ကွေ့ကျိုးပြည်နယ်၊ နဂါးစိမ်းဂိုဏ်းအနောက်တောင်ပိုင်းဌာနချုပ်။
ဤကွေ့ကျိုးပြည်နယ်ကို နဂါးစိမ်းဂိုဏ်းလက်အောက်သို့ ရောက်ရှိအောင် အဓိကလှုပ်ရှားခဲ့သူမှာ ဒေါင်းမြီးစိမ်း ဖြစ်သည်။ နဂါးစိမ်းဂိုဏ်း၏ အနောက်တောင်ပိုင်းဌာနချုပ်ကိုလည်း ဖွင့်နိုင်ခဲ့ပြီး ဒေါင်းမြီးစိမ်းက ပထမဆုံး ဌာနချုပ်မှူး ဖြစ်လာခဲ့သည်။
သို့သော်လည်း လတ်တလော လှုပ်ရှားခဲ့သော နဂါးစိမ်းဂိုဏ်း၏ လှုပ်ရှားမှုများတွင် တာဝန်မကျေပွန်ရုံသာမက ဂိုဏ်းကိုလည်း ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်စေခဲ့သည့်အတွက် ဒေါင်းမြီးစိမ်းမှာ ဌာနချုပ်မှူးရာထူးမှ ဖယ်ရှားခံရပြီး စီချွမ်ပြည်နယ်သို့ ပြန်ဆင့်ခေါ်ခံခဲ့ရသည်။
ထို့ကြောင့် ဒေါင်းမြီးစိမ်းမှာ မနေ့က ကိုးလပိုင်း ကိုးရက်နေ့ကတည်းက စီချွမ်ပြည်နယ်သို့ ပြန်သွားခဲ့ရသည်။
ယနေ့ ကိုးလပိုင်း ဆယ်ရက်နေ့တွင် အနောက်တောင်ပိုင်းဌာနချုပ်သို့ ဌာနချုပ်မှူးအသစ် ရောက်လာခဲ့သည်။ ထိုလူသည်ကား ဒေါင်းမြီးစိမ်း၏ နေရာတွင် အစားထိုးဝင်ရောက်လာသော ဌာနချုပ်မှူး ကွေ့ကျိုးဆိုသူပင် ဖြစ်သည်။
ယခု ဌာနချုပ်မှူးသစ် ကွေ့ကျိုးက စာဖတ်ခန်းအတွင်း၌ ဌာနချုပ်၏ အခြေနေအရပ်ရပ်ကို လေ့လာစစ်ဆေးနေခဲ့သည်။ အထူးသဖြင့် လတ်တလော ကြုံခဲ့ရသော ဂိုဏ်း၏ ဆုံးရှုံးနစ်နာမှုများကို ပြန်စစ်ဆေးနေခဲ့သည်။ ဆုံးရှုံးနစ်နာမှုများထဲတွင် သူ့လက်အောက်မှ ဓားသုံးလက်ကိုပါ ဆုံးရှုံးခဲ့ရသည့်အတွက် ဌာနချုပ်မှူးကွေ့ကျိုးက အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။
ထို့ကြောင့် ဆုံးရှုံးနစ်နာစေခဲ့သည့် အကြောင်းရင်းများကို ပြန်လည် စစ်ဆေးနေသည်။ ဤဆုံးရှုံးနစ်နာမှုက ဒေါင်းမြီးစိမ်း၏ အစီအမံများ အားနည်းခဲ့၍ ဖြစ်သော်လည်း အဓိကမှာ ရန်သူ၏ ခြေလှမ်းကို မခန့်မှန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရန်သူ။
လတ်တလောတွင် နဂါးစိမ်းဂိုဏ်း၏ အဓိကရန်သူမှာ သူတောင်းစားဂိုဏ်းဖြစ်သည်။
‘သိုင်းထိပ်သီးအဆင့် တစ်ယောက်နှစ်ယောက် ဦးဆောင်လာတဲ့ သူတောင်းစားဂိုဏ်းသားလေး တစ်ရာကျော်ကိုတောင် မရှင်းလင်းနိုင်ခဲ့တာက မဟုတ်သေးပါဘူး။ ဘယ်လိုပဲ အစီမံတွေ လိုအပ်ချက်ရှိနေပါစေ ကိုယ့်ဘက်က အထိနာခဲ့ရင် ရန်သူဘက်ကလည်း အထိနာခဲ့သင့်တာပေါ့။ အခုတော့ သူတောင်းစားဂိုဏ်းသား တစ်ရာ့ငါးဆယ်လောက်မှာ သုံးဆယ်လောက်ပဲ ဆုံးရှုံးတယ်ဆိုတာက မဟုတ်ကို မဟုတ်ဘူး။ ဖြစ်နိုင်တာက ရန်သူ့အင်အားက ငါတို့ မထင်မှတ်ထားတဲ့ အင်အားမျိုး ရှိနေလို့ပဲ ဖြစ်ရမယ်’
ဌာနချုပ်မှူးကွေ့က စဉ်းစားတွက်ချက်နေစဉ်
“သတင်းပို့ပါတယ်”
အသံကို ကြားလိုက်ရပြီး မကြာခင် စာဖတ်ခန်းထဲသို့ ဆက်သား ရောက်လာသည်။
“ဟန်ကျိုးက စာပို့ခို ရောက်လာပါတယ်”
ဆက်သားက ပြောရင်း စာပို့ခိုဖြင့် ပို့လာသော သတင်းစာလိပ်ကို ဌာနချုပ်မှူးကွေ့ကျိုးထံ တရိုတသေ ကမ်းပေးသသည်။
ဌာနချုပ်မှူးကွေ့ကျိုးက စာလိပ်ကို လှမ်းယူပြီး ဖြေကြည့်လိုက်သည်။
_သူတောင်းစားဂိုဏ်း၊ ဂုဏ်ထူးဆောင်အပြင်အကြီးအကဲ၊ အထွတ်ထိပ်ကိုကျော်လွန်သည့်အဆင့်_
_အကျဉ်းသားများ လွတ်မြောက်_
ခိုစာတွင် သတင်းက နှစ်ခုပါလာသည်။
ပထမသတင်းကို မြင်သည်နှင့် ဌာနချုပ်မှူးကွေ့ကျိုး၏ မျက်နှာက တည်တင်းသွားသည်။ မျက်မှောင်ကြီးကုတ်က မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။
“မဖြစ်နိုင်တာ၊ သူတောင်းစားဂိုဏ်းမှာ ဘယ်က အထွတ်ထိပ်အဆင့်ကို ကျော်လွန်နေတဲ့ အကြီးကဲ ရှိရမှာလဲ။ မဖြစ်နိုင်တာ”
ဌာနချုပ်မှူးကွေ့ကျိုးက လက်မခံနိုင်အောင် ဖြစ်နေခဲ့သည်။
နဂါးစိမ်းဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းတို့ တိုက်ခိုက်လာသည့် ဤငါးနှစ်ခန့်အတွင်း သူတောင်းစားဂိုဏ်းကသာ အကြိမ်ကြိမ် အထိနာခဲ့သည်။ သူတောင်းစားဂိုဏ်း၏ ဌာနခွဲများစွာကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။ အနောက်ပိုင်းတစ်ခုလုံး၊ အနောက်တောင်ပိုင်းတစ်ခုလုံးနှင့် အလယ်ပိုင်းတချို့နေရာများမှ သူတောင်းဂိုဏ်း၏ နေရာအားလုံးကို ရှင်းလင်းထားနိုင်သည်အထိ နဂါးစိမ်းဂိုဏ်းက အသာစီးရထားခဲ့သည်။
သို့သော် ယခုတော့ အရှေ့ပိုင်းပီကင်းမှ လာသော နဂါးစိမ်းဂိုဏ်းအင်အားစုလေးတစ်ခုကို ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ခဲ့သော်လည်း မရှင်းလင်းနိုင်ခဲ့ရုံသာမက နဂါးစိမ်းဂိုဏ်းကသာ တစ်ခါမှ မဖြစ်ဖူးသော ထိခိုက်နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။ ယခုတစ်ဖန် ဟန်ကျိုး၌ အထွတ်ထိပ်ကို ကျော်လွန်နေသည့် အကြီးကဲတစ်ယောက် ပေါ်ထွက်လာပြန်သည်။
ထိုအခြေနေကို ဌာနချုပ်မှူးကွေ့ကျိုးမှာ လက်မခံနိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူက လက်မခံနိုင်အောင် ဖြစ်နေရုံသာ။ အခြေနေမှန်ကို မသိနိုင်အောင် အမြင်ကျဉ်းမြောင်းနေသူတော့ မဟုတ်ပေ။
“ဒီတော့ ဟန်ကျိုးမှာ စုရုံးကြတဲ့ ရည်ရွယ်ချက်က ဒါပေါ့။ ငါးစာချပြီး ငါတို့ကို မျှားတာက ဒီလိုအင်အားကြီးတဲ့ ဝှက်ဖဲ ရှိနေလို့ပေါ့”
ဌာနချုပ်မှူး ကွေ့ကျိုးက ပြောနေရင်း သူ၏ မျက်နှာက အေးစက်တင်းမာနေခဲ့သည်။ သူ၏ မျက်လုံးများကလည်း တိုက်ပွဲကို ဆာလောင်နေသော အငွေ့အသက်များနှင့် လောင်မြိုက်နေပြီး အရောင်တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။
“အထွတ်ထိပ်ကို ကျော်လွန်တဲ့အဆင့်တဲ့လား။ အဲဒါက ဘယ်လောက် အားကောင်းလဲဆိုတာ သိချင်လိုက်တာ”
ထို့နောက် ဌာနချုပ်မှူးကွေ့ကျိုးက စာရေးစားပွဲသို့ လျှောက်သွားပြီး ဆက်သွယ်ရေးခိုစာအဖြစ် စာတချို့ ရေးလိုက်သည်။ ထိုစာကို လိပ်ကာ ခိုစာကျည်တောက်လေးထဲထည့်ကာ ဆက်သားထံ ပစ်ပေးလိုက်သည်။
“ဒီစာကို ချန်ဒူးဌာနချုပ်ကို ပို့လိုက်”
“ဟုတ်ကဲ့ ဌာနချုပ်မှူး”
ဆက်သားက ခိုစာကျည်တောက်ကလေးကို ယူပြီး အမြန်ပြန်ထွက်သွားသည်။
ထိုနောက်တွင် ဌာနချုပ်မှူး ကွေ့ကျိုးက နောက်ထပ်ခိုစာတစ်စောင် ထပ်ရေးလိုက်သည်။
_အထွတ်ထိပ်ကို ကျော်လွန်တဲ့အဆင့်_
ခိုစာက ထိုမျှသာ ဖြစ်သည်။ ထိုမျှက လုံလောက်နေပြီဖြစ်၍ ထပ်ရေးစရာ မလိုတော့ပေ။
“လေးမျက်နှာကြီး ပြောတဲ့ ငါးက ကြီးနေရင် ပိုက်က ကွဲတတ်တယ်ဆိုတာ တကယ်မှန်နေတာပဲ။ ဟင်းဟင်း…၊ ငါးကြီးတစ်ကောင် ပေါ်ထွက်လာပြီဆိုတော့ ဖမ်းဖို့ ဘယ်သူ စိတ်ဝင်စားမလဲ မသိဘူး။ ဒီငါးကြီးကို သူတို့တွေ စိတ်ဝင်စားကြမယ်ထင်တာပဲ”
ဌာနချုပ်မှူးက နောက်ထပ် ခိုစာတစ်စောင် ထပ်ရေးလိုက်သည်။
_အကျဉ်းသား လွတ်မြောက်_
“လေးကို တင်ထားပြီးမှ ပစ်မှတ်က ပျောက်သွားတယ်။ ဒါကိုရော ဘယ်လို ကိုင်တွယ်မလဲဆိုတာ သိချင်မိတယ်။ လေးကို မြန်ချမလား။ မြားဦးကို အခြားတစ်ဖက်လှည့်ပြီး ပစ်မှတ်ပြောင်းမလား။ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ”
ဌာနချုပ်မှုးက ထိုခိုစားနှစ်စောင်ကိုတော့ ဆက်သားထံမပေးဘဲ စာကြည့်ခန်း ပြတင်းပေါက်တွင် ချိတ်ဆွဲထားသော ခိုလှောင်အိမ်ထဲက ခိုနှစ်ကောင်ကို ထုတ်ကာ ခိုခြေထောက်က စာကျည်တောက်ထဲ ထည့်ပြီး လွှတ်ပေးလိုက်သည်။
“ဖျတ် ဖျတ် ဖျတ်…”
ခိုနှစ်ကောင်တွင် တစ်ကောင်က တောင်ဘက်သို့ ဦးတည်ပျံထွက်သွားပြီး တစ်ကောင်က အနောက်ဘက်သို့ ဦးတည် ပျံထွက်သွားသည်။
“အခြေနေက ဒီလို အပြောင်းအလဲလေးတွေနဲ့ဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပေါ့။ မဟုတ်ရင် ပျင်းစရာကြီး။ အဟားဟားဟား…”
×××××××××
ရှန်ရှီးပြည်နယ်၊ ညလိပ်ပြာစံအိမ်။
ညဘက်တွင် ရောင်စုံမီးအိမ်များနှင့် ရောင်စုံလိပ်ပြာမယ်လေးများ လှုပ်ရှားပျံဝဲကာ ဝင်ထွက်စားသောက်ပျော်ပါးသူများနှင့် စည်ကားနေတတ်သော ညလိပ်ပြာစံအိမ်က ယခုလို နေ့ဘက်တွင်တော့ ဝင်ထွက်စားသောက်သူ နည်းပြီး အနည်းငယ် ငြိမ်သက်တိတ်ဆိတ်နေတတ်သည်။
ညလိပ်ပြာစံအိမ်၏ ခြံဝင်းကြီးအတွင်းက သီးခြားအဆောက်ဦးထဲတွင် အနီရောင်လိပ်ပြာနှင့် ဇီးကွက်စူးကေ့ချင်းတို့ ရှိနေကြသည်။
အနီရောင်လိပ်ပြာက စာတစ်စောင်ကို စိတ်ဝင်တစား ဖတ်နေသည်။
“စိတ်ဝင်စားစရာပဲ။ သူတောင်းစားဂိုဏ်းက ဒီလို ကစားကွက်မျိုးနဲ့ ဒီလို ဝှက်ဖဲမျိုး ထုတ်သုံးလာလိမ့်မယ်လို့ မထင်ထားဘူး။ မောင်လေးစူးကေ့ချင်းကရော ဘယ်လို မြင်လဲ”
စူးကေ့ချင်းက တစ်ချက်စဉ်းစားပြီး ပြောလာသည်။
“အဲဒီတစ်ကွက်က တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုစဉ်းစားမရတာက သူတို့မှာ ဒီလို ဝှက်ဖဲမျိုးရှိနေရင် ဘာဖြစ်လို အများကြီး အထိခိုက်အနစ်နာခံခဲ့တာလဲ။ ငါးနှစ်လောက် အထိခိုက်ခံပြီး နောက်ဆုတ်နေခဲ့တာက ဗျူဟာကောင်းတစ်ခုတော့ မဟုတ်ဘူးထင်တယ်”
အနီရောင်လိပ်ပြာက စူးကေ့ချင်းကို မျက်လုံးမှေးစင်း၍ ခပ်စူးစူးကြည့်ရင်း ပြုံးလိုက်သည်။
“စဉ်းစားလို့ မရဘူးလား။ ခစ်ခစ်…၊ မောင်လေးစူးကေ့ချင်းက အရေးကြီးတစ်ခုကို မေ့နေခဲ့တာပဲ။ မပြည့်စုံတဲ့ သတင်းအချက်လက်တွေကို အခြေခံပြီး အဖြေမရှာဘူးဆိုတဲ့ ညလိပ်ပြာစံအိမ်ရဲ့ လက်သုံးစကားကို မမေ့ထားနဲ့လေ။ အခု မောင်လေးစူးကေ့ချင်း လုပ်ရမှာ စဉ်းစားသုံးသပ်ပြီး အဖြေရှာနေရမှာ မဟုတ်ဘူး။ ပီကင်းကနေ ဟန်ကျိုးအထိ ခရီးစဉ်တစ်လျှောက်က အချက်အလက်တွေရော ဟန်ကျိုးမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာရော ပျောက်နေတဲ့ သဲလွန်စတွေ အချက်လက်တွေ ရှိတယ်။ အဲဒါကို ပြန်သွားရှာလာခဲ့။ ဒီအစ်မကြီးက နည်းနည်း စိတ်ရှည်ပေးထားမယ်။ ဟင်းဟင်း…”
သူ့မ၏ အပြုံးက အဆိပ်ပြင်းသော သန္ဓေပြောင်း လိပ်ပြာရိုင်းတစ်ကောင်၏ အဆိပ်ဆူးဖျားက ပျားရည်တစ်စက်ဟုပင် မထင်ရလောက်အောင် ယစ်မူးချိုမြိန်စရာ ကောင်းနေခဲ့သည်။
စူးကေ့ချင်းလည်း သူ့အတွေးများကို ရပ်ပြီး ထိုနေရာမှ ချက်ချင်း ထွက်သွားခဲ့သည်။
“အဟင်း…၊ အလုပ်ကို ကောင်းကောင်းမလုပ်ရင်တော့…”
အနီရောင်လိပ်ပြာက ထွက်သွားသော စူးကေ့ချင်းကို လှမ်းကြည့်ကာ တီးတိုးရေရွတ်ရင်း လှပစွာ ပြုံးလိုက်သည်။
“စူးကေ့ချင်းရဲ့ ဇီးကွက်တွေတောင် သဲလွန်စက ရှာမတွေ့ထားဘူးဆိုတော့ သူတောင်းစားဂိုဏ်းရဲ့ အဲဒီတစ်ကွက် တော်တော်လေး သိုဝှက်တယ်ပြောရမှာပဲ။ အဟင်းဟင်း…၊ စိတ်ဝင်စားစရာပဲ”
သူမက စူးကေ့ချင်းကိုလည်း စူးကေ့ချင်း၏ ဇီးကွက်ကွန်ယက်ကိုလည်းကောင်း ကောင်းစွာသိသူ ဖြစ်သည်။ သတင်းအချက်လက်များ မပြည့်ခြင်းမှာ စူးကေ့ချင်း၏ လိုအပ်မှုကြောင့် မဟုတ်ဘဲ သူတောင်းစားဂိုဏ်း၏ အစီစဉ်က မထင်မှတ်ထားသော မြှုပ်ကွက်တစ်ခု ရှိနေခဲ့သည်ကို သူမက နားလည်ခဲ့သည်။
“အဲဒီ အထွတ်ထိပ်အဆင့်ကို ကျော်လွန်တဲ့တစ်ယောက်က ဘယ်သူဖြစ်မလဲ။ သူက ဒီကစားပွဲရဲ့ အရေးပါတဲ့ ကျားစေ့တစ်စေ့ ဖြစ်လာတာဆိုတော့ ငါတို့ မျက်စိအောက်က လွတ်ထွတ်နေလို့ မဖြစ်ဘူးမဟုတ်လား”
သူမက တစ်ယောက်တည်းပြောရင်း လှပစွာ ပြုံးနေခဲ့သည်။
ရှန်ရှီးပြည်နယ် အရှေ့ပိုင်း၊ ကျားဖြူရဲတိုက်။
ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက လက်ထဲမှ စာပို့ခိုသတင်းစာရွက်ကလေးကို ကြည့်ပြီး အတွေးနက်နေသည်။
“အထွတ်ထိပ်အဆင့်ကို ကျော်လွန်နိုင်တဲ့လူ ပေါ်ထွက်လာပြီတဲ့လား။ သူတောင်းစားဂိုဏ်းမှာ အဲဒီလို အဆင့်အတန်းမျိုး ရှိနေခဲ့တာလား။ စိတ်ဝင်စားစရာပဲ”
ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက ပြတင်းပေါင်မှ အပြင်သို့ လှမ်းမျှော်ကြည့်ရင်း တီးတိုးရေရွတ်သည်။
“အဲဒီ ဖန်းအာကတော့ ဘယ်လိုတွေ ဆက်လှုပ်ရှားဖို့ စီစဉ်ထားတယ်ဆိုတာတောင် ဒီအဘိုးကို အသိမပေးဘူး။ ကြည့်ရတာ ဟန်ကျိုးမှာ နားတွေ မျက်စိတွေ သိပ်များနေတာထင်တယ်။ ဒါကြောင့် စာပို့ခိုနဲ့ မပြောချင်တာ ဖြစ်မယ်။ ဘယ်လောက်တောင် သတိကြီးလိုက်တဲ့ ကလေးလဲလို့။ ဟားဟား…”
ကျားဖြူရဲတိုက်၏ သခင်ငယ်လေး ဝမ်တျန်းဖန်းက သိုင်းလောကထဲ ဆင်းသွားပြီး အတွေ့ကြုံယူနေသည် မဟုတ်ပါလား။
“သိုင်းလောကကြီးက ဒီလို ပြောင်းလဲလာတယ်။ အကျဉ်းသားတွေကလည်း လွတ်မြောက်သွားတယ်။ ဒါက ကိစ္စကြီးတစ်ခု ဖြစ်လာနိုင်တဲ့ အနေထားပဲ။ ဒီလိုဆိုတော့ ငါ့ရဲ့ အစီစဉ်တွေကိုလည်း အမြန်ဆုံး အကောင်ထည်ဖော်ထားရမယ်”
ရဲတိုက်သခင်ကြီး၏ မျက်လုံးများက တဖျတ်ဖျတ်နှင့် တောက်ပနေလေ၏။
“ဟိုအရူးအဖိုးကြီးနှစ်ယောက် ဒီနေ့ ဘာတွေ ထုပ်လုပ်ထားလဲဆိုတာ တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ထိုနောက် ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက လျှို့ဝှက်တံခါးကို ဖွင့်၍ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ချယ်ရီဂိုဏ်း။
ဒုတိယအဆင့် ဝင်္ကပါ၏ အလွန်နှင့် ဂိုဏ်းအဆောက်ဦးများအကြား နေရာလွတ် ကွင်းပြင်နေရာ သို့မဟုတ် တတိယအဆင့် ဝင်္ကပါနယ်မြေ။
ဤနေရာကား ချယ်ရီဂိုဏ်း၏ ထပ်မံတိုးချဲ့တည်ဆောက်ထားသော ဝင်္ကပါနယ်မြေဖြစ်သည်။ ယခင်တည်ဆောက်ထားသော ပထမအဆင့်ဝင်္ကပါက အတားဆီးဝင်္ကပါအသေ ဖြစ်သည်။ ဝင်္ကပါပညာကို မသိသော လူများအတွက် ကြီးမားသော အတားအဆီးဖြစ်နိုင်သော်လည်း ဝင်္ကပါပညာကို သိထားသူများအတွက် မဖြေရှင်းနိုင်သော ဝင်္ကပါမျိုး မဟုတ်နေပေ။
ဒုတိယအဆင့်ဝင်္ကပါက ထောင်ချောက်နှင့် တွဲထားသော အတားဆီးဝင်္ကပါနှင့်သတ်ဖြတ်ခြင်းဝင်္ကပါအရှင် ဖြစ်သည်။ ထိုဒုတိယအဆင့်ဝင်္ကပါက ဝင်္ကပါပညာကို နားလည်သူများအတွက်ပင် အခက်ခဲဖြစ်နေနိုင်သော ဝင်္ကပါ ဖြစ်သည်။ အမှားမခံသော ဝင်္ကပါ ဖြစ်နေ၍ပင်။ ပထမအဆင့်ဝင်္ကပါက လမ်းမှားလျှင် လမ်းမှန်ကို ပြန်ရှာဖို့ အခွင့်ရေး ရှိနေသေးသည်။
ဒုတိယအဆင့်ဝင်္ကပါအရှင်က လမ်းမှားလျှင် သတ်ဖြတ်ခြင်းစနစ် ထောင်ချောက်များ အသက်ဝင်လာမည် ဖြစ်သည်။ ထို့ကြောင့် အမှားမခံပါ။ ဝင်္ကပါပညာသာမက သိုင်းပညာပါ မမြင့်မားနေလျှင် လွတ်မြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
တတိယအဆင့်ဝင်္ကပါကား သဘဝနှင့် ပေါင်းစပ်ဖန်တီးထားသော ဝင်္ကပါဖြစ်သည်။
ဒုတိယအဆင့်ဝင်္ကပါကို ကျော်လာလျှင် ရောက်ရှိသည့် ကွင်းပြင်ကျယ်ကြီးကို ဝင်္ကပါအဖြစ် ပြောင်းလဲဖန်တီးထားခြင်းပင် ဖြစ်သည်။ ထိုကွင်းပြင်ကျယ်ကြီးကား ယခင်အတိုင်း ချယ်ရီဂိုဏ်းအဆောက်ဦးများရှိရာသို့ သွားသော ကျောက်ခင်းလမ်းမှလွဲ၍ တခြားဘာမှ မရှိနေပေ။ နဂိုအတိုင်း သဘာဝအတိုင်းသာ ရှိနေသည်။
ထို့ကြောင့် ဝင်္ကပါဟုပင် မထင်ရပါ။ ထိုသို့မထင်ရအောင်လည်း သဘာဝနှင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ဝင်္ကပါမှန်း မသိစေဘဲ ဝင်လာမိစေမည့် ဝင်္ကပါဖြစ်သည်။
ပထမအဆင့်ဝင်္ကပါနှင့် ဒုတိယအဆင့်ဝင်္ကပါ နှစ်ခုလုံးက ရန်သူကို ဝင်မလာနိုင်အောင် တားဆီးဟန့်တားထားမည့် ဝင်္ကပါဟု ဆိုလျှင် ဤတတိယအဆင့်ဝင်္ကပါက ရန်သူကို ဝင်လာအောင် မျှားခေါ်ထားသည့် အစစ်အမှန် သတ်ဖြတ်ခြင်း ဝင်္ကပါကြီး ဖြစ်သည်။
ယခု ထိုနေရာတွင် ချယ်ရီဂိုဏ်းချုပ်ယန်ဟွေ့နှင့် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ချွမ်တိတို့ ရှိနေကြသည်။
တတိယအဆင့်ဝင်္ကပါ၏ နောက်ဆုံးအဆင့် တည်ဆောက်မှုများကို ချယ်ရီဂိုဏ်းချုပ်က ကိုယ်တိုင် လာရောက် စစ်ဆေးနေခြင်း ဖြစ်သည်။
ချယ်ရီဂိုဏ်း၏ ပထမအဆင့်နှင့် ဒုတိယအဆင့် ဝင်္ကပါနှစ်ခုလုံးကို အထွတ်ထိပ်ဂိုဏ်းကြီးကိုးဂိုဏ်းမှ ဝင်္ကပါပညာအရင်းအမြစ်များကို အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ယခု ဤတတိယအဆင့် ဝင်္ကပါကိုတော့ ချယ်ရီဂိုဏ်းချုပ်ကိုယ်တိုင် နှစ်တချို့ကြာအောင် အချိန်ယူပြင်ဆင်ပြီး တည်ဆောက်စေခဲ့သည်။
ချယ်ရီဂိုဏ်းချုပ်က သူမ အော်မေ့တောင်တွင် ထူးဆန်းသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သော နေရာအခင်းအကျင်းကို နောင်တွင် သဘာဝနှင့် ပေါင်းစပ်ထားသော အဆင့်မြင့်ဝင်္ကပါတစ်ခုမှန်း သိခဲ့သည်။ ထိုအသိကို အခြေခံ၍ ယခု ဤတတိယအဆင့်ဝင်္ကပါကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ချယ်ရီဂိုဏ်းချုပ်က လက်ထဲက ဝင်္ကပါပုံစံစာရွက်များကို ကြည့်၍ ပတ်ဝန်းကျင်အခြေနေများကို လှည့်ပတ်စစ်ဆေးနေသည်။
“နောက်ဆုံးအဆင့် မပြီးသေးပေမဲ့ အခုအနေထားနဲ့တောင် ဝင်္ကပါကို အသုံးပြုလို့ ရနေပါပြီ ဂိုဏ်းချုပ်”
လုံခြုံရေးအဖွဲ့ခေါင်းဆောင်က သူ တာဝန်ယူတည်ဆောက်ထားသော ဝင်္ကပါကြီးကို အလွန်အားရကျေနပ်နေသည်။
“မလုံလောက်သေးဘူး။ အမြန်ဆုံး အပြီးသတ်နိုင်အောင် ကြိုးစားပြီး တည်ဆောက်ပေးပါ။ ရန်သူကို လျှော့မတွက်နဲ့ စကားထက်ကို အခု ငါတို့ ရင်ဆိုင်နေရတဲ့ ရန်သူကို လျှော့တွက်လို့ မရဘူး”
ချယ်ရီဂိုဏ်းချုပ်က အလေးအနက် ပြောသည်။
လုံခြုံရေးအဖွဲ့ခေါင်းဆောင်လည်း လေးနက်သွားပြီး ခေါင်းညိတ်သည်။ သူ့စိတ်ကလည်း အလွန်လေးလံသွားသည်။ သူတို့၏ ရန်သူက အမှန်ပင် ကြောက်လန့်စရာ ကောင်းသည် မဟုတ်ပါလား။
“ကျွန်တော် အမြန်ဆုံးပြီးအောင် တည်ဆောက်လိုက်ပါ့မယ်”
ထိုစဉ် ကင်းထောက်အဖွဲ့သားတစ်ယောက် စာလာပို့သည်။
“အဖွဲ့ခေါင်းဆောင်ဆီက သတင်းရောက်လာပါတယ် ဂိုဏ်းချုပ်”
ချယ်ရီဂိုဏ်းချုပ်က အသာခေါင်းညိတ်ပြီး ကင်းထောက်အဖွဲ့သား လာပေးသော စာကို ယူပြီး ဖတ်ကြည့်သည်။ သတင်းကို ဖတ်ပြီးနောက် ချယ်ရီဂိုဏ်းချုပ်က ကျေနပ်စွာ ပြုံးသည်။
“သတင်းကောင်းလား ဂိုဏ်းချုပ်”
ချယ်ရီဂိုဏ်းချုပ်က ခေါင်းညိတ်သည်။
“ဟုတ်တယ်။ သတင်းကောင်း။ ငါတို့အတွက် မျှော်လင့်ချက် ရှိလာပြီ။ ငါထင်တယ် ဒီသတင်းသာ သိုင်းလောကထဲ ပြန့်သွားရင် သိုင်းလောကတစ်ခုလုံး လှိုင်းအကြီးကြီး ထသွားလိမ့်မယ်”
လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာ အလွန်စိတ်ဝင်စားသွားသည်။
“ဘာသတင်းများလဲ ဂိုဏ်းချုပ်”
“သိုင်းလောကမှာ အထွတ်ထိပ်ကို ကျော်လွန်တဲ့အဆင့် ပေါ်ထွက်လာတဲ့ သတင်းပေါ့”
လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာ အထွတ်ထိပ်ကိုကျော်လွန်သည့်အဆင့် ပေါ်ထွက်လာပြီဟု ကြားလိုက်သည်နှင့် ရင်ထဲ ဒိန်းကနဲ မြည်သွားသည်။ တစ်ဆက်တည်း ဂိုဏ်းချုပ်၏ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ထိုပုဂ္ဂိုလ်မှာလည်း မိမိတို့၏ ရန်သူမဟုတ်နိုင်သည်ကို သိလိုက်သည်။
မျှော်လင့်ချက်တစ်ခု ရင်ထဲ ဖျတ်ကနဲ ပေါက်ဖွားလာတော့သည်။ မျှော်လင့်ချက်မဲ့ကာ လေးလံနေခဲ့သော စိတ်လည်း တလှပ်လှပ်နှင့် လှုပ်ရှားလာတော့သည်။
“ဂိုဏ်းချုပ်…၊ ဒါဆို…ဒါဆို…”
“ဟုတ်တယ်။ ငါတို့မှာ မျှော်လင့်ချက် ရှိနေခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်ရက်ကတည်းက နာယကကြီးပုယွဲ့ဟိုင်ဆီက သတင်းရထားပြီးပြီ။ ထုတ်ပြောဖို့ အချိန်မကျသေးလို့ အဖွဲ့ခေါင်းဆောင်တွေကို မပြောပြခဲ့သေးတာ။ သူက အဲဒီလောက်ကြီး မြန်မြန်ဆန်ဆန်နဲ့ သူ့ကိုယ်သူ ထုတ်ပြမယ်လို့ မထင်ထားဘူး”
“ဂိုဏ်းချုပ်…၊ အဲဒီ ပုဂ္ဂိုလ်ကြီးက ဘယ်သူများလဲ”
လုံခြုံရေးအဖွဲ့ခေါင်းဆောင်က သိချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေတော့သည်။ နာယကကြီးများထဲကလားဟုလည်း တွေးနေခဲ့သည်။
“အဲဒါကိုတော့ ပြောဖို့ စောပါသေးတယ်။ ကောင်းပြီ။ တည်ဆောက်ရေးကို အရှိန်မြှင့်လိုက်။ ဒီသတင်းက ထွက်သွားပြီဆိုတော့ နဂါးစိမ်းဂိုဏ်းကလည်း ကြားပြီးနေလောက်ပြီ။ အဲဒီသတင်းက လှုပ်ရှားမှုကြီးတစ်ခုကို အစပျိုးလိုက်မယ့် ပထမဆုံး လှိုင်းဖြစ်နေမှာ စိုးရိမ်ရတယ်”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်။ ကျွန်တော် အမြန်ဆုံးပြီးအောင် ကြိုးစားတည်ဆောက်လိုက်ပါ့မယ်”
လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ အသံက ခုနကလို မဟုတ်တော့ဘဲ ခွန်အားများ ပြည့်နေပြီး တက်ကြွနေခဲ့သည်။
မျှော်လင့်ချက်တစ်ခု ရရှိလိုက်ခြင်းက အရာများစွာကို ပြောင်းလဲသွားစေနိုင်သည် မဟုတ်ပါလား။
“ဒီသတင်းကို ဂိုဏ်းသားတွေကြားမှာလည်း ထုတ်ပြန်ပေးလိုက်ပါ။ သူတို့တွေ ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ အားရှိသွားမှာပါ”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်၊ ကျွန်တော် အခုပဲ ထုတ်ပြန်ပေးလိုက်ပါ့မယ်”
အထွတ်ထိပ်ကိုကျော်လွန်သောအဆင့် ထွက်ပေါ်လာခြင်းက သိုင်းလောကမျိုးဆက်များကိုသာမက မျိုးဆက်ဟောင်းများ လူအိုကြီးများကိုပင် လှုပ်ခါသွားပေလိမ့်မယ်။
‘ထိုက်ဆန်းဂိုဏ်းချုပ် ပြောတာကတော့ သူလည်း အဲဒီကလေးဆီကနေ လမ်းစတစ်ခု ရခဲ့တယ်တဲ့။ သူ ကြုံတွေ့နေတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ လမ်းစဆိုပဲ။ ဘယ်လောက်တောင် ဆန်းကြယ်နေလိုက်တဲ့ ကလေးလဲလို့။ အဲဒီက ကိစ္စတွေ ပြီးရင် ဂိုဏ်းကို မြန်မြန်ရောက်လာဖို့ကိုပဲ မျှော်ရတော့မယ်’
ချယ်ရီဂိုဏ်းချုပ်က တွေးရင်းနှင့် ကောင်းကင်ပေါ်က ထွန်းလင်းနေသော နေမင်းကြီးကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင်လည်း မျှော်လင့်ချက်များဖြင့် တောက်ပနေလေ၏။
အမှန်တွင်လည်း ဟန်ကျိုးမြို့မှ ပြန့်နှံ့လာသော သတင်းတစ်ခုက နေ့မကူးခင်မှာပင် ရေကန်ထဲ ခဲလုံးကျသလို သိုင်းလောကကြီးတစ်ခုလုံးကို ပြန့်နှံ့လှုပ်ခါသွားစေခဲ့သည်။
တစ်ကိုယ်တော်သိုင်းသမားများ၊ ခြေသလုံးအိမ်တိုင်း သိုင်းသမားများ၊ သိုင်းမိသားစုများ၊ သိုင်းအိမ်တော်များ၊ သိုင်းဂိုဏ်းများ၊ သိုင်းရဲတိုက်များ၊ သိုင်းကျောင်းတော်များ အားလုံး၏ နားထဲသို့ ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အားလုံး၏ အတွေးထဲတွင် ခေါင်းလောင်းသံများ မြည်သွားခဲ့သည်။
အထွတ်အထိပ်အဆင့်က လမ်းဆုံးမဟုတ်။ထိုအဆင့်ကို ကျော်ဖြတ်နိုင်သည့် အခွင့်အလမ်း ရှိနေသေးသည်။ သိုင်းလောကကြီးက အဆုံးစွန်ထိ မနိမ့်ကျသေးဟူသော အတွေးများနှင့် မျှော်လင့်ချက်များ နိုးထလာကြသည်။
“အထွတ်ထိပ်အဆင့်ကို ကြက်ကလေးငှက်ကလေးကို ရိုက်နှက်ပစ်ခဲ့တယ်တဲ့”
“အဲဒီအကြီးကဲရဲ့ လှုပ်ရှားမှုတွေက လေလိုမြန်ပြီး အရိပ်လို သိမ်မွေ့နေတာတဲ့”
“အမြဲတမ်း ထောင်လွှားနေတဲ့ သရဲနက်က အဲဒီ အကြီးကဲရှေ့မှာ ကြက်ပေါက်စလေးလိုပဲ အရိုက်ခံနေရတာ။ ခေါင်းတောင် မထောင်နိုင်ဘူးတဲ့”
“တုတ်ရိုက်ချက်တွေကနေ ထွက်လာတဲ့ မီးတောက်ကြီးတွေဆိုတာ ကောင်းကင်မှာ ပျံဝဲနေတဲ့ မီးနဂါးကြီးတွေလားတောင် ထင်ရတယ်တဲ့”
ထိုသို့ တစ်ဆင့်စကားဖြင့် ပြောကြဆိုကြ အံ့ဩကြသူများက အံ့ဩကြသည်။
“သူတောင်းစားဂိုဏ်းက သူတို့ရဲ့ ရှေးအမွေအနှစ်ကို ပြန်ဖော်ထုတ်လိုက်နိုင်တာများလား။ အဲဒီ တုတ်သိုင်းက သမိုင်းထဲက ခွေးရိုက်တုတ်သိုင်းဆိုတာများ ဖြစ်နေမလား”
“တုတ်ရိုက်ချက်မှာ မီးနဂါးကြီးတွေ ပေါ်ထွက်လာတာဆိုတော့ အဲဒါ ဒဏ္ဍာရီတွေထဲက မီးနဂါးသိုင်းပညာများ ဖြစ်နေမလား။ ဒါမှမဟုတ် သူတောင်းစားဂိုဏ်းရဲ့ ရှေးဒဏ္ဍာရီတွေမှာ နဂါးလက်ဝါးသိုင်းဆိုတာလည်း ရှိခဲ့တာဆိုတော့ အဲဒီသိုင်း ပြန်ပေါ်ထွက်လာတာများလား”
“သိုင်းလောကကြီး တစ်ခေတ်ပြန်ဦးမော့လာတော့မှာလား”
စသည် စသည်ဖြင့် ထင်မြင်ဝေဖန်ပြောဆိုနေကြသူများကလည်း ပြောဆိုနေကြသည်။
မည်သို့ပင်ဆိုစေ။ ထိုသတင်းက သိုင်းလောကကြီးကို အမှန်ပင် လှုပ်ခတ်သွားစေခဲ့လေ၏။ ထိုသတင်းက တချို့အတွက် မျှော်လင့်ချက်များ ဖြစ်လာခဲ့သည်။ တချို့အတွက် အစီစဉ်များ အကောင်ထည်ဖော်ရန် ဖြစ်လာခဲ့သည်။ တချို့အတွက် ကစားကွက်များ ပြင်ဆင်ရန် ဖြစ်လာခဲ့လေ၏။
အခန်း(၃၁၆)ပြီး
***