နေဝင်သွားပြီဖြစ်၍ မှောင်စပျိုးလာလေပြီ။
ကိုးလပိုင်း ဆယ်ရက်နေ့ဖြစ်၍ လထွက်ရန် အချိန်တချို့ လိုနေသေးသည်။
ဟန်ကျိုးမြို့ အနောက်တောင်ဘက်ရှိ ရှီရေကန်ပတ်လည်၌ ထောင်ချီသော သိုင်းလောကသားများ စုရုံးနေကြလေ၏။
ရှီရေကန်၏ အလယ်တွင် ကျွန်းတစ်ကျွန်းလည်း ရှိသည်။ ကျွန်း၏ ပုံစံက တခြားကျွန်းများလို ကုန်းမြေထုတစ်ခု တည်ရှိနေခြင်းမဟုတ်ဘဲ အဝိုင်းပုံစံ ကုန်းမြေတန်းကလေးအဖြစ် တည်ရှိနေခြင်းဖြစ်သည်။
ကန်ရေပြင်အလယ်၌ လတစ်စင်း၏ ပုံကို စုတ်ချက်ဖြင့် ရေဆွဲထားသကဲ့သို့ပင်။ ထို့ကြောင့်လည်း လရိပ်ကျွန်းဟု ခေါ်ခြင်း ဖြစ်ပေမည်။
လရိပ်ကျွန်း၏ ကျွန်းတန်းဝိုင်းအလယ်ခေါင်တွင် ရေပြင်တစ်ခု ထပ်ရှိနေသေးပြန်သဖြင့် ရေပြင်အလယ်ခေါင်တွင် ကျွန်းတန်းဝိုင်း၊ ကျွန်းတန်းဝိုင်း၏ အလယ်ခေါင်တွေ နောက်ထပ် ရေကန်လေးတစ်ခုနှင့် သဘာဝ၏ ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်နေသည်။
သိုင်းလောကမျိုးဆက်သစ်များကြား သိုင်းပညာအသိမြင်ဖလှယ်ပွဲကို ထိုလရိပ်ကျွန်းပေါ်၌ ကျင်းပမည် ဖြစ်သည်။
သို့သော် ကမ်းစပ်နှင့် လရိပ်ကျွန်းက မြားတစ်ပစ်ခန့် ဝေးသည်။ ရေကန်ပတ်လည်ကမ်းစပ်တစ်လျှောက်တွင် လှေလည်း မရှိသလို ဖောင်လည်းမရှိပေ။ တံတားလည်း ရှိမနေခဲ့ပေ။
“နေကြပါဦး။ ကျွန်းပေါ်ကို ဘယ်လို သွားကြမှာလဲ”
သိုင်းသမားလူရွယ်တစ်ယောက်က ထပြောလိုက်သည်။
ထိုအခါမှ ထောင်ချီသော သိုင်းသမားများလည်း ရုတ်တရက်ဆိုသလို ခေါင်းထောင်သွားသည်။
“ဟုတ်သားပဲ။ ကျွန်းကို ဘယ်လို သွားကြမှာလဲ။ ရေကူးသွားရမှာလား”
“အစီစဉ်ကို လုပ်တဲ့သူက လှေတွေဘာတွေ မစီစဉ်ပေးဘူးလား”
“အချိန်ကတော့ စောပါသေးတယ်။ လထွက်ဖို့ တော်တော်လိုသေးတယ်”
တချို့က ကျွန်းပေါ်ကို မည်သို့သွားရမည်နည်းဟု စဉ်းစားနေကြသလို တချို့ကလည်း ပွဲစီစဉ်သူက တစ်ခုခု စီစဉ်ပေးထားလိမ့်မည်ဟုသာ တွေးထားလိုက်ကြသည်။
မကြာခင် မှောင်ပေတော့မည်။ ညလေက အေးအေးစိမ့်စိမ့်နှင့် စတင်တိုက်ခတ်လာသည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေဖြစ်၍ အေးမြလတ်ဆတ်သော ရေငွေ့နံ့လည်း ပါလာသည်။
ထိုအခါ သိုင်းလောကသားများလည်း ရေကန်ပတ်လည်က ဟိုမှသည်မှ ထင်းရှာပြီး မီးဖိုများ ဖိုလိုက်ကြသည်။
အခုတော့ ကန်ပတ်လည်တွင် မီးဖိုများနှင့် လင်းထိန်ကာ နွေးထွေးစည်ကားသွားတော့သည်။
“ပွဲစီစဉ်တဲ့သူ မလာသေးဘူးလား”
“အချိန်မစောတော့ဘူးနော်။ တစ်ခုခု စလုပ်သင့်နေပြီ”
“ပွဲစီစဉ်တဲ့သူက ဘယ်သူလဲ”
“ဝမ်သခင်လေးတဲ့”
“ဘယ်က ဝမ်သခင်လေးလဲ”
“မင်းက ငါ့ကို မေးတယ်၊ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ”
လထွက်ချိန်သို့ နီးကပ်လာသည်နှင့် ရေကန်ပတ်လည်က သိုင်းလောကမျိုးဆက်သစ် လူငယ် လူရွယ်များမှာ ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ တချို့က မနက်ကတည်းက ရောက်နေကြခြင်းဖြစ်၍ သူများထက် ပိုဆန္ဒစောနေကြသည်။
တချို့က စောင့်နေရင်းနှင့် မီးဖိုတွင် အုပ်စုလိုက် ဝိုင်းဖွဲ့မိကြပြီး အသားငါးများ ကင်သည့်အဖွဲ့က ကင်၊ ကန်စွန်းဥ ဖုတ်သည့်အဖွဲ့က ဖုတ်၊ အမြည်းချက်သည့်အဖွဲ့က ချက်နှင့် လူငယ်လူရွယ်များပီပီ ပျော်ရွှင်မှုကို ဖန်တီးယူကြတော့သည်။ တချို့က ရေကန်ထဲ ငါးမျှားသူက မျှားနေလိုက်ကြသည်။
ထိုအချိန်တွင် ဟန်ကောင်းရှင်း၊ ဝမ်ယောက်ရှီး၊ ရှောင်လုံ၊ နှင်းပန်း၊ ကျန်းရှီးနှင့် ဖန်းချင်းတို့လည်း ရှီရေကန်သို့ ရောက်လာကြသည်။
ဝမ်ယောက်ရှီးက သူလည်း အသက်သုံးဆယ်မပြည့်သေးဟုဆိုတာ လိုက်လာခဲ့သည်။ အမှန်တော့ သူက အပြင်သိုင်းလောက၏ လူငယ်မျိုးဆက်များကို အကဲခတ်ကြည့်လို၍ ဖြစ်သည်။
“ဝိုး…၊ လူတွေ အများကြီးပဲ”
ရှောင်လုံက ပြောရင်း ရေကန်ပတ်လည်က မီးပုံများနှင့် သိုင်းလောကသားများကို လိုက်ကြည့်နေသည်။
“ဟို ဝမ်ကောင်လေးကိုလည်း မတွေ့ပါလား”
ရှောင်လုံ၏ စကားကို ဝမ်ယောက်ရှီးက တုံ့ပြန်သည်။
“တစ်နေရာရာမှာ ရှိမှာပေါ့။ ဒီလောက်လူတွေအများကြီးထဲ ချက်ချင်း ဘယ်ရှာတွေ့မှာလဲ”
“ဟုတ်သားပဲနော် ဟီးဟီး…”
အမှန်တော့ ရှောင်လုံက လှည့်ပတ်ကြည့်သလိုလိုနှင့် အသံနိမ့်လှိုင်းသိုင်းပညာကို သုံးကာ ရှာကြည့်လိုက်ခြင်း ဖြစ်သည်။ ထိုလူထောင်ချီထဲတွင် ဝမ်ကောင်လေးက တကယ်မရှိနေပေ။
ဝမ်ယောက်ရှီးက ရှောင်လုံ၏ စပ်ဖြီးဖြီးအမူရာကို တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။ သူ၏ ဟိတ်ဟန်ကြီးသော ပုံစံက ပြန်ပေါ်နေခဲ့ပြီဖြစ်၍ ရှောင်လုံလို ကောင်လေးကို သူက အဖက်မလုပ်ချင်ပုံ ရသည်။
ကျန်းရှီက ဝင်ပြောသည်။
“ကန်တစ်ပတ် လျှောက်ကြည့်လိုက်ကြမလား။ ဒါဆို တွေ့ချင်တွေ့နိုင်တယ်”
ဖန်းချင်းက…
“ဒါထက် လထွက်ဖို့က အချိန်သိပ်မလိုတော့ဘူးမဟုတ်လား။ ဘာဖြစ်လို့ ဒီလူတွေက ကျွန်းပေါ် မသွားကြသေးတာလဲ”
“ဟုတ်သားပဲ။ အဲဒီ ဝမ်ကောင်စုတ်လေးက လူတွေအများကြီးကို ခေါ်ထားပြီးတော့ သူက ဘယ်သွားနေတာလဲ မသိဘူး”
ရှောင်လုံ၏ စကားကြောင့် ဟန်ကောင်းရှင်း၊ ကျန်းရှီနှင့် ဖန်းချင်းတို့က ရှောင်လုံကို ကြည့်လာကြသည်။
အသားက မည်းမည်း၊ အဝတ်စားက စုတ်စုတ်ပြတ်ပြတ်နှင့် သူတောင်းစားနှင့် တူနေသူက သန့်ရှင်းတောက်ပသော တန်ဖိုးကြီး အဝတ်စားများနှင့် ဖြူသန့်ကြည်လင်ကာ အလွန်ချောမောသော ဝမ်သခင်လေးကို ကောင်စုတ်လေးဟု ပြောနေ၍ ဖြစ်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
အားလုံးက ပြုံးစိစိလုပ်ကာ အကြည့်လွှဲလိုက်ကြသည်။
ထို့နောက် သူတို့အဖွဲ့က ရေကန်ကို ပတ်လျှောက်၍ ဝမ်သခင်လေးကို လိုက်ရှာကြသည်။
တစ်နေရာအရောက်တွင်
“ရှောင်အစ်ကို၊ ရှောင်အစ်ကို မဟုတ်လား”
ခေါ်သံ မေးသံနှင့်အတူ မိန်းကလေးတစ်ယောက်က ရှောင်လုံထံသို့ ဦးတည်၍ ခပ်သုတ်သုတ် လျှောက်လာသည်။
နီညိုရောင်ဆံပင်၊ မျက်လုံးပြာပြာ၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်၊ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးခပ်သွယ်သွယ်နှင့် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ခန့် ရှိမည့် လူမျိုးခြားပုံပေါက်နေသော မိန်းမချောလေးတစ်ယောက် ဖြစ်သည်။
သူမ၏ နောက်ကျောတွင် လေးကြီးတစ်လက်ကို လွယ်ထား၏။ သူမ၏ လေးက လေးကြိုးနှစ်ပင်နှင့်ဖြစ်ပြီး လေးကြိုးနှစ်ပင်အလယ်တွင် ပင့်ကူအိမ်လို ကွန်ယက်လေးတစ်ခုက လေးကြိုးနှစ်ပင်နှင့်တွဲ၍ ယက်ထားသည်။ ထိုအရာကား လေးမဟုတ်ပေ။ လောက်လေးဖြစ်သည်။
ထိုမိန်းကလေးက ရှောင်လုံကို တောက်ပသော မျက်လုံးပြာများဖြင့် ကြည့်ပြီး လျှောက်လာသည်။ သူမ၏ အကြည့်က အလွန်ပင် ရင်းနှီးခင်မင်သော အကြည့်မျိုးဖြစ်သည်။ တစ်နယ်တစ်ကျေးတွင် သူ့ဆွေမျိုးသားချင်းကို တွေ့လိုက်သကဲ့သို့ အလွန်လည်း ပျော်ရွှင်နေခဲ့သည်။
ရှောင်လုံက ထိုမိန်းကလေးကို ကြည့်ပြီး မြင်ဖူးသလိုလိုရှိသည်ဟု တွေးရင်း ပြန်ကြည့်နေခဲ့သည်။
ဟန်ကောင်းရှင်းနှင့် နှင်းပန်းတို့အပါအဝင် အနီးနားက သိုင်းသမားလူငယ်များကလည်း မိန်းမလှလေးနှင့် ရှောင်လုံကို ယှဉ်တွဲ၍ ကြည့်နေခဲ့ကြသည်။
ရှောင်လုံက ထိုမိန်းကလေး၏ လောက်လေးကြီးကို မြင်တော့မှသာ မှတ်မိသွားသည်။ သို့သော် သူက ထိုမိန်းကလေး၏ နာမည်ကို မသိပေ။ သူမကို တွေ့ခဲ့စဉ်က သူမက နဂိုရုပ် မပေါ်အောင် အလွန်ပိန်လှီနေခဲ့သည်လေ။
သူမသည်ကား ဝက်ဝံနက်ဂိုဏ်းချုပ်၏ သမီးလေးပင် ဖြစ်သည်။ ဝက်ဝံနက်ဂိုဏ်းချုပ်နှင့် ဤမိန်းကလေးကို ကယ်တင်နိုင်ရန် ရှောင်လုံက ကူညီပေးခဲ့ဖူးပေသည်။
“ရှောင်အစ်ကို၊ ညီမကို မမှတ်မိဘူးလား”
မိန်းကလေးက တရင်းတနှီးနှင့် ဆွေမျိုးရင်းချာလို နှုတ်ဆက်နေခဲ့သည်။
“ငါ…၊ ငါမှတ်မိပါပြီ။ ရုတ်ရက်ဆိုတော့ နည်းနည်း မမှတ်မိ ဖြစ်သွားတာ။ နင့်ပုံစံက တော်တော် ပြောင်းလဲသွားတာကိုးဟ။ အဲဒီတုန်းက နင့်ပုံစံက ပိန်ပိန်လေးနဲ့ သေးသေးလေးဖြစ်နေတာလေ။ ခုတော့ နင့်က တော်တော် ပြောင်းလဲသွားတယ်။ ဟီးဟီး…”
“ဒါက ညီမ ပုံစံအမှန်ပါ။ အဲဒီတုန်းကတော့ ဟိုကိစ္စတွေ ဖြစ်ပြီး လူနဲ့မတူအောင် ဖြစ်နေခဲ့တာ”
ထိုမိန်းကလေး ပြောရင်းနှင့် ထိုစဉ်က အဖြစ်ဆိုးကို တွေးမိပြီး ဝမ်းနည်းသွားသည်။
“ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်ရော၊ သူတို့ ဘယ်မှာလဲ”
“အဖေနဲ့ အမေ မပါဘူး။ ညီမတစ်ယောက်တည်း ထွက်လာတာ။ သိုင်းလောကအတွေ့ကြုံးလည်း ရှာမလို့။ ပြီးတော့ ရှောင်အစ်ကိုကိုလည်း ရှာမလို့”
“သိုင်းလောကအတွေ့ကြုံ ရှာမလို့လား။ ကောင်းတာပေါ့။ ဒီမှာ သိုင်းလောကမျိုးဆက်သစ်တွေ တွေ့ဆုံပြီး သိုင်းပညာအသိမြင်ဖလှယ်ကြမှာတဲ့”
“ဟုတ်ကဲ့ ရှောင်အစ်ကို”
မိန်းကလေးက ရှောင်လုံကို တွေ့ရသဖြင့် အလွန်ဝမ်းသာနေခဲ့သည်။ တစ်ဆက်တည်း သူမက ရှောင်လုံဘေးက လူများကို စူးစမ်းသလို ကြည့်သည်။
ရှောင်လုံက မိတ်ဆက်ပေးသည်။
“သူက ငါ့အစ်ကို။ ရှောင်ယွမ်လို့ ခေါ်တယ်။ သူတို့က ငါ့သူငယ်ချင်းတွေ။ သူက ကျန်းရှီ၊ သူက ဖန်းချင်း။ ဒီအစ်ကိုက ဟန်ကောင်းရှင်း။ ဒီအစ်ကိုကြီးကတော့ ဝမ်ယောက်ရှီးတဲ့”
“ဒီမိန်းကလေးက…”
ရှောင်လုံက ထိုမိန်းကလေးကို သူ့လူများနှင့် မိတ်ဆက်မလို လုပ်ပြီးမှ သူက ထိုမိန်းကလေး၏ နာမည်ကို မသိဘဲ ဖြစ်နေသည်။ ဟုတ်သည်။ သူက ထိုမိန်းကလေး၏ နာမည်ကို မသိပေ။
ထိုမိန်းကလေးကလည်း သူမနာမည်ကို ရှောင်လုံ မသိမှန်း ကြိုသိနေဟန်ဖြင့် ပြုံးစစနှင့် ကြည့်နေခဲ့သည်။
“ရှောင်အစ်ကိုက ညီမနာမည်ကို မသိဘူး မဟုတ်လား”
“ဟီးဟီး…၊ ဟုတ်သား။ ငါ နင့်နာမည်ကို မသိဘူးပဲ”
“ခစ်ခစ်…၊ အဖေ့နာမည်ကိုရော သိလား။ ပြီးတော့ အမေ့နာမည်ကိုရော သိလား”
“ဟီးဟီး…၊ ဟုတ်သားဟ၊ အဲဒီတုန်းက ငါ နာမည်တွေ မမေးခဲ့မိဘူးပဲ”
“ခစ်ခစ်…၊ ဟုတ်တယ်။ ရှောင်အစ်ကို ပြန်သွားမှာ အမေတို့လည်း သူတို့နာမည်တွေတောင် မပြောပြမိခဲ့ကြဘူးဆိုပြီး သတိရခဲ့ကြတာလေ”
“ဟုတ်တယ်၊ ငါလည်း မေးဖို့ မေ့သွားတယ်”
“မေ့မှာပေါ့။ ရှောင်အစ်ကိုက အစားသောက်တွေကိုပဲ အာရုံရောက်နေတာကို။ ခစ်ခစ်…”
ဝက်ဝံနက်ဂိုဏ်းချုပ်က ရှောင်လုံကို ဖိတ်ခေါ်ပြီး ညစာဖြင့် ဧည့်ခံခဲ့သော်လည်း ထိုညစာစားပွဲတွင် တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ဖို့ သတိမရဘဲ ရှောင်လုံက အစားမက်နေခဲ့သလို ဝက်ဝံနက်ဂိုဏ်းချုပ်မိသားစုကလည်း ရှောင်လုံ၏ အစားကြမ်းမှုကို အံ့ဩနေကြရင်းက သူတို့လည်း နာမည်များ ပြောပြမိတ်ဆက်ဖို့ မေ့ကုန်သည်။
“ဒါဆို နင့်နာမည်က…”
“ညီမနာမည်က ‘နာရာ ကီလေယာ’၊ တိမ်ညိုတွေနဲ့ ကောင်းကင်ပြာဆိုတဲ့ အဓိပ္ပါယ်ပါ”
မိန်းကလေး၏ နာမည်ကို ကြားလျှင် ဖန်းချင်းနှင့် ကျန်းရှီတို့မှာ ထိုမိန်းကလေး၏ နီညိုရောင်ဆံပင်နှင့် မျက်ဝန်းပြာကို အလိုလို ကြည့်လိုက်မိကြသည်။ လူနှင့် အလွန်လိုက်ဖက်ပြီး အလွန်လှသော နာမည်ဟုလည်း စိတ်ထဲက အသိမှတ်ပြုလိုက်ကြသည်။
ရှောင်လုံကတော့
“နင့်နာမည်ကလည်း အဆန်းပဲ”ဟု အံ့ဩဟန်နှင့် ပြောသည်။
“ဟုတ်ကဲ့၊ ညီမတို့ မျိုးနွယ်တွေက သဘာဝ ရေမြေတောတောင် မြစ်ချောင်း ကောင်းကင် တိမ်တိုက်တွေကို နာမည်အဖြစ် မှည့်ကြတယ်လေ။ မေ့မေ့နာမည်က ‘ဆယ်လီနာ ကာဒယာ’လို့ ခေါ်ပါတယ်။ နှင်းတောထဲက အလင်းရောင်လေးဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဖေဖေ့နာမည်က ‘ဒိုလော်’တဲ့။ တောင်တန်းပေါ်က လူ’ဆိုပြီး အဓိပ္ပါယ်ရတယ်လေ”
ရှောင်လုံလည်း ထိုနာရာကီလေယာတို့ မျိုးနွယ်စု၏ နာမည်ပေးပုံကို နားလည်သွားတော့သည်။
“ရှောင်အစ်ကိုရဲ့ လုံထွေရော မပါဘူးလား”
“လုံထွေလား”
ရှောင်လုံမှာ မည်သို့ပြောရမှန်းမသိ ဖြစ်သွားသည်။ သူ့လက်ရှိအနေထားက လုံထွေနှင့် တွဲ၍ ဖော်ပြလို့ မရသဖြင့် လုံထွေကို ပီကင်းမြို့တော်တွင် ထားခဲ့ရသည့်အကြောင်း ထုတ်ပြောနေ၍ မရဖြစ်နေသည်။
ဖန်းချင်းက ဝင်မေးလာသည်။
“လုံထွေက ဘယ်သူလဲ”
“လုံထွေက ငါ့ ညီအစ်ကို”
ရှောင်လုံက ဖန်းချင်း၏ အမေးကို ဖြေရင်း နာရာကီလေယာ၏ လက်ကို ဆွဲကာ
“ငါနဲ့ ခဏလိုက်ခဲ့”ဟု ခေါ်ထုတ်သွားသည်။
နာရာကီလေယာလည်း ရုတ်တရက် ဆွဲခေါ်ခံရသဖြင့် ကြောင်သွားသည်။ သို့သော် သူမက ပြုံး၍ လိုက်ပါသွားခဲ့သည်။
ကျန်ရစ်ခဲ့ကြသော ကျန်းရှီတို့မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး
“အဲဒီကောင် ဘာတွေ လျှို့လျှို့ဝှက်ဝှက် လုပ်နေတာလဲ မသိဘူး။ မိန်းမလှလေးတစ်ယောက်ကို ဒီလိုကြီး လက်ဆွဲခေါ်သွားရတယ်လို့”
ယဉ်ကျေးမှုအရ ကြည့်မည်ဆိုလျှင် မိန်းကလေးတစ်ယောက်ကို လက်ဆွဲခေါ်သွားခြင်းက အလွန်မယဉ်ကျေးရာကျသည်မှာ အမှန်ပင်။ သို့သော်လည်း ရှောင်လုံ၏ စရိုက်က တဇွတ်ထိုး လုပ်တတ်ပြီး ယဉ်ကျေးမှုကိုလည်း အလေးနက်မထားတတ်သူ ဖြစ်၍ ထိုသို့ ဆွဲခေါ်သွားခြင်း ဖြစ်သည်။
အားလုံးက သမားတော်လေးဟန်ဟု တလေးတစားခေါ်နေသော ဟန်ကောင်းရှင်းကိုလည်း ရှောင်လုံက အစ်ကိုဟန်ဟုသာ ခေါ်ခဲ့သူ ဖြစ်သည်။ ဝမ်ယောက်ရှီးကိုလည်း သမားတော်လေးဟန်က ဂိုဏ်းတူအစ်ကိုဟု တလေးတစား ခေါ်နေသည့်တိုင် ရှောင်လုံက အစ်ကိုကြီးဝမ်ယောက်ရှီးဟုသာ နာမည်ကို ခေါ်ခဲ့သည်။
နှင်းပန်းက သူ့မောင်လေး၏ ပုံစံကို ကြည့်ပြီး အသာခေါင်းခါသည်။ သို့သော် သူမက ဘာမှမပြောပေ။ ပြုံး၍သာ ကြည့်နေခဲ့သည်။
ရှောင်လုံက လူပါးသော တစ်နေရာရောက်သောအခါ တီးတိုး ပြောပြသည်။
“လောလောဆယ် ငါက ဟိုတုန်းက ပုံစံကို ဖျောက်ထားရတယ်။ ဒါကြောင့် လူတွေရှေ့မှာ ဟိုနာမည်ကိုရော လုံထွေအကြောင်းရော မပြောနဲ့နော်”
နာရာကီလေယာလည်း ထိုမျှ ပြောသည်နှင့် သဘောပေါက်သွားသည်။ သူမက စိတ်လည်း ဝင်စားသွားသည်။
“ဒါဆို ရှောင်အစ်ကိုက လျှို့ဝှက်ပြီး လှုပ်ရှားနေတာပေါ့။ အရမ်းကောင်းတာပဲ။ ညီမလည်း ပါမယ်လေ။ အမေက မှာလိုက်တယ်။ သိုင်းလောကအတွေ့ကြုံရှာမယ်ဆိုရင် ရှောင်အစ်ကိုကို အရင်တွေ့အောင်ရှာပြီး ရှောင်အစ်ကိုဆီကနေ သင်ယူတဲ့”
ရှောင်လုံက ခေါင်းကုတ်ပြီး နာရာကီလေယာကို ကြည့်သည်။
“ငါ့နဲ့အတူ လိုက်မလို့လား”
“အင်း…”
နာရာကီလေယာက ခေါင်းညိတ်ပြပြီး ရှောင်လုံကို မျှော်လင့်ချက်များနှင့် ယုံကြည်အားကိုးမှုများ ပြည့်နေသော မျက်လုံးပြာကြီးဖြင့် ကြည့်နေခဲ့သည်။
“အဲဒါက…”
ရှောင်လုံမှာ နာရာကီလေယာ၏ ပုံစံကိုကြည့်ပြီး မည်သို့ ပြောရမှန်းမသိ ဖြစ်သွားရသည်။ ငြင်းရ ခက်သွားသည်။ ဤကောင်မလေးကို တစ်ယောက် လွှတ်ထားရန်လည်း မသင့်တော်ပေ။
ထိုစဉ်
“ဂွီ…ဂွီ…”
နာရာကီလေယာထံမှ တဂွီဂွီအသံ ထွက်လာသည်။
ရှောင်လုံလည်း မျက်လုံးတွန့်သွားပြီး နာရာကီလေယာကို ကြည့်သည်။
“အဲ…၊ အဟီး…၊ ဗိုက်နည်းနည်း ဆာနေလို့ပါ”
နာရာကီလေယာက ရှက်ရွံ့ဟန်ဖြင့် ရယ်ပြနေခဲ့သည်။
“နင် အဆင်ပြေရဲ့လား။ ဘာမှ မစားရသေးဘူးလား”
“အဟီး…၊ ငွေအိတ် အခိုးခံလိုက်ရလို့ ဝယ်စားစရာ ငွေမရှိတော့လို့။ ခစ်ခစ်”
နာရာကီလေယာက ခေါင်းလေးကုတ်ပြီး ရှက်ရွံ့စွာ ရယ်နေခဲ့သည်။
ထိုတော့မှ ရှောင်လုံလည်း နာရာကီလေယာကို သေချာကြည့်မိတော့သည်။ သူမတွင် အဝတ်တစ်ထည်နှင့် လောက်လေးတစ်လက်သာ ပါပြီး ငွေအိတ်လည်း မပါ၊ ခရီးဆောင်အိတ်လည်း မပါ၊ နောက်ဆုံး လောက်လေးသီး အိတ်ပင် မပါသည်ကို သတိထားမိသွားသည်။
“အကုန်လုံး အခိုးခံလိုက်ရတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“အဟီး ခစ်…၊ ရှောင်အစ်ကိုက တကယ် အမြင်စူးရှတယ်။ နာရာ့ပစ္စည်းတွေအားလုံး အခိုးခံလိုက်တယ်။ လေးတစ်လက်ပဲ ကျန်တော့တယ်။ အိမ်က ထွက်လာတုန်းက မြင်းလည်း ပါတယ်။ ငွေလည်း အများကြီး ယူလာတယ်။ ရှောင်လုံအစ်ကိုနဲ့ တွေ့ရင် ကျွေးဖို့ အသားခြောက်တွေလည်း ယူလာသေးတယ်။ ဒါပေမဲ့ သူခိုးတွေ ဒီလောက်ပေါမှန်း မသိခဲ့ဘူး။ ပထမ ငွေအိတ် အခိုးခံရတယ်။ နောက်တော့ အဝတ်အိတ်နဲ့ အသားခြောက်တွေ ရိက္ခာတွေ အခိုးခံရတယ်။ နောက်တော့ မြင်း အခိုးခံရတယ်။ နောက်ဆုံး လေးသီးအိတ်ပါ အခိုးခံလိုက်ရတယ်။ အီးဟီးဟီး…”
နာရာကီလေယာမှ ဟန်ဆောင်မရယ်ထားနိုင်တော့ပေ။ ပြောရင်းနှင့် ငိုချတော့သည်။ သူမ ကြုံတွေ့ခဲ့ရသော အခက်ခဲများအားလုံးကို သည်းခံနေခဲ့ရသမျှ ရှောင်လုံနှင့် တွေ့သောအခါ ဟန်မဆောင်ထားနိုင်တော့ဘဲ ငိုချမိတော့သည်။
ရှောင်လုံလည်း ပြောစရာစကားပင် မရှိ ဖြစ်သွားရသည်။ ဤမျှ နမော်နမဲ့နိုင်သော မိန်းကလေးကို သိုင်းလောကထဲ စေလွှတ်ရဲသော ဝက်ဝံနက်ဂိုဏ်းချုပ်တို့ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ရှောင်လုံလည်း တခြားစကားများ ပြောမနေတော့ဘဲ သူ၏ လက်နက်သေတ္တာထဲမှ လက်ကျန် အသားခြောက်ကို ယူထုတ်ပြီး နာရာကီလေယာကို ပေးလိုက်သည်။
“ရော့ ဒါလေး အရင်စားထား”
“အဟင့် ရွှတ်…၊ ဟုတ်ကဲ့ ရှောင်အစ်ကို”
နာရာကီလေယာမှာ ဟန်ပင် မဆောင်နိုင်ဘဲ အသားခြောက်ကို ယူကာ စားတော့သည်။
ရှောင်လုံလည်း နာရာကီလေယာကို ကြည့်ပြီး ဤကောင်မလေး ထိုအသားခြောက်လောက်နှင့် မဝနိုင်မှန်း သိလိုက်သည်။ သူ့တွင်လည်း အသားခြောက်က မရှိတော့ပေ။ ထို့ကြောင့် ဘေးဘီကို လိုက်ကြည့်သည်။
မလှမ်းမကမ်းတွင် လူငယ်သိုင်းသမားငါးယောက်က ဝိုင်းဖွဲ့ကာ အသားများကင်၍ အမြည်းလုပ်ကာ သောက်စားနေကြသည်။ သူတို့ဆီမှ အလွန်မွှေးကြိုင်သော အသားကင်နံ့ကို ရနေသည်။
ရှောင်လုံလည်း ထိုလူငယ်များထံ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
နာရာကီလေယာလည်း နောက်က ကပ်လိုက်သွားသည်။
“သိုင်းညီအစ်ကိုတို့၊ အသားကင်နည်းနည်းလောက် မျှပေးလို့ ရမလား”
သောက်စားနေကြသော သိုင်းလူငယ်များက ရှောင်လုံကို မော့ကြည့်သည်။ သိုင်းလုလင်ငါးယောက်လုံးမှာ သစ်လွင်ကောင်းမွန်သော အဝတ်စားများနှင့် ကြည့်ကောင်းရှုကောင်း ပုံစံများဖြစ်သည်။ သို့သော် ရှောင်လုံကို ကြည့်လိုက်သော အကြည့်များကတော့ ကြည့်ကောင်းမနေခဲ့ပေ။ မုန်းတီးရွံရှာသော မျက်လုံးများနှင့် ဖြစ်သည်။
“သူတောင်းစားလားဟ။ ချီးပဲ…။ သောက်ရတာ အရသာတောင် ပျက်သွားတယ်။ ငါ အမုန်းဆုံးက ခြေတွေလက်တွေ အပြည့်အစုံရှိလျက်သားနဲ့ တောင်းစားနေတဲ့ လူတွေကိုပဲ။ ထွီ…”
သိုင်းလုလင်တစ်ယောက်က သူ၏ မကြိုက်မနှစ်သက်မှုကို ထုတ်ဖော်ပြောဆိုကာ တံတွေးပင် ထွေးလိုက်သည်။ ကျန်သိုင်းလုလင်များကတော့ စကားဖြင့် မဖော်ပြကြပေ။
အနည်းငယ်ရည်မွန်ပုံရသော သိုင်းလုလင်က ရှောင်လုံကို ပြုံးပြပြီး ပြောသည်။
“သူက အသားကင်စားချင်လို့ နေမှာပါ။ ဒီအသားကင်တွေက အစ်ကို့လက်ရာတွေ ညီလေးရ။ အကောင်းအဆိုးမသိတဲ့ ဒီကောင်တွေတော့ စားကောင်းတယ် ပြောနေတာပဲ။ ညီလေး မြည်းကြည့်ပြီး ကောင်းမကောင်း ပြောပေးနိုင်မလား။ ကောင်းတယ်ဆိုရင် အသားကင် ပေးပါ့မယ်”
ရှောင်လုံလည်း ဘာမှ တွေးမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ အသားကင် မြည်းပေးရသည်က ခက်ခဲသော ကိစ္စတစ်ခု မဟုတ်နေဘဲလေ။
“ဟုတ်ကဲ့ မြည်းပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် ညီလေး။ ဟိုမှာ ကောက်ပြီး မြည်းကြည့်ပေးပါဦးကွာ”
ထိုလူရွယ်က သူတို့ စားပြီး ပစ်ချထားသော အသားကင်တံစို့ဝါးချောင်းများကို ညွှန်ပြသည်။
“ဟားဟားဟား…”
ထိုလူရွယ်၏ အတည်ပေါက်နှင့် နှောက်ပြောင်မှုကို တခြားလူရွယ်များက ဝိုင်းရယ်ကြသည်။
ရှောင်လုံ၏ မျက်နှာက တည်ငြိမ်နေသည်။ ထိုလူများ၏ နှောက်ပြောင်ရယ်မောမှုကို အရေးမလုပ်ပေ။ သူက အသားကင်ကိုသာ လိုချင်နေခဲ့သည်။
“ကျွန်တော် အလကား မယူပါဘူး။ ရောင်းမယ်ဆိုရင်လည်း ဝယ်ပါ့မယ်”
“အိုး…၊ သူတောင်းစားက ဝယ်မလို့တဲ့။ ကြည့်ရတာ တောင်းစားတဲ့အလုပ်က တော်တော်လေး အလုပ်ဖြစ်ပုံပဲ။ ရောင်းပေးလိုက်ပါကွာ။ ဟားဟား…။ ဒါပေမဲ့ မင်းရဲ့ အသားကင်က အရမ်းကောင်းတာနော်။ ကြေးပြားတစ်ပြားနှစ်ပြားနဲ့ မရောင်းလိုက်နဲ့”
“ဒါဆို ဘယ်လောက်နဲ့ ရောင်းရမှာလဲ။ ငါက အသားကောင်းကို ကင်စားရတာ ကြိုက်လို့သာ အိမ်တော်စားဖိုမှူးကြီးဆီကနေ သင်ထားတာ။ တစ်ခါမှ မရောင်းဖူးဘူး”
“မင်းလက်ရာက ထိပ်တန်းစားဖိုမှူးကြီးတွေရဲ့ လက်ရာလို ကောင်းလွန်းတာဆိုတော့ အသားကင်တစ်ခုကို ငွေတုံးတစ်တုံးဆိုရင်တောင် တန်တယ်။ ဒါပေမဲ့ သူကိုတော့ နည်းနည်း လျှော့ပေးလိုက်ပါကွာ။ အသားကင်နှစ်ခုကို ငွေတုံးတစ်တုံးနဲ့ပဲ ရောင်းပေးလိုက်ပါ။ တစ်ကင်ကအရောင်း တစ်ကင်က အလှူလို့ ထားလိုက်ပေါ့”
“ကဲညီလေးရေ…၊ နှစ်ကင်ကို ငွေတစ်တုံးတဲ့”
လူရွယ်များက ရှောင်လုံကို ပြုံးစိစိနှင့် ကြည့်နေကြသည်။
ရှောင်လုံက သူ့နောက်ကျောတွင် ကွယ်၍ ကပ်နေသော နာရာကီလေယာကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“ဘယ်နှကင်လောက် စားနိုင်လဲ”
နာရာကီလေယာက လက်နှစ်ချောင်းထောင်ပြသည်။ တကယ်တော့ သူမက အသားကင်အားလုံးကို စားမည်ဆိုလျှင်လည်း စားနိုင်ပါသည်။ သို့သော် အသားကင်နှစ်ခုကို ငွေတုံးတစ်တုံးဆိုသည့် ဈေးနှုန်းကြောင့် နှစ်ကင်ဟုသာ ပြောလိုက်ခြင်း ဖြစ်သည်။
ရှောင်လုံက နာရာကီလေယာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ပြုံးသည်။
“နင်လည်း စားနိုင်တယ်ဆိုတာ ငါ မှတ်မိပါတယ်ဟ”
ဟုတ်သည်ပဲလေ။ ဝက်ဝံနက်ဂိုဏ်းချုပ် တည်ခင်းကျွေးခဲ့သော ညစာစားပွဲတွင် ရှောင်လုံက အစားကြီးဆုံးဆိုလျှင် နာရာကီလေယာက ဒုတိယပင် ဖြစ်သည်။
“အရောင်းဝယ် ဖြစ်တယ်။ အားလုံး ယူမယ်”
ရှောင်လုံက ပြောလိုက်ပြီး သေတ္တာထဲက ငွေတုံး ငါးတုံး ယူထုတ်ပြီး လှမ်းပေးလိုက်သည်။ အသားကင်က ဆယ်ကင်အတိ ရှိနေ၍ပင် ဖြစ်သည်။
ရှောင်လုံက ထိုသို့ ငွေတုံးများ ထုတ်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားသော သိုင်းလုလင်ငါးယောက်မှာ ရုတ်တရက် ကြောင်အသွားကြသည်။ ထို့နောက် တစ်ခုခု ထပ်ပြောရန် ဟန်ပြင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရှောင်လုံက ငွေတုံးငါးတုံးကို အသားကင်သူဆိုသော လူရွယ်ထံ ပစ်ပေးလိုက်ပြီး အသားကင်ဆယ်ခုကို ဆွဲယူလိုက်သည်။
“မင်း ဘာလုပ်တာလဲ။ မင်းရဲ့ ခွေးသူတောင်းသားလက်ထဲက ပြန်ချထားလိုက်စမ်း ကောင်လေး”
“ခင်ဗျားပဲ အသားကင်နှစ်ခုကို ငွေတုံးတစ်တုံးနဲ့ ရောင်းခဲ့တာ မဟုတ်ဘူးလား”
“… …”
ထိုလူရွယ်မှာ ရုတ်တရက် ပြန်မပြောနိုင်ဘဲ ဒေါသမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ခုနက ဈေးသတ်မှတ်ပေးသော လူရွယ်က ဝင်ပြောသည်။
“အသားကင်တစ်ခုက ငွေတုံးတစ်တုံး တန်တယ်လို့ ငါ ပြောခဲ့တယ်လေ။ မင်းမှာ ငွေမလုံလောက်ဘူးထင်လို့ နှစ်ကင်ကို ငွေတစ်တုံးလို့ ပြောခဲ့တာက တစ်ကင်ကို အရောင်း တစ်ကင်ကို အလှူအနေနဲ့ ပြောခဲ့တာ။ အသားကင်နှစ်ခုရဲ့ တန်ဖိုးက ငွေတစ်တုံးလို့ မဆိုလိုဘူး”
ရှောင်လုံက ထိုလူရွယ်ကို တစ်ချက် ကြည့်လိုက်ပြီး
“ဒီတော့ အသားကင်တစ်ခု ငွေတစ်တုံးပဲ မဟုတ်လား”
“သေချာတာပေါ့”
“ဒါဆို ဒီမှာ နောက်ထပ် ငါးတုံး”
ရှောင်လုံက ပြောပြောဆိုဆိုနှင့် ငွေးတုံးငါးတုံး ထပ်ပစ်ပေးလိုက်သည်။
“မင်း…”
ထိုလူရွယ်လည်း ဘာမှ ထပ်မပြောနိုင်တော့ဘဲ ဒေါသသာ ထွက်လျက် ကြည့်နေရတော့သည်။
“ပူတုန်းလေး စားလိုက်နော်။ အသားကင်က တစ်ကယ်ကောင်းတဲ့ပုံပါပဲ”
ရှောင်လုံက နာရာကီလေယာကို နူးညံ့စွာပြောရင်း အသားကင်ဆယ်ခုလုံး ပေးလိုက်သည်။ ဤကောင်မလေး မည်မျှ ဗိုက်ဆာနေခဲ့သည်ကို သူ ခံစားမိနေ၍ ဖြစ်သည်။
နာရာကီလေယာလည်း ရှောင်လုံကို မျက်ရည်များရစ်ဝိုင်းနေသော မျက်လုံးပြာကြီးဖြင့် ကြည့်ကာ အသားကင်များကို ယူ၍ မရှက်တမ်း စားလိုက်တော့သည်။
ဗိုက်ဆာခြင်းလော။
ရှောင်လုံက ထိုခံစားချက်ကို ကောင်းစွာ သိသည်။ ထို့ကြောင့် တခြား ဘာကိုမှ မတွေးနေခဲ့ဘဲ နာရာကီလေယာကို အသားကင် ဝယ်ကျွေးလိုက်ခြင်း ဖြစ်သည်။
ဆာလောင်ခြင်း၏ ဝေဒနာကို ခံစားဖူးသူမှသာ သိနိုင်သည် မဟုတ်ပါလား။
အခန်း(၃၁၇)ပြီး
***