ရှောင်လုံက နာရာကီလေယာ အသားကင်စားနေသည်ကို ပြုံး၍ ကြည့်နေခဲ့သည်။
‘ဒီကောင်မလေး…၊ ဘယ်လောက်တောင် အခြေနေဆိုးခဲ့မလဲ။ နာဂန်ဒေသကနေ ဟန်ကျိုးအထိ ငါ့ကို ရှာဖို့ လိုက်လာတာတဲ့လေ။ တစ်ယောက်တည်း လွှတ်ပေးလိုက်တဲ့ ဝက်ဝံနက်ဂိုဏ်းချုပ်တို့ကိုပဲ ငါ အံ့ဩတယ်။ တော်သေးတယ် တခြား ကြီးကြီးမားမား မဖြစ်ခဲ့လို့။ မဟုတ်ရင် ငါ အပြစ်မကင်းသလို ခံစားနေရမှာ’
သိုင်းလူရွယ် ငါးယောက်ကတော့ ရှောင်လုံကို ဒေါသမျက်လုံးများနှင့် ကြည့်နေခဲ့ကြသည်။ သူတို့က ရှောင်လုံကို အသားကင်မပေးချင်၍ အသားကင်တစ်ခုကို ငွေတုံးတစ်တုံးနှင့် ရောင်းမည်ဟု တမင်ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတောင်းစားလိုကောင်စုတ်လေးက သူတို့ကို ငွေတုံးများ တကယ်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ငွေတုံးဆယ်တုံးက မနည်းသော ပမာဏဖြစ်သည်။ သာမန်မိသားစု ခြွေတာစားလျှင် တစ်နှစ်ခန့် စားနိုင်သော ငွေဖြစ်သည်။ သို့သော်လည်း ထိုလူရွယ်သိုင်းသမားများအတွက်က ငွေတုံးဆယ်တုံးမှာ ပြောပလောက်သော ပမာဏ မဟုတ်ပေ။ သူတို့၏ အသားကင်ကို အယူခံလိုက်ရသည်ကသာ ပို၍ မခံမရပ်နိုင် ဖြစ်နေကြသည်။
ရှောင်လုံက ထိုသိုင်းသမားလူရွယ်များကို လှည့်၍ပင် မကြည့်ပေ။ ဂရုလည်း မစိုက်ပေ။ ဂရုစိုက်စရာလည်း မလိုတော့ဘဲလေ။ သူတို့ ပြောသည့်အတိုင်း ငွေတုံးများ ပေးပြီး ဝယ်လိုက်ခြင်းဖြစ်၍ ကိစ္စအားလုံးက ရှင်းလင်းနေပြီ မဟုတ်ပါလား။
“စားလို့ကောင်းလား”
“အူး…၊ ချားရို့ကောင်းတယ်”
နာရာကီလေယာက အသားကင်ပလုတ်ပလောင်းစားရင်းက မပီမသနှင့် ပြောသည်။
နာရာကီလေယာ၏ ပုံစံကိုကြည့်ပြီး ရှောင်လုံလည်း ပြုံးမိသည်။
“အင်း…၊ ဖြည်းဖြည်းစား။ မဝသေးရင် ပြောနော်”
“အူး…၊ ဟုတ်ကဲ့ ရှောင်အစ်ကို”
နာရာကီလေယာက ကလေးငယ်တစ်ယောက်လို ခေါင်းကလေး ညိတ်ကာ ရှောင်လုံကို မျက်လုံးပြာကြီးများနှင့် ရွှန်းရွှန်းစားစား ကြည့်ရင်း အသားကင်များကို အငမ်းမရ စားနေခဲ့သည်။
ဗိုက်အဆာလွန်နေခဲ့သော မိန်းမလှလေးတစ်ယောက်ကို အသားကင်ကျွေး၍ ဂရုစိုက်ပေးနေသော ကောင်လေးတစ်ယောက်။ ထိုမြင်ကွင်းက ကြည့်ကောင်းသည်မှာ အမှန်ပင်။ သို့သော် ကြည့်ကောင်းခြင်း မကောင်းခြင်းကား စိတ်ခံစားချက်နှင့် သက်ဆိုင်လေရကား ရှောင်လုံကို ဒေါသဖြစ်နေသော လူရွယ်သိုင်းသမားငါးယောက်ကတော့ ရှောင်လုံကို ကြည့်လိုက်၊ ရုပ်ကလေး သနားကမားနှင့် သူတို့အသားကင်များကို မြိန်ရေရှက်ရေ မြိုဆို့နေသော ကောင်မလေးကို ကြည့်လိုက်နှင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။
“သူတောင်းစားကောင်၊ ငါ့ အသားကင် ပြန်ပေးစမ်း”
ဒေါသထွက်လွန်းသဖြင့် အသားကင်ကင်သော လူရွယ်က ထရပ်လိုက်ပြီး ပြောသည်။ ကျန်လူရွယ်လေးယောက်ကလည်း ထရပ်လာကြသည်။ သူတို့အားလုံးက ရှောင်လုံကို တစ်ခုခု လုပ်လိုက်ရမှ ကျေနပ်ကြမည့်ပုံပင်။
ရှောင်လုံက လှည့်ကြည့်လိုက်သည်။
“အသားကင် ပြန်လိုချင်လို့လား”
“ဟုတ်တယ်၊ ပြန်ပေးစမ်း။ ရော့ ဒီမှာ မင်းရဲ့ ညစ်ပတ်နေတဲ့ ငွေတုံးတွေ။ ဒီငွေလောက်က ငါ့မျက်လုံးထဲမှာ ဖုန်မှုန့်သာသာပဲကွာ”
ထိုလူရွယ်က ငွေတုံးဆယ်တုံးကို ပြန်ပေးနေသည်။
ရှောင်လုံက နာရာကီလေယာကို တစ်ချက်ပြန်လှည့်ကြည့်သည်။ ထိုကောင်မလေးက အမှန်ပင် ဆာလောင်နေခဲ့သည်။ အသားကင်ဆယ်ခုက ငါးခုသာ ကျန်တော့သည်။ ခဏလေးအတွင်းမှာပင် အသားကင်ငါးခု စားပစ်လိုက်သည်။
“ငါ့ကို တစ်ချောင်းပြန်ပေးပါဦး”
နာရာကီလေယာကလည်း ဘာမှပင် မေးမနေဘဲ ရှောင်လုံကို တစ်ချောင်းပြန်ပေးလိုက်သည်။ သူမက ရှောင်လုံလည်း စားချင်၍ တောင်းသည်ဟုသာ ထင်နေခဲ့သည်။
ရှောင်လုံက အသားကင်တစ်ချောင်းကို ယူပြီးနောက် ငွေတုံးပြန်ပေးနေသော လူရွယ်ကို မေးလိုက်သည်။
“အဲဒီ ငွေတုံးတွေက ခင်ဗျားအတွက် ဖုန်မှုန့်လိုပဲလား”
“အဟမ့်…၊ သေချာတာပေါ့၊ ငွေက ငါ့အတွက် ဘာမှ တန်ဖိုးမရှိဘူး”
“ဟုတ်ကဲ့ ကျွန်တော်သိပါပြီ။ ဒီအသားကင်က အနံ့လေးကလည်း မွှေးပြီး အရသာကလည်း ကောင်းမယ့်ပုံပဲဆိုတော့ ခင်ဗျားအတွက် တော်တော် တန်ဖိုးရှိမယ်ထင်တယ်”
“သိပ်တန်ဖိုးရှိတာပေါ့။ ဒါကို ငါကိုယ်တိုင် စိုက်ကြိုက် ကင်ထားတာပဲလေ။ သိပ်တန်ဖိုးရှိတာပေါ့။ မင်းရဲ ငွေတုံးတွေလို အမှိုက်မဟုတ်ဘူး။ ပြန်ပေးစမ်း”
“ကျွန်တော် သိပါပြီ။ သိပ်တန်ဖိုးရှိတဲ့ အသားကင်တစ်ခုကို အမှိုက်တွေနဲ့ လဲပေးပါ့မယ်”
ရှောင်လုံက ပြောပြောဆိုဆိုနှင့် သူ့လက်ထဲက အသားကင်တစ်ချောင်းကို ထိုလူရွယ်လက်ထဲ ထည့်ပေးလိုက်ပြီး ထိုလူရွယ်ဆီမှ ငွေတုံးဆယ်တုံးကို ဖျတ်ကနဲ ပြန်ယူလိုက်သည်။
“လဲလှယ်မှု အောင်မြင်ပါတယ်”
ရှောင်လုံက ပြောပြီး ငွေတုံးများကို ယူကာ နာရာကီလေယာကို ပြုံးပြလိုက်သည်။
“သိပ်အရသာရှိပြီး သိပ်တန်ဖိုးကြီးတဲ့ အသားကင်တစ်ချောင်းကို အမှိုက်လို ငွေတုံးဆယ်တုံးနဲ့ လဲလိုက်မိတယ်။ ငါ့ဘက်က တော်တော် နစ်နာသွားပြီထင်တယ်။ ဟူး… ထားလိုက်ပါတော့လေ။ သွားကြစို့”
နာရာကီလေယာက ရှောင်လုံကို ဝိုင်းစက်ပြူးကျယ်သော မျက်လုံးပြာကြီးဖြင့် ကြည့်နေခဲ့သည်။ အသားကင်တစ်ချောင်းကို ငွေတုံးဆယ်တုံးနှင့် လဲလိုက်သည်တဲ့လား။
“ခစ်ခစ်…၊ ရှောင်အစ်ကိုက တော်တော်နစ်နာသွားတာပဲ”
ရှောင်လုံလည်း သူ့နစ်နာမှုအတွက် စိတ်မပျော်သော မျက်နှာမျိုးဖြင့် ထိုလူရွယ်ကို ပြန်လှည့်ကြည့်သည်။
“တကယ်ဆို အသားကင်တစ်ချောင်းကို ငွေတုံးနှစ်ဆယ် မဟုတ်ဘူး…၊ သုံးဆယ်လောက်နဲ့ လဲလိုက်ရမှာ။ သူ့အတွက် ငွေတုံးတွေက အမှိုက်တွေဆိုတော့လေ။ အိုက်ယား…၊ ထားလိုက်တော့ ထားလိုက်တော့။ သွားကြစို့”
ရှောင်လုံက ခေါင်းခါရင်း ထိုနေရာမှာ ထွက်လာခဲ့လိုက်သည်။
နာရာကီလေယာလည်း လက်ကျန်အသားကင်ကို အရသာခံ၍ ဖြည်းဖြည်းစားရင်း နောက်က လိုက်လာခဲ့သည်။
ထိုလူရွယ်ငါးယောက်မှာတော့ မျက်နှာကြီးများ နီရဲကာ ဒေါသအပြည့်ဖြင့် ကျန်ရစ်ခဲ့သည်။
အသားကင်တစ်ချောင်းကို ငွေတုံးဆယ်တုံးနဲ့ လဲလှယ်လိုက်သည်လား။
သူတို့စိတ်က ကြိတ်မနိုင်ခဲမရနှင့် ထိုသူတောင်းစားကောင်ကို တစ်ခုခု လုပ်ပစ်ချင်နေခဲ့သည်။ သို့သော် ထူးဆန်းစွာပင် သူတို့က ဒေါသတကြီး ကြည့်နေရုံကလွဲ၍ ကြိတ်မနိုင်ခဲမရ ဖြစ်နေရုံကလွဲ၍ ဘာမှ မလုပ်မိခဲ့ကြပေ။ တစ်ခုခု လုပ်ပစ်ချင်နေကြသော်လည်း မလုပ်လိုက်နိုင်ဘဲ ဖြစ်နေကြသည်။ ထချင်သော်လည်း ရုတ်တရက် ထမရဖြစ်နေသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်၌ ခွန်အားတစ်ခု ပျောက်ဆုံးနေခဲ့သည်။ ခွန်အားကို စုစည်းမရ ဖြစ်နေခဲ့သည်။ ထူးဆန်းလေစွ။
ဘေးနားက သိုင်းသမားများကလည်း ထိုလူရွယ်ငါးယောက်ကို ကြည့်ပြီး ပြုံးစိစိလုပ်နေကြသည်။
“ဘယ်အိမ်တော်က သခင်လေးတွေလဲ မသိဘူး။ တော်တော်ချမ်းသာကြတာပဲ။ အသားကင်တစ်ခုကို ငွေတုံးဆယ်တုံးနဲ့ လဲလိုက်တယ်။ ဟာ့ဟာ့…။ ဒီလောက်ချမ်းသာတဲ့ သခင်လေးမျိုး မမြင်ဖူးသေးဘူး”
“ဟုတ်တယ်။ ချမ်းသာချက်ကတော့ လက်လန်တယ်”
“ဟားဟား…၊ ငွေတုံးတွေက သူတို့အတွက် အမှိုက်တွေ ဖုန်မှုန့်တွေလိုပဲဆိုတော့ တော်ရုံ ချမ်းသာတာမျိုးတောင် ဟုတ်မယ်မထင်ဘူး”
ဘေးဘီက ပြောနေကြသော စကားသံများကိုလည်း ကြားနေရသည်။ ဒေါသနှင့်အတူ ရှက်လည်း အတော်ရှက်နေကြသည်။ သို့သော် ဘာမှ မတုံ့ပြန်နိုင်အောင် ဖြစ်နေကြသည်။
ရှောင်လုံတို့နှစ်ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါတွင်မှ ထိုလူရွယ်ငါးယောက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ရှက်ခြင်း ဒေါသဖြစ်ခြင်းများ ပေါက်ကွဲထွက်လာပြီး အသံကုန်အော်လိုက်ကြသည်။
“အား…”
“ခွေးသူတောင်းစား…”
“ငါ လူသတ်ချင်တယ်”
ငါးယောက်လုံး မျက်နှာကြီးများ နီရဲလျက် ရှောင်လုံတို့ကို လှည့်ပတ်ရှာကြသည်။
ရှောင်လုံကတော့ နာရာကီလေယာကို ခေါ်၍ ထွက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုလူရွယ်များ၏ ဒေါသတကြီးအော်သံက အတော်ကျယ်ပြီး ရုတ်ရုတ်သဲသဲလည်း ဖြစ်သွားသဖြင့် တခြားလူများက အာရုံစိုက်လာကြသည်။
ရှောင်လုံတို့လည်း အသံကြားရသည်သာ။
“ရှောင်အစ်ကို…၊ ဟိုလူတွေ စိတ်ဆိုးလို့ အော်နေကုန်ပြီ”
“ဘာစိတ်ဆိုးစရာ ရှိလို့လဲ။ ဒီလောက်ကောင်းတဲ့ အသားကင်ကို အမှိုက်လို ငွေတုံးနဲ့ လဲလိုက်တာလေ။ ပျော်လို့အော်နေကြတာ ဖြစ်မှာပါ”
“ခွေးသူတောင်းစား…လို့လဲ အော်နေသေးတယ်”
“အင်း…၊ တစ်ယောက်ယောက်ကို ခေါ်နေတာ ဖြစ်မှာပေါ့။ ငါတို့က သူတောင်းစားမှ မဟုတ်တာ”
“လူသတ်ချင်တယ်လို့လည်း အော်နေတယ်”
“ဟုတ်လား။ ဒါဆို နင်က ဘာလို ဖြည်းဖြည်းလျှောက်နေတာလဲ။ မြန်မြန်လျှောက်တော့လေ”
ရှောင်လုံက ပြောပြောဆိုဆိုနှင့် ခပ်သုတ်သုတ် လျှောက်ကာ လူကြားထဲ တိုးဝင်သွားတော့သည်။
“ဒါ…”
နာရာကီလေယာမှာ အသားကင်ကို ကိုက်သာကိုက်ထားပြီး မဝါးစားမိဘဲ ရှောင်လုံကို ငေးကြောင်ကြည့်လျက် ကျန်ရစ်ခဲ့သည်။
‘ဒါက ငါသိတဲ့ အရှေ့ဖျားက ကုလားအုတ်ဖြူသူရဲကောင်းလေးလား’
နာရာကီလေယာမှာ သူမ လူများ မှားနေသလားဟု တွေးနေခဲ့မိသည်။ သူမ သိထားသလောက်ဆိုလျှင် ရှောင်အစ်ကိုက တဇွတ်ထိုးလုပ်တတ်ပြီး တရကြမ်း တိုက်ခိုက်တတ်သည်ဟု ကြားဖူးထားသည်။ သူမတို့၏ ဝက်ဝံနက်တစ်ဂိုဏ်းလုံးကို စုတ်ပြတ်သတ်အောင် ဝင်ရိုက်နှက်ခဲ့ပြီး လူယုတ်မာကိုလည်း ရက်ရက်စက်စက် လုပ်ပစ်ခဲ့သည်ဟု ကြားဖူးထားသည်။ အလွန်ရဲရင့်ပြီး အလွန်သူရဲကောင်းဆန်၍လည်း အရှေ့ဖျားက ကုလားအုတ်ဖြူသူရဲကောင်းလေးဟု သူမတို့ အရှေ့ဖျား နာဂန်ဒေသမှ လူများက လေးစားနေခဲ့ကြသည်။
ယခုတော့ သာမန်မျှသာ ဖြစ်သော သိုင်းသမားငါးယောက်ကို ကြောက်နေဟန်ဖြင့် လစ်ထွက်သွားသည်မှာ မပြေးရုံတမည်သာ ကျန်တော့သည်။
နာရာကီလေယာလည်း ခေါင်းအသာခါရင်း နောက်က ပြေးလိုက်သွားသည်။
ဟန်ကောင်းရှင်းတို့က ရှောင်လုံတို့ကို ရပ်စောင့်မနေကြဘဲ သူတို့ သွားနေသည့် နှုန်းအတိုင်း ကန်ပတ်လမ်းတွင် ဖြည်းဖြည်း ဆက်သွားနေကြသည်။
ရှောင်လုံတို့က ခပ်သုတ်သုတ်နှင့် ပြန်လိုက်လာသဖြင့် သိပ်မကြာခင် အားလုံး ပြန်ဆုံမိသွားကြသည်။
“ပြန်လာပြီလား…”
နှင်းပန်းက ပြုံး၍ လှမ်းမေးသည်။
“ဟုတ်ကဲ့”
သူတို့ လျှောက်လာကြသည်မှာ ကန်ပတ်လမ်း တစ်ဝက်ပင် ကျိုးပြီဖြစ်သည်။
“အခုထိ ဟိုဝမ်ကောင်လေးကို မတွေ့ကြသေးဘူးလား”
“ဟင့်အင်း မတွေ့သေးဘူး”
ထိုစဉ်
“လထွက်လာပြီဟေ့”
သိုင်းသမားတစ်ယောက် ကောင်းကင်ကို မော့ကြည့်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်သည်။
ထိုအခါ လူအားလုံး ကောင်းကင်ပေါ်သို့ မော့ကြည့်မိကြသည်။
ဟုတ်သည်။ ကောင်းကင်၌ ဆယ်ရက်နေ့ည၏ လက ထွက်ပေါ်လာပြီ ဖြစ်သည်။
ထိုအခိုက်မှာပင် ရှောင်လုံတို့ရှေ့နားသို့ လူသန်ကြီးတစ်ယောက်က လှေတစ်စင်းကို ထမ်း၍ ရောက်လာကြသည်။ လှေက သိပ်မကြီးလှပါ။ လှေပေါ်တွင်လည်း ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက် ထိုင်၍ ပါလာသေးသည်။
“လှေ ရောက်လာပြီဟေ့”
“လှေက သေးလှချည်လား”
“အေးလေ၊ ဒီလောက်သေးတာ လူဘယ်နှယောက် သွားနိုင်မှာလဲ”
ရှောင်လုံတို့အနားမှာကဲ့သို့ပင် တခြားနေရာများတွင်လည်း လူသန်ကြီးတစ်ယောက်စီက လှေတစ်စင်းစီကို ထမ်း၍ ရောက်လာကြသည်။ ကန်ပတ်လည် ငါးနေရာခွဲ၍ လှေငါးစင်း ရောက်လာခြင်း ဖြစ်သည်။
“လှေက ဒီတစ်စင်းတည်း မဟုတ်ဘူးပဲ”
“ငါးစင်းတဲ့”
“ငါးစင်းဆိုရင်တောင် လှေက သေးတော့ ဒီလူတွေကို အကုန်ပိုဖို့ဆို အချိန်တော်တော် ကြာမှာ”
“ကြည့်ရတာ သိပ်တော့ မရိုးရှင်းနေဘူး”
လူထောင်ချီက စိတ်ဝင်တစား စောင့်ကြည့်နေကြစဉ်မှာပင် လူသန်ကြီးများက လှေကို ရေကန်ထဲ ချလိုက်ကြသည်။ ထို့နောက် လှေပေါ်တွင် စာအလံတိုင်တစ်ချောင်း ထောင်လိုက်သည်။
ထိုအလံပေါ်တွင် ‘စာပေ’ဟု လက်ရေးလှစာပန်းချီဖြင့် ရေးထားသည်။
လူသန်ကြီးက လှေဦးတွင် တက်ထိုင်လိုက်သည်။ ထိုလူသန်ကြီးတစ်ယောက်နှင့် အဖိုးအိုတစ်ယောက် တက်စီးရုံနှင့်ပင် လှေက အတော်နစ်နေပြီ ဖြစ်သည်။ နောက်ထပ် လူသုံးယောက်ထက် ပိုမပါလောက်တော့ပေ။
လှေဝမ်းထဲတွင် ထိုင်နေသော အဘိုးအိုက ကြည့်နေကြသော သိုင်းသမားများကို တစ်ချက်ကြည့်ပြီး ပြောလာသည်။
“စာပေအကြောင်း ဆွေးနွေးနိုင်မယ့်သူကိုပဲ ဒီလှေက ပို့ဆောင်ပေးမှာပါ”
ပြောပြီးနောက် အဘိုးအိုက မျက်လုံးမှိတ်၍ ငြိမ်သက်သွာ ထိုင်နေလိုက်တော့သည်။ သိုင်းသမားလူရွယ်များကို မကြည့်တော့ပေ။
ထိုအဘိုးအို၏ စကားကြောင့် စုရုံးစောင့်ကြည့်နေကြသော သိုင်းသမားလူရွယ်များက ရုတ်တရက် နားမလည် ဖြစ်သွားကြသည်။
“ဘာလဲဟ။ ပြောတော့ သိုင်းပညာအသိမြင်ဖလှယ်ပွဲဆို။ အခုတော့ စာပေသမားတွေကိုပဲ လှေစီးခွင့်ပေးတာလား။ ဒါဆို ငါတို့က ရေကူးသွားရမှာလား”
“ဘယ်လို အစီစဉ်ကြီးလဲ”
ထိုစဉ် တခြားတစ်နေရာမှလည်း ဆူဆူညံညံ ဖြစ်လာသည်။
“ဟိုဘက်ကလှေကို ဂီတပညာအကြောင်း ဆွေးနွေးနိုင်တဲ့လူတွေ စီးခွင့်ရှိတယ်တဲ့”
“ဟိုဘက်ကကျ ပန်းချီပညာအကြောင်း ဆွေးနွေးနိုင်တဲ့လူတွေ လှေစီးခွင့် ရှိတယ်တဲ့”
“အဲဒီလိုလား။ ဒါဆို သိုင်းပညာအကြောင်း ဆွေးနွေးနိုင်တဲ့လူတွေအတွက် တခြားလှေ ရှိလိမ့်မယ်”
“ဟုတ်တယ်။ သွားကြစို့”
“အဲဒီလိုဆိုတော့ မဆိုးပါဘူး။ စိတ်ဝင်စားစရာပဲ”
သိုင်းသမားလူရွယ်များ ထွက်သွားကြသည်။
တချို့လူများကလည်း သိပ်မလောဟန်ဖြင့် ထိုနေရာက အခြေနေကို စောင့်ကြည့်နေကြသည်။
ရှောင်လုံတို့အဖွဲ့လည်း မထွက်သွားကြသေးဘဲ ထိုနေရာ၌သာ ဆက်စောင့်ကြည့်နေလိုက်ကြသည်။
ထိုစဉ် အသက်သုံးဆယ်ခန့်ရှိသော စာပေသမားဝတ်စုံနှင့် လူရွယ်တစ်ယောက် ရှေ့ထွက်လာပြီး အဘိုးအိုကို မေးလိုက်သည်။
“ကျွန်တော် လှေစီးလို့ ရမလား”
အဘိုးအိုက မျက်လုံးဖွင့်လာပြီး စာပေသမားလူရွယ်ကို ကြည့်သည်။ သူက ခေါင်းလည်းမညိတ် ခေါင်းလည်းမခါဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။
“စာပေဆိုတာ ဘာလဲ”
“စာပေဆိုတာက စာပေပဲလေ။ ဘာဖြစ်ရဦးမှာလဲ”
အဘိုးအိုက ဆက်မပြောတော့ဘဲ မျက်လုံး ပြန်မှိတ်သွားသည်။ စာပေသမားလူရွယ်ကို လှေစီးခွင့် မပေးခဲ့ပါ။
“ဘာလဲဟ”
ထိုစာပေသမားလူရွယ်က နားမလည်ဟန်ဖြင့် ပြန်ထွက်သွားသည်။
“စိတ်ဝင်စားစရာပဲ”
ဝမ်ယောက်ရှီးက ပြောရင်း ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
ရှောင်လုံတို့လည်း အပြန်အလှန် ကြည့်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင် ‘စာပေဆိုတာ ဘာလဲ’ဟူသော အဘိုးအို၏ မေးခွန်းကို အပြန်အလှန် မေးနေမိကြသည်။
အခြေနေကို စောင့်ကြည့်နေကြသော တချို့လူများလည်း ရှောင်လုံတို့လိုပင် အဘိုးအို၏ မေးခွန်းကို စဉ်းစားနေကြသည်။
ထိုစဉ် ကွန်ဖြူးရှပ် ကျောင်းတော်သားအဝတ်စားနှင့် လူရွယ်တစ်ယောက် ရောက်လာသည်။ အသက်က ရှိလှမှ နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသော်လည်း အလွန်နွမ်းလျကာ အားနည်းနေသည်။
သူနှင့်အတူ ချစ်သူစုံတွဲဖြစ်ပုံရသော လူရွယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်လည်း လိုက်ပါလာသည်။
ထိုလူရွယ်က အသက်သုံးဆယ်ကျော်ခန့်ရှိပြီး မကျန်းမာသော လူရွယ်နှင့် ရုပ်ချင်းဆင်သည်။ ညီအစ်ကိုများ ဖြစ်ပုံရသည်။
မိန်းမပျိုက အသက်နှစ်ဆယ်ကျော်ခန့်ရှိပြီး ကွန်ဖြူးရှပ်ကျောင်းတော်သား လူရွယ်ကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“အစ်ကိုလီချွမ်…၊ မတ်လေးကို လှေမစီးခိုင်းပါနဲ့။ ရေစိုသွားရင် အအေးမိနေဦးမယ်”
လီချွမ်ဆိုသော လူရွယ်က စာပေးသမားလူရွယ်လေးကို လှမ်းပြောသည်။
“လီကျီး…၊ မင်း အဆင်ပြေရဲ့လား။ လှေက သေးတယ်နော်။ အတက်အဆင်းတွေ ရေစိုနေလိမ့်မယ်”
ကျောင်းတော်သား လူရွယ်က လီချွမ်နှင့် မိန်းမပျိုကို ပြန်လှည့်ကြည့်ပြီး ပြုံးပြသည်။
“စိတ်မပူပါနဲ့ အစ်ကိုနဲ့ မရီး၊ ကျွန်တော် အဆင်ပြေပါတယ်။ အအေးမိတာက ကျွန်တော့်အတွက် အဆန်းမှ မဟုတ်တာ”
လီကျီးဆိုသူ ကျောင်းတော်သားမှာ လူပုံစံကသာ ဖြူဖျော့ဖျော့ ပျော့ဖတ်ဖတ်နှင့် ဖြစ်နေသော်လည်း စိတ်ကတော့ အလွန်မာကျောပြတ်သားပုံရသည်။ ထိုမျှ ချည့်နဲ့နေသည့်တိုင် သူ့မျက်လုံးများထဲတွင် စိုးရွံ့သော အရိပ်ယောင်မျိုး မရှိဘဲ တည်ငြိမ်နေခဲ့သည်။
လီကျီးက လှေဝမ်းထဲက အဘိုးအိုကို မေးလိုက်သည်။
“ကျွန်တော် ကျွန်းပေါ်သွားပါရစေ”
အဘိုးအိုက ထုံးစံအတိုင်း မျက်လုံးဖွင့်ကြည့်ပြီး မေးခွန်းဖြင့် ပြန်ဖြေသည်။
လီကျီးက ပြုံးလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေသည်။
“စာပေဆိုတာ အနက်အဓိပ္ပါယ်တွေ ပျော်ဝင်နေတဲ့ အရာ”
အဘိုးအိုက လီကျီးကို ခဏကြာအောင် စိုက်ကြည့်နေပြီး ထပ်မေးသည်။
“ကျွန်းပေါ်မှာ ဘာအကြောင်း ဆွေးနွေးမှာလဲ”
လီကျီးက ကောင်းကင်ပေါ်က တစ်ဝက်ကျော်ကျော် သာနေသော ဆယ်ရက်နေ့ည၏ လထက်ပိုင်းပြတ်ကို မော့ကြည့်ပြီး ပြောသည်။
“နောက်ဘဝဆိုတာ ရှိလား ဆွေးနွေးချင်တယ်”
အဘိုးအိုမှာ မျက်ခုံးတွန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် လီကျီးက ကွန်ဖြူးရှပ်ကျောင်းတော်သားဖြစ်နေပြီး နောက်ဘဝအကြောင်း ဆွေးနွေးမည်ဟု ပြောနေသောကြောင့်ပင်။ ကွန်ဖြူးရှပ်ဝါဒကား နောက်ဘဝအကြောင်းကို မသွန်သင်ဘဲ ပစ္စုပ္ပန်ကိုသာ သွန်သင်သည် မဟုတ်ပါလား။
သို့သော်လည်း ခေတ်ကာလများ ပြောင်းလဲလာပြီး အယူဝါဒများ ရောယှက်လာသောအခါ တချို့ကွန်ဖြူးရှပ်ကျောင်းတော်သားများက ကွန်ဖြူးရှပ်ဝါဒ၊ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒများကို ရောယှက်ကာ လေ့လာခဲ့ကြသည်။ ထိုအခါ မူလကွန်ဖြူးရှပ်ဝါဒ၌ မဖေါ်ပြသော နောက်ဘဝဟူသော အကြောင်းရာများကို ထည့်သွင်း ပြောဆိုလာကြသည်။
ကြည့်ရသည်မှာ ထိုလီကျီးကလည်း ထိုကဲ့သို့ ဝါဒရောယှက်လေ့လာသည့် ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက် ဖြစ်ပုံရသည်။
“လှေပေါ်ကို ကြွပါ”
အဘိုးအိုက လီကျီးကို လေးလေးစားစားပင် ဖိတ်ခေါ်သည်။
လီကျီးက သူ့အစ်ကိုနှင့် သူ့မရီးကို လှည့်ကြည့်ပြီး အပြုံးနှင့် ခေါင်းညိတ်ပြသည်။
“ကျွန်တော့် ခဏစောင့်ပေးနော်”
“ဒီမှာပဲ စောင့်နေမယ်။ လှေထဲဆင်းရင် သတိထားဦး”
လီကျီးက လှေထဲဆင်းသွားသည်။
လှေဦးတွင် ထိုင်နေသော လူသန်ကြီးက လီကျီး၏ ချိုင်းနှစ်ဖက်မှ ကိုင်၍ ကလေးတစ်ယောက်ကို ကောက်ချီသလို ချီပြီး လှေပေါ်သို့ အသာအယာ ချပေးသည်။
“ကျေးဇူးတင်ပါတယ်”
လီကျီးက လူသန်ကြီးကို ကျေးဇူးတင်စကားပြောပြီး လေပေါ်က အဘိုးအိုကို အရိုသေပေးကာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
အဘိုးအိုက လီကျီးကို ခေါင်းညိတ်ပြပြီး ကမ်းပေါ်က လူများကို လှည့်ပတ်ကြည့်သည်။
ခုနက လှေစီးခွင့် မရခဲ့သော စာပေသမားက ရှေ့ပြန်တိုးလာပြီး ပြောသည်။
“ကျွန်တော်လည်း ကျွန်းကို သွားချင်တယ်”
အဘိုးအိုက ထိုစာပေသမားလူရွယ်ကို ထပ်ကြည့်ပြီး ခုနကအတိုင်း ထပ်မေးသည်။
အဘိုးအိုက ထိုစာပေသမားကို တစ်ချက်စိုက်ကြည့်ပြီး မျက်လုံးမှိတ်သွားခဲ့သည်။
လီကျီးကလည်း ထိုစာပေသမားကို လှမ်းကြည့်ကာ ပြုံးနေခဲ့သည်။ လီကျီးသာမက တခြားလူများကလည်း ပြုံးစိစိ ဖြစ်ကုန်သည်။
“သူများ ဖြေပြီးသားကြီးကို ပြန်ဖြေနေတာ မရှက်လည်း မရှက်ဘူး။ ခစ်ခစ်”
နာရာကီလေယာက ပြောရင်း ကျိတ်ရယ်နေခဲ့သည်။
ရှောင်လုံက ထိုစာပေသမားကို ဂရုမစိုက်ပါ။ လီကျီးကိုသာ ကြည့်နေခဲ့သည်။
“အစ်ကိုဟန်…၊ အဲဒီလီကျီးက ဘယ်လို ဝေဒနာမျိုး ခံစားနေရတာလဲ”
ဟန်ကောင်းရှင်းက ကျိတ်၍ သက်ပြင်းချသည်။ သူက မဖြေသေးခင် ဝမ်ယောက်ရှီးကို တစ်ချက်ကြည့်သည်။
“ညီလေးဟန် လွတ်လွတ်လပ်လပ် ပြောလို့ ရပါတယ်”
ဟန်ကောင်းရှင်းက လီကျီးကို တစ်ချက် လှမ်းကြည့်သည်။
“ကျွန်တော်က သူ့ကို အားနာလို့ပါ”
ဝမ်ယောက်ရှီးက အသာပြုံးသည်။
“သူက သိပ်တည်ငြိမ်နေတာကို သတိမထားမိဘူးလား။ ဘာမှ မသိဘူးဆိုရင် တွေဝေနေလိမ့်မယ်။ စိုးရိမ်နေလိမ့်မယ်။ ဗျာများနေလိမ့်မယ်”
“ဂိုဏ်းတူအစ်ကို ဆိုလိုတာက…”
“ဟုတ်တယ်။ သူက သူ့အခြေနေကို ကောင်းကောင်းသိထားတဲ့ ပုံမျိုးပဲ။ သူ့ကိုယ်သူ သိနေတယ်။ ပြီးတော့ ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြတ်သန်းနေတယ်။ လေးစားစရာပဲ”
“ကျွန်တော် နားလည်ပါပြီ”
ဟန်ကောင်းရှင်းကလည်း လီကျီးကို လေးစားသော မျက်လုံးမျိုးဖြင့် လှမ်းကြည့်သည်။
ရှောင်လုံလည်း ပိုသိချင်လာပြီး မေးကြည့်လိုက်သည်။
“အဲဒါ ဘာလဲ အစ်ကိုဟန်”
“အသက်ဓာတ်ဆုတ်ယုတ်အားနည်းတဲ့ ရောဂါလို့ ခေါ်တယ်”
“နားထောင်ရတာ ထူးဆန်းသလိုပဲ”
“ဟုတ်တယ်။ ထူးဆန်းတယ်။ အသက်ရှည်တယ်၊ အသက်တိုတယ်၊ အရွယ်တင်တယ်၊ အရွယ်ကျမြန်တယ်ဆိုတာတွေ ရှိတာကိုတော့ သိတယ်မဟုတ်လား”
“ဟုတ်ကဲ့ သိပါတယ်”
“အဲဒီဝေဒနာကလည်း အဲဒီလို သဘောမျိုးပဲ။ သက်ရှိတိုင်းမှာ ကိန်းအောင်းနေတဲ့ အသက်ဓာတ်ရှိတယ်။ အတွင်းအားဆိုတာ ရှိသလိုမျိုးပေါ့။ သိုင်းသမားတိုင်း အတွင်းအားကောင်းအောင် လေ့ကျင့်ကြပေမဲ့ တချို့သိုင်းသမားတွေ အတွင်းအား ဖေါက်ပြန်တာတို့၊ လေ့ကျင့်ထားတဲ့ အတွင်းအားတွေ ဆုတ်ယုတ်ပျောက်ကွယ်သွားတာတို့လည်း ရှိတယ်မဟုတ်လား”
“ဟုတ်ကဲ့ ရှိပါတယ်”
“အင်း…၊ အဲဒီလိုပဲ အသက်ဓာတ်ကိုလည်း တိုးတက်အောင် လေ့ကျင့်လို့ရတယ်”
“အသက်ဓာတ်ကိုတိုးတက်အောင် လေ့ကျင့်လို့ ရတယ်လား”
“ညီလေး အခု အသက်မရှူနေဘူးလား။ အသက်ရှူနေတာက အသက်ဓာတ်တိုးတက်အောင် လေ့ကျင့်နေတာပဲလေ။ အဲဒီ အသက်ရှူတာကိုပဲ ကောင်းမွန်မှန်ကန်တဲ့ နည်းစနစ်နဲ့ အသက်ရှူလေ့ကျင့်မယ်၊ အသက်ဓာတ်ပြည့်ဝသန့်စင်တဲ့ လေကိုလည်း ရှူမယ်ဆိုရင် အသက်ဓာတ်က ပိုတိုးတက်နိုင်တယ်မဟုတ်လား”
“အဲဒီလိုဆိုတော့လည်း ဟုတ်နေသားပဲ။ ဒါပေမဲ့ တစ်နေ့နေ့တော့ သေသွားနိုင်တာပဲ မဟုတ်လား”
“အစ်ကိုတို့က အသက်ဓာတ်ကို တိုးတက်အောင် လေ့ကျင့်နိုင်တယ်ဆိုတဲ့အကြောင်းပဲ ပြောနေတာလေ။ သေခြင်း မသေခြင်းတွေ ထာဝရအသက်တွေအကြောင်း မပြောနေဘူးလေ”
“ဟီးဟီး…၊ ဟုတ်ကဲ့။ ဆက်ပြောပြပါဦး အစ်ကိုဟန်”
“အင်း…၊ သိုင်းသမားတွေ အတွင်းအားလေ့ကျင့်လို့ ရကြပေမဲ့ တချို့တွေက မွေးရာပါ အားနည်းချက်ကြောင့် အတွင်းအားလေ့ကျင့်လို့မရတာလည်း ရှိတယ် မဟုတ်လား”
ထိုအကြောင်းရာကိုတော့ သိုင်းသမားတိုင်းက သိကြသည်သာ။ အတွင်းအားလေ့ကျင့်ခြင်းက လူတိုင်း လေ့ကျင့်၍ မရနိုင်ပေ။ လေ့ကျင့်နိုင်သော သိုင်းသမားများသည်လည်း အတွင်းအားပညာတိုင်းကို မလေ့ကျင့်နိုင်ပေ။ မိမိနှင့် သင့်လျော်သော အတွင်းအားပညာကိုသာ လေ့ကျင့်ရသည်။ မိမိနှင့် မသင့်လျော်သော အတွင်းအားပညာကို လေ့ကျင့်မိလျှင် အတွင်းအားဖောက်ပြန်ပြီး ကြောက်စရာကောင်းအောင် ထိခိုက်တတ်သည်။
“အဲဒီလိုပဲ တချို့လူတွေမှာ အသက်ဓာတ်တိုးတက်အောင် လေ့ကျင့်လို့ မရတဲ့ မွေးရာပါ အားနည်းချက် ရှိနေတတ်တယ်။ အသက်ဓာတ် ဆုတ်ယုတ်အားနည်းတဲ့ မွေးရာပါအားနည်းချက်ရှိနေတဲ့ လူမျိုးတွေက ဘယ်လိုပဲ နေထိုင်စားသောက်ပါစေ အသက်ဓာတ်ကို တိုးတက်အောင်လည်း မလုပ်နိုင်ဘူး။ ပုံမှန်အတိုင်း တည်တန့်နေအောင်လည်း မလုပ်နိုင်ဘူး။ ဆုတ်ယုတ်သွားတာကိုပဲ ခံစားရတယ်”
“ဒါဆို အဲဒီ လီကျီးက…”
“ဟုတ်တယ်၊ သူက အဲဒီလို မွေးရာပါအားနည်းချက် ရှိနေတယ်။ သူ့အသက်ဓာတ်တွေက တစ်နေ့ထက်တစ်နေ့ ပိုဆုတ်ယုတ်အားနည်းလာလိမ့်မယ်။ အသက်တိုတဲ့ မွေးရာပါဝေဒနာတစ်ခုဆိုပါတော့”
ရှောင်လုံသာမက နှင်းပန်းတို့လည်း မျက်ခုံးတွန့်သွားကြသည်။ သူတို့၏ အကြည့်များကလည်း လှေပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော လီကျီးထံသို့ ရောက်သွားကြသည်။
“သူက သူ့အားနည်ချက်ကို သိပြီး အသက်တိုမယ်ဆိုတာ သိနေတယ်။ ဒါတောင် သူက အရမ်းတည်ငြိမ်နေတယ်”
“ဟုတ်တယ်။ လေးစားစရာပဲ”
ရှောင်လုံက ထပ်မေးလိုက်သည်။
“အဲဒီ အားနည်းချက်ကို ကုလို့ရတဲ့ ဆေးမရှိဘူးလား”
“ဆေးလား၊ အစ်ကိုတို့ လက်လှမ်းမီတဲ့ ဆေးပညာမှာတော့ အဲဒီမွေးရာပါ အားနည်းချက်ကို ကုနိုင်တဲ့ ဆေးရော ကုထုံးရော မရှိဘူး”
ဟန်ကောင်းရှင်းက ပြောရင် ဝမ်ယောက်ရှီးကို ကြည့်သည်။ အဓိပ္ပါယ်က အတွင်းဆေးပညာလောကမှာရော ရှိလားဟု မေးခြင်းပင်။
ဝမ်ယောက်ရှီးကလည်း ခေါင်းခါပြသည်။
“အစ်ကို သိထားသလောက်ကတော့ အဲဒီအတွက် ဆေးမရှိပါဘူး”
“ဟူး…”
“ဟင်း…”
ရှောင်လုံတို့အားလုံး သက်ပြင်းချမိကြသည်။
ထိုစဉ်မှာပင် လှေထဲမှ အဘိုးအိုက လူအုပ်ထဲကို လှမ်းကြည့်ပြီး မည်သူမှ ထပ်မထွက်လာသဖြင့် လှေထွက်ခိုင်းရန် ပြင်သည်။
“နေဦး…၊ ကျုပ်လည်း လိုက်မယ်”
အသံနှင့်အတူ လူငယ်တစ်ယောက် အပြေးလာနေသည်။
ထိုလူငယ်ကို မြင်လျှင် ရှောင်လုံမှာ မျက်ခုံးမြင့်တက်သွားရသည်။ ထိုလူငယ်ကို သူ သိနေသောကြောင့်ပင်။
ထိုလူငယ်မှာ ရှဲ့ယန်တောင်ပေါ်သားဟူသော နာမည်ဝှက်ဖြင့် လျှို့ဝှက်လှုပ်ရှားပါသည်ဆိုသော အင်ပါယာကျောင်းတောင်သား ဝူချန်အန်း ဖြစ်နေသည် မဟုတ်ပါလား။
အခန်း(၃၁၈)ပြီး
***