစ်တာလဲ’
သူက တွေးရင်း သူ့လက်ချောင်းများကိုလည်း တို့ထိကာ တွက်ချက်အဖြေရှာနေခဲ့သည်။
‘ထူးဆန်းတယ်’
သူ၏ တွက်ချက်နေသော လက်ချောင်းများက တစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားသည်။
သူက အလွန်လေးနက်သော အမူအရာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်ကာ စဉ်းစားဆင်ခြင်နေလေ၏။
ဂျိမ်း ဂျိုင်း…!!
ဝေါ ဝေါ…!!
ဝုန်း ဝုန်း…!!
ထိုနေရာ၌ ကောင်းကင်တစ်ခုလုံး တိမ်နက်များနှင့် အုပ်မိုးနေပြီး မိုးကြိုးများက တဂျိုင်းဂျိုင်း ကျဆင်းနေသည်။ လေပြင်းများကလည်း ဒေါသူပုန်ထနေသည့်အလား တိုက်ခတ်နေပြီး လေပြင်းမုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်နေစေသည်။ ဧရာမလှိုင်းလုံးကြီးများကလည်း တအိအိ တလှိမ့်လှိမ့်နှင့် တောင်တန်းကြီးများ ရွေ့လာနေသလို နဂါးကြီးများ လူးလွန့်နေသလို ဖြစ်ပေါ်နေ၏။
မိုးများကလည်း သည်းသည်းမည်းမည်းနှင့် ရွာနေသည်မှာ အငြိုးတကြီးနိုင်လှသည်။
ထိုမိုးကြိုး၊ မုန်တိုင်းနှင့် လှိုင်းလုံးကြီးများအလယ် သမုဒ္ဒရာထဲတွင် ကျွန်းကြီးတစ်ကျွန်း ရှိနေ၏။
ထိုကျွန်းကြီးသည်ကား မိုးကြိုးကျွန်းဖြစ်ပြီး အတွင်းသိုင်းလောက၏ လျှို့ဝှက်ဆန်းကြယ်နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။
ထိုကျွန်းပေါ်တွင် အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။ သူ့တစ်ကိုယ်လုံးကို ဝတ်ရုံနီဖြင့် ဖုံးအုပ်ကွယ်ကာထားသောကြောင့် သူ့မျက်နှာကို မဆိုထားနှင့် သူ့လက်ဖျားကိုပင် မမြင်ရပေ။
ထိုလူထိုင်နေသော ကျွန်း၏ အမြင့်ပိုင်းတွင် နက်မှောင်နေသော ရှေးဟောင်းကျောင်းဆောင်တစ်ခုလည်း ရှိနေသည်။ သို့သော် လူရိပ်လူယောင်ကား မရှိပေ။ လူ မရှိသည့်ပုံပင်။
ထိုဝတ်ရုံနီနှင့် လူသည်ကား အရိပ်မဲ့ကျွန်းသခင်ပင် ဖြစ်လေ၏။
“_တစ်ခုခု ဖြစ်သွားတယ်_”
အရိပ်မဲ့ကျွန်းသခင်၏ စိတ်ထဲက ကြားလိုက်သော စကားသံဖြစ်သည်။
အရှင်၏ အသံပင်။
အရိပ်မဲ့ကျွန်းသခင်လည်း ထိုအဖြစ်အပျက်ကို မသိခဲ့သည့်အတွက် မေးကြည့်သည်။
~~ဘာဖြစ်သွားတာလဲ အရှင်~~
“_မင်း သိနိုင်တဲ့အရာမျိုး မဟုတ်ဘူးဆိုတော့ ထားလိုက်ပါလေ။ အဲဒါကိုပဲ ဆက်သွယ်ဖို့ ကြိုးစားကြည့်ဦး_”
~~ဟုတ်ကဲ့ပါ အရှင်~~
ထို့နောက် အရိပ်မဲ့ကျွန်းသခင်လည်း ထိုနေရာ၌ ဆက်၍ ထိုင်နေခဲ့သည်။
တခြားတခြားသော နေရာဒေသများမှ ပုဂ္ဂိုလ်များကလည်း ငြိမ်သက်နေရာမှ မျက်လုံးဖွင့်ကာ လောကကို စူးစမ်းကြည့်ရှုကြသည်။ သို့သော် သူတို့လည်း အဖြစ်အပျက်၏ အကြောင်းရင်းကို မသိခဲ့ကြပေ။
သမားတော်ခြံဝင်းအတွင်းက အခန်းထဲတွင် ရှောင်လုံနှင့် နှင်းပန်းက လေ့ကျင့်မြဲ လေ့ကျင့်နေကြသည်။
နှင်းပန်းက သူမ၏ သိုင်းနှလုံးသားအသိအာရုံနယ်မြေထဲတွင် ရွက်ကြွေများကို ဖမ်းနိုင်ခဲ့ပြီးနောက် ယခင်က တစ်စွန်းတစ်စ ဖမ်းဆုပ်မိထားခဲ့သော သဘောတရားတစ်ခုကို အပြည့်အစုံ နားလည်သွားခဲ့ပြီး ရွက်ကြွေလက်ဟူသော လက်ဟန်တစ်ခုနှင့် ရွက်ကြွေလွင့်မျောဟူသော လှုပ်ရှားမှုတစ်ခုကို နားလည်ခဲ့သည်။ ထို့နောက်တွင် သူမက နားလည်ထားသော လက်ဟန်နှင့် လှုပ်ရှားမှုကို ထိုသိုင်းနှလုံးသားအသိအာရုံနယ်မြေထဲတွင် အချိန်တစ်ခုကြာအောင် ဆက်လေ့ကျင့်နေခဲ့သည်။
ထိုနေရာက သူမအတွက် လေ့ကျင့်ရန် အလွန်ကောင်းမွန်သော နေရာဖြစ်နေသည်။ သူမ ချစ်ရသော မောင်ငယ်လေးကလည်း ရှိနေသည့်အတွက် သူမက ထိုနေရာမှ မထွက်ခွာချင်အောင် ဖြစ်နေခဲ့သည်။
ရွက်ကြွေလက်ဟန်နှင့် ရွက်ကြွေလွင့်မျောလှုပ်ရှားမှုကို ကြေညက်အားရအောင် လေ့ကျင့်ပြီးနောက်တွင်တော့ သူမက ထိုနေရာမှ အလိုလျောက် ပြန်ထွက်လာခဲ့သည်။
သို့သော် သူမက လေ့ကျင့်မှုကို မရပ်ခဲ့ဘဲ သူမ၏ သွေးကြောများထဲ လှည့်ပတ်စီးဆင်းနေသော သန့်စင်သည့် အတွင်းအားများကို လက်ခံရင်း အတွင်းအားဆုံမှတ်၌ စုစည်းကာ အတွင်းအားလေ့ကျင့်မှုကို ဆက်လုပ်နေလိုက်သည်။ သူမ၏ အကျော်မော်အဆင့် အတွင်းအားကလည်း တရိပ်ရိပ်နှင့် တိုးတက်လာခဲ့သည်။
ထိုအချိန်တွင် ရှောင်လုံ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထဲက စိတ်ဝိညာဉ်ပုံရိပ်လေးမှာ ယခင်ကထက် ထက်ဝက်ခန့် ပိုကြည်လင်သန့်စင်နေပြီး အရွယ်အစားကလည်း ယခင်ထက် နှစ်ဆမျှ ပိုကြီးနေခဲ့သည်။
ယခုဆိုလျှင် မွေးကင်းစ ကလေးတစ်ယောက်အရွယ်မျိုးလည်း မဟုတ်တော့ပေ။ မတ်တပ်ရပ်တတ်ခါစ ကလေးတစ်ယောက်အရွယ်နှင့် တူနေသည်။
အမြဲတမ်း မျက်လုံးမှိတ်ထားတတ်သော ထိုစိတ်ဝိညာဉ်ပုံရိပ်လေးက အခုတော့ မျက်လုံးများလည်း ပွင့်နေခဲ့သည်။ ထိုစိတ်ဝိညာဉ်ပုံရိပ်လေးက တစ်နေရာကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
သူ ကြည့်နေသော နေရာက အလင်းနှင့်အမှောင်တို့ ရောယှက်နေသော အဆက်အစပ်နေရာ ဖြစ်သည်။
‘ငါ အမှောင်နဲ့ တစ်သားတည်းဖြစ်ခြင်းကို နားလည်နိုင်ရဲ့သား ဘာလို အမှောင်ထုဖြစ်ခြင်းကို နားမလည်ရတာလဲ’ဟု ဆင်ခြင်ရင်းက ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံက အမှောင်ထုကို အလေးအနက် လေ့လာဆင်ခြင်နေခဲ့သည်။
သူ၏ စိတ်ဝိညာဉ်တိုးတက်သန့်စင်လာသည့်တိုင် အမှောင်ထုဖြစ်ခြင်းသဘောတရားကို နားမလည်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် အမှောင်ထုထဲသို့ တိုးဝင်၍ မဆင်ခြင်တော့ဘဲ အမှောင်ထုတစ်ခုလုံးကို ခြုံငုံ၍ ဆင်ခြင်ကြည့်ပြန်သည်။
ထိုအခါ အမှောင်ထုနယ်မြေ၏ အဆုံးသတ်အစွန်းအဖျားကို မြင်ခဲ့သည်။ တစ်နည်းအားဖြင့် အမှောင်ထုနှင့် အလင်းတို့၏ အစပ်အကြားကို သတိပြုမိခဲ့သည်။
‘ဒီအစပ်အကြားနေရာလေးက သိပ်ကို ပါးလွှာတာပဲ။ တည်ရှိလို့ တည်ရှိနေမှန်းတောင် မသိဘူး။ ငါသာ အမှောင်ထုအထဲကနေ ထွက်ပြီး အမှောင်ထုတစ်ခုလုံးကို ခြုံငုံမလေ့လာရင် အဲဒီ တည်ရှိမှုကို ငါ မြင်မှာ မဟုတ်ဘူး။ ဒါက အခုမှ ရှိလာတာလည်း မဟုတ်ဘူး။ အရင်ကတည်းက ရှိနေခဲ့တာ။ ငါကသာ မမြင်ခဲ့တာ။ ဒီတော့ ဒီစိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေမှာ အလင်းနဲ့အမှောင်ပဲ ရှိနေတာ မဟုတ်ဘူးပေါ့။ အလင်းနဲ့အမှောင်ကို ချိတ်ဆက်ပေးထားတဲ့ အဆက်အစပ်တစ်ခုလည်း ရှိနေတာပေါ့။ အဲဒါက အလင်းလည်း မဟုတ်ဘူး။ အမှောင်လည်းမဟုတ်ဘူး။ ဘာဖြစ်မလဲ’
ရှောင်လုံက ဆင်ခြင်ရင်း စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေတစ်ခုလုံးကို သူမြင်နိုင်သမျှ ခြုံငုံ၍ ကြည့်ခဲ့သည်။
အလင်းနှင့်အမှောင်ဖြစ်စေ၊ ကောင်းကင်လို အလွှာနဲ့ ရေပြင်လိုအလွှာကြားဖြစ်စေ၊ အေးမြအတွင်းအားမြူငွေ့လေးများတစ်ခုနှင့်တစ်ခုကြားဖြစ်စေ အရာအားလုံး တည်ရှိမှုအားလုံး၌ အကြားအဆက်ကလေးများ ရှိနေသည်ကို မြင်ခဲ့သည်။
‘အရာအားလုံး တည်ရှိမှုအားလုံးကို ဆက်စပ်ပေးထားတဲ့ တစ်စုံတစ်ခုက တစ်ကယ်ရှိနေတာပဲ’
ရှောင်လုံ၏ အသိအမြင်က ရုတ်တရက် မြင့်တက်လာခဲ့သည်။ ဘာမှန်း မသိရသော တစ်စုံတစ်ခုကို သူ ဖမ်းဆုပ်မိမလို ဖြစ်နေခဲ့သည်။ သို့သော် သူ မဖမ်းဆုပ်နိုင်သေးပေ။ ထိုအရာက ပါးလွှာလွန်းနေခဲ့သည်။ သိမ်မွေ့လွန်းနေခဲ့သည်။
‘ဒါဆို လောကမှာ အလင်းနဲ့အမှောင်၊ အပူနဲ့အအေး၊ အပျော့နဲ့အမာ၊ အနှေးနဲ့အမြန်အပြင် နောက်တစ်ခု ရှိနေသေးတာပေါ့။ အဲဒါက အလင်းနဲ့အမှောင်ရဲ့ကြားမှာ ရှိနေတာ။ အပူနဲ့အအေးရဲ့ကြားမှာ ရှိနေတာ။ အပျော့နဲ့အမာရဲ့ကြားမှာ ရှိနေတာ။ အနှေးနဲ့အမြန်ရဲ့ကြားမှာ ရှိနေတာ။ အရမ်းကို ပါးလွှာတယ်။ အရမ်းလည်း သိမ်မွေ့တယ်။ မတည်ရှိဘူးလို့တောင် ထင်ရပေမယ့် ထင်ထင်ရှားရှားကြီးကို ရှိနေတာ။ အဲဒါ ဘာလဲ’
ရှောင်လုံမှာ စိတ်ဝိညာဉ်ဟင်းလင်းပြင်မှ ကျော်လွန်၍ အပြင်လောကမှ တည်ရှိမှုများကိုလည်း အာရုံခံကာ ဆင်ခြင်ကြည့်ခဲ့သည်။
‘အဲဒါက တကယ်ကို ရှိနေတာပဲ။ အရာအားလုံး တည်ရှိမှုအားလုံးရဲ့ ကြားမှာ တကယ်ရှိနေတာပဲ’
သူ၏ စိတ်ဝိညာဉ်အားရုံဖြင့် လေထဲလွင့်နေသော အသေးငယ်ဆုံး ဖုန်မှုန့်လေးကို အာရုံခံကြည့်ခဲ့သည့်တိုင် ထိုဖုန်မှုန့်လေး၌ အနားသတ်ရှိနေပြီး လေထုနှင့်ဆက်စပ်မှု အဆက်အစပ်ကြားကလေး ရှိနေသည်ကို မြင်ခဲ့ရသည်။
‘အံ့ဩစရာပဲ။ ဘယ်မှာမဆို အဲဒါက ရှိနေတယ်’
ဖုန်မှုန့်ဖြစ်စေ၊ ရေစက်ကလေးဖြစ်စေ၊ သစ်ရွက်ကလေး ဖြစ်စေ၊ မြက်ပင်ကလေးဖြစ်စေ၊ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ အရာအားလုံး တည်ရှိမှုအားလုံး၌ ထိုအရာက ပါရှိနေသည်။
‘အဲဒီ အနားသတ်အဆက်အစပ်လေးက ဘာလေးလဲ’
ရှောင်လုံလည်း ဆင်ခြင်မရတော့သည့်အဆုံးတွင် ဆက်၍ မဆင်ခြင်တော့ဘဲ ဓားသိုင်းကိုသာ ထုတ်ဖော်လေ့ကျင့်လိုက်သည်။
‘အက္ခရာဓားသိုင်းက မြန်တယ်။ ပျော့ပျောင်းတယ်။ အလှည့်အပြောင်းများတယ်။ ရှုပ်ထွေးတယ်။ ကျောက်ဖြတ်ဓားချက်က နှေးတယ်။ မာကျောတယ်။ ဖြောင့်စင်းတယ်။ ရိုးရှင်းတယ်။ ဒါကလည်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဓားသိုင်းနှစ်ခုပဲ။ ဒါဆိုရင် ဒီဓားသိုင်းနှစ်ခုရဲ့အနားသတ်ကြားမှာလည်း အဆက်စပ်က ရှိနေမှာပဲ။ အဲဒီအဆက်စပ်က ဘာဖြစ်မလဲ’
ရှောင်လုံလည်း ဓားသိုင်းနှစ်ခုကြားက အဆက်စပ်ကို ဆင်ခြင်နေမိပြန်သည်။ ခုနက ဆင်ခြင်မှုကို သူ နားလည်ထားသော ဓားသိုင်းနှစ်ခုဖြင့် ပုံသွင်းကာ ဆင်ခြင်ကြည့်နေသည်။
စိတ်ဝိညာဉ်လေး၏မျက်လုံးက အလင်းနှင့်အမှောင်ကြားက အဆက်အစပ်ကို စိုက်ကြည့်နေသည်။
‘အမှောက်ထုနဲ့ အလင်းက ရွေ့နေတယ်။ နေ့နဲ့ညလို့ ရွှေ့ပြောင်းမှု ရှိနေတယ်။ ဒါပေမဲ့ ကြားထဲက အဆက်စပ်လေးကတော့ ငြိမ်နေတာလား…’
ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံလေးမှာ တစ်ချက်တုန်ခါသွားသည်။
‘အလင်းနဲ့အမှောင်၊ အနှေးနဲ့အမြန်၊ အပျော့နဲ့အမာ၊ ရွေ့လျားမှုကြားက အဲဒီတည်ရှိမှုက ရပ်တန့်ခြင်းပဲ’
ရပ်တန့်ခြင်း။
ရှောင်လုံက သူ ရိပ်ကနဲ ဖမ်းဆုပ်မိလိုက်သော အသိဉာဏ်ဖြင့် ဓားချက်ကို ထုတ်လိုက်သည်။ သို့သော် ဓားချက်ကို မထုတ်လိုက်သကဲ့သို့ပင်။ ဘာမှ မလှုပ်ရှားခဲ့သလိုပင်။
အမှန်တကယ်မှာတော့ ဓားချက်ကို ထုတ်ခဲ့သည်။
စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထဲက ရွေ့လျားနေမှုအားလုံး ရပ်တန့်သွားခဲ့သည်။ အလွန်လျင်မြန်သော အချိန်အခိုက်အတန့်လေးသာ ဖြစ်သော်လည်း အရာအားလုံး အမှန်တကယ် ရပ်တန့်သွားခဲ့သည်။
ရှောင်လုံက ထိုရပ်တန့်မှုကို သိခဲ့သည်။
‘ဒါက ရပ်တန့်ခြင်းပဲ။ အရာအားလုံးရဲ့ အဆုံးသတ်မျဉ်းက ရပ်တန့်ခြင်းပဲ။ တည်ရှိမှုတွေအားလုံးရဲ့ အဆက်အစပ်က ရပ်တန့်ခြင်းပဲ။ အဲဒီ ရပ်တန့်ခြင်းက အရာအားလုံးကို ဆက်စပ်ပေးထားတယ်။ တစ်ချိန်တည်းမှာပဲ တစ်ကန့်စီဖြစ်အောင် ပိုင်းခြားပေးထားတယ်။ ဆက်စပ်ခြင်းနဲ့ ပိုင်းခြားခြင်း။ ရွေ့လျားခြင်းနဲ့ ရပ်တန့်ခြင်း။ ဟုတ်တယ်။ အဲဒါပဲ’
သူ၏ ဓားချက်က ထိုအဆက်စပ်ကို ခုတ်ပိုင်းခဲ့ခြင်း ဖြစ်သည်။ သူ့ဓားချက်က နှေးလည်း မနှေးပါ။ မြန်လည်း မမြန်ပါ။ ပျော့ပြောင်းမှုလည်း မရှိပါ။ မာကျောမှုလည်း မရှိပါ။ နှေးခြင်းနှင့် မြန်ခြင်းကြားတွင် ရှိသည်။ ပျော့ခြင်းနှင့် မာခြင်းကြားတွင် ရှိသည်။
အရာအားလုံးကို အလွန်တိုတောင်းသော အချိန်တစ်ဒင်္ဂ ရပ်တန့်နိုင်စွမ်းရှိသော ဓားချက် ဖြစ်သည်။
ရှောင်လုံက သူ၏ ထိုဓားချက်ကို အပြန်ပြန်အလှန်လှန် ဆင်ခြင်နေခဲ့သည်။ သူ့နားလည်မှုက ရိပ်ကနဲမျှသာ ဖြစ်၍ တိတိကျကျ မည်မည်ရရ မဖမ်းဆုပ်နိုင်ခဲ့သော်လည်း သူက ဆန့်ကျင်ဘက်တည်ရှိမှုများကြား၊ ဆန့်ကျင်ဘက် ဥပဒေသများကြားက တတိယမြောက်ဥပဒေသကို တစ်စွန်းတစ် နားလည်သွားခဲ့သည်သာ။
သို့သော် ရှောင်လုံက သူ၏ ဓားချက်ကြောင့် အပြင်လောကကြီးသည်ပင် တစ်ဒင်္ဂရပ်တန့်သွားခဲ့သည်ကိုတော့ မသိခဲ့ပေ။
ဆန့်ကျင်ဘက်ဥပဒေသများကြားက တတိယမြောက်ဥပဒေသကို တစ်စုံတစ်ယောက်က ရိပ်ကနဲ ဖမ်းဆုပ်နိုင်ခဲ့သည်ကိုလည်း နေရာအရပ်ရပ်မှ ပုဂ္ဂိုလ်ကြီးများက မသိခဲ့ပေ။
ထိုနားလည်မှုက လောကကို ဆန့်ကျင်နေသည်လော။ အလင်းနှင့်အမှောင်၊ အပူနှင့်အအေး၊ ယင်နှင့်ယန် ဆန့်ကျင်ဘက် နိယာမတို့ဖြင့် ဖွဲ့စည်းတည်ရှိနေသော ဤလောကကြီးကို တည်တန့်နေအောင် ပေါင်းစည်းပေးထားသော တတိယနိယာမတစ်ခု ရှိနေသည်ကို ရှေးရှေးသော ပညာရှင်တို့ မသိခဲ့မမြင်ခဲ့ကြသလော။
သိခဲ့မြင်ခဲ့ကြသည်သာ။
ရှောင်လုံသိသလို ရပ်တန့်ခြင်းအဆက်အစပ်ဟုတော့ မမြင်ခဲ့ပါ။ တချို့ပညာရှင်များက ဆန့်ကျင်ဘက်ဥပဒေသများကြားက ထိုဥပဒေသကို ပေါင်းစပ်ညီညွတ်မှုဟု ရှုမြင်ခဲ့ကြသည်။ တချို့ပညာရှင်များက အပြန်အလှန်အားပြုမှုဟု မြင်ခဲ့ကြသည်။ တချို့ပညာရှင်များက သဟဇာတဖြစ်မှုဟု ရှုမြင်ခဲ့ကြသည်။ တချို့က အရာအားလုံးတွင် အဆုံးသတ်ရှိသည်ဟု သိခဲ့ကြသည်။
ရှောင်လုံက သူ၏ ဓားပညာနှစ်ခုကို အခြေခံ၍ သူဉာဏ်မီသလောက် ဆင်ခြင်နားလည်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုနားလည်မှုက သူ့အတွက် ရိပ်ကနဲမျှသာ သိနိုင်ခဲ့သော်လည်း နားလည်မှုက မြင့်မားလှသော အဆင့်တစ်ခုဖြစ်နေ၍ ဓားချက်က လောကကို ဆန့်ကျင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ အစဉ်မပြတ် လည်ပြတ်နေသော သဘာဝကြီးကို ရပ်တန့်စေခဲ့သည်။
ရှောင်လုံတစ်ယောက် သူ၏ ဆင်ခြင်မှုကို အဆုံးသတ်လိုက်သည်။ သူဖမ်းဆုပ်မိခဲ့သော ဥပဒေသကား လွန်စွာသိမ်မွေ့နက်နဲလွန်းနေသည်ကို နားလည်ခဲ့သည်။ အလင်းနှင့်အမှောင်ကြားက အဆက်စပ်မျဉ်းပါးကလေးကဲ့သို့ပင် ထိုဥပဒေသ၏ တည်ရှိမှုက အလွန်သိမ်မွေ့ပါးလျလွန်းလှသည်။ ဖမ်းဆုပ်နိုင်ရန် ခက်ခဲလွန်းလှသည်။
‘ဒီလောက်ပဲ လေ့ကျင့်တော့မယ်။ ဆရာနဲ့ ပြန်တွေ့ရင် ဒီအကြောင်းကို ဆွေးနွေးကြည့်ရမယ်။ မမနတ်မိမယ်နဲ့လည်း ဆွေးနွေးကြည့်ရမယ်။ မမနတ်မိမယ်က ဥပဒေသတွေကို ပိုနားလည်တာဆိုတော့ သူက တစ်ခုခုတော့ ပြောပြနိုင်မယ် ထင်တာပဲ’
ရှောင်လုံလည်း သူ့အတွေးကို ရပ်လိုက်ပြီး မျက်လုံးကို အသာဖွင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် နှင်းပန်းကလည်း မျက်လုံးပွင့်လာခဲ့သည်။
နှင်းပန်း၏ အရှိန်ဝါက အတော်လေး အားကောင်းနေခဲ့သည်။ သိုင်းနှလုံးသားအသိအဆင့်ကို ရောက်ခဲ့သည့်အပြင် သိုင်းနှလုံးသားအာရုံနယ်မြေပါ ပွင့်သွားခဲ့သည့်အတွက် နှင်းပန်း၏ အရှိန်ဝါက မနေ့ကနှင့် အလွန်ကွာခြားနေသည်။ အတွင်းအားကလည်း သိသိသာသာ တိုးတက်လာသဖြင့် အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
~~မမရဲ့ အရှိန်ဝါကို ရုတ်သိမ်းလိုက်ဦး။ အရမ်းသိသာနေတယ်~~
ရှောင်လုံက သူ၏ အရှိန်ဝါကို ရုတ်သိမ်းလိုက်ရင်းက လျှို့ဝှက်အသံဖြင့် ပြောလိုက်သည်။
~~အင်း…၊ မမ ရုတ်သိမ်းလိုက်မမယ်~~
နှင်းပန်းလည်း သူမ၏ အရှိန်ဝါအားလုံးကို ရုတ်သိမ်းလိုက်သည်။
~~အဆင်ပြေသွားပြီ မမ၊ ဟီးဟီး…၊ မမက သိုင်းအဆင့် ဖိနှိပ်တာရော အရှိန်ဝါရုတ်သိမ်းတာရော ပိုကျွမ်းကျင်လာပြီပဲ~~
~~အဲဒါ မောင်လေးဆီက သင်ထားတာလေ။ မောင်လေးလောက်တော့ မကျွမ်းကျင်သေးဘူး~~
~~အခုလည်း တော်တော် အဆင်ပြေနေပါပြီ။ တော်ရုံလူက မမကို ဖောက်မမြင်နိုင်တော့ပါဘူး~~
နှင်းပန်းက အခန်းထဲက နေ့အလင်းရောင်ကို ကြည့်ရင်း ပြောသည်။
~~အချိန်တောင် မစောတော့ဘူးပဲ~~
~~ဟုတ်သားပဲ။ မမပြောတော့မှ ကျွန်တော်လည်း ဗိုက်ဆာလာတယ်~~
~~ခစ်ခစ်…၊ ဒီကလေးကတော့လေ၊ အချိန်အခါကို ဂရုမစိုက်ဘဲ တဇွတ်ထိုး သိပ်လုပ်တာပဲ~~
ရှောင်လုံက နှင်းပန်းကို ပြန်ပြူးကြည့်သည်။
~~မမရောပဲလေ။ ဟီးဟီး~~
~~ကြည့်ကြည့်…၊ ဒီအစ်မကိုပါ ဆွဲခေါ်နေတယ်ပေါ့လေ~~
နှင်းပန်းက မျက်လုံးလေးထောင့်ကပ်ကာ ခပ်တည်တည်နှင့် ကြည့်လိုက်သည်။
ထိုအခါ ရှောင်လုံလည်း ဆက်မစရဲတော့ဘဲ ခေါင်းပုသွားတော့သည်။
~~ကဲ…၊ ထတော့၊ မမလည်း ဗိုက်ဆာနေပြီ။ တစ်ခုခု သွားစားကြရအောင်~~
~~ဟုတ်ကဲ့ မမ။ ဒါနဲ့လေ မမ၊ ညကျရင် အဲဒီ ဝမ်ကောင်လေးရဲ့ အစီစဉ်က စိတ်ဝင်စားဖို့ ကောင်းမယ်ထင်လား~~
~~စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တာပဲ။ ဘိုးဘိုးတို့ကတောင် သွားဖို့ ပြောနေတာဆိုတော့ တစ်ခုခုတော့ ထူးခြားမှာပါ။ ဘာလို့လဲ။ မောင်လေးက မသွားချင်လို့လား~~
~~သွားတော့ သွားချင်တယ်။ ဒါပေမဲ့ ဘာမှ သိပ်မဟုတ်ဘူးဆိုရင်တော့ မသွားချင်ဘူး။ မမနဲ့ အခုလိုလေးပဲ အတူတူ လေ့ကျင့်နေချင်တယ်~~
ရှောင်လုံ၏ စကားကြောင့် နှင်းပန်းက ပြုံးလိုက်မိသည်။
~~တံခါးပိတ်ပြီး လေ့ကျင့်တာက ကောင်းပေမဲ့ အပြင်လောကကို ရှုမြင်လေ့လာတာကလည်း ကောင်းတာပါပဲ။ ဒါကြောင့် အဲဒီလို သိုင်းလောကသားတွေ စုဆုံပြီး အသိမြင်တွေ ဖလှယ်တာကို သွားလေ့လာသင့်တယ်~~
~~ဟုတ်ကဲ့ မမ၊ ဒါဆို သွားကြရအောင်နော်~~
~~အင်း…၊ မမတို့ အတူတူ သွားကြတာပေါ့~~
~~ဟုတ်ကဲ့ မမ၊ မမ ထ~~
ရှောင်လုံက အရင်ထရပ်လိုက်ပြီး နှင်းပန်းကို ဆွဲထူပေးသည်။ သူတို့က အခုထိ လက်များကို မဖြုတ်ကြသေးပေ။
~~လိမ္မာတယ် ကလေးက~~
~~ဟီးဟီး…~~
အခန်း(၃၁၅) ပြီး
***